သြဂုတ် ၈၊ ၂၀၁၈
M-Media
– ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်က ဂူထဲမှာ ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ လူငယ်ဘောလုံးအသင်းက မြန်မာနိုင်ငံဖွားတစ်ဦးအပါအ၀င် နိုင်ငံမဲ့ ၄ ဦးကို ထိုင်းက ဒီကနေ့မှာ နိုင်ငံသား ပေးလိုက်ပါတယ်။
ကလေးငယ် ၁၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် နည်းပြတို့ပါဝင်တဲ့ သူတို့အဖွဲ့ဟာ ဇွန်လ ၂၃ ရက်နေ့က ထန်လွန်ဂူထဲမှာ ဘောလုံးသွားကန်ရာကနေ မိုးရွာပြီး ရေကြီးလာတဲ့အတွက် ဂူထဲမှာ ၂ ပတ်နီးပါး ပိတ်မိခဲ့တာပါ။
ထိုင်း Navy Seal ဦးဆောင်ပြီး နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းကာ ရှာဖွေနိုင်ခဲ့ပြီးတဲ့နောက် သူတို့ကို ဇူလိုင်လအလယ်ပိုင်းမှာ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံဖွား ရှမ်းလူမျိုး အသက် ၂၅ နှစ်အရွယ် နည်းပြ အက်ကပိုလ် ချန်သာဝွန်အပါအ၀င် ဘောလုံးအသင်းက ၄ ဦးဟာ နိုင်ငံမဲ့တွေ ဖြစ်ကြပါတယ်။
ဒီကနေ့မှာတော့ အခြား နိုင်ငံသားလျှောက်ထားသူတွေနဲ့အတူ သူတို့ ၄ ဦးကို မယ်ဆိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဆွမ်ဆက် ခါနာခမ်က နိုင်ငံသားကဒ်တွေ ပေးခဲ့ပါတယ်။
ဆွမ်ဆက်က ဒီလို နိုင်ငံသားပေးတာဟာ ဂူထဲပိတ်မိနေတဲ့ကိစ္စနဲ့ မသက်ဆိုင်ဘဲ နိုင်ငံသားလျှောက်ထားမှုကို စီစစ်ပြီး အရည်အချင်းပြည့်မီလို့ နိုင်ငံသားပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံသားကဒ်ရရှိခဲ့တဲ့ ဘောလုံးသားတစ်ဦးက အဒူလ် ဆွမ်အွန်ဖြစ်ပြီး သူ့မိဘတွေက ၀,ပြည်နယ်က ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့အရေအတွက် ၄၈၀၀၀၀ လောက်ရှိနေပြီး အများစုဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိနေတဲ့ မြန်မာ၊ လာအိုနဲ့ တရုတ်တို့က ဖြစ်ပါတယ်။
Ref: CNA
Comments