နိုဝင်ဘာ ၅ ၊ ၂၀၁၅
M-Media
မြန်မာ့ရွေးကောက်ပွဲအချိန်နီးကပ်လာသည်နှင့်အမျှ မွတ်စ်လင်မ်တို့သည် မိမိနှစ်သက်ရာကို ရွေးချယ်မဲပေးခွင့် ငြင်းပယ်ခံနေရသည်။
ဒေါ်ဝင်းမြမြသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက်၊ ၎င်းပြင် သူမ၏ လက်ဝဲရံအဖြစ် အရာအားလုံးကို ပေးဆပ်ခဲ့သူဖြစ်သည်။ ၂၀၀၃ ခုနှစ် စစ်အစိုးရဟောင်း ကျောထောက်နောက်ခံပြု လူအုပ်စု၏ တိုက်ခိုက်မှုကို ခံရသူထဲတွင် သူမလည်း ပါဝင်ခဲ့၏။ အဆိုပါ ဒီပဲယင်းလုပ်ကြံမှု၌ လူအများအပြား သေကြေခဲ့ပြီး၊ သူမလည်း နှစ်များစွာ အကျဉ်းစံခဲ့ရကာ သူမ၏မိသားစုပိုင် ဈေးဆိုင်သည်လည်း ပိတ်သိမ်းခံလိုက်ရသည်။ ထိုစဉ်ကရရှိခဲ့သော ဒဏ်ရာသည် သူမကို ယခုတိုင် ဒုက္ခပေးနေဆဲ။ “(အဲ့ဒီဒဏ်ရာကြောင့်) ရေအိမ်ကောင်းကောင်း မသွားနိုင်သေးပါဘူး” ဟု သူမ၏ညီမဖြစ်သူက ဆိုသည်။ ဒေါ်ဝင်းမြမြကမူ “NLD အတွက် အသက်ပေးသွားပါမယ်” ဟု ပြောပါသည်။
ဤမျှအထိ ပေးဆပ်မှုရှိလင့်ကစား ဒေါ်ဝင်းမြမြသည် ရွေးကောက်ပွဲ၌ NLD အတွက် ရှေ့ထွက်ခွင့် မရရှိခဲ့။ လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဤဆယ်စုနှစ်များအတွင်း လွတ်လပ်ပွင့်လင်းမျှတမှု အရှိဆုံး ဖြစ်ရမည်ဟု ဆိုထားသည့်တိုင် မြန်မာနိုင်ငံထဲတွင် ဘာသာရေးနှင့်ပတ်သက်၍ ထိလွယ်ရှလွယ် အခြေအနေ၌ ရှိနေဆဲဖြစ်သည်။ မွတ်စ်လင်မ်တို့အနေနှင့် သာမန်မဲဆန္ဒရှင်မှသည် အတွေ့ကြုံ ရင့်ကျက်သော နိုင်ငံရေးသမားများ အထိ ရွေးကောက်ပွဲထဲ ပါဝင်ခွင့်ကို အဟန့်အတားပြုခြင်း ခံနေရသည်။
ထို ဘာသာရေး တင်းမာမှု၏ မဖြစ်သင့်သော အနေအထားထဲပါဝင်နေသူ မန္တလေးတိုင်း NLD ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြသည်လည်း လွှတ်တော် အမတ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသူ မွတ်စ်လင်မ်များ အနက် အပါအ၀င် တစ်ဦးဖြစ်သည်။ သို့သော် ကိုးကွယ်ယုံကြည်မှုအပေါ် အကြောင်းပြု၍ ပယ်ချခံခဲ့ရသည်။
“ကျွန်မဟာ နိုင်ငံအနှံ့သွားပြီး ရွေးကောက်ပွဲအတွက် (NLD ကို မဲပေးကြဖို့) အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းပေးရမယ်လို့ ကျွန်မတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် (ခုချိန်မှာတော့) ကျွန်မကို ကိုယ်စားလှယ်လောင်း အဖြစ် ဝင်မပြိုင်စေချင်ဘူး ” ဟု ဒေါ်ဝင်းမြမြက ပြောပြသည်။
မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ ၅၁ သန်းအနက် အနိမ့်ဆုံး ၅ ရာခိုင်နှုန်းထိ ရှိနေပါသည်။ သို့ရာတွင် အာဏာရပါတီ သို့မဟုတ် အတိုက်အခံပါတီဖက်မှ မွတ်စ်လင်မ် ကိုယ်စားလှယ်လောင်း တစ်ဦးကိုမျှ မတွေ့ကြရချေ။ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှု ကြီးထွားလာခြင်း၏ ဖိအားက မိမိတို့အပေါ် ရိုက်ခတ်နေကြောင်း NLD မှ ၀န်ခံထားသည်။
တစ်ချိန်တည်း၌ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ နှိပ်စက်ညှင်းပန်းခံ လူနည်းစုဝင် ရိုဟင်ဂျာ မွတ်စ်လင်မ်တစ်သန်းကျော် တို့မှာ နိုင်ငံမဲ့များအဖြစ် တွန်းပို့ခံရပြီး မဲပေးခွင့်လည်း မရရှိချေ။
မြန်မာနိုင်ငံတွင်း မွတ်စ်လင်မ် လူ့အဖွဲ့အစည်းများ အကြား၌လည်း နိုင်ငံသားဝိသေသ အထောက်အထားအပေါ် အငြင်းပွားဖွယ်ဖြစ်အောင် ခွဲခြားခံ ရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေသည်။
“သူတို့ဟာ မိမိကိုယ်ကို မြန်မာ(နိုင်ငံသား)တွေ အဖြစ် ခံယူထားကြပါတယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သူတို့အပေါ် နိုင်ငံခြားသားလို ဆက်ဆံလာကြတယ်ဆိုပြီး မြန်မာမွတ်စ်လင်မ်တွေက ကျွန်တော့်ကို ပြောပြပါတယ်။ ဒါတွေဟာ သူစိမ်းဆန်တဲ့ ခံစားချက် ၀င်အောင် ဖန်တီးနေတဲ့အပြင် သင့်မြတ်မှုကို ဖယ်ထုတ်နေတယ်ဆိုတာ သိပ်ကိုရှင်းလင်းလွန်းနေတယ်။ မွတ်စ်လင်မ်ဦးရေ များပြားတဲ့ မြို့ရွာတွေမှာ ပိုပြီး ဇောက်ချဦးတည် လုပ်ဆောင်လာနိုင်ပါတယ် ” ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က The Guardian သို့ ပြောသည်။
လက်ရှိကာလများတွင် နိုင်ငံသား စိစစ်ရေး ကဒ်ပြားရလိုလျှင် (မိမိတို့၏သားချင်းများ၊ ဆက်နွှယ်မှုများ မရှိပါဘဲလျက်) မိမိတို့၏လူမျိုးကို အိန္ဒိယ သို့မဟုတ် ပါကစ္စတန် အဖြစ် မှတ်ပုံတင်ရန် မွတ်စ်လင်မ်တို့အား ခိုင်းစေနေကြသည်။
မဲပေးရန်အတွက်ဖြစ်စေ၊ ပြည်ပထွက်ရန်အတွက်ဖြစ်စေ နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာ မရှိမဖြစ်လိုအပ်ပါသည်။
မန္တလေး လ၀ကဦးစီးမှူး ဦးသောင်းဇော်က “ဘယ်သူဘယ်ဝါဖြစ်ဖြစ် မွတ်စ်လင်မ်ဆိုတာနဲ့ ကျွန်တော်တို့က အိန္ဒိယလို့ ရေးသွင်း မှာဖြစ်တယ်” ဟုဆိုသည်။
အိန္ဒိယ သို့မဟုတ် ပါကစ္စတန် အဖြစ် လူမျိုးအမည်ကို စာရင်းမသွင်းရန် ငြင်းဆန်ခဲ့ကြောင်း၊ မိမိတင်ပြသော အထောက်အထားတို့ အား ငြင်းပယ်ခဲ့ကြောင်း မန္တလေးတွင် မိသားစုလိုက် မျိုးဆက်နှင့်ချီ၍နေထိုင် လာခဲ့သည့် ဈေးဆိုင်ပိုင်ရှင်ဖြစ်သူ ဟာဂျီဦးရန်အောင် မှ ပြောပြသည်။ ယခုသော် မဲပေးခွင့် မရတော့။
“ကျွန်တော်က ဗမာလူမျိုး ဖြစ်တာကို သူတို့ ငြင်းပယ်ခဲ့ကြတယ်။ လူမျိုးနဲ့ဘာသာ ဘာမျှ မသက်ဆိုင်ကြောင်း (ရောထွေးလို့မရကြောင်း) ကျွန်တော် သူတို့ကို ပြောပါတယ်။ ခင်ဗျားရဲ့ဘာသာက အစ္စလာမ်ဖြစ်နေရင် ခင်ဗျားက အလိုအလျောက် သွေးနှောဖြစ်ပြီးသားပါပဲလို့ သူတို့က သူတို့ရဲ့ လ၀ကပေါ်လစီသစ် အရ ပြန်ပြောပါတယ်” ဟု သူက မျက်ရည်ဝဲလျက် ဆိုရှာသည်။
“ရူးနေကြပြီလားမသိပါဘူးဗျာ။ မန္တလေးက ဗလီဝတ်ကျောင်းတွေ နှစ်ပေါင်းဘယ်လောက် သက်တမ်းရှိနေပြီဆိုတာ ခင်ဗျားတို့ သိကြပါသလား။ တချို့ဆိုရင် နှစ်ပေါင်း ၂၀၀ အထက်မှာ၊ သက်တမ်း အနုဆုံးပင်လျှင် နှစ်ပေါင်း ၁၅၀ ကျော်နေပါပြီ။ ကျွန်တော်တို့ ဒီမြေမှာ ရာစုချီပြီး နေထိုင်လာကြတာပါ။ ကျွန်တော့်လူမျိုးအမည်ကို အိန္ဒိယလို့ ရေးရမယ်ဆိုရင် အဲ့ဒီ(နိုင်ငံသားစိစစ်ရေး)ကဒ်ကို မယူဘူး”။
မြန်မာလူမျိုးအဖြစ် စာရင်းသွင်းပေးရန် အချို့က အာဏာပိုင်များကို လာဘ်ထိုးရကြောင်း၊ ယခင်က ဒေါ်လာ ၄၀ သို့မဟုတ် ၅၀ ပေးရသော်လည်း ယခုဈေးမှာ ဒေါ်လာ ၁၅၀ ဖြစ်ကြောင်း သူက ဆက်လက်ပြောပြပါသည်။
မြန်မာ့နန်းမြို့တော်ဟောင်း မန္တလေးတွင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့သည် ရာစုနှစ်ပေါင်းစွာ အေးအတူပူ အမျှ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင် လာကြသော်လည်း၊ နိုင်ငံတစ်ဝှမ်း တင်းမာမှုများဖြစ်လာပြီး ယမန်နှစ် ဇူလိုင်လအတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေး အဓိကရုဏ်း၌ လူနှစ်ဦးသေဆုံး သွားခဲ့ရသည်။ မန္တလေးဒေသခံ မွတ်စ်လင်မ်များစွာတို့၏ အိမ်များသည် ယခုအခါ ရှောင်တခင် တိုက်ခိုက်မှုမှ အကာအကွယ်ရရန် သံတံခါးများ တပ်ဆင်၍ ညပိုင်းတွင် သော့ခတ်ထားကြရသည်။
“ရှေးကာလကတည်းက ကျွန်တော်တို့ အတူတစ်ကွ အေးချမ်းစွာ နေထိုင်လာခဲ့ကြတာပါ။ ဘာပြဿနာမှ မဖြစ်ခဲ့ကြဘူး။ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက နိုင်ငံအ၀ှန်း ပြန့်နှံ့နေပါတယ်။ အာဏာရ USDP ပါတီနဲ့ သာမန်လူထုထဲမှာ တင်မဟုတ်ဘူး – NLD ပါတီဝင်တွေထဲမှာပင်လျှင် ရှိနေကြပါတယ်။ ရွေးကောက်ပွဲကို ကျွန်တော် စိတ်မ၀င်စားဘူး၊ ကျွန်တော့်အနေနဲ့ ဘယ်သူ့ကိုမဲပေးရမယ် ဆိုတာ မပြောနိုင်သေးပါဘူး” ဟူ၍ ဦးစမားညီညီက ဆိုသည်။ သူသည် စစ်အုပ်ချုပ်ရေးခေတ် တက်ကြွလှုပ်ရှားသူ မွတ်စ်လင်မ်ကျောင်းသားဟောင်း တစ်ဦးဖြစ်ကာ၊ မွတ်စ်လင်မ်တို့အားဖိနှိပ်ခြင်းအပေါ် အသံထုတ်ရန် ပျက်ကွက်ခဲ့သည့် NLD အား သူမှ အယုံအကြည် ကင်းမဲ့လျက်ရှိသည်။ သူ၏ အိမ်ခေါင်မိုးထိပ်တစ်ဖက်မှကြည့်လျှင် မန္တလေးမြို့လေးဖက်လေးတန်ရှိ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများကို မြင်ရသလို နောက်တစ်ဖက်မှကြည့်ပါက တင်းမာမှုကြီးမားအောင် တို့မီးရှို့မီးလုပ်နေသူ အရှင်ဝီရသူ၏ ဘုန်းကြီးကျောင်းကိုလည်း တွေ့မြင်နေရသည်။
မွတ်စ်လင်မ်တို့ကို ခွေးရူးများအဖြစ် သူ၏ အတို့အထောင်တရားများထဲ ရည်ညွှန်းလေ့ရှိပြီး ဗုဒ္ဓဘာသာဝင် ဘင်လာဒင်ဟု အမည်တွင်သူ အရှင်ဝီရသူက မွတ်စ်လင်မ်တို့မှာ မြန်မာပြည်ကိုသိမ်းရန် ကြံစည်နေသည်ဟု ဆို၏။
တစ်ချိန်က အတိုက်အခံဖက် ရပ်တည်ပြီး ယခုတိုင် ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးရှိနေသေးသော ဦးဝီရသူက ၎င်းကို “ရှက်လို့” ဟုဆိုလျက် ဖုံးကွယ်ထား၏။ ယခုအခါ သူသည် အစွန်းရောက် အမျိုးသားရေးအုပ်စု မဘသ၏ ခေါင်းဆောင် တစ်ဦးဖြစ်လျက်ရှိသည်။ မဘသသည် နိုင်ငံတွင်းရှိ အမျိုးသမီးများနှင့် မွတ်စ်လင်မ်များကို ပစ်မှတ်ထားသည့် မျိုးစောင့်ဥပဒေ ထွက်ပေါ်ပြဋ္ဌာန်းနိုင်ရန် လှည့်လည်ဦးဆောင်ကြိုးပမ်းခဲ့သည့်အဖွဲ့ဖြစ်သည်။
“ဗုဒ္ဓဘာသာဝင်တွေကို မွတ်စ်လင်မ်တွေရဲ့အန္တရာယ်ကနေ ကာကွယ်လို စိတ်သက်သက်သာ ဖြစ်တယ်။ အမှန်တကယ်တော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ထိမ်းမြားပြီး မွတ်စ်လင်မ်ဖြစ်အောင်လုပ်ခြင်းအားဖြင့် မွတ်စ်လင်မ်တွေဖက်က အကြမ်းဖက်မှုကို စတင်ခဲ့တာပါ။ မွတ်စ်လင်မ် အမျိုးသားအားလုံးလိုလို ဒီပုတ်ထဲကဒီပဲပါပဲ” ဟု သူက The Guardian သို့ ပြောဆိုသည်။
ဦးဝီရသူနှင့် မဘသအဖွဲ့သည် မြန်မာအစိုးရ၊ စစ်တပ်နှင့် ပတ်သက်ချိတ်ဆက်နေကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အရပ်သားတစ်ပိုင်း အစိုးရဖြင့် စတင်သော ဒီမိုကရေစီအကူးအပြောင်းအား ဖြိုလှဲရန် အကြမ်းဖက်ဇာတ်လမ်းကို ခင်းကျင်းတင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း အလ်ဂျဇီးယား သတင်းဋ္ဌာန၏ စုံစမ်းဖော်ထုတ်ချက်တစ်ရပ် ပြီးခဲ့သည့်လ၌ ထွက်ပေါ်ခဲ့သည်။
“အစွန်းရောက် အမျိုးသားရေးဝါဒီ(ဘုန်းတော်ကြီး)တွေဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် သူတို့ရဲ့သြဇာကို အသုံးချပြီး အများပြည်သူတွေ မွတ်စ်လင်မ်တွေအပေါ် အကြောင်းမဲ့ အကြောက်တရားဖြစ်လာအောင် တွန်းထိုး မှိုင်းတိုက်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ်က စစ်တပ်အာဏာကို တံတိုင်းကြီး အဖြစ် ရင်ဆိုင်အံတုခဲ့ကြတဲ့ သံဃာထုက အခုဆိုရင် စစ်တပ်ရဲ့လက်ကိုင်တုတ်ဖြစ်ကုန်ပြီလို့ အများက ပြောဆိုနေကြရပါပြီ။ (အဲ့ဒီ) မြန်မာနိုင်ငံရဲ့အစစ်မှန် အကူးအပြောင်းမှာ ငြိမ်းချမ်းစွာနဲ့ ရှေ့ထွက်ခဲ့ကြတဲ့ ဒီမိုကရေစီထောက်ခံသူသံဃာများအနက် အချို့ဟာ အခုကျတော့ အမုန်းတရားကို ဟောပြောနေကြတယ်” ဟု အကျိုးအမြတ်မကြည့် လူ့အခွင့်အရေးအဖွဲ့ Forty Rights အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မက်သယူး စမစ်က ဆိုသည်။
အစိုးရနှင့်စစ်တပ်ရော မဘသပါ ပတ်သက် ဆက်နွှယ်မှု မရှိကြောင်း နှစ်ဖက်စလုံးမှ ငြင်းဆန်ထားကြသည်။ သို့သော် မွတ်စ်လင်မ်ပြစ်မှုများကို စွပ်စွဲဖော်ပြလေ့ရှိသော သူ၏ဖေ့စ်ဘွတ် စာမျက်နှာမှတဆင့် အပြောင်းအလဲ အပေါ် သူ့သြဇာသက်ရောက်ကြောင်း ဦးဝီရသူက ကိုယ်ရည်သွေးပြောဆိုနေဆဲပင်။
“ဆိုးသွမ်းတဲ့ ရဲတွေ၊ တရားသူကြီးတွေ၊ မွတ်စ်လင်မ်တွေကို အစိုးရက အရေးယူလျက်ရှိပါတယ်။ ဘာမှ သွားပြီး အကြံပေးလမ်းညွှန်နေစရာ မလိုပါဘူး။ ဦးဇင်းရဲ့ ဖေ့စ်ဘွတ်ပေါ် ရေးတင်လိုက်ယုံနဲ့ လုံလောက်ပါတယ်” ဟု သူက ဆိုသည်။
သူ၏အမြင်နှင့် အခန်းကဏ္ဍကို သက်သေထူနိုင်ရန်လား(စီမံထားလေသလား) မသိ။ မိနစ်အနည်းငယ်အကြာတွင် လင်မယားနှစ်ဦး ရောက် ရှိလာပြီး ၎င်းတို့သမီး၏ချစ်သူမှာ မွတ်စ်လင်မ်လူငယ် တစ်ဦးဖြစ်နေကြောင်း၊ ထိုသူငယ်အား ဖမ်းဆီးပေးပါမည့် အကြောင်း သူ့ရှေ့တွင် ဒူးထောက်၍ အသနားခံတင်ပြလေသည်။ မကြာသေးမီက ပြဋ္ဌာန်းလိုက်သော ဥပဒေတွင် ဘာသာ မတူထိမ်းမြားမှုကို ပြင်းထန်စွာ တားမြစ်တား၏။
“ဘာသာတရားနှစ်ခုဟာ ဆန့်ကျင်ဖက် ဖြစ်တာကြောင့် ထိမ်းမြားပေါင်းစပ်ဖို့ မဖြစ်နိုင်ပါဘူး။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဆီမှာ ခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရား စိတ်သဘောထားရှိတဲ့အတွက် သူတစ်ပါးကို ထိခိုက်နစ်နာအောင် ဘယ်တော့မှ မလုပ်ပါဘူး။ ဒါ့ကြောင့် ဗုဒ္ဓရဲ့သားတော်ထံမှာ လာရောက် အကူညီတောင်းတင်လျှောက်ရခြင်းဖြစ်ပါတယ်” ဟု ဖခင်ဖြစ်သူ ဦးထွန်းလှအောင်က ဆိုသည်။
ဦးဝီရသူသည် ဖြေးဖြေးချင်း ကိုယ်ကိုကိုင်းညွှတ် နားထောင်နေလျက် သူ၏ စမတ်ဖုန်းအား ကိုင်တွယ် ပွတ်သပ်နေခဲ့၏။ ၎င်းတို့၏တိုင်တန်းချက် အပေါ် မိမိမှ စုံစမ်းစစ်ဆေးပေးမည့်အကြောင်း၊ အကယ်၍ အမှန်ဖြစ်ပါက ဖေ့စ်ဘွတ် စာမျက်နှာပေါ် ရေးတင်လိုက်မည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်ကို တွေ့လိုက်ရပေသည်။
မန္တလေးရှိ အချို့မွတ်စ်လင်မ်များအကြား ရွေးကောက်ပွဲနှင့်ဆက်နွှယ်၍ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ရွေးကောက်ပွဲပြီးသည့်နောက် မည်သည့်အရာဖြစ်လာပါစေ မြန်မာနိုင်ငံ သမိုင်း၌ မွတ်စ်လင်မ်အမတ်များ ကင်းစင်သော ပထမဆုံး ပါလီမန်တစ်ရပ် ပေါ်ပေါက်လာဖွယ် ရှိနေ၏။ မည်သို့ပင်ရှိစေကာမူ မွတ်စ်လင်မ် အရေး၌ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေသော်ငြား မွတ်စ်လင်မ်မဲဆန္ဒရှင်များစွာကမူ – အကယ်၍ သူမ၏ပါတီ အာဏာရလာလျှင် ဘာသာရေး တင်းမာမှုများ လျော့ကျအောင် လုပ်ဆောင်သွားလိမ့်မည်ဟူသော သူတို့၏မျှော်လင့်ချက်ကို ဒေါ်အောင်ဆန်းစုကြည် အပေါ် ခိုင်မတ်စွာ ရပ်တည်ထားရှိဆဲသာ။
ကိုယ်စားလှယ်လောင်းများထက် ပါတီကိုသာကြည့်၍ မဲပေးကြပါဟု ဒေါ်စုကြည်က မဲဆန္ဒရှင်များကို တိုက်တွန်းထားသည်။
“တကယ်လို့ NLD က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ကျွန်မတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခြားဘာသာတရားများ အပေါ် ဘယ်တော့မှ ခွဲခြားချိုးနှိမ်ဆက်ဆံသွားမှာ မဟုတ်ဘူးလို့ ကျွန်မ ပြောလိုပါတယ်” ဟု ဒေါ်ဝင်းမြမြက ဆိုသည်။
ဟာဂျီဦးရန်အောင်သည်လည်း ထိုသဘောထားအတိုင်းပင်။ အကယ်၍ သူသည် မဲပေးခွင့်ရခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီကိုသာ မဲပေးမည်ဖြစ်ကြောင်း ပြောခဲ့ပေသည်။
လက်ရှိကြားကာလတွင်တော့ ကျွန်တော်တို့သည် ထိုင်(ကြည့်)ပြီး စိုးရိမ်ပူပန်နေယုံသာ ရှိပါတော့၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Ref : The Guardian
Poppy McPherson ရေးသားသော No vote, no candidates: Myanmar’s Muslims barred from their own election ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
Comments