ဆူးငှက်
တကယ်တော့ မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုး များရဲ့ ဝံသာနုစိတ်နဲ့ ဇာတိမာန်သက်သက်ကတစ်ဆင့် အမြော်အမြင်ကြီးစွာ ပေါ်ပေါက် ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသားတက္ကသိုလ်ကြီး ဖြစ်ပါ တယ်။ အင်္ဂလိပ် အစိုးရရဲ့ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်တက္က သိုလ်ကျောင်းသားတွေ စတင် ခဲ့တဲ့ သပိတ်တိုက်ပွဲရဲ့ အသီးအပွင့် လည်းဖြစ်ပါတယ်။ ဒီအသီးအပွင့်ကြောင့် ၁၉၂၅ ခုနှစ်မှာ မန္တလေး မြို့မိမြို့ဖများ အားထုတ်မှုနဲ့ မန္တလေးဥပစာကောလိပ် ဖွင့်လှစ်ခွင့်ရခဲ့တယ်။
၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး စတင် ပေါ်ပေါက် လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုး သားကောလိပ်နဲ့ အမျိုးသားပညာရေး တောင်းဆိုမှုတွေနဲ့ အတူ အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာ ကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့ မန္တလေးမှာရှိကြတဲ့ ဗဟို စည်ဦးဘဦး၊ ကျောက်စာဝန်တော်စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြ ပါတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင် မန္တလေးမြို့ လူထုအနေနဲ့ ကိုယ့်အလှူငွေနဲ့ကို၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြ မယ်လို့တင်ပြလာကြတယ်။ နိုင်ငံရေးမျက်နှာစာ မှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုကြ တယ်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေ က ဥပဒေပြုကောင်စီမှာ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေအကြမ်း တင်ခဲ့တယ်။ ပထမအဆင့်အနေနဲ့ ၁၉၂၄ ခုနှစ် ဧပြီလမှာ အစိုးရက ဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။ ဒါ့အပြင် ၁၉၂၄ ခုနှစ် ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ်ကို စတင် ဖွင့်လှစ်ဖို့ ကော်မတီဖွဲ့စည်း နိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည် အတွက် ဥပစာ ကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက် မှာရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ်အုတ်တိုက်နီ ကလေးမှာ ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
အခုမန္တလေးတက္ကသိုလ်ဝင်းထဲ အဝင်မုခ်ဦး အကျော်လမ်းအရှေ့ဘက်က အုတ်တိုက်နီလေးပါ။ တက္ကသိုလ်သက်တမ်းတစ်လျှောက်လုံး အင်ဂျင်နီယာ ရုံး အဖြစ် ဖွင့်လှစ်ခဲ့တဲ့နေရာလေးပါပဲ။ အခုလက်ရှိမြင်နေရ တဲ့ မန္တလေး တက္ကသိုလ် ပင်မအဆောက်အအုံကြီးကတော့ ၁၉၂၁ ခုနှစ်မှာ အုတ်မြစ်ချပြီး ၁၉၂၄ ခုနှစ်မှာ စိုက်ပျိုး ရေး သိပ္ပံရုံးအဖြစ် ဖွင့်လှစ်ခဲ့တာပါ။
မန္တလေးဥပစာကောလိပ် စပြီးဖွင့်လှစ်တော့ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့မှာ ကပ္ပတိန်ကျော်ညွန့်က သဘာပတိအဖြစ်ဆောင်ရွက်တယ်။ မစ္စတာ ထင်ဝီ (M.A)က ကျောင်းအုပ်ကြီးနဲ့ အင်္ဂလိပ်ဘာသာကထိက၊ ဦးဖိုးသာ (M.Sc)က ရူပဗေဒနဲ့ ဓာတုဗေဒကထိက၊ ဦးလှပေါ်ဦး (M.A) က သင်္ချာကထိက၊ ဦးဘကျား(B.A)က ပါဠိမြန်မာစာ၊ မစ္စတာအက်စ်ဒါမိုဒါရမ်က သိပ္ပံ ပညာ နည်းပြတို့ ဖြစ်ကြတယ်။ မန္တလေးဥပစာကောလိပ် စဖွင့်တော့ ကျောင်း သူနှစ်ယောက်အပါအဝင် ကျောင်းသား ၃၁ ယောက်ရှိတယ်။ ဖွင့်လို့ တစ်နှစ်အကြာ ၁၉၂၆ ခုနှစ် သြဂုတ်လရောက်တော့ ဥပဒေပြုကောင် စီမှာ ရွှေတောင် ကြားပါတီက မန္တလေးဥပစာကောလိပ်က ကျောင်းသား နည်းလို့ ပိတ်ပါဆိုပြီး အဆိုတင်တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မန္တလေးဥပစာ ပိတ်ပင်ရေးအစီအစဉ် ကတော့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲအနေနဲ့ နောက်မဆုတ်ဘူး။ ၁၉၃ဝ ပြည့်နှစ်ရောက်တော့ မန္တလေးဥပစာကောလိပ်ပိတ် ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ မြို့မိမြို့ဖတွေ ကလည်း ကန့်ကွက်ကြတယ်။ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာလည်း ကျောင်းသားတွေက ရဟန်းပျိုသမဂ္ဂ၊ ဈေးချိုတော်၊ မန္တလေးမြို့ခံတွေနဲ့အတူ ကန့်ကွက်သပိတ် မှောက်ကြတယ်။ ဒါကြောင့် မန္တလေးဥပစာကောလိပ် ပိတ်ရေးကိစ္စဟာ အောင်မြင်မသွားခဲ့ပါဘူး။ အင်္ဂလိပ်အစိုးရ အနေနဲ့ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အကျပ်အတည်း ကျရောက်နေတာကြောင့်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့စစ်ကြီးဖြစ်ပွားတော့ ဖွင့်လှစ်ဆဲမန္တလေး ဥပစာကောလိပ်ကို ဥပစာကောလိပ်ရဲ့ ကျောင်းသား ဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိဥပစာကောလိပ် ဓာတုဗေဒဆရာဖြစ်သူ ဦးကိုလေး (ဇေယျာမောင်)က စောင့်ရှောက်ရတယ်။ မန္တလေးကိုလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။
စစ်ကြီးပြီးတော့ မန္တလေးဥပစာကောလိပ်ပြန်ဖွင့်လှစ် နိုင်ရေးကို ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည် ဦးဆောင် ဆောင်ရွက်ကြ တယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက်မသိ ဘာသာပါပဲ။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအစိုးရ ဖွဲ့တော့ ဦးရာဇတ် ဝန်ကြီးတာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေးဥပစာကောလိပ်ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနဲ့ ထပ်မံကြိုးစား ကြပြန်တယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် မေ ၂၉ ရက်မှာပဲ ဆရာဦးကိုလေး (ဇေယျာမောင်)ကို ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ပြီး မန္တလေး ဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့ တာဝန်ပေး လိုက်ပါတယ်။
စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂတွေ၊ ကျောင်းဆောင်တွေ ပြန် လည် ရရှိဖို့ အခက်အခဲအမျိုးမျိုးကို ဆရာဦးကိုလေး(ဇေယျာမောင်)ဟာ ကြိုးစားကျော်ဖြတ်ပြီး ၁၉၄၈ ခုနှစ် ဇွန်လရောက်မှ မန္တလေးယူနီဗာ စီတီကောလိပ် အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။ စိုက်ပျိုးရေးသိပ္ပံရုံး အဖြစ် အသုံးပြုဆဲဖြစ်တဲ့ ပင်မအဆောင်ကြီးကိုလည်း မန္တလေးယူနီဗာ စီတီကောလိပ် ပင်မစာသင်ဆောင်ကြီး အဖြစ် ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ မန္တလေးယူနီဗာ စီတီကောလိပ်ဖွင့်ပွဲကို မန္တလေးမြို့ လူထုကလည်း ဝမ်းပန်းတသာ ပါဝင်ဆင်နွှဲကြတယ်။
မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်လှစ်နိုင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့တဲ့ ဆရာကြီး ဦးရာဇတ်ကတော့ ဖွင့်ပွဲမတိုင်ခင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်ကပဲ မသမာသူတို့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရှာပြီပေါ့။
ဒီဥပစာကောလိပ်ကလည်း အတိုက်အခံ အခက် အခဲအမျိုးမျိုးကြားက ရုန်းကန်ပြီး ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်) တို့ ကျေးဇူးကြောင့် ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ် အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ပြီးတဲ့နောက် မြို့မိမြို့ဖတွေ ဆက်လက် အားထုတ်ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန် ၁ ရက်မှာ မန္တလေး တက္ကသိုလ်အဖြစ် သီးခြား ရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေး စနစ် တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈ဝ ပြည့်နှစ်မှာ တော့ မန္တလေးတက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့ တာပါ။
မန္တလေးဥပစာကောလိပ်မှသည် မန္တလေးတက္ကသိုလ် ဆိုတဲ့ ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း ဒီတက္ကသိုလ် ကြီးက ဂုဏ်ရောင်ပြောင်တဲ့ နိုင်ငံရေး သမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာကြီးတွေ၊ အရပ် ဘက်၊ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊ ဌာနဆိုင် ရာ ပညာရှင်ကြီးတွေ၊ ပါမောက္ခကြီးတွေ မွေးထုတ်ပေးခဲ့ ရုံမက အနုပညာရှင်ပေါင်းများစွာ၊ အားကစားသမား ပေါင်းများစွာလည်း မွေးထုတ်ပေးခဲ့ပါတယ်။
အခု… ခေတ်ပြောင်း စနစ်ပြောင်းချိန် ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ပြန် လည်မွေးဖွားခြင်း အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့အတူ သမိုင်းအစဉ်အလာကြီးမားတဲ့ မန္တလေးတက္ကသိုလ်ကြီးကလည်း ဒီအချိန်အခါကောင်းမှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်နိုးထ ရှင်သန်ဖို့ ကောင်းပါ တယ်။
တကယ်တော့ ၁၉၂၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေး ဥပစာကောလိပ်ဟာ ၂ဝ၁၆ ခုနှစ်မှာ ၉၁ နှစ်တင်းတင်း ပြည့်ပါပြီ။ ဒါဟာ မန္တလေးအတွက် သာမက တစ်မျိုးသား လုံးအတွက် ကောင်းမွေပါပဲ။
ပညာရေးကို အထူးဦးစားပေးပြီး ပြုပြင် ပြောင်းလဲကြမယ့် ခေတ်ပြောင်း စနစ်ပြောင်းမှာ သက်တော်ရှည် မန္တလေး တက္ကသိုလ်ကိုလည်း ပစ်မထား ကြပါနှင့်…။ ။
၁၉၊၄၊ ၂၀၁၆ ကြေးမုံ သတင်းစာမှ ကူးယူဖော်ပြသည်။
Comments