ဖေဖော်ဝါရီ ၉၊ ၂၀၂၁
M-Media
-ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သတင်းတု၊ သတင်းမှားဖြန့်နေတဲ့ အကောင့်တွေ၊ပေ့ချ်တွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထိန်းချုပ်သွားမယ်လို့ Facebook က ပြောကြားလိုက်ပါတယ်။
ကာကွယ်ဆေးဟာ လူလုပ်ထားတာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးတာထက် ရောဂါကူးတာက ပိုကောင်းတယ်၊ ကာကွယ်ဆေးထိုးတာ အန္တရာယ်ရှိတယ်၊ အသိဉာဏ် ချို့ယွင်းနိုင်တယ် စတဲ့ ကာကွယ်ဆေးမထိုးအောင် ဝါဒဖြန့်တာတွေ ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီသတင်းမှားတွေကို ကိုင်တွယ်ထိန်းချုပ်ဖို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို ပြောထားပါတယ်။
Facebook ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဒီလိုသတင်းအမှားတွေကို သေသေချာချာ စီစစ်ဖို့ Group ကိုင်တွယ်သူတွေကို အသိပေးသွားမှာဖြစ်ပြီး၊ ကာကွယ်ဆေးမထိုးအောင် ပြောကြားမှုတွေကို Instagram မှာလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဘယ်နေရာမှာ ဘယ်အချိန် ဆေးထိုးလို့ရလဲဆိုတာ အပါအဝင် ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေရဲ့ သတင်းအချက်အလက်ကို အသေးစိတ် ကြည့်ရှုလို့ရတဲ့ လုပ်ဆောင်ချက်တစ်ခုကို Facebook က အခုတစ်ပတ်အတွင်း ထည့်ပေးသွားမှာပါ။
“ကျွန်တော်တို့ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ Covid-19 အကြောင်း၊ ကာကွယ်ဆေးအကြောင်းပြောကြားမှုတွေကို အပြင်က အချက်အလက်စစ်ဆေးတဲ့သူတွေက ထပ်စစ်သွားမှာပါ။ သတင်းမှားတွေ့ရင် ဒါကို သီးသန့်ထားပြီး ဖယ်ရှားသွားမှာ ဖြစ်ပါတယ်” လို့ Facebook ရဲ့ မနေ့က ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေးမထိုးရေး ဝါဒဖြန့်မှုတွေဟာ Facebook ပေါ်မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တည်ရှိခဲ့တာ ဖြစ်ပြီး ခွင့်ပြုပေးခဲ့တဲ့ တစ်ချို့ကြော်ငြာတွေမှာတောင် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ ပါလာတာ ရှိခဲ့ပါတယ်။
လက်ရှိမှာ ဒါကို တိုက်ဖျက်ဖို့အတွက် Facebook က ကြိုးစားနေပါတယ်။
Ref: Aljazeera
Comments