ဇူလိုင် ၁၂ ၊ ၂၀၁၄
M-Media
ဇူလိုင်လ ဆန်းပိုင်းတွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် လုပ်ရပ်များနှင့် ပတ်သက်ပြိး Asian Muslim Action Network (AMAN) မှ ကြေညာချက် တစောင်ကို ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
Asian Muslim Action Network (AMAN) အဖွဲ့ဟာ မွတ်စလင် နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး အာရှတိုက်မှ အဖွဲ့ ဝင် ၁၇ နိုင်ငံရှိကြောင်း သိရှိပါတယ်။
Asian Muslim Action Network (AMAN) ရဲ့ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– မြန်မာနိုင်ငံသည် နှစ်ကာလကြာရှည်စွာ မတူညီသော ယဉ်ကျေးမှုများ၊ ဘာသာတရားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော ဓလေ့ရှိသည့် နိုင်ငံအဖြစ် သိကြလေသည်။ သို့သော်လည်း တင်းမာမှုများ သည်မခံမှုများမြင့်တက်လာပြီး ရမ်းကားသည့် အကြမ်းဖက်မှုလုပ်ရမ်များအထိ ဦးတည်လာခဲ့သောကြောင့် မကြာသေးမီနှစ်များအတွင်း ဤဓလေ့မှာ အန္တရာယ်ရှိလာခဲ့လေသည်။ ဤလုပ်ရပ်များ၏ ရလဒ်က အသက်ခန္ဓာများ မလိုအပ်ဘဲ ဆုံးရှုံးရခြင်း၊ နေထိုင်ရာအဆောက်အဦးများ၊ ပိုင်ဆိုင်မှုများ ပျက်ဆီးရခြင်းနှင့် အသက်ရှင်ရပ်တည်မှု အခြေအနေများ ဆုံးရှုံးရခြင်းပင်ဖြစ်၏။
ရခိုင်ပြည်နယ်တွင် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ကြာရှည်စွာ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ရိုဟင်ဂျာအများအပြား အသက်ဆုံးရှုံးခဲ့ရပြီး၊ ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရလေသည်။ ထိုရိုဟင်ဂျာများမှာ အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာနေထိုင်ခွင့်ကိုသာ တောင်းဆိုကြသူများဖြစ်လေ၏။
ယခုအချိန်တွင်တော့ အဆိုပါပဋိပက္ခက မြန်မာနိုင်ငံ၏ အခြားသော အစိတ်အပိုင်းများသို့ပါ ပြန့်နှံ့ခဲ့လေသည်။ မကြာသေးမီက မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးရှိ လူနည်းစု အသိုင်းအ၀ိုင်းမှာ ထပ်မံဖြစ်ပွားခဲ့သည် အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်ခဲ့လေသည်။ အသက်ဆုံးရှုံးခြင်း၊ နေအိမ်အဆောက်အဦး မီးရှို့ ဖျက်ဆီးခံရမှုများလည်း ရှိခဲ့သည်။ ထိုအထဲမှ အချို့အဖြစ်အပျက်များမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များရှိနေလျက်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ၎င်းတို့ကတော့ အခြေအနေကို တည်ငြိမ်အောင် မထိန်းသိမ်းခဲ့ပေ။
ထို အကြမ်းဖက်လုပ်ရပ်များကို AMAN က ပြင်းပြင်းထန်ထန်ရှုတ်ချသည်။ ထိုရက်စက်ယုတ်မာမှုများကို သက်ဆိုင်သည့်အာဏာပိုင်များက မဆိုင်းမတွ အရေးယူရန်နှင့် ထိုအဖြစ်ပျက်များအား ထပ်မံမဖြစ်ပွားရေးအတွက် တားဆီးရန် ကျွန်ုပ်တို့မှ တိုက်တွန်းသည်။ လူမျိုးနှင့် ကိုးကွယ်ရာဘာသာတရားကို ဂရုမထားဘဲ နိုင်ငံသားအားလုံး၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရေးကို ဆောင်ရွက်ပေးရန်မှာ အစိုးရ အာဏာပိုင်များ၏ တာဝန်ပင်ဖြစ်သည်။ အစွန်းရောက်ဝါဒနှင့် သည်းမခံမှုများ မြန်မာနိုင်ငံတွင် ကြီးထွားလာခြင်းကို မြန်မာအစိုးရ အာဏာပိုင်များက အရေးယူရန် ပျက်ကွက်ခြင်း၊ လျစ်လျူရှုထားခြင်းတို့အတွက် ကျွန်ုပ်တို့မှ စိုးရိမ်မိသည်။
မည်သို့ပင်ဖြစ်စေ ထိုကိစ္စရပ်များအား ဖြေရှင်းရန် လူ့အဖွဲ့အစည်းအခြေပြု ကြိုးပမ်းမှုများ တိုးပွားလာခြင်းကို ကျွန်ုပ်တို့မှ တိုက်တွန်းအားပေးသည်။ အထူးသဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ပြုလုပ်နေသည့် ဘာသာပေါင်းစုံပွဲများပင်ဖြစ်သည်။ ထိုပွဲများအား မန္တလေးမြို့တွင် မကြာသေးမီက အများအပြားပြုလုပ်ခဲ့သေးသည်။ ထို့ပြင် ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်မှုကို ထိန်းသိမ်းကာ အတူယှဉ်တွဲနေထိုင်မှုကို ပြင်းပြင်းထန်ထန်ယုံကြည်သော သူများ ကြိုးပမ်းနေကြသည့် ဘာသာပေါင်းစုံပွဲများကို အားပေးထောက်ခံရန် ကြီးကြီးမားမား လိုအပ်သည်ဟု ကျွန်ုပ်တို့က ရှုမြင်သည်။ မိမိတို့လူ့အဖွဲ့အစည်း တိုးတက်မှုအတွက် ငြိမ်ချမ်းရေးကို ထိန်းသိမ်းထားရန် ပြည်တွင်းရှိ လူ့အသိုင်းအ၀ိုင်းများ၏ အကျိုးပင်ဖြစ်သည်ဟု ကျွန်ုပ်တို့မှ ယုံကြည်သည်။
ထို့ကြောင့်ပင် မြန်မာနိုင်ငံအတွင်း လူနည်းစုများ၊ အထူးသဖြင့် ဘာသာရေးအရ သည်းမခံမှုများကို ပြင်းပြင်းထန်ထန် ခံစားနေရသော မွတ်စလင် လူနည်းစုများအား ပစ်မှတ်ထားကာ ဖြစ်ပွားနေစဲဖြစ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မြန်မာအစိုးရက မဆိုင်းမတွ ထိထိရောက်ရောက် အရေးယူရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်သည်။ ထို့ပြင် အစွန်းရောက်ဝါဒအား တားဆီးရန်၊ တွေ့ဆုံဆွေးနွေးမှုများ၊ ရင်ကြားစေ့ရေးနှင့် လူမျိုးနှင့် ဘာသာအယူ သက်ဝင် ယုံကြည်မှုတို့ကို ထည့်မတွက်ဘဲ နိုင်ငံသားများ အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အစိုးရ၊ အခြားသောသက်ဆိုင်သည့် နိုင်ငံရေးပါတီအားလုံး အတူတကွလုပ်ဆောင်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းသည်။
ကြာရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်သည့် ငြိမ်းချမ်းရေးအတွက် ဒေသတွင်း အဖွဲ့အစည်းများက ဆောင်ရွက်နေသည့် အားထုတ်မှုများကို အားပေးထောက်ခံရန်အတွက် မြန်မာနိုင်ငံနှင့် ဒေသအတွင်းရှိ ဘာသာရေးကိုအခြေပြုသောကွန်ယက်များ အတူတကွဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့မှ ဖိတ်ခေါ်လိုက်ပါသည်။
Comments