ဇန်နဝါရီ ၃၀ ၊ ၂၀၁၅
M-Media
– မြန်မာနိုင်ငံတောင်ဘက်ပိုင်း တောင်ပြောင်မှုမရှိသည့် ပဲခူးမြို့ဆင်ခြေဖုံးတွင် အရပ်ရှည်ရှည်၊ အသားဖြူဖြူ စကင်ဒီနေဗီးယန်းလူမျိုး အမျိုးသားတစ်ယောက် မကြားသေးမီကမှ ဆောက်လုပ်ပြီးစီးခဲ့သည့် မိုဘိုင်းတာဝါတိုင်တစ်ခုကို မျက်လုံးမှေး၍ ကြည့်နေသည်။ သူက အခြားသူမဟုတ် နော်ဝေမိုဘိုင်းအော်ပရေတာ တယ်လီနော၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ ပီတာဖာဘာ့ဂ်ဖြစ်လေသည်။ မြို့အတွင်း ကွန်ယက်များ လုံလောက်စွာဖြန့်ကျက်နိုင်ရေးအတွက် တာဝါတိုင်များ ပိုမိုတည်ဆောက်ရန်လိုအပ်သည်ဟု ၎င်းက ကောက်ချက်ချသည်။ သူ၏ ကန်ထရိုက်တာကိုလည်း တာဝါတိုင်များ ပိုမို တည်ဆောက်ပေးရန် စေခိုင်းခဲ့လေသည်။ အခုတော့ အားလုံးအိုကေခဲ့ပြီး ပဲခူးမြို့တစ်ဝှမ်း ဇန်န၀ါရီ ၁၃ ရက်နေ့မှစတင်ကာ တယ်လီနောမိုဘိုင်းကွန်ယက်ကို အသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။
စပိန်နိုင်ငံထက် လူဦးရေပိုများသည့် မြန်မာနိုင်ငံမှာ တယ်လီဖုန်းအသုံးမပြုနိုင်သူ အများဆုံးရှိသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရက မြန်မာနိုင်ငံ၌ ခေတ်မီ မိုဘိုင်းကွန်ယက်များ ပထမဆုံး တည်ဆောက်ရေး အတွက် နိုင်ငံတကာလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည်။ တယ်လီနောနှင့် ၎င်း၏ ကာတာပြိုင်ဘက် အော်ရီဒူးတို့၏ ပြီးခဲ့သည့်နှစ် မိုဘိုင်းကွန်ယက်များ စတင်ခဲ့ခြင်းက နှစ်ပေါင်း ၅၀ ကြာ အာဏာရှင်စနစ်အတွင်း သေနေသော စီးပွားရေးကို ပြန်လည် အသက်ဝင်လာစေခဲ့သည်။ နက်ဝက်ခ် ပစ္စည်းများ တင်သွင်းဖြန့်ဖြူးသူ အဲရစ်ဆန်နှင့် အကြံပေးလုပ်ငန်းတစ်ခုမှ မက်ကင်ဆေးတို့က မြန်မာနိုင်ငံ တွင် မိုဘိုင်းဖုန်း ကွန်ယက်သစ်များ ၀င်ရောက်လာခြင်းကြောင့် အလုပ်အကိုင် ကိုးသောင်းကျော်ကို ဖန်တီးနိုင်ခဲ့ပြီး တစ်နှစ်တာ စီးပွားရေးတိုးတက်မှုတွင် ၈ ရာခိုင်နှုန်း အပေါင်း လက္ခဏာဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အာဏာရှင်များလက်ထက်က နိုင်ငံပိုင် တယ်လီဖုန်းကွန်ရက်မှ မဲစနစ်ဖြင့်ချပေးသည့် ဆင်းမ်ကဒ်တစ်ခုကို ကန်ဒေါ်လာ ၁၅၀၀ အထိ ပေးသုံးခဲ့ရသည်။ သို့သော် လိုင်းကအကန့်အသတ်ဖြင့်သာ။ ယခုအချိန်တွင်တော့ ဆင်းမ်းကဒ်တစ်ကဒ်၏တန်ဖိုးမှာ ၁.၅ ဒေါ်လာသာရှိတော့ပြီး တာဝါတိုင်များကလည်း နေရာတိုင်းလိုလို ရှိလာခဲ့လေသည်။ နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်း MPT က ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo တို့နှင့်ပူးပေါင်း၍ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေသည်။ အထိုင်ဖုန်းများကို ၀န်ဆောင်မှုပေးသည့် ရတာနာပုံကလည်း မကြာမီတွင် ဗီယက်နမ်မှ မိုဘိုင်းဖုန်းဝန်ဆောင်မှု ကုမ္ပဏီ Viettel နှင့် ပူးပေါင်းကာ မိုဘိုင်းဖုန်းတိုက်ပွဲသို့ ၀င်လာတော့မည်။
ဝင်ရောက်လုပ်ကိုင်စားရိတ် မြင့်မားလာချိန်တွင် တစ်ဒါဇင်ခန့်ရှိသော မိုဘိုင်းအော်ပရေတာများ အကြား ဈေးနှုန်းပြိုင်ဆိုင်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လျော့နည်းလာသည့် အိန္ဒိယရှိ မိုဘိုင်းအော်ပရေတာများနှင့် ဆန့်ကျင်ဘက် အဖြစ် မြန်မာနိုင်ငံတွင် အော်ပရေတာ လေးခုသာ ရှိခြင်းက လုံလောက်သည့်ပြိုင်ဆိုင်မှုကို ဖြစ်စေသည်ဟု လောင်းကြေး ထပ်နေကြသည်။ ငါးနှစ်အတွင်း ထိုအော်ပရေတာ ၄ ခုက မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းထံ ရောက်ရှိမည်ဟု စီစဉ်တွက်ချက်ထားသည်။
နော်ဝေမိုဘိုင်းလောကတွင် တယ်လီနော၏ တစ်ဦးတည်းချုပ်ကိုင်ထားမှု ၁၉၉၀ ပြည့်နှစ်များအတွင်းက ဆုံးရှုံးခဲ့ပြီးနောက် ထိုဆုံးရှုံးမှုကို ကာမိစေရန် နိုင်ငံခြားဈေးကွက်များကို ရှာဖွေခဲ့ပြီး ဘူလ်ဂေးရီးယားမှ ဘင်္ဂလားဒေ့ရှ်အထိ တယ်လီနောက ချဲ့ထွင်ခဲ့သည်။ ခုအချိန်တွင်တော့ နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် တယ်လီနောကွန်ယက်က ဖြန့်ကျက်ထားနိုင်ခဲ့ပြီး ၎င်းတို့၏ ကွန်ယက်အား သုံးစွဲသူမှာ သန်း ၁၈၀ ခန့် ရှိနေသည်။ ရုရှား အော်ပရေတာ VimpelCom နှင့် ပူးပေါင်း၍ နောက်ထပ် ၁၃ နိုင်ငံတွင်လည်း ကွန်ယက်ကို ထပ်မဲ့ချဲ့ထွင်ထားသေးသည်။ သို့သော်လည်း ကာတာအစိုးရပိုင် အော်ရီဒူးနှင့်မူ ပထမဆုံး ထိပ်တိုက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ယခင်က Qtel ဟု အမည်တွင်ခဲ့သည့် အော်ရီဒူးနေဖြင့် ၂၀၀၅ ခုနှစ်အထိ နိုင်ငံရပ်ခြားသို့ ချဲ့ထွင်ခြင်းမပြုခဲ့။ ယခုအချိန်တွင်တော့ ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး မိုဘိုင်းဖုန်း လုပ်ငန်းများထဲမှ တစ်ခုဖြစ်နေပြီး သုံးစွဲသူ သန်း ၉၀ အထိ ရှိနေသည်။ အများစုက မြောက်အာဖရိနှင့် ပါလက်စတိုင်း၊ အီရတ်တို့ အပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အော်ရီဒူးက အားတက်သရော ဆောင်ရွက်ခဲ့သည်။ စီးပွာရေးမြို့တော် ရန်ကုန်ရှိ ၎င်းတို့ရုံးချုပ်တွင်ပင် ၀န်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိသည်။ ရန်ကုန်မြို့တစ်ဝှမ်း ကြော်ငြာဆိုင်းဘုတ်ကြီးများမှာလည်း လက်ညှိုးထိုးမလွဲ။ ထိုမျှမက မြန်မာနေရှင်နယ် လိဂ် ဘောလုံးပြိုင်ပွဲကိုလည်း အော်ရီဒူးကပင် စပွန်ဆာပေးထားသည်။ ၎င်းတို့၏ ကွန်ယက်တစ်ဝှမ်း မြန်နှုန်းမြင့် 3G ၀န်ဆောင်မှုကိုလည်း ရက်ရက်ရောရောပေးသည်။ ယခင်က ဖုန်း မပိုင်ဆိုင်ခဲ့ဖူးသောသူပင် ယခုတွင်မူ မြန်နှုန်းမြင့်အင်တာနက်ကို အသုံးပြုနိုင်ပြီဖြစ်သည်။
တယ်လီနော၏ လှုပ်ရှားမှုကတော့ ပိုနှေးသည်။ လုပ်ငန်းလုပ်ပိုင်ခွင့် ရရှိကတည်းက ၎င်း၏ ရှယ်ယာပမာဏမှာ အနည်းငယ်သာရှိသည်။ အဘယ့်ကြောင့်ဆိုသော ရင်းနှီးမြှုပ်နှံသူများက အရှုံးအန္တရာယ်ကိုလည်း ကြိုတွက်ကြသည်။ ထိုနောက်တွင်တော့ ရန်ကုန်မြို့တွင် ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် စတင်မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် ၃ နှစ်အတွင်း တိုးချဲ့သွားမည်ဟု လည်း ပြောကြားခဲ့သည်။ အော်ရီဒူး၏ ၀န်ထမ်း အရေအတွက်ထက် ထက်ဝက်ခန့်သာ တယ်လီနောက ခန့်ထားနိုင်သည်။ အချို့နေရာများတွင် 2G စနစ်ကိုသာ ပေးခဲ့သည်။ မစ္စတာ ဖာဘာ့ဂ်ကတော့ မြန်မာပြည်သူအများစုမှာ 3G ဟန်းဆက်များကို ၀ယ်မကိုင်နိုင်ဟု ထောက်ပြသည်။ ၎င်းတို့ဝယ်ကိုင်နိုင်သည့်အခါတွင်တော့ အဆင့်မြှင့်တင်မှု ပြုလုပ်ပေးမည်ဖြစ်ပြီး ထိုအတွက် ငွေကြေးအကုန်အကျလည်း မများဟု ဆိုသည်။
ယခုအချိန်အထိတော့ ပြည်သူများကိုဆွဲဆောင်ရာတွင် ထိုကုမ္ပဏီ ၂ ခုစလုံး အခက်အခဲမရှိကြ။ အော်ရီဒူးက ရန်ကုန်တွင် စတင်ရောင်းချပြီး ၃ ပတ်အတွင်းမှာပင် သုံးစွဲသူဦးရေ ၁ သန်းအထိ ရောက်ရှိခဲ့သည်။ တယ်လီနောကတော့ သန်းဝက်ခန့်ရှိသည်။ လမ်းတကာလှည့်၍ လှည်းဖြင့်ဈေးရောင်းသူများမှအစ လမ်တိုင်းတွင်ရှိသည့် လက်ဖက်ရည်ဆိုင်များအဆုံး ပရိုမိုးရှင်းအဖြစ် ပေးအပ် ထားသည့် အော်ရီဒူး၏ အနီရောင်ထီးများ၊ တယ်လီနော၏ အပြာရောင်ထီးများကို မမြင်တွေ့ချင်မှ အဆုံးပင်။
ထိုကဲ့သို့ ၀င်ရောက်လာမှုက မြို့၏ ပုံပန်းသွင်ပြင်ကိုပါ ပြောင်းလဲသွားစေသည်။ လူသွားပလက်ဖာင်းများတွင် ရုပ်မရှိသည့်လိုင်းဖုန်းများ တပ်ဆင်ထားသော ဖုန်းရုံးငယ်များတွင် စောင့်ကြပ်နေသည့် ဆက်သွယ်ရေးမှ အမျိုးသမီးဝန်ထမ်းများ ရှိနေသော်လည်း ဆင်းမ်ကဒ်များကို ရောင်းချသူများက ထိုထက် ပိုများနေသည်။ ဆင်းမ်ကဒ်များကို ပလက်စတစ်အိတ် အကြည်ထဲတွင်ထည့်၍ လိုက်လံရောင်းချနေသည့် ဆယ်ကျော်သက်တစ်ဦးက ၎င်းမှာ ထိုသို့ရောင်းချမှုမှ တစ်နေ့လျှင် ၀င်ငွေ ၂၀၀၀၀ ကျပ်ခန့် ရှာနိုင်သည်ဟုဆိုသည်။ ရန်ကုန်မြို့ရှိ တက္ကဆီယာဉ်မောင်းတစ်ဦး၏ တစ်နေ့ဝင်ငွေထက်ပင် ပိုသေးသည်။
မိုဘိုင်းဖုန်အော်ပရေတာများ ရောက်လာခြင်းက မြန်မာနိုင်ငံရှိ လူမှုရေးဘ၀ကိုလည်း ပြောင်းလဲစေခဲ့သည်။ အော်ရီဒူးမြန်မာ၏ အကြီးအကဲဖြစ်သူ ရော့စ် ကော်မက်က ၎င်းတို့ကွန်ယက် စတင်ဖြန့်ချီပြီးကတည်းက Facebook သုံးစွဲသူဦးရေမှာ ၂ ဆခန့် ဖြစ်လာခဲ့သည်ဟု ပြော၏။ ဆင်းမ်ကဒ်များရောင်းရန်နှင့် ပတ်ဝန်းကျင်တွင် ကြော်ငြာမှုများ ပြုလုပ်ပေးရန် အတွက် ကျေးလက်ဒေသ မှ အမျိုးသမီး ၃ သောင်းကို လေ့ကျင့်သင်ကြားကာ လိုအပ်သည့် ပစ္စည်းကိရိယာမျာကိုလည်း ထောက်ပံ့ပေးသွားမည်ဟု အော်ရီဒူးက ကတိပြုခဲ့သည်။ နိုင်ငံရေးနှင့် စီးပွားရေးအကြံပေး ကုမ္ပဏီတစ်ခုဖြစ်သော Vriens & Partners မှာ ရိုမိန်း ကိုင်လောက်က စမတ်ဖုန်းများမှာ အသေးစားလယ်သမားများအတွက် အကျိုးရှိနေပြီး ကြားမှပွဲစား၏ တစ်ပါတ်ရိုက်ခြင်းမခံရစေရန် ကုန်စည်ဈေးနှုန်းအား အွန်လိုင်းဖြင့် စစ်ဆေးနိုင်ပြီဟု ဆိုသည်။
မိုဘိုင်းကွန်ယက် စတင်နိုင်ခဲ့ခြင်းက မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် အချိန်ယူစဉ်းစားနေသည့် အခြားသော နိုင်ငံရပ်ခြား လုပ်ငန်းများအတွက် ၎င်းတို့ကြုံတွေ့ ရနိုင်သည့် စမ်းသပ်မှုများကို တွေ့ခဲ့ရသည်။ အော်ရီဒူးက လူနည်းစု မြန်မာမွတ်စလင် လူ့အဖွဲ့အစည်အား တနည်းနည်းဖြင့် ရဲဆေး တင်ပေးလိမ့်မည်ဆိုသည့် ကြောက်ရွံ့မှုများရှိနေသော သဘောထားတင်းမာသူ ဘုန်းကြီးများ၏ သပိတ်မှောက်မှုကို ခံခဲ့ရသည်။ တယ်လီနောကလည်း ကန်ထရိုက်များ၏ တာဝါတိုင်ဆောက်လုပ်မှုတွင် ကလေး အလုပ်သမားများ အသုံးပြုမှုအတွက် လုပ်ငန်းကို ခဏရပ်ပစ်ခဲ့တာမျိုး ရှိခဲ့သည်။ စီးပွားရေးမြို့တော် ရန်ကုန်အတွင်း ဆိုင်ခန်းငှားခများမှာ စင်ကာပူနှင့် မက်ဟက်တန်တို့မှ ဈေးနှုန်းကဲ့သို့ မတန်တဆ ကြီးမြင့်နေခြင်းက နိုင်ငံခြားလုပ်ငန်းများအား မြို့ပြင်တွင် အခြေစိုက်မှုကို ဖြစ်စေသည်။ ဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုနိမ့်ပါးခြင်းကလည်း ၀န်ဆောင်မှု ပုံစံပေါင်းစုံကို ဟန့်တား သလိုဖြစ်နေသည်။
မိုဘိုင်းတာဝါတိုင်များ တည်ဆောက်ခွင့်ရရေးတွင်လည်း အခက်အခဲများက ရှိနေဆဲ။ မိုဘိုင်းကွန်ယက် တစ်နိုင်ငံလုံးကို ဖြန့်ကျက်ရန် အတွက် တယ်လီနောနှင့် အော်ရီဒူးတို့မှာ မိုဘိုင်းအခြေစိုက်စခန်းပေါင်း ၈၀၀၀ ခန့်ကို တည်ဆောက်ရန်လိုအပ်သည်။ ထိုပမာဏ၏ အနည်းငယ်ကိုသာ ယခုအချိန်တွင် တည်ဆောက်နိုင်သေးသည်။ အချို့နေရာများတွင် အာဏာပိုင်များထံသို့ တာဝါတိုင်ဆောက်ရန် လျှောက်ထားမှုက ရှုပ်ထွေးမှုများရှိနေသည်။ အချို့ဒေသများတွင်တော့ လာဘ်ငွေ ရရှိမလားဟူသည့် မျှော်လင့်ချက်ဖြင့် အာဏာပိုင်များက ခွင့်ပြုမိန့်ကို အချိန်အတော်ကြာ ဆိုင်းငံ့ထားကြသည်။ နောက် တစ်ချက် အော်ပရောတာနှစ်ခုမှာ တာဝါတိုင်ကို မျှဝေသုံးစွဲရေးအတွက် သဘောတူညီချက် မရရှိသေးခြင်းက ၎င်းတို့အား ပိုမိုခက်ခဲစေသည်။ နှစ်ဘက်စလုံးကတော့ တာဝါတိုင် မျှဝေသုံးစွဲရေး လုပ်သွားမည်ဟု ပြောကြားထားသည်။
သို့သော်လည် မြန်မာနိုင်ငံရှိ မိုဘိုင်းအော်ပရေတာများအတွက် အဓိက စိန်ခေါ်မှုက လွန်ခဲ့သည့် ရာစုနှစ်ဝက်မျှ ဇိမ်ခံပစ္စည်းများကို ဆာလောင်မွတ်သိပ်နေခဲ့သော မြန်မာပြည်သူများ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ရေးပင်ဖြစ်သည်။ ပထမဆုံး စတင်ဖြန့်ချီသည့်နေ့မှာပင် အော်ရီဒူ၏ သုံးစွဲသူဝန်ဆောင်မှုပေးရေးစင်တာတွင် ဖုန်းခေါ်ဆိုမှုပေါင်း ၈ သိန်းကျော် ၀င်ခဲ့သည်။ ၎င်းတို့ဖြေနိုင်သည်ထက် ပိုမိုများပြားသည့် ပမာဏဖြစ်သည်။ တယ်လီနောမှ မစ္စတာ ဖာဘာ့ဂ်ကတော့ ၎င်းသွားလေရာနေရာတွင် တောင်းဆိုမှု ၂ ခု ကိုသာ အမြဲကြားရသည်ဟူ၏။ ထိုနှစ်ခုမှာကား ကွန်ယက်ချဲ့ထွင်ရေးနှင့် အင်တာနက်ပိုမြန်ရေးပင်။
ref:The Economist Newspaper
ဘာသာပြန်-လေးမောင် (M-Media)
Comments