မေလ ၂၅ မှ မေလ ၃၁ ရက်နေ့သည် မြန်မာတစ်နိုင်ငံလုံး၏ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးအချိန်ဖြစ်သည်။ ထို့ကြောင့်လည်း စာရေးသူသည် အခြေခံပညာ အတန်းစုံ ကျောင်းအပ်နှံပြီး ကျောင်းသုံးဖတ်စာအုပ်များ ထုတ်ယူလာခဲ့သော ကျောင်းသား မိဘများအား စုံစမ်းမေးမြန်းကြည့်သောအခါ တူညီသောအဖြေတစ်ခုမှာ “ပုံနှိပ်စာအုပ်များနှင့် ကျောင်းအပ်နှံခ လုံးဝ၊လုံးဝ မပေးရခြင်း” ပင်ဖြစ်သည်။
စာရေးသူတို့ မြန်မာနိုင်ငံ၏ အခြေခံပညာကျောင်းများအနက် အစိုးရစစ် စာမေးပွဲများတွင် အောင်ချက်အကောင်းဆုံးကျောင်းများတွင် ဆဋ္ဌမတန်းမှစ၍ တက္ကသိုလ်ဝင်တန်းအထိ အမှတ် အနည်းအများအလိုက် (A) ခန်း၊ (B) ခန်း၊ (C)ခန်း စသည်ဖြင့် ခွဲခြားသတ်မှတ် ၍ အတန်းရွေးချယ် ပေးသော စနစ်တစ်ခုမနှစ်က အထိရှိနေခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အထက (၂) နန်ယန်ကျောင်းတွင် စာအတော်ဆုံး ကျောင်းသား၊ကျောင်းသူများအား special တန်း (S) ခန်း ဟူ၍လည်းကောင်း အခြား “အထက” ကျောင်းများတွင် (A)ခန်း၌ သီးခြားရွေးချယ် ပညာသင်ကြား စေပါသည်။
ကောင်းကျိုးရလာင်္ဒများအနေနှင့် တင်ပြရလျှင် မိဘများအနေနဲ့ မိမိတို့သားသမီးများပညာ ရေးအတွက် လူအား၊ငွေအားများ အထူးစိုက်ထုတ်ကာ အသုံးပြုလာခဲ့ကြသောကြောင့်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် ဘာသာစုံဂုဏ်ထူးရှင်များ တစ်ထောင်ကျော် လာပြီဖြစ်သည်။ စာရေးသူတို့ ကျောင်းသားဘဝ တက္ကသိုလ်ဝင်တန်း ဘာသာစုံ ဂုဏ်ထူးရှင်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၂) ဦးသာပေါ်ထွန်းခဲ့ပါသည်။
အတော်ဆုံးခန်း (A) ခန်း သို့မဟုတ် (S) ခန်းကို ရရှိရေးအတွက် ကျောင်းသား၊ကျောင်းသူ များကလည်း အပြင်းအထန်ကြိုးစားသည်။ ပြိုင်ဆိုင်ကြသည်။ အတော်ဆုံးအခန်းကို သင်ကြားသည့် ဆရာ၊ဆရာမများ အနေနဲ့လည်း တော်ရုံတန်ရုံ အရည်အချင်း အတွေ့အကြုံနှင့် အဆင်မပြေပေ။ မိမိစာသင်ကြားမှု စွမ်းရည်ကောင်းလျှင် ကောင်းသလောက် ကျောင်းသားများ၏ အထင်ကြီး လေးစားခြင်း မှတ်ချက်ကို ခံစားရနိုင်သည်။ မိမိ၏ စာသင်ကြားမှု ဟာကွက်၊ပျော့ကွက်များရှိလျှင် စိတ်ဝင်စားဖွယ်ကောင်းအောင် စာမသင်တတ်လျှင် “ကိုယ့်ပေါင် ကိုလှန်ထောင်းသလို” ဖြစ်နေလိမ့်မည်။ မိမိစာသင်ချိန်၌ ကျောင်းသားများငေးငိုင်နေမည်။ အိပ်ငိုက်နေမည် ဖြစ်သည်။ ပညာတတ်မိဘများ၏ ဝေဖန်ထောက်ပြ ပဲ့တင်သံများ၊ ပတ်ဝန်းကျင်၌ ပျံ့နှံ့နေမည် ဖြစ်သည်။
မိဘများအနေနဲ့လည်း မိမိတို့ရင်သွေးများကို အတော်ဆုံးခန်း (A) ခန်း၊ (S) ခန်းများ၌ထား ချင်သည့် ရည်ရွယ်ချက်က “တံငါနားနီး၊ တံငါမုဆိုးနားနီး၊မုဆိုး” ပုံစံ မိမိတို့ရင်သွေးများကို ပင်ကိုယ် ကြိုးစားချင်စိတ်၊လိုချင်စိတ်ရှိသူများနှင့်အတူ စိတ်ဓာတ်ခွန်အားများ၊အတုယူ၊ အားကျစိတ်များ၊ဖြစ် ပေါ်လာစေရန် ရည်ရွယ်မှန်း စာရေးသူ မိဘချင်း၊စာနာမိပါသည်။ နားလည်ပေးပါသည်။
၂၀၁၇-၂၀၁၈ခု ပညာသင်နှစ်မှစ၍ အတော်ဆုံးတန်း၊အလယ်အလတ်အတန်း၊ အညံ့ဆုံး တန်း (A) (B) (C) (D) ခွဲခြားကာ၊ အတန်းလက်ခံသည့် စနစ်အား ပညာရေးဝန်ကြီးဋ္ဌာနသည် အခြေခံပညာ ကျောင်းများအား ကျင့်သုံးခွင့် မပြုတော့ကြောင်းကို စာရေးသူသည် မေလ ၂၅ ရက်တွင် မိမိ၏သားသမီးများ ကျောင်းအပ်နှံသောအခါ လက်တွေ့သိလိုက်ရသည်။ စာရေးသူ၏ သမီးတစ်ဦးသည် နဂိုကတည်းက (A) ခန်းတွင် ပညာသင်ကြားခဲ့ပြီး အဋ္ဌမတန်း အစိုးရစစ် စာမေးပွဲ ကို ဘာသာစုံ အဆင့် (A) ဖြင့် အောင်မြင်ခဲ့သော်လည်း ယခုကျောင်းအပ်ခဲ့သောအခါ (F) အခန်း တွင် ကျောင်းအပ်ခဲ့ရသည်။ အလားတူ စာရေးသူ၏ တပည့်တစ်ဦးသည် တစ်ကျောင်းလုံးတွင် ဒုတိယအဆင့်ဖြင့် အောင်မြင်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းကို (D) အခန်းသို့ ပြောင်းရွေ့အပ် နှံခဲ့ရသည်။
စာရေးသူ သတိထားမိသည်မှာ မိမိ၏ ဇွဲ၊လုံ့လ၊ဝီရိယ စွမ်းအားများကြောင့် နဂိုကတည်းက အတော်ဆုံး၊ အထက်ဆုံးကျောင်းသား၊ ကျောင်းသူများထားသည့် (A)ခန်းတွင် ပညာသင်ကြားခဲ့ရ သူများ ယခု ၂၀၁၇- ၂၀၁၈ခု ပညာသင်နှစ်သစ် အစီအစဉ်အရ (B) ခန်းရောက်၊ (I) ခန်းရောက်၊ (H)ခန်းရောက်ကြရသောအခါ ကလေးသဘာဝအရ စိတ်ဒဏ်ရာများရခဲ့ကြောင်း လေ့လာမိပါ သည်။
ယခုနှစ်တွင် စတင်စမ်းသပ်ကျင့်သုံးသည့် တော်သော ကျောင်းသား၊သူများ အသင့်အတင့် ကြိုးစားသော ကျောင်းသား၊သူများ၊ ဝတ်ကျေတန်းကျေ ကျောင်းသား၊သူများ (တော်၊သင့်၊ညံ့) ၃မျိုး ၃စားကို အခန်းတိုင်းတွင် မျှထည့်ကာ စာသင်ကြားပေးမည့်စနစ်ကို စာသင်ပေးသည့် ဆရာ၊ဆရာမ များ စာအလယ်အလတ်နှင့် စာညံ့သော ကျောင်းသား၊မိဘများက နှစ်သက်ကြပါလိမ့်မည်။
အမှန်တကယ် ကျောင်းတိုင်း၊ကျောင်းတိုင်းတွင် ပင်ကိုယ်စာလိုချင်သူ၊ စာကြိုးစားထူးချွန်သူ များသည် တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများ၏ ဦးရေ ၅ ပုံ ၁ပုံသာရှိပါလိမ့်မည်။
ဆရာဝန်ဘွဲ့ရ၊အင်ဂျင်နီယာဘွဲ့ရ၊ဝိဇ္ဖာသိပ္ပံတက္ကသိုလ်ဘွဲ့ရပြီး အလုပ်အကိုင်မရှိသော နောင် တော်များ၏ လက်တွေ့ဖြစ်ရပ်များကိုကြည့်ပြီး အခြေခံပညာကျောင်းသား၊ကျောင်းသူများမဆိုထား ဘိ တက္ကသိုလ်နယ်ပယ် ၁၄၆ခု ကျောင်းသား လူငယ်များသည်ပင် အနာဂတ်ပျောက်သလို ခံစားနေရပါသည်။
ထို့ကြောင့် စာရေးသူအနေဖြင့် အမှန်တကယ်ပြောင်းလဲစေချင်သည့် ပညာရေးအပြောင်း အလဲမှာ ပညာသင်ကြားနေသော ကျောင်းသား လူငယ်များ၏ဘဝကို အာမခံချက်ရှိသည့် အာမခံချက်ပေးနိုင်သည့် ပညာရေးစနစ်တစ်မျိုးကို လိုလားတောင့်တလျက် ရှိပါသည်။ “ရေပေါ် အရုပ်ရေးသည့်အလား” “ ဆင်ကန်းတောတိုး၊ မြေစမ်းခရမ်းပျိုး” သည့် စမ်းသပ်လုပ်ဆောင်နေမှု့ များသည် အချိန်ကုန် ငွေကုန် လုပ်ရပ်များဟု ထင်မြင်မိပါသည်။
ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)
Comments