News @ M-Media

Blog

  • လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    ဇွန် ၂၃ ၊ ၂၀၁၅
    M-Media

    M-Media Cover copy

    M-Media မှ တင်ဆက်ပေးနေသတင်းများကို Android Smart ဖုန်းများမှ တဆင့် ဖတ်ရှုနေတဲ့ စာဖတ် ပရိတ်သတ် အတွက် လုပ်ဆောင်ချက် အသစ်များဖြင့် အဆင့်မြှင့်ထားတဲ့ M-Media Android Application အသစ်ကို ဖြန့်ဝေလိုက်ပါပြီ။

    Version 2.0 မှာ လုပ်ဆောင်ချက် အသစ်များပါဝင်ပြီး ဖုန်းတွေမှာ မြန်မာဖောင့် မရှိခဲ့ရင်လည်း ဖတ်ရှုနိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။

    Android 3.0 နှင့် အထက် Smart Phone များတွင် အသုံးပြုနိုင်ပြီး  Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

    M-Media Android app Update (သို့) Download လုပ်ရန် [2.29 MB]
    ———————————————-
    Play Store Link =>https://play.google.com/store/apps/details?id=com.app.news.mmedia

    .
    Apk Version လိုချင်သူများအတွက်
    _______________________
    Drop Box => https://dl.dropboxusercontent.com/u/401039/playstore/Mmedia.apk
    App Box => https://app.box.com/s/gj1aotaxfsk7chq51uoyc0j34r7tvxs3

    M-Media Android application ကို M-Media အဖွဲ့မှ နည်းပညာရှင် လူငယ်များ ကိုယ်တိုင် စုပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ကြောင်း အာမခံပါတယ်။

    ယခင် M-Media App Version 1.0 သွင်းထားသူများ Update လုပ်ရန် လမ်းညွှန်

    နဂို Version 1.0 သွင်းထားပြီးသူများ အတွက်တော့ Play Store ကတဆင့် Update လုပ်ရုံပါဘဲ။ Play Store မှ Update ပြုလုပ်ပုံ အဆင့်ဆင့်အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

    ** မင်နီပြထားသည့်များကို အဆင့်တိုင်းမှာ နှိပ်သွားရန်

    Update copy

     

    M-Media Android App  Version 2.0 ပါဝင်တဲ့ လုပ်ဆောင်ချက် အသစ်များ
    ______________________________________________
    မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Website မှာတင်သမျှသတင်းများအပြင် Facebook Page များမှာတင်သည့် ပိုစ်များကိုပါ App ထဲမှ ဖတ်ရှုနိုင်အောင် စုစုပေါင်း သတင်းအပိုင်းမှာ Channel  ၃ ခု ထည့်သွင်းပေးထားပါတယ်။
    News Chanel

    M-Media မြန်မာဗားရှင်းအတွက် Channel ၂ ခု ပါရှိပါတယ်။ M-Media အင်္ဂလိပ်ဗားရှင်းအတွက် Channel
    ၁ ခု ပါရှိပါတယ်။

    M-Media 1(MM) နှင့် M-Media 2(MM) မှာ သတင်းများ အတူတူသာဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြောင်း အမျိုးမျိုးကြောင့် ပင်မ သတင်းဆိုဒ်ဖြင့် ချိတ်ဆက်ထားသည့် M-Media 1(MM) ဖတ်ရှု၍ မရခဲ့လျှင် အခြား တခုဖြစ်သော M-Media 2 (MM) မှ ဖတ်ရှုနိုင်ရန် အတွက်ဖြစ်ပါတယ်။

    ပုံမှန်အနေအထားတွင် Data မစားစေရန်  M-Media 1(MM) တခုကို ဘဲ ဖွင့်ထားရင် လုံလောက်ပါတယ်။ Channel ၃ ခု အနက်မှ မိမိတို့ ပိတ်ထားလိုသည့် Channel များကိုလည်း အောက်ဖော်ပြပါ ပုံအတိုင်း စိတ်ကြိုက်ရွေးချယ်ပြီး ပိတ်ထားနိုင်ပါတယ်။

    Edit Chanel

    M-Media YouTube (ရုပ်သံ)
    __________________
    M-Media YouTube Chanel မှ ရုပ်သံ သတင်းနှင့် မှတ်တမ်းများကို Youtube website ကို သွား၍ ကြည့်ရှုစရာလိုဘဲ M-Media App တွင် တိုက်ရိုက် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

    ရုပ်သံများကို ကြည့်ရှုတဲ့ အချိန်မှာတော့ အင်တာနက် Connection လိုအပ်မှာဖြစ်ပါတယ်။

     

    M-Media Tube

    Public Holidays အစိုးရရုံးပိတ်ရက်များ (မြန်မာ-စင်္ကာပူ)
    ________________________________
    အစိုးရ ရုံးပိတ်ရက်များကို ပြက္ခဒိန် သီးသန့်ကြည့်စရာမလိုဘဲ M-Media App ကို အသုံးပြုရုံဖြင့် အလွယ်တူ သိရှိနိုင်အောင် ထည့်သွင်းတဲ့ လုပ်ဆောင်ချက်အသစ်ပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ရဲ့ အစိုးရရုံး ပိတ်ရက်များကြည့်ရှုနိုင်ပါတယ်။ သတိပြုရမယ့် အချက်တခုကတော့ တချို့ပိတ်ရက်တွေဟာ ပုံသေ သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် တနှစ်ကုန်သွားပြီး နှစ်သစ်ရောက်သွားရင် Update List ဖြစ်ဖို့ အတွက် Online Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Public Holidays

    Useful Apps (အသုံးတည့်ပြီး ရေပန်းစားသော Apps များ)
    __________
    ဒီအပိုင်းကတော့ အသုံးတည့်ပြီး လူသုံးများတဲ့ Android App များကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ အချိန်အခါလိုက်ပြီး ပြောင်းလဲနေတဲ့ ရေပန်းစားသော App များကို မကြာခဏ ဆိုသလို Update လုပ်ပေးသွားမှာဖြစ်လို့ Latest Update List ကိုရရှိနိုင်ဖို့ အင်တာနက်  Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Useful Apps copy

     

    App settings အပိုင်း စိတ်ကြိုက်ပြု ပြင်ခြင်း
    ______________________________
    No-1
    သူလိုလို Update ဖြစ်စေမယ့် No-2 ကို ပိတ်ထား၊ ဖွင့်ထားလိုလျင် ပြုလုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

    No-2
    App မဖွင့်ထားဘဲ အချိန် ဘယ်လောက် အကြာမှာ တခါ သူအလိုလို refresh ဖြစ်နေအောင် လုပ်ထားတဲ့ အပိုင်းပါ။ ပုံ(၂) အတိုင်း မိမိစိတ်ကြိုက်ပြင်နိုင်ပါတယ်။ ဥပမာ ၈ နာရီလုပ်ထားမယ်ဆိုရင်ဖြင့် ၈ နာရီတွင်း ပိုစ်အသစ်တက်လာရင် App ကို မဖွင့်ထားလည်း

    ပိုစ်အသစ်တင်ဝင်လာကြောင်း notifications အနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

    No-3
    M-Media App ဖွင့်လိုက်လျင်  refresh ဖြစ်စေလိုလျင် Check Box ကို နှိပ်ထားရပါ့မယ်။ App ဖွင့်တိုင်းမှာ Internet  Connection ရှိနေရင် ပိုစ်အသစ်များ Auto Update လုပ်ပေးပါလိမ့်မယ်။ Automatic refresh မဖြစ်စေချင်ရင်တော့ အမှတ်ခြစ်လေးဖြုတ်ထားရုံပါဘဲ။

    No-4
    Automatic Update (No-2) ကို WiFi Connection ရှိမှ refresh လုပ်ချင်သူတွေ အတွက်ပါ။ မြန်မာပြည်လို Data သုံးသလောက် ပိုက်ဆံပေးရတဲ့ User များ ကုန်ကျစရိတ် ချွေတာနိုင်ထည့်သွင်းထားတာပါ။

    No-5
    ပိုစ် အဟောင်းတွေကို ဘယ် ၂ ရက် သိမ်းထားမလဲ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပုံ(၄) ပါအတိုင်း မိမိတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ ဖုန်း Storage အနည်းအများလိုက် အလျော့အတင်းပြုလုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

    No-6
    သတင်းပိုစ်များကို စာလုံးဖောင့် ဆိုဒ် ပြောင်းလို့ရတဲ့အပိုင်းပါ။ စာလုံးကြီးကြီးဖတ်ရမှ အားရသူ စာဖတ်သူများ ပုံမှန် စာလုံးအရွယ်အစားထပ် ၃ ဆ ကြီးပြိး မြင်အောင် လုပ်ထားလို့ရပါတယ်။

    No-7
    ဖုန်းထဲမှာ မြန်မာဖောင့် ရှိပြီးသားဆိုလျင် ဒီအပိုင်းကို ဖြုတ်ထားလို့ရပါတယ်။

    No-8
    သတင်းပိုစ်များမှာ ဓါတ်ပုံဖြုတ်ထားချင်ရင် လုပ်လို့ရတဲ့အပိုင်းဖြစ်ပါတယ်။

    No-9
    သတင်းအသစ်တက်တိုင်း Notification ပြမှာကို မလိုချင်ဘူးဆို ဖြုတ်ထားလို့ရတဲ့အပိုင်းပါ။

    Settings

     

    Android 3.0 အောက် ဖုန်းများအတွက် အဆင်ပြေအောင် သီးသန့် App တခု ထပ်မံပြီး ဖြန့်ဝေပေးသွားဖို့ ရှိပါတယ်။

    M-Media ဆိုသည်မှာ

    M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင်  လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်း အဖွဲ့၏သြဇာခံ လက်အောက်ခံ မဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအခုအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။

    M-Media ရဲ့ App အသုံးပြုရတာ အခက်အခဲ ရှိရင်သော်လည်းကောင်း၊ အကြံပြုလိုတာ ရှိရင်သော်လည်းကေင်း [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

    လေးစားစွာဖြင့်

    M-Media ဝိုင်းတော်သားများ

  • မတ်လ ၁၈ ရက်နေ့ နိုင်ငံတကာ သတင်းများ

    ဂါဇာမြင်ကွင်း

    M-Media

    ဂါဇာတွင် အကြီးအကျယ်သတ်ဖြတ်မှုများ အစ္စရေးက ပြန်လည်ပြုလုပ်

    အစ္စရေးဟာ ဂါဇာကမ်းမြှောင်တစ်၀ှမ်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်အစောပိုင်းက လေကြောင်းကနေ တိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၃၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးဟာ အပစ်ရပ်ရေးသဘောတူညီချက်ကို တတ်ဖတ်သတ်အဆုံးသတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
    အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ ဇန်န၀ါရီလ ၁၉ ရက်နေ့က စပြီး အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ အပစ်ရပ်ရေး ကာလအတွင်းမှာလည်း အစ္စရေးဟာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အနည်းဆုံး လူ ၁၀၀ နီးပါး သေးဆုံးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ပြီး ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၄၉၀၀၀ နီးပါး သေဆုံးထားပါတယ်။

    ဆီးရီးယား ပြန်လည်တည်ဆောက်ရေး ဥရောပနိုင်ငံများ ကူညီမည်

    ၁၄ နှစ်ကြာ ပြည်တွင်းစစ်ဒဏ်ကို ခံစားခဲ့ရတဲ့ ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၆ ဘီလီယံကျော် ကူညီဖို့ ဥပရောပနိုင်ငံတွေက ကတိပြုလိုက်ပါတယ်။ မနေ့က ဘလ်ဂျီယံနိုင်ငံမှာ ဥရောပသမဂ္ဂက ဆီးရီးယားအရေး ဆွေးနွေးခဲ့ကြပြီး ဆီးရီးယားကြားဖြတ်အစိုးရရဲ့ နိုင်ငံခြားရေး၀န်ကြီး အာဆတ် ဟာဆန် အလ်-ရှိုင်ဘာနီ တက်ရောက်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လုပ်ဆောင်ဖို့လည်း ဥရောပနိုင်ငံတွေက တိုက်တွန်းခဲ့ပါတယ်။

    ဂါဇာတွင် သေဆုံးသူအရေအတွက် မြင့်တက်လာ

    ဒီကနေ့မနက် အစောပိုင်း ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၀၀ ကျော်လာခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်အမြောက်အများ ပါ၀င်ပါတယ်။ တိုက်ခိုက်မှုဟာ ဒုက္ခသည်စခန်းတွေကို ပစ်မှတ်ထား ပြုလုပ်တာဖြစ်ပါတယ်။ ဟားမက်စ်က တိုက်ခိုက်ဖို့ စီစဥ်နေတဲ့အတွက် ကြိုတင်လက်ဦးမှု ရယူတာလို့ အစ္စရေးက ထုတ်ပြန်ထားပြီး ဟားမက်စ်က ဒီပြောဆိုချက်ဟာ အကြောင်းပြချက်တစ်ခုသာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

    အစ္စရေးမီဒီယာတွေက တိုက်ခိုက်မှုလုပ်ဖို့ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့တစ်ပတ်က ချမှတ်ခဲ့တာဖြစ်တယ်လို့ အစ္စရေးအစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။ ဟားမက်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေရဲ့ မိသားစု၀င်တွေက ၀န်ကြီးချုပ် နေတန်ယာဟုဟာ ဓားစာခံတွေကို ကယ်တင်ဖို့ ရည်ရွယ်မရှိဘူးလို့ ၀ေဖန်ခဲ့ပြီး ဂျေရုစလင်မှာ လူထုဆန္ဒပြပွဲတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု သတင်းများ(မတ်လ ၁၇ ရက်)

    မတ် ၁၇၊ ၂၀၂၅

    M-Media

    ဘိုက်လာဟီယာရပ်ကွက်မှ မြင်ကွင်းတစ်ခု

    ဂျေရုစလင်တွင် ပါလက်စတိုင်းများ တိုက်ခိုက်ခံရ

    ပါလက်စတိုင်းနိုင်ငံ အရှေ့ဂျေရုစလင်က ရပ်ကွက်တော်တော်များများမှာ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုအမြောက်များကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဂျူးအခြေချသူတွေဟာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီကို ရယူတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဟီဘရွန်မြို့ဟောင်းဘက်မှာလည်း ဒီလိုတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း အဘိုးအိုတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ပါလက်စတိုင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူတာ၊ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

    အကူအညီပေးရေး ၀န်ထမ်းများကို အစ္စရေးက အစုလိုက်သတ်ဖြတ်

    ဂါဇာမြောက်ပိုင်း ဘိုက်လာဟီယာရပ်ကွက်မှာ မတ်လ ၁၅ ရက်နေ့က အစ္စရေးရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ၈ ဦးက အကူအညီပေးရေး၀န်ထမ်းတွေ ဖြစ်ပါတယ်။ ယူကေအခြေစိုက် ပရဟိတအဖွဲ့ Al Khair က သေဆုံးသွားသူတွေဟာ သူတို့၀န်ထမ်းတွေဖြစ်ပြီး၊ ဒါဟာ အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်တိုက်ခိုက်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးဟာ မတ်လ ၂ ရက်နေ့က စတင်ပြီး ဂါဇာကမ်းမြှောင်ကို နိုင်ငံတကာ အကူအညီတွေ ၀င်ရောက်ခွင့်မရအောင် တားဆီးပိတ်ပင်ထားပါတယ်။

    အမေရိကန်၏ ခြိမ်းခြောက်မှုကို အီရန် တုန့်ပြန်

    မိမိတို့ဟာ စစ်ပွဲကို မလိုချင်ပေမယ့်လည်း တိုက်ခိုက်ခံလာရမယ်ဆိုရင် ပြတ်ပြတ်သားသား ပြန်လည်တုန့်ပြန်သွားမယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့အကြီးအကဲက ထုတ်ပြန်ပါတယ်။ တနင်္ဂနွေနေ့က ယီမင်ကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၀ ကျော် ပြုလုပ်ခဲ့ပြီး သမ္မတ ထရမ့်ကလည်း အီရန်ကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် သတိပေးခဲ့ပါတယ်။ ယီမင်ကို ထိန်းချုပ်ထားတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အီရန်ကျောထောက်နောက်ခံပြုတဲ့အဖွဲ့ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ယီမင်ကို တိုက်ခိုက်မှုအတွင်း လူ ၃၀ ကျော် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဘူတူဘီလာ (သို့) ဒူဘိုင်းက ရမ်ဇာန်နိဗ္ဗာန်ဆော်

    မတ် ၁၆၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – အဘ်ဒူလာ ဖာဟီဒီ)

    အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန်ဥပုသ်လမှာ ညဦးပိုင်း ၀တ်ပြုဆုတောင်းဖို့၊ အာရုံမတက်ခင် ၀ါထမင်းစားဖို့ လိုက်လံနှိုးဆော်ပေးတဲ့ ဓလေ့ထုံးတမ်းတစ်ခု ရှိပါတယ်။

    ဥပုသ်လရဲ့ ထွဋ်မြတ်မှုအကြောင်း၊ အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးကျယ်မှုအကြောင်းတွေ သီကုံးထားတဲ့ ကဗျာလင်္ကာတွေကို ဒေသအလိုက်၊ နိုင်ငံအလိုက် ထင်ရှားတဲ့ တူရိယာပစ္စည်းတွေနဲ့ ပေါင်းစပ်ကာ စည်းချက်ညီညီ ရွတ်ဆိုပြီး တစ်လမ်း၀င်တစ်လမ်းထွက် နိဗ္ဗာန်ဆော်ရတာ ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ဒီ နိဗ္ဗာန်ဆော်ကို ‘ဘူတူဘီလာ’ (ဗုံကြီးနဲ့လူ) လို့ ခေါ်တွင်ပါတယ်။

    အမွေဆက်ခံ
    ————–
    အဘ်ဒူလာ ဖာဟီဒီဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့က နိဗ္ဗာန်ဆော်တစ်ဦးပါ။ ရမ်ဇာန်ဥပုသ်လရဲ့ အရသာကို ပြည်သူတွေ အပြည့်အ၀ ခံစားနိုင်ဖို့အတွက် ‘ဘူတူဘီလာ’ ဓလေ့ကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

    ၁၉၆၀ ပြည့်နှစ်တွေက အဘိုးဖြစ်သူစတင်ခဲ့တဲ့ မိသားစုအမွေကို သူက ဆက်ခံထားတာပါ။

    လက်ရှိ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အဘ်ဒူလာဟာ ၂၀၀၅ ခုနှစ်ကစပြီး ရမ်ဇာန်နိဗ္ဗာန်ဆော်အလုပ်ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    “ဟိုးအရင်တုန်းက ဒီနိဗ္ဗာန်ဆော်အလုပ်ဟာ ရမ်ဇာန်မှာ အသက်မွေး၀မ်းကြောင်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဓလေ့ထုံးတမ်းတစ်ခုကို ထိန်းသိမ်းတဲ့ ပုံစံမျိုး ဖြစ်သွားပါပြီ”

    သတိရကြ
    ———-
    ဘူတူဘီလာ သီဆိုတဲ့ ကဗျာလင်္ကာတွေဟာ အလ္လာဟ်အရှင်မြတ်ကို သတိရဖို့၊ အချိန်မီ ၀ါထမင်းထစားဖို့ တိုက်တွန်းတာမျိုး ဖြစ်ပါတယ်။

    “အိပ်နေသော အို-လူသား၊ နိုးထပါလော့။ အရှင်မြတ်ကို ချီးမွမ်းလော့၊ အရှင်မြတ်ကို သတိရ တသလော့။ ဘူတူဘီလာလာပြီ၊ ညတိုင်း ပြည်သူတွေကို နှိုးဆော်ပေးနေပါပြီ”

    အဘ်ဒူလာရဲ့ နိဗ္ဗာန်ဆော်မှုမှာ လူငယ်တွေ၊ ကလေးတွေ အမြောက်အများ ပူးပေါင်းပါ၀င်တာမျိုးလည်း ရှိပါတယ်။

    ပျောက်ကွယ်မည်မဟုတ်
    ————————
    လူငယ်လူရွယ်တွေက နှစ်သက် စိတ်၀င်စားမှုတွေ ရှိနေပြီး အစိုးရကလည်း ယဥ်ကျေးမှု ထိန်းသိမ်းတာမျိုးတွေကို ပံ့ပိုးကူညီပေးနေတဲ့အတွက် ဘူတူဘီလာ ဓလေ့ထုံးတမ်းဟာ လတ်တလောမှာ ပျောက်ကွယ်မသွားနိုင်သေးဘူးလို့ အဘ်ဒူလာက ယုံကြည်နေပါတယ်။

    “ကျွန်တော့်နောက်ကိုလိုက်ပြီး သင်ယူချင်တဲ့သူတွေ၊ ကူညီပေးချင်သူတွေ အမြဲတမ်းရှိနေပါတယ်။ ၂၅ နှစ်အရွယ်၊ ၂၁ နှစ်အရွယ် လူငယ်တွေနဲ့ တစ်ချို့ဆို ၁၃ နှစ်လောက်ပဲ ရှိပါတယ်”

    Ref: Khaleej Times

  • ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်

    မလေးရှားတွင် ဟာလာလ်လိုဂို အလွဲသုံးစားပြုမှု ဖြစ်ပွား
    ———————–
    မလေးရှား စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်တဲ့ Shake and Bake Cafe ဟာ သူတို့ထုတ်တဲ့ အသားညှပ်ပေါင်မုန့်တွေမှာ အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဟာလာလ်လိုဂိုတွေ အသုံးပြုခဲ့တာကြောင့် တရားစွဲဆိုခြင်း ခံထားရပါတယ်။

    မလေးရှားရဲ့ အကြီးဆုံးတက္ကသိုလ် Universiti Malaya က KK ကုန်စုံဆိုင်တွေမှာ ရောင်းချတဲ့ အသားညှပ်ပေါင်မုန်တွေကနေတစ်ဆင့် ဒီကိစ္စကို သိရှိသွားတာဖြစ်ပါတယ်။ တူနာ၊ အာလူး၊ ကြက်သားတို့အပါအ၀င် အသားညှပ်ပေါင်မုန့် အမျိုးပေါင်း ၃၆၀ ကျော်လောက်ကို ဒီကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ကတော့ သူတို့ရဲ့ ထုတ်ကုန်တွေမှာ ဟာလာလ်မဟုတ်တဲ့ ပစ္စည်းတွေ ဘာမှ အသုံးမပြုထားတာကြောင့် အပြစ်မရှိဘူးလို့ တရားရုံးမှာ လျှောက်လှဲခဲ့ပါတယ်။

    Ref: CNA

    တရုတ်သမ္မတ ရှီကျင့်ဖျင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
    ———————
    နိုင်ငံစီးပွားရေး ကျဆင်းနေပြီး အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ပိုဆိုးလာနိုင်ချေ ရှိနေတဲ့အချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖေဖော်၀ါရီ ၁၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ အဆင်သိပ်မပြေတဲ့ Alibaba ပိုင်ရှင်ဂျက်မာ၊ Huawei ပိုင်ရှင် ရန်ကျန်ဖေး၊ Xiaomi သူဌေး လီဂျွန်၊ BYD ပိုင်ရှင် ၀မ်ချွမ်ဖူးတို့ အပါအ၀င် ထိပ်တန်းလုပ်ငန်းရှင် တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လုပ်ငန်းတွေ ချဲ့ထွင်ကြဖို့ ရှီက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    Ref: CNA

    အိန္ဒိယရထားဘူတာတွင် လူအုပ်တိုး၀ှေ့၍ သေဆုံးမှုဖြစ်
    ————————–
    နိုင်ငံမြောက်ပိုင်းမှာ ၁၂ နှစ်တစ်ကြိမ် ပြုလုပ်တဲ့ Kumbh Mela ဘုရားပွဲကို သွားဖို့အတွက် နယူးဒေလီမြို့က ဘူတာရုံမှာ ရထားပေါ်တက်ဖို့ တိုး၀ှေ့ရာကနေ လူအုပ်ပြိုမှုတစ်ခု ဖေဖော်၀ါရီ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဘုရားပွဲကို နိုင်ငံတစ်၀ှမ်းက လူပေါင်းသန်းချီ သွားရောက်မှာပါ။ ပြီးခဲ့တဲ့လကလည်း ယမုံနာနဲ့ ဂင်္ဂါမြစ်မှာပြုလုပ်ပြီး လူသန်းချီ ပါ၀င်တဲ့ ဘုရားပွဲတော်အတွင်း လူအုပ်တိုး၀ှေ့မှု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: CNA

  • ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဖေဖော်၀ါရီ ၁၆၊ ၂၀၂၅)

    ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဖေဖော်၀ါရီ ၁၆၊ ၂၀၂၅)

    M-Media

    ဂါဇာ၏ အနာဂတ်အရေး အာရပ်နိုင်ငံများ ဆွေးနွေးမည်

    ဂါဇာကမ်းမြှောင်ရဲ့ အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး အာရပ်နိုင်ငံတွေဟာ ဖေဖော်၀ါရီလ ၂၀ ရက်နေ့ကျရင် ဆော်ဒီအာရေဗျနိုင်ငံမှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို ဂျော်ဒန်နဲ့ အီဂျစ်တို့ဆီ နှင်ထုတ်ကာ ကမ်းမြှောင်ကို အပိုင်စီးချင်နေတာ ဖြစ်ပါတယ်။ ဂျော်ဒန်နဲ့ အီဂျစ်ခေါင်းဆောင်တွေက ဒီအစီအစဥ်ကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဆော်ဒီကအစည်းအ၀ေးမှာ အီဂျစ်၊ ဂျော်ဒန်၊ ကာတာနဲ့ ယူအေအီးနိုင်ငံတိုဟာ ဂါဇာ ပြန်လည်ထူထောင်ရေးကိစ္စနဲ့ အုပ်ချုပ်ရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပြီး ဖေဖော်၀ါရီနှောင်းပိုင်းမှာပြုလုပ်မယ့် အာရပ်လိဂ် ထိပ်သီးအစည်းအ၀ေးမှာ တင်ပြသွားမှာဖြစ်ပါတယ်။

    ရာဖာမြို့မှ အကူအညီပေးရေး ရဲတပ်ဖွဲ့ကို အစ္စရေးက တိုက်ခိုက်

    ဂါဇာကမ်းမြှောင်တောင်ပိုင်း ရာဖာမြို့မှာ အကူအညီပေးရေး ထရပ်ကားတွေ ၀င်ရောက်မှုကို ကြီးကြပ်တဲ့ ရဲတပ်ဖွဲ့ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့၀င် ၃ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ အပစ်ရပ်ရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်တို့ ဓားစားခံ အပြန်အလှန်လွှတ်ပေးနေတဲ့ အပစ်ရပ်ရေးဟာ ဒုတိယအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

    ဂျီနင်မြို့က အစ္စရေးရဲ့ လူသတ်ပွဲ

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းက ဂျီနင်မြို့မှာ အစ္စရေးက စီးနင်းသတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာ သီတင်း ၃ ပတ်ခန့် ရှိလာခဲ့ပြီဖြစ်ပါတယ်။ အနည်ဆုံး ပါလက်စတိုင်းပြည်သူ ၂၅ ဦး အသတ်ခံခဲ့ရပြီး ၂ သောင်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နေအိမ်နဲ့ အဆောက်အဦးပေါင်း ၄၇၀ ကျော်ကို အစ္စရေးက ဖျက်ဆီးထားပြီး ရေ၊ လျှပ်စစ်မီးနဲ့ စားနပ်ရိက္ခာတွေ မရအောင် လုပ်ဆောင်ထားတာကြောင့် မြို့နေပြည်သူတွေဟာ အတိဒုက္ခနဲ့ ကြုံတွေ့နေရတယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Ref : Aljazeera

    (ဓာတ်ပုံ – အစ္စရေးက ဖျက်ဆီးထားသည့် ဂါဇာမြင်ကွင်း)