News @ M-Media
Category: သူ့အမြင်
  • “ဝေါဟာရ အကွဲအလွဲများနဲ့ လူပြောများနေတဲ့ Ethnic Cleansing”
    “ဝေါဟာရ အကွဲအလွဲများနဲ့ လူပြောများနေတဲ့ Ethnic Cleansing”
    ၂၀၁၂ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်တွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာအစိုးရဟာ Ethnic Cleansing (အက်သနစ် ကလင်းဇင်း) လုပ်ဆောင်နေပါတယ်ဆိုတဲ့ စွဲချက်တွေကို သတင်းမီဒီယာတွေအပေါ်မှာ ဆက်တိုက်တွေ့မြင်လာရတယ်။ တချို့က “ဒီမိုကရေစီခေတ်ရောက်မှ Ethnic Cleansing ဆိုတဲ့အသံထွက်လာတယ်၊ ကမ္ဘာ့အလယ်မှာ အပြောခံရတယ်“ လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။
    သမိုင်းကြောင်းကို ပြန်ကောက်ကြည့်တဲ့အခါ ဦးနေဝင်းခေတ်ကစပြီး ခေတ်အဆက်ဆက်မှာ မြန်မာအစိုးရတိုင်းဟာ Ethnic Cleansing လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ကင်းတယ်လို့ မရှိခဲ့ဖူးပါဘူး။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ် အမြစ်တွယ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ လူနည်းစုတွေအပေါ် Ethnic Cleansing လုပ်နေတယ်ဆိုတာ ကမ္ဘာ က အသိအမှတ်ပြုထားတာ ရာစုနှစ်ထက်ဝက်နီးပါး ရှိပါပြီ။ ဥပမာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုလုပ်ခဲ့တဲ့ “Burma Freedom and Democracy Act of 2003” က သက်သေ တခုပါ။ ၂၀၀၃ ခုနှစ်စပြီး သန္ဓေတည်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့
    စီးပွားရေးပိတ်ဆို့မှုဥပဒေ Section 2. Paragraph (6) မှာ
    … နအဖ အစိုးရက ကရင်၊ ကရင်နီ နဲ့ ရှမ်း လူမျိုးစုတွေအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ လူနည်းစုတွေအပေါ် လူသားများအပေါ်ရာဇဝတ်မှု (Crime Against Humanity) ကျူးလွန်ရာရောက်တဲ့ Ethnic Cleansing တွေ လုပ်နေပါတယ် … လို့ ထည့်သွင်းရေးသားထားပါတယ်။
    Section 2. Paragraph (7) မှာ
    … နအဖ အစိုးရရဲ့ Ethnic Cleansing လှုပ်ရှားမှုကြီးဟာ အစဉ်အလာအရ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ မွတ်စလင်တွေ၊ ခရစ်ယာန်တွေ၊ နဲ့ မိရိုးဖလာကိုးကွယ်မှုတွေကို လက်ဆွဲယုံကြည်သူတွေအကြား ဆန့်ကျင်မှုတွေနေဖြစ်တယ် … လို့ ရေးသားထားပါတယ်။
    လိုရင်းကို ခပ်တိုတိုလေး ဗမာလို ပြန်ရေးလိုက်တာပါ။ ဆိုလိုချင်တာက အရင် စစ်အစိုးရလက်ထက်မှာလည်း Ethnic Cleansing လုပ်နေတယ်ဆိုတဲ့ ဆွဲချက်ကို အခြေခံပြီး မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ခဲ့တာပါပဲ။ အင်္ဂလိပ်လို မူရင်းကို အောက်မှာ စာကြွင်းအဖြစ် ထည့်သွင်းထားပါတယ်။
    အထက်မှာ Ethnic Cleansing (အက်သနစ် ကလင်းဇင်း) ဆိုတဲ့ ဝေါဟာရကို ဗမာလို ဘာသာမပြန်ဘဲ အင်္ဂလိပ်လိုသာ ရေးခဲ့တာကို သတိပြုမိမှာပါ။ မြန်မာမီဒီယာတွေအကြားမှာ ဒီဝေါဟာရ အသုံးအနှုန်းကို ဗမာ လို သုံးနှုန်းတဲ့ အခါ ကွဲလွဲမှုတွေရှိနေပါတယ်။ မီဒီယာ အတော်များများကလည်း တသက်မှတ်တည်း မရေးဘဲ အဆင်ပြေသလို အမျိုးမျိုးရေးနေတာလည်း ရှိပါတယ်။ Ethnic Cleansing ကို မြန်မာ သတင်းမီဒီယာတွေမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု၊ လူမျိုးတုံးရှင်းလင်းမှု ၊ လူမျိုးစုအလိုက် ရှင်းလင်းမှု၊ လူမျိုးစုရှင်းလင်းမှု၊ လူမျိုးစု သန့်စင်ရှင်းလင်းမှု၊ လူမျိုးစု သန့်စင်မှု၊ လူမျိုး သန့်စင်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးတုံး သတ်ဖြတ်သန့်စင်မှု၊ လူမျိုးရေး သန့်စင်မှု၊ လူမျိုးရေး ရှင်းလင်းမှု၊ လူမျိုးသန့်စင်ရှင်းလင်းရေး လုပ်ဆောင်မှု၊ လူမျိုးတုံး ရှင်းထုတ်သတ်ဖြတ်မှု၊ လူမျိုးစု သန့်စင်ပစ်မှု လို့ ဖော်ပြကြပါတယ်။
    ကွဲလွဲနေတဲ့အထဲမှာ တချို့ အသုံးအနှုန်းတွေက Genocide (ဂျီနိုဆိုဒ်) ရဲ့ အဓိပ္ပါယ်နဲ့ သွားတူနေတာတွေလည်း တွေ့ရပါတယ်။ Ethnic Cleansing ကို “လူမျိုးတုံးသတ်ဖြတ်မှု” လို့ ဘာသာပြန်တာဟာ နားလည်မှု လွဲမှားစေနိုင်ပါတယ်။ အဲဒီ ဗမာလို ဘာသာပြန်မှာပါတဲ့ ‘လူမျိုး’ ဆိုတာကို ‘လူမျိုးစု’ အဖြစ် အသိအမှတ်ပြုခြင်း-မပြုခြင်း သို့မဟုတ် ‘တိုင်းရင်းသား’ ဟုတ်ခြင်း-မဟုတ်ခြင်း ဆိုတဲ့ ရှုဒေါင့်ကနေကြည့်ကြပါတယ်။ Ethnic ကို ဗမာလို ‘တိုင်းရင်းသား’ လို့ ရောထွေပြီး ဘာသာပြန်တာတွေ ရှိတဲ့အတွက် Ethnic ဆိုတဲ့ ဝေါဟာရနဲ့အတူ တိုင်းရင်းသား ဖြစ်ခြင်း-မဖြစ်ခြင်းကို ဆွဲထည့်ပြီး စဉ်းစားတတ်ကြပါတယ်။ ဒါကြောင့် Ethnic Cleansing အထ မြောက်ခြင်း – မမြောက်ခြင်း ရှုဒေါင့်ကို အရင်မသုံးသပ်ခင် လူမျိုးစုဖြစ်ခြင်း မဖြစ်ခြင်း မှာတင် ရောထွေးလေ့ရှိတတ်ကြပါတယ်။
    နောက်တခုက “တုံး” ဆိုတဲ့ စကားလုံးပါ။ အလွယ်တကူပြောရရင် အများစုက ဒါကို “မျိုးတုံးတယ်”၊ “မရှိတော့ဘူး” ဆိုတဲ့ သဘောအဖြစ် မှတ်ယူကြပါတယ်။ ဒါကြောင့် “လူမျိုးတုံး” လို့ ပြောရင် “လူမျိုးမရှိတော့ဘူး” လို့ အဓိပ္ပါယ်ပေါက်စေပါတယ်။ တဆက်တည်း နောက်ပိတ်မှာပါတဲ့ ‘သတ်ဖြတ်မှု’ ဆိုတဲ့ ဝေါဟာရကြောင့် Genocide နဲ့ အထင်လွဲစေပြန်ပါတယ်။
    -cide ဆိုတာ လက်တင်ဘာသာစကားက ဆင်းသက်လာပြီး သတ်ဖြတ်ခြင်း၊ သတ်ဖြတ်သူ နဲ့ သက်ဆိုင်တဲ့ ဝေါဟာရတွေရဲ့ နောက်ပိတ်စကားလုံးအဖြစ် တွဲသုံးပါတယ်။ ဥပမာ -Suicide, Homicide, Genocide, Pesticide, Fungicide, Bactericide, Cytocide အစရှိတဲ့ သတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ ဝေါဟာရအဖြစ် သုံးစွဲပါတယ်။
    ဒါကြောင့် Genocide ဆိုတာကို “လူမျိုးတုံးသတ်ဖြတ်မှု” လို့ ဘာသာပြန်ရင် သဘာဝကျပေမယ့် Ethnic Cleansing ကို “လူမျိုးတုံးသတ်ဖြတ်မှု” နဲ့ ရောထွေလိုက်လို့ မရပါဘူး။ ဒါဆို Ethnic Cleansing ဆိုတာ ဘာလဲ။ လူမျိုးတုန်းသတ်ဖြတ်မှု မဟုတ်ဘူး ဆိုရင် ဘာလဲ။
    ဒါကိုမပြောခင်မှာ ဒီလို ဝေါဟာရ သုံးစွဲမှု မှားတဲ့အပေါ် အမြင်တွေ ဘယ်လို ကွဲလွဲစေသလဲဆိုတာကို ဥပမာအနေနဲ့ ဖော်ပြချင်ပါတယ်။
    ကမ္ဘာ့နိုင်ငံကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက
    “မြန်မာအစိုးရဟာ Ethnic Cleansing လုပ်နေတယ်”လို့ ပြောတာကို မြန်မာ့မီဒီယာတွေက
    “မြန်မာအစိုးရဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေပြီလို့ ကမ္ဘာ့နိုင်ငံကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက ပြောဆိုနေကြပါတယ်” လို့ သတင်းတွေမှာ ဖော်ပြကြတယ်။
    ဒီသတင်းကိုဖတ်ပြီး မြန်မာပြည်သူတွေက
    “လူလေး ၃-၄၀၀ လောက်သေတာများ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ စွပ်စွဲရအောင် အဲဒီယူအန်ကလူတွေ၊ ပညာရှင်ဆိုသူတွေ ဦးနှောက်ရှိသေးရဲ့လား” လို့မေးခွန်းထုတ်ကြတာ မကြာခဏကြားဖူးပါတယ်။ “လူမျိုးတုံးမသွားဘူး“ ဆိုတဲ့ တုန့်ပြန်သံတွေထွက်လာတယ်။
    ဒီတုန့်ပြန်သံတွေကို အင်္ဂလိပ် လို မီဒီယာမှာပြန်ရေးတဲ့အခါ “မြန်မာတွေက Ethnic Cleansing မဟုတ်ဘူးလို့ ငြင်းနေကြပါတယ်”လို့ ရေးပြန်တယ်။
    အဲဒီ အင်္ဂလိပ်လို သတင်းတွေ ဖတ်ပြီး နိုင်ငံခြားသားတွေက “လူ သန်းနဲ့ချည် အိုးစွန့်အိမ်စွန့် ဒုက္ခသည်တွေဖြစ်နေတာတောင် အခုထိ ဖုံးကွယ်နေတယ်၊တော်တော် မေတ္တာတရား ခေါင်းပါးကြပါလား” လို့ မှတ်ချက်တွေ ချပြီး ဒုက္ခသည်တွေကို ပိုလို့တောင် သနားစိတ်ဖြစ်ကြတယ်။
    ဒါကြောင့် ဒီ အသုံးအနှုန်း ဝေါဟာရအပေါ် အလွဲအမှားတွေဖြစ်လို့ မြန်မာတွေကလည်း “ကမ္ဘာ့ ပညာရှင်တွေကို ဦးနှောက်မရှိသူတွေလို့” ထင်၊ ကမ္ဘာကလည်း “မြန်မာတွေ မေတ္တာတရားခေါင်းပါးတယ်လို့” ထင်။ အလွဲကြီးလွဲတော့ တာပဲ။ [တချို့က အသုံးအနှုန်းရောထွေးလို့ မရှင်းမလင်းနဲ့ ငြင်းတာရှိသလို၊ တချို့က Ethnic Cleansing နဲ့ Genocide ကွဲပြားမှုကို ရှင်းရှင်းလင်းလင်း နားလည်ပြီး ငြင်းတာလည်းရှိပါတယ်။]
    လက်ရှိမှာ ကမ္ဘာ့နိုင်ငံကြီးတွေ၊ အဖွဲ့အစည်းကြီးတွေ၊ ကမ္ဘာ့ သတင်းမီဒီယာတွေ အများစု လက်ခံအတည်ပြုထားတာက Ethnic Cleansing ပါ။ ဒါပေမယ့် တချို့က Genocide (လူမျိုးတုံးသတ်ဖြတ်မှု) လို့ စွဲဆိုနေတာတွေလည်း ရှိပါတယ်။
    မြန်မာမီဒီယာတချို့သုံးတဲ့ “လူမျိုးစု သန့်စင်ရှင်းလင်းမှု”၊ “လူမျိုးစု ရှင်းလင်းမှု”၊ “လူမျိုးစု သန့်စင်မှု” တွေက Ethnic Cleansing ရဲ့ ဆိုလိုရင်းနဲ့ နီးစပ်မှုအရှိဆုံးပါပဲ။ ဒီမှာ “လူမျိုးစု” လို့ ပြောလို့ တိုင်းရင်းသားဖြစ်ခြင်း-မဖြစ်ခြင်း နဲ့ ရောလိုက်လို့ မရဘူး၊ အသိအမှတ်ပြုခြင်း-မပြုခြင်းနဲ့ ရောလိုက်လို့မရဘူး။ တကယ့်ဆိုလိုရင်းက ဝိသေသတူတဲ့ လူအုပ်စု ကို ဆိုလိုခြင်းဖြစ်ပါတယ်။
    ကုလသမဂ္ဂကတော့ “လူမျိုးစု သန့်စင်ရှင်းလင်းမှု (Ethnic Cleansing) ဆိုသည်မှာ နေရာဒေသတစ်ခုတွင် တူညီသောလူမျိုးစုသာတည်ရှိစေရန်အတွက် ၎င်းတို့နှင့် လူမျိုးသော်လည်းကောင်း၊ ဘာသာသော်လည်းကောင်း မတူညီသည့် အခြားလူမျိုးစုအား ဖယ်ရှားစေရန်အလို့ငှာ အင်အားသုံး၍သော်လည်းကောင်း၊ ဖိအားပေးချိန်းခြောက်၍သော်လည်းကောင်း ရှင်းလင်းဖယ်ရှားခြင်းဖြစ်သည်။” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
    ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၇၈၀ မှာ “ လူမျိုးစု သန့်စင်ရှင်းလင်းမှု (Ethnic Cleansing) ဆိုသည်မှာ ပထဝီအရပ်ဒေသတနေရာရာမှ လူမျိုးစုတခုကိုသော်လည်းကောင်း၊ သာဘာဝင်တစုကိုသော်လည်းကောင်း ပြည်သူလူထုအား အကြမ်းဖက်၍သော်လည်းကောင်း၊ ကြောက်ရွံမှုများ ပေါ်ပေါက်စေခြင်းဖြစ်သော်လည်းကောင်း အခြားလူမျိုးတစု သို့မဟုတ် ဘာသာဝင်တစုမှ ရည်ရွယ်ချက်ရှိရှိ အကောင်အထည်ဖော်လုပ်ဆောင်သည့် မူဝါဒဖြစ်သည်“ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
    ဒီ အဓိပ္ပါယ်ဖွင့်ဆိုချက် နှစ်ခုလုံးရဲ့ အင်္ဂလိပ်လို မူရင်းကိုလည်း အောက်မှာ စာကြွင်းအနေနဲ့ ထည့်သွင်းထားပါတယ်။
    Ethnic Cleansing ဆိုတာ ဥပဒေရေးရာဝေါဟာရမဟုတ်သလို သူ့ခေါင်းစဉ်အောက်မှာလည်း တိုက်ရိုက်တရားစွဲဆိုလို့ရတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ၊ ပဋိညာဉ်စာချုပ် ဆိုတာမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် Ethnic Cleansing လုပ်ဆောင်တဲ့ကိစ္စမှာ အစိုးရက ရည်ရွယ်ချက်ရှိရှိ ပါဝင်လုပ်ဆောင်တယ်ဆိုရင် လုပ်ဆောင်တဲ့ နည်းတာတွေအပေါ်မူတည်ပြီး အခြားခေါင်းစဉ်တွေအောက်မှာတော့ အပြည်ပြည်ဆိုင်ရာခုံရုံးတွေမှာ တရားစွဲတဲ့အခါမှာ အထောက်အထားတွေအဖြစ် အသုံးပြုနိုင်တာမျိုးတွေရှိပါတယ်။ နိုင်ငံတခုချင်းဖြစ်ဖြစ်၊ နိုင်ငံပေါင်းစုံအဖွဲ့အစည်းအတွေအနေနဲ့ ပဲဖြစ်ဖြစ် ဒီလို Ethnic Cleansing ကျူးလွန်တဲ့ နိုင်ငံကို သံတမန်ရေးရာအရ အရေးယူမှုတွေ လုပ်ကြပါတယ်။
    ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူညီချက် အရ နိုင်ငံတနိုင်ငံချင်းစီဟာ သူ့နိုင်ငံအတွင်းမှာ သော်လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံမှာသော်လည်းကောင်း Genocide၊ War Crime၊ Crime Against Humanity ဒါမှမဟုတ် Ethnic Cleansing ကျူးလွန်တယ်ဆိုရင် လူအခွင့်အရေးချိုးဖောက်မှုတွေကနေ “ကာကွယ်ဖို့ တာဝန်ဝတ္ထရား“ (Responsibility to Protect) ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါရှိပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချို့ဖောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့ Ethnic Cleansing ကျူးလွန်ရင်လည်း အကာအကွယ်ပေးရမယ့်ဆိုတဲ့ ရပ်တည်ချက်တွေက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ အခိုင်အမာရှိနေတာ ဖြစ်ပါတယ်။
    မောင်ရဲဝင်း (တောင်ကြီး)
    Note:
    ၁။ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဥပဒေ “Burma Freedom and Democracy Act of 2003” Section 2. Paragraph (6)
    “The SPDC is engaged in ethnic cleansing against minorities within Burma, including the Karen, Karenni, and Shan people, which constitutes a crime against humanity and has directly led to more than 600,000 internally displaced people living within Burma and more than 130,000 people from Burma living in refugee camps along the Thai-Burma border.”
    ၂။ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဥပဒေ “Burma Freedom and Democracy Act of 2003” Section 2. Paragraph (7)
    “The ethnic cleansing campaign of the SPDC is in sharp contrast to the traditional peaceful coexistence in Burma of Buddhists, Muslims, Christians, and people of traditional beliefs.”
    ၃။ ကုလသမဂ္ဂရဲ့ Ethnic Cleansing အဓိပ္ပါယ်ဖွင့်ဆိုချက်။
    The official United Nations definition of ethnic cleansing is “rendering an area ethnically homogeneous by using force or intimidation to remove from a given area persons of another ethnic or religious group”.
    ၄။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၇၈၀ ပါ Ethnic Cleansing အဓိပ္ပါယ်ဖွင့်ဆိုချက်။
    Security Council Resolution defined ethnic cleansing as “a purposeful policy designed by one ethnic or religious group to remove by violent and terror-inspiring means the civilian population of another ethnic or religious group from certain geographic areas”.
  • နိုင်ငံရေး၊ စီးပွားရေး ဝန်းရံကာကွယ်ပေးမယ့် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု
    နိုင်ငံရေး၊ စီးပွားရေး ဝန်းရံကာကွယ်ပေးမယ့် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု
    နိုဝင်ဘာ ၁၁ ၊ ၂၀၁၇
    မောင်ရဲဝင်း (တောင်ကြီး)
    ‘အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မယ်’ ဆိုတာဟာ တကယ့်လက်တွေ့မှာ စီးပွားရေးအရ လက်တွဲဖြုတ်တယ်၊ ဒဏ်ခပ်တယ် ဆိုတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လမ်းနိုင်ရေးအတွက် ဝန်းရံပေးတာဖြစ်တယ်လို့ အမေရိကန်အမတ်တွေက ယူဆကြပါတယ်။ စီးပွားရေးအမြင်နဲ့ အပေါ်ယံကြည့်မယ်ဆိုရင် ဒီသတင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်သွားနိုင်စရာရှိပြီး အခြားစီးပွားရေးစီမံကိန်းတွေကိုပါ ထိခိုက်နိုင်တယ်။ ဒါပေမယ့် အမေရိကန် လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေမူကြမ်းတွေကတော့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အပြုသဘောဆောင်တဲ့ အချက်အလက်တွေ အဓိက ပါရှိတာကိုတွေ့ရပါတယ်။
    ၂၀၀၃ ခုနှစ် နဲ့ ၂၀၁၆ ခုနှစ်အကြား ချမှတ်ခဲ့တဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုဟာ စစ်အာဏာရှင်ကို တိုက်ရိုက်ဆန့်ကျင်တာဖြစ်တဲ့ အတွက် ရှင်းတယ်။ အနောက်တိုင်းနိုင်ငံအများစုနဲ့ အတိုက်အခံအင်အားစု၊ တော်လှန်ရေးအင်အားစုတွေကလည်း အင်တိုက်အားတိုက် ထောက်ခံခဲ့ကြတယ်။ အခုက ပြည်သူတွေ လိုလားပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရခေတ်ကိုရောက်နေပြီ။ အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ သတင်းနဲ့အတူ ထောက်ခံတယ်၊ မထောက်ခံဘူး၊ နည်းနည်းလျော့လုပ်၊ ခပ်နာနာထောင်း အစရှိသဖြင့် အသံပေါင်းစုံ ထွက်လာတယ်။ သဘောထား ကွဲလွဲတာတွေ ရှိလာတယ်။
    ဒါပေမယ့် “စီးပွားရေးပိတ်ဆို့တယ်” ဆိုတဲ့ ဝေါဟာရကြီးတခုကိုကြည့်ပြီး ‘ထောက်ခံတယ်’၊ ‘ကန့်ကွက်တယ်’ လို့ အလွယ်တကူ ကောက်ချက်ချလို့တော့မရပြန်ဘူး။ စီးပွားရေးပိတ်ဆို့တယ်ဆိုတာ အမေရိကန်နိုင်ငံရဲ့ ဥပဒေအပိုင်းအစတခုဖြစ်တယ်၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ရပ်တည်ချက်ဖြစ်တယ်။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင် အားလုံးကို ခြုံကြည့်ဖို့လိုတယ်။ သက်ဆိုင်တဲ့ ဥပဒေ တရပ်လုံးကို လေ့လာဖို့လိုတယ်။
    သမ္မတ အိုးဘားမားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအောင်ပွဲဟာ သူ့ရဲ့ သံတမန်ရေးရာအောင်ပွဲတရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး သူ့ရဲ့ သက်တမ်းမကုန်ခင်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကျန်ရှိနေတဲ့ စီးပွားရေးပိတ်ဆို့မှုကို ပယ်ဖျက်ခဲ့တယ်။ သမ္မတ အိုဘားမားရဲ့ လုပ်ရပ်ဟာ ခြေလမ်းကျဲလွန်းတယ်လို့ အမေရီကန်နိုင်ငံရေးသမား တချို့ကဆန့်ကျင်ခဲ့ကြပေမယ့် ‘မြန်မာနိုင်ငံဘက်က နောက်ကြောင်းပြန်လှည့်ရင်၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ပေါ်လစီကလည်း အချိန်မရွေး နောက်ကြောင်းပြန်လှည့်မယ်’လို့ တုန့်ပြန်ခဲ့တယ်။
    မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီး (၁) နှစ်မပြည့်ခင်မှာပဲ စီးပွားရေး ပိတ်ဆို့ဖို့ အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာပါ ဆွေးနွေးမှုတွေ စတင်လာခဲ့ပြန်တယ်။ အစပိုင်းမှာ အမေရိကန်လွှတ်တော်နှစ်ရပ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပေါ်လစီပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး နိုင်ငံခြားရေးရာကော်မတီကို သဘောထားတွေ၊ လမ်းညွန်မှုတွေ ပေးပို့ခဲ့ကြတယ်။
    အထက်လွတ်တော်က စက်တင်ဘာလ (၇) ရက်နေ့ နေ့စွဲ့နဲ့ ဆုံးဖြတ်ချက်အမှတ် S.RES.250၊ အောက်လွှတ်တော်က စက်တင်ဘာ (၁၄) ရက်နေ့ နေ့စွဲနဲ့ ဆုံးဖြတ်ချက်အမှတ် H.RES. 528 တွေချမှတ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကလည်း အမေရိကန်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွေမှာ ဆုံးဖြတ်ချက်တွေ မကြာခဏ ချမှတ်ပြီး နိုင်ငံခြားရေးရာကော်မတီကို လမ်းညွန်ချက်တွေ ပေးလေ့ရှိတယ်။
    စက်တင်ဘာလအတွင်းမှာ လွှတ်တော်နှစ်ရပ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စကို အဓိကဦးတည်တယ်။ လွှတ်တော်နှစ်ရပ်လုံးရဲ့ ရပ်တည်ချက်တွေကလည်း တူတယ်။ ARSA အဖွဲ့ကို ရှုတ်ချတယ်၊ မြန်မာစစ်တပ်ကို ရှုတ်ချတယ်၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်၊ UN စုံစမ်းစစ်ဆေးရေးကို ခွင့်ပြုပေးဖို့ တောင်းဆိုတယ်၊ ဒေါ်စုကိုလည်း ငြိမ်ချမ်းရေးနိုဘလ်ဆုရစဉ်က ပြောခဲ့တဲ့စကားအတိုင်း အပြောနဲ့အလုပ် ညီဖို့တိုက်တွန်းတယ်။
    အခြေအနေ တိုးတက်ပြောင်းလဲမှုမရှိလာတဲ့အတွက် နိုဝင်ဘာ (၇) ၇က်နေ့မှာ လွှတ်တော်နှစ်ရပ်ပူးတွဲ ဆုံးဖြတ်ချက်အမှတ် H. Con. Res. 90 ကိုထပ်တင်တယ်။ ဒီတခါ ထပ်တိုးလာတာက တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်တပ်ပြီး မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတာတွေကို ရှုတ်ချတယ်၊ ဒုက္ခသည်တွေအပေါ်လူသားချင်စာနာထောက်ထားတဲ့ အကူအညီတွေ ပေးဖို့တိုက်တွန်းတယ်၊ ဒုက္ခသည်တွေကိုပြန်လည်ခေါ်ယူ နေရာချထားရေး စီစဉ်ဖို့ တိုက်တွန်းတယ်၊ လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ် စီးပွားရေးပိတ်ဆို့မှု လုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းတယ်။
    တကယ်တန်း စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ ကဏ္ဍကတော့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အတည်ပြုပေးရမယ့် အက်ဥပဒေတွေရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ဒီကိစ္စကို နိုဝင်ဘာလ (၂) ရက်နေ့မှာ လွှတ်တော်နှစ်ရပ်လုံးက ဥပဒေမူကြမ်းတင်သွင်းထားပြီးပြီဖြစ်တယ်။ အထက်လွှတ်တော် က အပိုဒ်ခွဲ (၁၃) ပိုဒ်ပါတဲ့ ‘မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အက်ဥပဒေ’ အဖြစ် S.2060. Burma Human Rights and Freedom Act of 2017၊ အောက်လွှတ်တော်က အပိုဒ်ခွဲ (၁၂) ပိုဒ် ပါတဲ့ ‘မြန်မာနိုင်ငံ အက်ဥပဒေ’ H.R. 4223 Burma Act of 2017 တို့ပဲဖြစ်တယ်။
    လွှတ်တော်နှစ်ရပ်မှာတင်ထားတဲ့ မူကြမ်းတွေဟာ ခပ်ဆင်ဆင်ဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားတွေဦးဆောင် တင်သွင်းထားတာဖြစ်တယ်။ ပါတီနှစ်ရပ်လုံးကလည်း သဘောထား တိုက်ဆိုင်နေတယ်။ အခုအချိန်မှာ ထောက်ခံတဲ့ အမတ်ဦးရေ နည်းနေသေးပေမယ့် အတည်ပြုနိုင်တဲ့ အလားအလာ လွှတ်တော် နှစ်ရပ်လုံးမှာရှိနေတယ်။ လွှတ်တော်နှစ်ရပ်အတွင်းမှာ တင်ထားတဲ့ မူကြမ်းနှစ်ခုအကြား မတူညီတဲ့ အချက်အလက် အနည်းငယ်ရှိပေမယ့် အခြေခံအချက်အလက်တွေကတော့ တူတယ်။ ဒါကြောင့် ဒီလွှတ်တော် နှစ်ရပ်မှာ တင်ထားတဲ့ ဥပဒေမူကြမ်းနှစ်ခုပေါင်းပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဥပဒေသစ်တရပ် မကြာခင် ထွက်ပေါ်လာနိုင်ဖွယ်ရာရှိတယ်။
    စီးပွားရေး ပိတ်ဆို့မယ်ဆိုတာက ဒီဥပဒေက ပြဌာန်းပေးမှာဖြစ်တယ်။ ဒါဆိုရင် ဒီဥပဒေမူကြမ်းတွေမှာ ဘာတွေရေးထားလဲ၊ ဘယ်ပုံဘယ်နည်းနဲ့ ပိတ်ဆို့မှာလဲ၊ ဘယ်သူတွေကို ပစ်မှတ်ထားသလဲ။ ဒါတွေကို အရင် သုံးသပ်ကြည့်ကြဖို့လိုတယ်။ နိုင်ငံတနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဥပဒေတရပ် ပြဌာန်းမှာဖြစ်တဲ့အတွက် ဥပဒေမူကြမ်းဟာလည်း တနိုင်ငံလုံးသက်ဆိုင်တဲ့ အချက်အလက်တွေ ပါတယ်။
    ဒါကြောင့် ဒီဥပဒေမူကြမ်းတွေမှာ ရခိုင်ပြည်နယ်အရေးကိစ္စအပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ၂၁ ရာစုပင်လုံညီလာခံ ကိစ္စ၊ ကချင်နဲ့ ရှမ်း ပြည်နယ်တွေမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေကိစ္စ၊ ကချင်းနဲ့ ရှမ်း ဒုက္ခသည်ကိစ္စ၊ လွှတ်တော်ထဲက စစ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေဥပဒေပြင်ဆင်ရေးကိစ္စ၊ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနဲ့ ဝ ခေါင်းဆောင် Wei Hsueh Kang တို့ အမြတ်ထုတ်နေတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကိစ္စ တွေလည်း တွင်တွင်ကျယ်ကျယ် ထည့်သွင်းထားတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စကြောင့် မြန်မာနိုင်ငံကို အာရုံစူးစိုက်မှုများလာတာမှန်ပေမယ့် မြန်မာနိုင်ငံတဝှမ်းမှာဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို ခြုံကြည့်တဲ့အခါ စစ်အာဏာရှင် အကြွင်းအကျန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်က ယူဆတယ်။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေးမှာ ချယ်လှယ်နေတဲ့ စစ်အရာရှိ တချို့ကို စီးပွားရေးပိတ်ဆို့မှုလုပ်မယ်ဆိုတဲ့ ကဏ္ဍတွေထည့်သွင်းလာတာဖြစ်တယ်။
    မြန်မာစစ်တပ်ကို စစ်ရေးအရ အကူအညီမပေးဘူး၊ အကာအကွယ်မပေးဘူး၊ ပူးတွဲစစ်လေးကျင့်မှုတွေ မပြုလုပ်ဘူးဆိုတဲ့ အချက်ရယ်၊ မြန်မာနိုင်ငံက ကျောက်စိမ်း နဲ့ ပတ္တမြား တင်သွင်းတာကို ပိတ်ပင်မယ်ဆိုတဲ့အချက်ရယ်၊ ဥပဒေအတည်ပြုပြီး ရက်ပေါင်း (၉၀) အတွင်း ကော်မတီတရပ်ဖွဲ့စည်းပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို စာရင်းပြုစုမယ်၊ စာရင်းထဲမှာ ပါလာတဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်မယ်၊ စီးပွားရေး ပူးတွဲ လုပ်ဆောင်ခွင့်ပိတ်မယ်၊ ဘဏ္ဍာရေးအကူအညီတွေကို ဒီစာရင်းဝင်သူတွေနဲ့ ပူးတွဲမလုပ်ဆောင်ဘူး ဆိုတဲ့အချက်တွေဟာ ဒီဥပဒေမူကြမ်းထဲမှာပါတဲ့ စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ ကဏ္ဍပဲဖြစ်ပါတယ်။ လက်ရှိ မူကြမ်းထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်ချုပ် ခင်မောင်စိုး တို့ သုံးဦးကိုတော့ နာမည်စာရင်းနဲ့ တကွဖော်ပြထားပြီး အသေးစိတ်ကိုတော့ ဥပဒေ အတည်ပြုပြီးမှသာ စာရင်းပြုစုမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မြန်မာခရီးစဉ်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့မဟုတ်ပဲ တဦးချင်းစီအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေလုပ်နိုင်ဖွယ်ရှိတယ်လို့ ပြောသွားတာပါ။
    စီးပွားရေးပိတ်ဆို့မယ်လို့ အပေါ်ယံသာ လူသိများတဲ့ ဒီဥပဒေမူကြမ်းတွေရဲ့ ထူးခြားချက်ကတော့ လက်ရှိမြန်မာအစိုးရကို စီးပွားရေးအရ အကူအညီပေးမယ်ဆိုတဲ့ အချက်ပါပဲ။ မြန်မာ့စီးပွားရေး ကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်အရာရှိတွေနဲ့ ခရိုနီအသိုင်းအဝိုင်း တို့ကို ရင်ဘောင်တန်းနိုင်မယ့် အရပ်သား သာမာန် စီးပွားရေးသမားတွေကို မြေတောင်မြှောက်ပေးဖို့ စီးပွားရေး ပေါ်လစီရေးဆွဲရာမှာ အကူအညီပေးမယ်၊ နည်းပညာတွေကူညီမယ်၊ ပူးပေါင်းဆောင်ရွက်ပေးမယ် ဆိုတာလည်း ပါရှိပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်စားနေတဲ့ စစ်အရာရှိတွေရဲ့ အသိုင်းအဝိုင်းက အဓိက အထိနာမှာဖြစ်ပြီး ဒီဂယက်က အရပ်သား အစိုးရကို အတိုင်းအတာ တခုအထိပဲ ထိခိုက်မှာဖြစ်ပါတယ်။ ရေရှည်မှာတော့ သာမန်ပြည်သူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အကူအညီတွေ ရရှိပြီး ခရိုနီတွေနဲ့ ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါတယ်။
    ဒါဟာ မြန်မာ့အရေး ကိုင်တွယ်ရာမှာ ဒေါ်စု ဦးဆောင်တဲ့ အစိုးရကို ထိခိုက်နစ်နာစေမယ့် မူဝါဒတွေကို ရှောင်ကြဉ်ကြဖို့ မားမားမတ်မတ်ရပ်တည်နေတဲ့ အမေရိကန်လွှတ်တော်အမတ်တွေ ရှိနေလိုပဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ထိပ်ဆုံးက ရီပါပလစ်ကန် ပါတီ ခေါင်းဆောင် မခ်ျမက္ကောနီ (Mitch McConnell) ပါပဲ။
    သူရဲ့ ရပ်တည်ချက်က ရှင်းတယ်။ ဒေါ်စုကို ဆွဲချရင်၊ ဒေါ်စုဂုဏ်ကျရင်၊ သိက္ခာကျရင်၊ အာဏာမဲ့ရင်၊ လူထုထောက်ခံမှုကျရင် စစ်တပ်ကို ယှဉ်နှိုင်မှာမဟုတ်တော့ဘူး လို့ သူက အခိုင်အမာယုံကြည်ထားတယ်။ ဒါကြောင့် ဒေါ်စု အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ အကျပ်အတည်းထဲ ထပ်ထိုးထည့်ပေးတဲ့ မူဝါဒမှန်သမျှကို ဆန့်ကျင်ကန်ကွက်မယ်လို့ အတည့်အလင်းကြေညာထားပါတယ်။ ဒေါ်စုမှာ စစ်တပ်ကို မလွန်ဆန်နိုင်တဲ့ အတားအဆီးတွေရှိနေရင် ဝိုင်းဖယ်ရှားပေးရမယ်၊ ဒေါ်စုဟာ စစ်တပ်ထက် ခြေတလှမ်းသာနေဖို့လိုတယ် လို့ သူယုံကြည်တယ်။ ကူညီဖို့ အမြဲအဆင်သင့်ရှိတဲ့သူဖြစ်တယ်။ သူဟာ ဝါရင့်နိုင်ငံရေးသမား၊ ရီပါပလစ်ကန် အမတ်ခေါင်းဆောင် ဖြစ်တဲ့အတွက် တခြားအမတ်တွေကိုလည်း လွှမ်းမိုးနိုင်တယ်၊ စည်းရုံးနိုင်တယ်။ သူလို့ ဒေါ်စုကို အထိမခံတဲ့ အမတ်တွေလည်း အမေရိကန် လွှတ်တော်ထဲမှာ အထိုက်အသင့်ရှိတယ်။
    သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးတဲ့ မာကိုရုဘီယို၊ ဘာနီဆန်ဒါ၊ ဂျွန်မကိန်း တို့ကလည်း မခ်ျမက္ကောနီ လောက် ဒေါ်စုကို စွဲစွဲလန်းလန်းမဟုတ်ပေမယ့်၊ စီးပွားရေးပိတ်ဆို့တဲ့အထဲ ဒေါ်စုကို ဆွဲထည့်ဖို့မလိုဘူးလို့ လက်ခံထားကြတယ်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားကို မဲရှုံးခဲ့တဲ့ ရီပါပလစ်ကန် ဝါရင့်အမတ် ဂျွန်မတ်ကိန်း ကိုယ်နှိုက် အထက်လွှတ်တော်က ဥပဒေမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေကို စီးပွားပိတ်ဆို့မယ်၊ ဒေါ်စုအစိုးရကိုကူညီမယ် ဆိုတဲ့ မူကို အခြေခံထားတာဖြစ်ပါတယ်။
    ဒါကြောင့် စီးပွားရေးပိတ်ဆို့တယ်ဆိုတဲ့ ကဏ္ဍတခုတည်းကို ကွက်ကွင်းကြည့်မနေပဲ တခုလုံးကိုခြုံကြည့်တဲ့အခါ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာ အပြုသဘောဆောင်တဲ့ မူဝါဒတွေအပေါ် အခြေခံထားတာကို တွေ့ရမှာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်ကိစ္စတခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးကို အားပေးတဲ့ မူဝါဒကို အခြေခံတာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
  • ကျွန်ုပ်သာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပေးဖြစ်လာခဲ့ရင်
    ကျွန်ုပ်သာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပေးဖြစ်လာခဲ့ရင်
    သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့တွင် 2017 ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအခမ်းအနား၌ တွေ့ရသည့် ဆောင်းပါးရှင် ဒေါက်တာသိန်းမိုးဝင်း
    ဆယ်စုနှစ်များစွာ အစစအရာရာ ယိုယွင်းခဲ့ရသည့် အမိတိုင်းပြည် နိုင်ငံတကာစာမျက်နှာမှာ အလျင်အမြန်နေရာယူဖို့ရာ  ရေရှည်၊ရေတို စီမံကိန်းများချမှတ် အကောင်အထည်ဖော်ရန် လိုအပ်သည်ဆိုသည်မှာ ကျွန်ပ်လိုပဲ ပြည်သူတိုင်း နားလည်သဘောပေါက်ပါလိမ့်မည်။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဆိုသည့်ဆိုရိုးနှင့် အညီ မည်သည့်စီမံကိန်းမဆို စဆောင်-လိုပြောင်း လုပ်ရင်း အကောင်းဖက်သို့ ဦးတည်ရန်ကြိုးစားရမည်သာ။
    စာရေးသူ ကျွန်တော် ၈၈၈၈-အရေးတော်ပုံကြီးနှင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအဖြစ် ၁၉၉၆- ကျောင်းသားအရေးတော်ပုံတို့ကို ဖြတ်သန်းခဲ့ဖူးတယ်။ အခြေခံလူတန်းစား ဘ၀သမားမို့ “ငါ့သားကို ပညာအမွေသာပေးနိုင်တယ် ကြိုးစားသား” ဆိုတဲ့ အမေ့စကားရိပ်အောက် စွမ်းစွမ်းတမံကြိုးစားရင်း ဒီကနေ့ နိုင်ငံတကာကျောင်းတော်ကြီးတွေမှ အင်ဂျင်နီယာ ပါရဂူဘွဲ့အထိ စွတ်ခူးခဲ့လေပြီ။ ကျောင်းတော်ကြီးတွေပိတ်၊ ပညာရေးစနစ်တွေယိုင်၊ လူမှုဘ၀တွေကျဆင်းလာရင်း တိုင်းပြည်အရာရာ ချွတ်ခြုံကြသွားနေသည့်အတွက် မိမိတို့ ပညာရေး၊ စားဝတ်နေရေး၊ ဘ၀တိုးတက်ရေးတွေအတွက် နိုင်ငံတကာသို့ထွက် ဘ၀တိုးတက်အောင် ကြိုးစားနေကြရသည့် မြန်မာတွေ သိန်းဂဏန်းခံ့ရှိနိုင်သည်။ မိမိတို့ရောက်ရှိရာ နိုင်ငံရပ်ခြားတွင် နေထိုင်ကြိုးစားနေခြင်းကြောင့် ထိုတိုင်းပြည်များ ဖွံ့ဖြိုးတိုးတက်ရေး တစ်ခမ်းတစ်ကဏ္ဍ အကျိုးသက်ရောက်မှု ရှိနေပေမယ့် မြန်မာပြည်အတွက်တော့ ထိုပညာရှင်မျိုးစုံ လက်လွတ်ဆုံးရှုံးရသည့် (Brain Drain) အတွက် လွန်စွာ နစ်နာလှပေသည်။
    ပြည်ပရောက်မြန်မာတွေ အမိမြေကို ချစ်ကြသည်မှာမလွှဲ။ အမိတိုင်းပြည်ကို တိုးတက်စေချင်ကြသလို မိမိတတ်ကျွမ်းရာ နိုင်ငံရပ်ခြား ပညာ-လုပ်ငန်းအတွေ့အကြုံများ တစ်ပွေတစ်ပိုက်နှင့် လာရောက် အကျိုးပြုလိုကြသည် မှာလဲ အသေအချာ။ သို့သော် ဒေသတွင်း တည်ငြိမ်မှုလျော့ပါးခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ သာတူညီမျှပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ နည်းနေသေးခြင်း၊ ခွဲခြားဆက်ဆံမှုတွေ အလျင်းမပျောက်သေးခြင်း စသည်တို့သည် နိုင်ငံ့ပညာရှင်များအတွက် များစွာအဟန့်အတား ဖြစ်နေသေးသည်။ “တရုတ်ပြည် ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံခြားရောက် တရုတ်ပညာရှင်များ၏ အရေးပါပုံ” သည် လေ့လာအပ်သော သမိုင်းဥပမာတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲအဆင့်ကိုရောက်ရန် ကြိုးစားဖြတ်သန်းနေရသည့် အမိမြန်မာပြည်ကြီး နိုင်ငံတကာ့အလယ်မှာ ရင်ကော့ခေါင်းမော့ရင်း “တို့မြန်မာ” ဆိုသည့် ဂုဏ်ကို အမြန်ဆုံး ရစေချင်လှပြီ။ ဒီ့အတွက် စဉ်းစားမိသည့် အတွေးတစ်ခုက- အကယ်၍များ ကျွန်ုပ်သာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အကြံပေးဖြစ်လာရလျှင်….တိုင်းပြည်အတွက် ဘာအကြံကောင်းများ ပေးနိုင်မည်နည်း….ပေါ့။ အကြံကောင်းဆိုသည့်အပိုင်းမှာ ၃-ပိုင်း ဆွေးနွေးပါမည်။
    ၁) ၀န်ထမ်း အခန်းကဏ္ဍ
    သို့ပါ၍ ၀န်ထမ်းများ (အုပ်ချူပ်ရေး၊ တရားစီရင်ရေး၊ နယ်မြေအေးချမ်းသာယာရေး၊ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး၊ ကာကွယ်ရေး) ၀န်ဆောင်မှုပြုရာတွင် ပြည်သူအပေါ် ချိုသာလေးစားစွာဆက်ဆံရေး၊ ဒုက္ခ၀န်ထုပ် မဖြစ်စေရေး၊ ဘက်လိုက်-ခွဲခြားဆက်ဆံမှု ရှောင်ရှားရေး၊ ၀န်ထမ်းကျင့်ဝတ် ထိမ်းသိမ်းရေး၊ သမာသမတ်ရှိပြီး တရားမျှတရေး၊ ဥပဒေဘောင်အတွင်း နေထိုင်ကျင့်ကြံ ဆောင်ရွက်ရေး၊ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုး မျှော်ကိုးဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် ပြည်သူ့ပေါ် သစ္စာစောင့်သိရေး၊ ၀န်ဆောင်မှုများအား မှန်ကန်စွာဖော်ဆောင်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ချစား ၀န်ထမ်းများအား ထိရောက်စွာဖော်ထုတ်နိုင်မည့် (Anti-Corruption Agency) ဖြင့် ပြန်လည်ထိမ်းချူပ်ရေး အစရှိသည်တို့ကို ဆောင်ရွက်ရမည်။ စင်ကာပူနိုင်ငံ၏၀န်ထမ်းများ ၀န်ဆောင်ပေးမှုသည် လေ့လာအပ်သော သာဓကတစ်ခုဖြစ်သည်။
    ၂) ပြည်သူ့ အခန်းကဏ္ဍ
    သမိုင်းကြောင်းအရ စစ်အာဏာရှင်အောက် တိုင်းပြည်ပြန်ရောက်သွားခဲ့စဉ်က- တစ်ခါးပိတ်စီးပွားရေးဝါဒ၊ ကိုလိုနီပညာရေးစနစ်ဟု မှတ်ယူဆန့်ကျင်၊ ဓနသဟာရနိုင်ငံများ အုပ်စုမှခွဲထွက် စသည့်စီမံကိန်းများကိုသုံး တစ်သံ-တစ်မိန့်အောက် ဆယ်စုနှစ်အချို့ကြာ အုပ်ချူပ်ခံဘ၀ ဖြစ်လာခဲ့ရသည့်အတွက် အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးဆဲအဆင့်သို့ တိုးတက်သွားနေချိန်  မြန်မာပြည်သူတွေ၏ စိတ်ဓာတ်အတွေးခေါ်-စီးပွား-ပညာ-လူနေမှုဘ၀အစုံ ချွတ်ခြုံကျနေခဲ့ရသည်။ တိုးတက်သောနိုင်ငံများအဖို့ အယူအဆ-ဓလေ့-ကိုးကွယ်မှု-အသားအရောင် မတူကွဲပြားသည့် ဘက်ပေါင်းစုံ (rich cultural strength) ကို အင်အားစုအဖြစ် ဖန်တီးနေချိန် အမိမြန်မာပြည်အတွက်တော့ ထိုအခြေအနေရောက်ရန် အလွန်တရာ အလှမ်းဝေးနေသေးသည်။ ၂-နှစ်သားဝန်းကျင်သာ ရှိသေးသည့် လက်ရှိအစိုးရအတွက် “ဟတ်ချလောင်း”ဆိုပြီး အရာရာ မပြောင်းလဲနိုင်သေးသည်မှာ မှန်ပေမယ့် ၀န်ထမ်းဆိုင်ရာ၊ ပြည်သူဆိုင်ရာ၊ ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာများဟူ၍ စီမံကိန်းများချမှတ် အကောင်အထည် ဖော်ရပေတော့မည်။
    ၃)အစိုးရ-ပြည်သူ ပူးပေါင်းလုပ်ဆောင်ရမည့် အခန်းကဏ္ဍ
    နိုင်ငံတစ်နိုင်ငံကို ပမာဆိုရလျင်- တိုင်းပြည်တိုးတက်စေမည့် “ပြည်သူတို့၏လုပ်အားသည် ပဋိပက္ခကင်း ညီညွတ်ခြင်းအပေါ်တည်” အဖြစ်စံနှုန်းမှတ်ယူကာ ပြည်သူတို့၏ စိတ်ဓာတ်-ပညာ-သဟဇာတ အစဉ်ရှိနေစေဖို့ ပညာသင်ကျောင်းများမှ လူမှုအသိုင်းအ၀န်းအားလုံးထိ အသိ-သတိ (educate, motivate, brainstorm) မြှင့်တင်ပေးသလို တစ်ဖက်မှာလည်းပဲ သာတူညီမျှ အခွင့်အရေးရရှိစေဖို့ ဥပဒေရေးရာ ထိမ်းကျောင်းမှုများ (Anti-Racism Law, Multiculturalism, Anti-Discrimination) ဖြင့် ဘောင်ခတ်ထိမ်းချူပ်ထားသည်ကို တွေ့နိုင်သည်။
    မြန်မာအချို့ မှတ်ယူနေသည့် ဓလေ့တစ်ခုက- မိမိ၏ကိုယ်နှုတ်အမူအယာဖြင့် လူတစ်ဖက်သားအား ထိခိုက်လိုက်ခြင်းကိုပင် တစ်ဖက်သောသူ နစ်နာသွားသည်ဟု မမှတ်ယူခြင်းပင်။ ဥပမာ- ငမဲ၊ တောသား၊ ဂျပု၊ အိမ်စေ၊ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထား ခေါ်ဝေါ်သမုတ်မှုများ၊ မရှိဆင်းရဲသားများအား မတူမတန် ဆက်ဆံမှုများ၊ အမူအယာဖြင့် နှိမ်ချစော်ကားမှုများ၊ ဘ၀ပေးကုသိုလ်ကံကြောင့် ကိုယ်လက်အင်္ဂါချွတ်ယွင်းသူများအား ခွဲခြားဆက်ဆံအခေါ်အဝေါ်များ စသည်တို့ကို ဓလေ့တစ်ခုသဖွယ် မှတ်ယူနေခြင်းကို စိတ်မကောင်းဖွယ်ရာ တွေ့ရသည်။ သို့ဖြစ်လေရာ  ပြည်သူတို့၏ စိတ်ဓာတ်-ပညာ-သဟဇာတမြှင့်တင်ခြင်း၊ ဥပဒေရေးရာ ထိမ်းချူပ်ကြိုးညှိမှုများ ပြုလုပ်ရင်း ကွာဟနေသည့် လူမှုအသိုင်းအ၀ိုင်းကို စွမ်းအင်အဖြစ်ပြောင်းလဲရန် ကြိုးစားဖို့လိုသည်။ ဤကိစ္စများတွင် ပြည်သူနှင့် နေ့တစ်ဓူဝ ထိစပ်နေသည့် သတင်းမီဒီယာ၊ အနုပညာနယ်ပယ်၊ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်း၊ လူမှုရေး ငြိမ်းချမ်းရေး ပရဟိတအဖွဲ့စုံ၊ အစိုးရယန္တယား အစရှိသည်တို့၏ ပူးပေါင်းဆောင်ရွက်မှု လွန်စွာအရေးကြီးသည်။
    တစ်ဆက်တည်းမှာပဲ “ပညာလို အိုသည်မရှိ” ဟုဆိုရာနှင့်အညီ ပြည်သူတွေကိုယ်စီ ပညာတတ်ဖို့လိုပြီ။ ဗဟုသုတပေးသည့် စာတွေဖတ်ဖို့လိုပြီ။ မိမိတို့၏ သားသမီးများအား ခေတ်ပညာအမွေ ပေးကိုပေးရမည်။ ကျောင်းပညာ မဖြစ်မနေသင်ကြားရမည့် ဥပဒေပြဌာန်းရမည်။ ပညာသင်ကြားပေးခြင်းကြောင့် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် လိုအပ်သည့် ပညာရေးစရိတ်ဘတ်ဂျက်များ တိုးမြှင့်   သုံးစွဲရမည်။ မိဘပြည်သူများ အရေးပေးအားကိုးရလောက်မည့် ပညာသင်ကြားခြင်းစနစ်၊ ကျက်ဖြေစနစ်မဟုတ်ဘဲ တွေးခေါ်ဆင်ခြင်လေ့လာသုံးသပ်နိုင်သည့် နိုင်ငံကြီးသုံး ပညာရေးစနစ်မျိုးကို မြှင့်တင်ရမည်။ သို့မှသာ အမှန်တရားအပေါ် ရဲရဲဝံ့ဝံ့ ရပ်တည်ဖလှယ်တတ်သော၊ ပြောရဲဆိုရဲသတ္တိခဲစိတ်ရှိသော၊ အချောက်တရားပေါ် မကြောက်တတ်သော၊ နိုင်ငံတကာနှင့် ယှဉ်ပေါင်တန်း တွေးခေါ်ဆင်ခြင် လုပ်ဆောင်တတ်သော နိုင်ငံ့အကျိုးဆောင်များစွာ ပေါ်ထွန်းလာနိုင်ပေမည်။
    ဆိုတော့ကာ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စာရေးသူတို့ နိုင်ငံတကာအခမ်းအနားကြီးတစ်ခုမှာ “သဟဇာတလူ့အဖွဲ့အစည်း (Harmonious Society)မှ တိုးတက်သောနိုင်ငံတော်ကြီးဆီ အရောက်လှမ်းနိုင်ရေး” ဆွေးနွေးခဲ့ဖူးသည့်အတိုင်း အထက်ဖော်ပြပါ အကြံပြုချက်များအား ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဆောင်ရွက်သွားနိုင်မှသာ တိုင်းပြည်တိုးတက်ပြောင်းလဲမှုများ သိသိသာသာပေါ်ထွန်းလာမည်သာမက “ပါတီကိုကြည့် မဲထည့်ပါ” “ပြောင်းလဲချိန်တန်ပြီ” ဆိုခဲ့သည့် စကားအားမာန်များ ၂၀၂၀-ရွေးကောက်ပွဲကာလမတိုင်မီ အကျိုးသက်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း။
    ဒေါက်တာ သိန်းမိုးဝင်း (01-Nov-2017)
    The University of New South Wales, Sydney, Australia, +614 5138 9185
  • “ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ပေးရမယ့် သတင်းစကားနဲ့ ယူရမယ့် သင်ခန်းစာ”
    “ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ပေးရမယ့် သတင်းစကားနဲ့ ယူရမယ့် သင်ခန်းစာ”
    အောက်တိုဘာ ၂၆ ၊ ၂၀၁၇
    ဆောင်းပါးရှင်- မြင်သစ်
    Graphic symbols of different religions on white
    ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားမှုတွေ ဆုတောင်းပွဲတွေ ခေတ်စမ်းနေတော့…ဘာသာရေးပွဲတော်တွေကလည်း တောက်လျှောက်…မွတ်စလင်မ်တို့ရဲ့ စွန့်လှူအီးဒ်ပွဲတော်၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဘိဓမ္မာအခါတော်နေ့နဲ့ သီတင်းကျွတ်ပွဲတော်၊ ဟိန္ဒိုဘာသာဝင်တို့ရဲ့ ဒေပါဝလီပွဲတော်တွေ လတ်တလော ပြီးထားပြီး မကြာမီ ဒီဇင်ဘာမှာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဘာသာရေးပွဲတော်တွေကလည်းလာတော့မှာဆိုတော့…ဘာသာပေါင်းစုံ ချစ်ကြည်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်လေး မျှဝေပါရစေ။
    ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုတွေနဲ့ ဘာသာတရားအသီးသီးတို့ရဲ့ ပွဲတော်တွေဟာ ဘာသာတရားတွေရဲ့ နောက်လိုက်တွေ အချင်းချင်းကြား ချစ်ကြည်ရင်းနီးရေး ပေါင်းကူးတွေပါပဲ။ အလင်းရဲ့ သတင်းစကားတွေ ဖလှယ်ဖို့ အကြောင်းတွေပါပဲ။
    ဒါပေမယ့်…အဲ့ဒီ့မှာ ရှုထောင့်နဲ့ ချဉ်းကပ်မှုကတော့ အတော်လေး အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့…ချဉ်းကပ်မှုမတော်ရင် ချစ်ကြည်ရေး ရင်းနီးရေးအခြားတစ်ဖက် ဝေးကွာခြင်းဆီကို ရောက်သွားစေနိုင်လို့ပါပဲ။ ဒါမှမဟုတ် ကြိုးပမ်းအားထုတ်မှုတွေ အဟောသိ အချည်းအနှီးဖြစ်သွားစေနိုင်လို့ပါပဲ။
    ပထမဦးဆုံး…ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုရာမှာ အရေးကြီးဆုံးက ဘာသာတရားတွေရဲ့ မတူညီမှု ကွဲပြားမှုကို လက်သင့်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ tolerance ပေါ့…မတူကွဲပြားမှုကို လက်ခံခြင်းပေါ့။
    ဘာသာပေါင်းစုံချစ်ကြည်ရေးကို ဦးတည်လိုစောအားကြီးပြီး တခါတရံ ဘာသာတရားတွေဟာ အတူတူပါပဲဆိုတဲ့စကားဟာ တော်တော်လေး သတိထားရမယ့် ဟာပါ။ ဘယ်လို ဘယ်ပုံတူတာလည်း ဆိုတဲ့ ကောက်ချက် အရေးကြီးပါတယ်။
    ဘာလို့လည်းဆိုတော့…ဘာသာတရားတွေဟာ လူသားတွေ ကောင်းစေဖို့ ဒါကြောင့် အတူတူပဲဆိုတဲ့ အယူအဆနဲ့ ဟောပြောသွန်သင်ချက်တွေဟာ…တကယ်ရော အောက်ခြေလူထုမှာ ထိရောက်စေရဲ့လားဆိုတာ ပြန်သုံးသပ်သင့်တဲ့ ချဉ်းကပ်မှုပါ။
    မတူလို့ဘဲ အမည်တွေတောင်ကွဲနေပြီလေ… ဟိန္ဒိုဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာနဲ့ အခြားလူနည်းစုကိုးကွယ်တဲ့ ဘာသာတရားတွေ ရှိသေးတယ်။
    အလွယ် ဥပမာပေးပြောရရင်…ထေရဝါဒဗုဒ္ဓဘာသာသင်ကြားမှုအရ သစ္စာလေးပါးတရားတွေကို မသိမမြင်သူဟာ ဒိဌိ အမြင်မှားတဲ့သူပေါ့၊ တချိန်တည်းမှာပဲ အစ္စလာမ့်သင်ကြားမှုအရ မိမိကိုဖန်ဆင်းထားတဲ့ တစ်ပါးတည်းသော ကိုးကွယ်ရာ အလ္လာဟ်ရှင်ကို ယုံကြည်ခြင်းဆိုတဲ့ သောဝ်ဟီဒ်တရားကို မသိမြင်သူဟာ ကုဖရ် ဖုံးကွယ်ထားတဲ့သူပါ။
    ဒိဌိနဲ့ ကုဖရ် အပြန်အလှန် ဖြစ်နေတဲ့ ဘာသာတရားနှစ်ခု ဘယ်လိုနည်းနဲ့မှ မတူပါ။ ဘာသာတရားရဲ့ အနှစ်သာရပိုင်း အဆင်မြင့်ဆုံး အပိုင်းကို သွားလေ ကွဲလေပါပဲ။
    အဲ့ဒါကို ဘာသာတရားတွေဆိုတာ အတူတူပဲ ကောင်းဖို့ပဲ သစ္စာတရားဆီကို သွားကြတာပဲဆိုတဲ့ ချဉ်းကပ်မှုဟာ တော်တော်လေး သတိထားရပါမယ်။ ဘာလို့လည်းဆိုတော့…လက်တွေ့ grass-root level အောက်ခြေ လူထုမှာ လုံးဝ အလုပ်မဖြစ်ပါ။
    အဲ့ဒီ့ချဉ်းကပ်မှုကို တရားသေဆုပ်ကိုင်ထားမယ်ဆိုရင် အကျိုးရလဒ်က ဘာသာရေးခုတုံးလုပ် ညစ်ပတ်တဲ့နိုင်ငံရေးကြောင့် ဘာသာရေးတင်းမာမှုတွေရှိလာနေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ Interfaith ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲတွေ လုပ်နေတာ အလကားပါကွာ၊ တကယ်လည်း ထိမှမထိရောက်တာဆိုတဲ့ ဟာပါပဲ။
    လက်တွေ့ကျပြီး အမှန်တကယ်လိုအပ်နေတဲ့ အရာက tolerance ပါ။ ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှုတွေက လူထုဆီ ဆောင်ယူလာပေးရမယ့် အရာက မတူကွဲပြားတဲ့ ဘာသာတရားတွေကို ကိုးကွယ်ယုံကြည်သူတွေ အချင်းချင်း လက်သင့်ခံခြင်းပါပဲ။
    မတူကွဲပြားမှုဟာ လူသားတွေရဲ့ ဖြစ်တည်မှုနဲ့ တူယှဉ်တွဲရှိနေတဲ့ အရာဆိုတာကို အရင်နှလုံးသွင်းဖို့ လှိုက်လှဲစွာ လက်ခံဖို့ အရေးကြီးပါတယ်။
    ဟိုးရှေးယခင်ကတည်းက ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အသားအရောင်၊ ပုံပန်းသဏ္ဍန်၊ ဘာသာစကားစတာတွေ မတူကွဲပြားတဲ့ လူတွေ အချင်းချင်းရောနှောတည်ရှိတဲ့ ကမ္ဘာလောကကြီးမှာ အခုလို ကမ္ဘာ့ရွာဖြစ်လာတဲ့ Globalization Era မှာ ပိုလို့တောင် မတူကွဲပြားမှုတွေ တူယှဉ်တွဲရှိမယ်ဆိုတာကို အရှိကို အရှိအတိုင်း သိမြင်လက်ခံဖို့ အရေးကြီးပါတယ်။
    တူတာတွေပဲ စုမယ် တူတာတွေပဲ လုပ်မယ် တူမှ ရမယ် တူမှ လက်သင့်ခံမယ်ဆိုတာ လုံးဝ လက်တွေ့မကျတဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကျဉ်းမြောင်းတဲ့ တွေးခေါ်မှု စိတ်ကူးယဉ်ဆန်မှုဆိုတာကို သိမြင်ဖို့ လိုပါတယ်။
    ဘာသာရေး ရှုထောင့်အရ သီးသန့်ပြောရရင်ကို ဂေါတမမြတ်ဗုဒ္ဓနဲ့ တပည့်သာဝကရဟန္တာကြီးတွေ သက်တော်ထင်ရှားရှိနေတဲ့ အချိန်မှာကို အဲ့ဒီ့ကာလ အဲ့ဒီ့ပတ်ဝန်းကျင်က လူအားလုံး ဗုဒ္ဓဘာသာဝင် မဖြစ်ခဲ့သလို၊ ခရစ်တော် (ငြိမ်းချမ်းပါစေကြောင့် မေတ္တာပို့သအပ်ပါသည်)နဲ့ ရှင်ပေါလုတို့ကာလမှာလည်း ထို့နည်းတူ အဲ့ဒီ့ခေတ် အဲ့ဒီ့ဒေသ လူအားလုံး ခရစ်ယာန်မဖြစ်ခဲ့ပါ။ အလားတူ မုဟမ္မဒ်သခင် (ငြိမ်းချမ်းပါစေကြောင့် မေတ္တာပို့သအပ်ပါသည်)ရဲ့ ၂၃နှစ်တာ ကြိုးပမ်းမှုမှာလည်း အဲ့ဒီ့ခေတ်ကာလာ လူအားလုံး မွတ်စလင်မ်မဖြစ်ခဲ့ပါ။ ဒါဟာ အရှိတရားပါ။ အဲ့ဒီ့ဘာသာရေး ဦးသျှောင်ကြီးတွေ ကိုယ်တော်တိုင် သူတို့ခေတ်ကာလ သူတို့ဒေသမှာ ရှိနေတဲ့ အခြားမတူကွဲပြားတဲ့ ဘာသာတရားယုံကြည်သူတွေနဲ့ တူယှဉ်တွဲနေထိုင်ခဲ့ရတာချည်းပါပဲ။ ဥပမာ- ဗုဒ္ဓကိုယ်တော်နဲ့ ပထမဦးဆုံး ဗုဒ္ဓဘာသာဝင် မျိုးဆက်ဆိုလျှင် ဟိန္ဒိုဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနဲ့အတူ၊ ခရစ်တော်နဲ့ နောက်လိုက်တွေဆိုလျှင် ဂျူးဘာသာဝင်တွေနဲ့၊ မုဟမ္မဒ်သခင်နဲ့ ရောင်းရင်းသာဝကတွေဆိုလျှင် ကြားခံနတ်ကိုးကွယ်သူတွေ၊ ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ ထိတွေ့ဆက်ဆံတူယှဉ်တွဲနေထိုင်ခဲ့ကြတာပါပဲ။
    ဒါပေမယ့် ဘာသာတရားတွေရဲ့ သွန်သင်ချက်တွေက လုံးဝ မတူတာတော့ မဟုတ်ပါဘူး၊ တူညီတဲ့ ကျင့်ဝတ်ပိုင်း သွန်သင်မှုတွေ ရှိပါတယ်။ အဲ့ဒီ့အချက်တွေကတော့ ကွဲပြားတဲ့ ဘာသာတရားတွေအကြား အဲ့ဒီ့ဘာသာဝင်တွေ အကြားမှာ နီးကပ်စေမယ့် ပေါင်းကူးပေးမယ့် အရာတွေ common ground တွေပါပဲ။ ကွဲပြားစွာ တူညီခြင်းလို့ပဲ ပြောရမလား။
    အဲ့တော့ ဘာသာတရားတွေဟာ မတူဘူး ကွဲပြားတယ်၊ အဲ့ဒါကြောင့် ဘာသာတရားအသီးသီးကို ယုံကြည်လိုက်နာတဲ့သူတွေမှာလည်း မတူညီမှု ကွဲပြားမှုတွေ ရှိကို ရှိမယ်ဆိုကို လက်သင့်ခံပြီးနောက်မှာမှ…မတူတဲ့ ဘာသာတရားတွေမှာ တူညီတဲ့ ကျင့်ဝတ်ပိုင်း သွန်သင်မှုတွေ ရှိတယ်၊ ယုံကြည်လိုက်နာတဲ့သူတွေမှာလည်း လူဆိုတဲ့ လူသားဖြစ်မှုဆိုတဲ့ တူညီမှုရှိတယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်ရပါမယ်။
    မတူညီ ကွဲပြားခြင်းကို အသိအမှတ်မပြုနိုင်ဘူး လက်သင့်မခံနိုင်သေးဘူးဆိုလျှင် common groundတွေ ရှာနေလို့လည်း အလုပ်ဖြစ်မှာ မဟုတ်သလို၊ တကယ့်ချစ်ကြည်မှု တူယှဉ်တွဲနေထိုင်မှုကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ပါ။
    ဘာလို့လည်းဆိုတော့ မတူတာ ကွဲပြားတာကိုပဲ ပြဿနာလုပ်နေ အပြစ်ရှာနေမှာကိုး။ ဒီနေ့ ကျွန်တော်တို့ ပြဿနာက အဲ့ဒါပါပဲ။ ငါတို့လို မယုံကြည်ဘူး၊ ငါတို့လို စကားမပြောဘူး၊ ငါတို့လို မဝတ်စားဘူး၊ ငါတို့လို မစားဘူး၊ ငါတို့လို ဝတ်မပြုဘူး၊ ငါတို့လို…ငါတို့လို…ငါကောလို့ မဆုံးပါဘူး။ ဒါဟာအမှန်တကယ်တော့ ဘာသာရေးဦးသျှောင်ကြီးတွေရဲ့ သွန်သင်ချက်နဲ့လည်း အရှေ့နဲ့ အနောက် တောင်နဲ့မြောက်လို့ ဆန့်ကျင်တဲ့ အရာတွေ တွေးခေါ်ယုံကြည်မှုတွေပါ။
    ဒါပေမယ့်…ဒီနေ့ အမျိုးသားနိုင်ငံရေးနဲ့ ဘာသာနိုင်ငံရေး မျက်နှာဖုံးအောက်မှာ အဲ့ဒီ့အရာတွေကပဲ ဘာသာတရားတွေရဲ့ စံနှုန်းတွေလိုလို စံသွန်သင်ချက်တွေလိုလို ဖြစ်လာနေပါတယ်။ ဘာသာတရားတွေက ယုံကြည်ရာ ညွှန်ကြားသင်ပြတဲ့ သစ္စာတရား အမှန်တရားတွေကတော့ ဘယ်သူမှ မသိတော့လည်း ဘယ်သူမှ မလိုက်နာမကျင့်သုံးတော့လည်း သူ့ဖာသာသူတည်ရှိနေမယ့် တရားတွေဆိုတော့…ဒီဖြစ်ရပ်ကို ဘာသာတရားတွေရဲ့ ကျဆုံးခန်းဆိုတာထက် လူသားရဲ့ ကျုဆုံးခန်း နိဒါန်းလို့ပဲ သမုတ်ရမယ့် အချိန်အခါမျိုးပါ။
    မတူညီကွဲပြားမှုကို လက်သင့်ခံခြင်းဟာ ကျွန်တော်တို့ နိုင်ငံ ချီတက်သွားနေတဲ့ ဒီမိုကရေစီနိုင်ငံရေး အခြေခံအုတ်မြတ်တစ်ခုဖြစ်တဲ့ ဗဟုလူမှုအဖွဲ့အစည်း ဗဟုဝါဒရဲ့ အသက်သွေးကြောပါပဲ။ ဒီနေရာမှာ သိစေလိုတာက ကျွန်တော်တို့ တစ်ဦးချင်းရဲ့ ကျွန်တော်တို့ လူအဖွဲ့အစည်းရဲ့ ယုံကြည်ကျင့်ကြံမှုဟာ နိုင်ငံတစ်ခုလုံးရဲ့ အရွေ့အထိ ချိတ်ဆက်နေတယ်ဆိုတာပါပဲ။
    ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားမှုတွေ ဆုတောင်းပွဲတွေကနေ ပေးရမယ့် သတင်းစကား၊ သင်ယူရမယ့် သင်ခန်းစာက…ကျွန်တော်တို့တွေ မတူညီမှုတွေ ကွဲပြားမှုတွေနဲ့ ကမ္ဘာလောကကြီးမှာ နေထိုင်တယ်၊ မတူညီကွဲပြားတဲ့ ဘာသာတရားတွေကို ယုံကြည်လိုက်နာကြတယ်၊ အဲ့ဒီနောက်မှာ ကျွန်တော်တို့တွေဟာ လူသားဆိုတဲ့ တူညီမှုကြီး ရှိတယ်၊ ကျွန်တော်တို့ လိုက်နာကျင့်ကြံနေတဲ့ ဘာသာတရားတွေမှာ တူညီတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သွန်သင်မှုတွေလည်း ရှိတယ်ဆိုတာပါပဲ။
    ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှုတွေမှာ ဘာသာတရားတွေကို ချဉ်းကပ်ရာမှာ မတူညီကွဲပြားမှုကို ဦးစွာလက်ခံပြီးမှ common ground တွေကို ရှာဖွေခြင်းက ဘာကြောင့် လက်တွေ့မှာ အရေးကြီးလည်းဆိုတာ အပိုင်း ၂ အနေနဲ့ အချိန်ရရင် ဆက်ရေးပါဦးမယ်။
  • “နောက်ကွယ်က လက်မဲကြီးကို ပြည်သူလူထုက ရွံမုန်းနေကြပြီ”
    “နောက်ကွယ်က လက်မဲကြီးကို ပြည်သူလူထုက ရွံမုန်းနေကြပြီ”
    စက်တင်ဘာ ၁၀ ရက်နေ့ည တောင်တွင်းကြီးမှ လုယက်ရမ်းကားမှုဖြစ်စဉ်မှ လူစုလူဝေးများ
    အားလုံးထင်တဲ့ အတိုင်းပါပဲ၊ “လံကြုပ်၊လုပ်ကြံဇာတ်လမ်းများ” ဖန်တီးပြီး ပွဲဆူအောင် လုပ်နေကြပါသည်။ စက်တင်ဘာလ ၁၁ရက်နေ့တွင် ဘာဖြစ်မည်။ညာဖြစ်မည်။ စသည်ဖြင့် သွေးထိုးလှုံ့ဆော်ကာ လူမှုရေးကွန်ရက် Facebook နှင့် Messenger များပေါ်တွင် အစ္စလာမ် ဘာသာဝင်တို့၏ အာရပ်နာမည်အမျိုးမျိုးပေးပြီး ပရိုဖိုင်းဓာတ်ပုံနေရာတွင် အချို့အစ္စလာမ်တို့၏ နိုင်ငံခြားယဉ်ကျေးမှု့၊ ဝတ်စားဆင်ယင်မှုပုံစံများဖြင့် အကောင့်တု အကောင့်လိမ် (Fake Account) များဖြင့်  ဗုဒ္ဓဘာသာဝင်များကို ဆဲလိုက်၊ဘာသာတရားကို စော်ကားလိုက်၊ ပြုနေသော Facebook Account များကို လေ့လာကြည့်ရာတွင် နှစ်ဘက်လူ့အဖွဲ့အစည်းများ၊ သွေးကွဲစေမည့် ဒေါသမီး ဟုန်းဟုန်းတောက်စေမည့် အကြောင်းအရာများကို post တင်လိုက်။ comment ကော်မန့်များတွင် ဝင်ရေးလိုက်၊ လုပ်ကာ ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းများ၊ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော် နေသော အင်အားစုတစ်ခု ယခုအချိန်တွင် ပြန်လည်ခေါင်းထောင်လာနေသည်ကို သတိထားမိပါ သည်။
    ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်ခံအရပ်သားအစိုးရသည် ရခိုင်ပြည်နယ်ဖြစ်စဉ်များ နှင့် ပတ်သက်၍ ခေါင်းကိုက်နေစဉ်တွင် ဆေးမတိုက်ဘဲ ခေါင်းကိုရိုက်ခွဲမည့် အလဲထိုးသတ်မည့် အဖျက်အင်အားစုများ နယ်ပယ်စုံမှ အလျှိုလျှိုထွက်လာနေသည်ကို ပြည်သူလူထုကြီးသတိပြုမိ တော့သည်။ ထိုအင်အားစုကြီးကို သမ္မတဟောင်းဦးသိန်းစိန်ကိုယ်တိုင် “နောက်ကွယ်က လက်မဲကြီးအုပ်စု” ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။ ထိုလက်မဲကြီးအုပ်စုသည် နိုင်ငံရေးအာဏာအ တွက် ဘာသာရေး၊ လူမျိုးရေးပြဿနာများကို အခြေခံကာ ဖန်တီးလေ့ရှိကြောင်း အတိတ်သမိုင်း ဒိုင်ယာယီများက သက်သေထူနေပေသည်။
    သာဓကတစ်ရပ်ကိုတင်ပြရလျှင် ၂၀၁၂ ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို သွေးထိုးလှုံ့ဆော် အကွက်ကျကျ ဖန်တီးခဲ့ပြီး ရခိုင်ဗမာ အမျိုးသားရေး ဝါဒများကို အာရုံ လွှဲပြောင်းစေကာ “ကျောက်ဖြူမှ ကူမင်းတရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီး စီမံကိန်း”ကို ပြီးစီးအောင် ကြံစည်နိုင်ခဲ့ခြင်းသည် ထင်ရှားသော သက်သေတစ်ခုဖြစ်ခဲ့ပါသည်။
    စက်တင်ဘာလ ၁၀ရက် နေ့လည် ၂နာရီ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ဘင်္ဂလီဆန့်ကျင်ရေး စစ်အုပ်ချုပ်ရေး အမြန်ဆုံးပေးရေးနှင့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ ကော်မရှင် အစီရင်ခံစာကို ဆန့်ကျင်ရေး စသည်တို့ကို တောင်းဆို ဆန္ဒပြကြောင်း စာရေးသူ သတိပြုမိပါသည်။
    ဆန္ဒပြနေသူများကို စာရေးသူ စကားမစပ် မေးမြန်းလိုသည်မှာ လက်ရှိ အစိုးရထံသို့ “ကိုဖီအာနန်တင်သွင်းခဲ့သော အစီရင်ခံစာကို ဆန္ဒပြမျိုးချစ်ကြီးများ အစ၊ အဆုံး သေသေချာချာ ဖတ်ပြီးပြီလား”ဟု မေးမြန်းလိုပါသည်။
    အလားတူ ကရင်ပြည်နယ်၊ဘားအံမြို့တွင် ဒေသခံ အစိုးရအာဏာပိုင်များ၏ ခွင့်ပြုချက် မရှိပဲ၊ ကရင်ပြည်နယ် မဘသက ဦးစီးကျင်းပသည့် တောင်ကလေးနှစ်သစ်ကူးကွင်းတွင် စက်တင်ဘာလ ၁၀ရက်နေ့ နေ့လည် ၂ နာရီတွင် အချိန်ကိုက် ကျင်းပခဲ့ပြန်သည်။ ထိုဟောပြောပွဲ တွင် မဘသ အမာခံ ဆရာတော်တစ်ပါးဖြစ်တဲ့ နာမည်ဆိုးဖြင့် ကမ္ဘာကျော်နေသော ဦးဝီရသူက “ရခိုင်ကိစ္စဟာ မြန်မာတွေနှင့် အစ္စလာမ်တွေဖြစ်နေတဲ့ ပြဿနာပုံစံမျိုး စည်းရုံးလှုံဆော်ခဲ့ပါသည်။ မြန်မာပြည်တွင် အစ္စလာမ်ဘာသာဝင်တွေဟာ လူဦးရေနှင့် နယ်ချဲ့ပြီး အကြမ်းဖက်နေတဲ့သူတွေ ဖြစ်ကြောင်း “ကျား” သတ္တဝါကို အစားမကျွေးအပ်သလို “ကုလား”ကိုလည်းနေရာ မပေးအပ်ဖူးလို့ စော်ကား ဟောကြားပြန်တယ်။ လက်ရှိ NLD အရပ်သားအစိုးရကို မိုက်မိုက်ကမ်းကမ်း စော်ကားပြောဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကိုလည်း နိုင်ငံကို ရောင်းစားမယ့် “ဖာသယ်မ” ဟူ၍ ထပ်မံဆဲဆို စော်ကားခဲ့ပြန်သည်။ အမုန်းစကား ပြော ဆူပူလှုံ့ဆော်ဟောပြောတဲ့ ထိုနေ့ည ၇နာရီ ၄၅ မိနစ် အချိန်တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ရွှေအိုး ၂ ရပ်ကွက်တွင် ပုဆိုးများ ခြုံကာ ရုပ်ဖျက်ထားသော နှာခေါင်းစည်းတတ်ထားသော လူငယ်၊ လူလတ် ၅၀ ဦးခန့်သည် နိုင်ငံတော်သီချင်းများ ဆိုလိုက် ၉၆၉ လှုံ့ဆော်သီချင်းများ ဆိုလိုက်နှင့် အစ္စလာမ်ဘာသာဝင်များ၏ ဆိုင်ခန်းများ၊ နေအိမ်များ၊ဗလီများကို ခဲများဖြင့် ပစ်ပေါက်ရန်စ ပြဿနာဖန်တီးသည့် လှုံ့ဆော်မှုများရှိခဲ့ပါသည်။ ဆူပူမှုများကို နေရာကွက်ကျား လုပ်လိုက် ရဲများရောက်လာလျှင် ကိုယ်ရောင်ဖျောက်နေလိုက် နှင့် နေရာ (၈)နေရာတွင် ၈ကြီမ်နီးပါး ဆူပူအကြမ်းဖက် လှုံ့ဆော်ခဲ့ပါသည်။ အကြမ်းဖက်ဟူသော စကားကိုသုံးရခြင်းမှာ ထိုသူများတွင် တုတ်၊ဓား၊လေးခွ၊ပုဆိန် စသည်တို့ပါရှိကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။ အကြမ်းဖက်သူများထဲတွင် ဒေသခံများနှင့် အနီးတစ်ဝိုက်ရွာများမှနေ့စား ၃၀၀၀ကျပ်ပေး၍ လာခဲ့ကြသူများလည်း ရှိကြောင်း ဒေသခံတစ်ဦး က မီဒီယာတစ်ခု အား ပြောကြားခဲ့ပါသည်။
    ထိုအကြမ်းဖက်အဖွဲ့သည် “လူမျိုးခြား၊ ဘာသာခြားတွေကို ရိုက်၊သတ်ကြ ဟူ၍လည်း” အော်ဟစ်၊ ဆဲဆိုခဲ့ကြကြောင်းကို အခင်းဖြစ်ပွားသည့်နေရာအနီးရှိ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုခဲ့ပါသည်။
    စက်တင်ဘာ (၁၀)ရက်ည တောင်တွင်းကြီး အကြမ်းဖက်မှု့ကို လေ့လာကြည့်လျှင် အတိတ် က ဖြစ်ခဲ့ဖူးသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများနှင့် ဆင်တူနေကြောင်း  စာရေးသူ သတိပြုမိသည့် အချက်များရှိနေပါသည်။ ယင်းတို့မှာ
    (၁) စနစ်တကျ ကြိုတင်ပြင်ဆင်ထားသော လူ၅၀ခန့်က ဟိုသီချင်း၊ ဒီသီချင်းများဖြင့် ဘေးတီးပေးပြီး ဝိုင်းအုံလာသော လူ ၄၀၀ လောက် ဖြစ်သွားတော့မှ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေ၊ ဆိုင်တွေကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်။
    (၂) တန်ဘိုးရှိတဲ့ မိုဘိုင်းဖုန်းလို ပစ္စည်းတွေကို ခိုးယူခဲ့တယ်။
    (၃) ဒေသခံအစ္စလာမ်ဘာသာဝင်တွေကို ရန်စတဲ့သဘောမျိုးနဲ့ မျက်နှာစိမ်းလူငယ် ၅ဦးက မခံချင်အောင်ဆဲဆိုခဲ့တယ်။ဒေသခံတွေက မကြားချင်ယောင်ဆောင် လိုက်တော့ ကသီလင်တ နိုင်သွားခဲ့တယ်။
    (၄) တုတ်၊ဓား၊ ပုဆိန်များကိုင်ဆောင်ထားတဲ့ အကြမ်းဖက်အဖွဲ့ဟာ လူညီတယ်။ စနစ်ကျတယ်။ နောက်ကွယ်ကနေ အကွက်ကျကျ ဟန်ချက်ညီ ညွှန်ကြားနေတဲ့သူတွေရှိမှန်း ပေါ်လွင်နေတယ်။ မိုဘိုင်းဖုန်းတွေနဲ့ပဲ သူတို့အချင်းချင်းဆက်သွယ်ခဲ့တယ်။
    (၅) အကြမ်းဖက်အဖွဲ့ရဲ့အထင်နှင့် အမြင်လွဲသွားခြင်းကတော့ တောင်တွင်းကြီး ဒေသခံ ဗမာလူမျိုးတွေက သူတို့နောက်ကို မပါဝင်ခဲ့ခြင်းပါပဲ။
    (၆) ည ၁ နာရီကျော်မှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေ အင်အားတိုးချဲ့များပြားလာတော့ အခြေအနေမ ကောင်းတော့တာ ကြောင့် အကြမ်းဖက်အဖွဲ့ဟာ နောက်ကွယ်က အမိန့်အတိုင်း လူစုခွဲ သုတ်ခြေတင်ခဲ့တယ်။ ဒါပေမယ့် (၅)ဦးကိုတော့ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အထက်ပါ ညအချိန်မတော်ကြီး တမင်ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လုပ်ရက်ကြောင့် အစ္စလာမ် ဘာသာဝင်တို့၏ သားရေလုပ်ငန်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ သံပစ္စည်းနှင့် ဒန်အိုးဒန်ခွက်ဆိုင်၊ ထမင်းဆိုင်၊ လဘက်ရည်ဆိုင်နှင့် ပေါင်မုန့်ရောင်းဝယ်ရေး ဆိုင်များ ဖျက်ဆီးခံခဲ့ရသည်။ အကယ်၍ မိမိတို့၏ ဥစ္စာပစ္စည်း၊ ထမင်းအိုး ရိုက်ချိုးဖျက်ဆီးခံခဲ့ရသောကြောင့် အကြမ်းဖက်ခံရသူတို့က ဒေါသဖြင့် လက်တုန့်ပြန်ခဲ့ပါက နောက်ကွယ်က မစင်ပေနေသော လက်မဲကြီး၏ကြိုးကွင်းထဲကို စွပ်မိရက်သား ဖြစ်သွားပေလိမ့်မည်။ သွေးထွက်သံယိုတွေဖြစ်။ အရပ်သားတွေ အထိတ်တလန့် ဖြစ်ကာ ဆူပူအကြမ်းဖက်မှုတွေ တိုင်းနှင့်ပြည်နယ်တွေ အထိ ပြန့်နှံ့ခဲ့မည်။ ဒေါသထွက်နေသော လူအုပ်ကြီးတွေက နောက်ကွယ်က လက်မဲကြီး၏ ညွှန်ကြားချက်အတိုင်း နေရာစုံမှ အပြေး အလွှား ထွက်လာကြမည်။ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာပြည်နယ်တိုင်းဒေသရှိ လက်မဲကြီး အလိုတော်ရှိ များက  ဖိအားပေး စာထုတ်တောင်းဆို ဆန္ဒပြကြမည်။ ထွေအုပ်များကလည်း ပုဒ်မ ၁၄၄ ညမထွက်ရအမိန့ ထုတ်ဖို့၊ ‘ဟုတ်ကဲ့၊ မှန်ပါ့၊ အဆင်သင့်ပါပဲ’ ပြောဖို့ ကျင့်သားရပြီး ဖြစ်နေတာ တွေ့ရမည်။
    ဆိုးကျိုးရလာဒ်များအနေနဲ့ မြန်မာနိုင်ငံ၏ ပုံရိပ် အဖတ်ဆယ်လို့မရအောင် ကျဆင်းသွားမည်မှာ အသေအချာပင် ဖြစ်သည်။
    သို့သော် ဤလောကကြီးသည် ထင်သလို ဖြစ်မလာသော သဘောရှိသည်။ အရပ်သားစစ်စစ် သမ္မတကြီးလက်ထက်တွင် အကြိမ်ကြိမ် အောက်လမ်းနည်းများသုံး၍ လူတစ်စု၊ လူတစ်ဖွဲ့ ကောင်းစားရေး မြန်မာနိုင်ငံကြီး၏ အချုပ်အခြာအာဏာကို မိမိတို့ စစ်ဗိုလ်လူထွက်များသာ ရယူ ပိုင်ဆိုင်၊ ချယ်လှယ်နိုင်ရေးမူကို သံမှိုစွဲသလို၊ တရားသေမူဝါဒကို အသေဆုပ်ကိုင်ပြီး ခေတ်အဆက်ဆက် အာဏာရှိစဉ်က ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ပြီး ကုဋေကုဋာကြွယ်များ ဖြစ်နေသူများကို ပြည်သူလူထုက နားလည် ခွင့်လွှတ်ပေးပါလိမ့်မယ်။ ယခုအချိန်မှစ၍ မြန်မာပြည်ကြီး ပျက်ဆီးရာ၊ ပျက်ဆီးကြောင်းများကို ထပ်၍ မလုပ်ကြပါနဲ့တော့။ ယခုအခြေအနေတွင် နိုင်ငံနှင့် ပြည်သူလူထုအတွက် နေ့မအား၊ ညမအား မခိုးမ၀ှက်သော အစိုးရတစ်က မြန်မာပြည်ကြီးကို ဦးဆောင်နေစဉ် ‘မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်တော့’ သမိုင်းတရားခံများအနေနဲ့ သွတ်သွင်းမခံရလေအောင် နောက်ကွက်က လုပ်ရပ်ဆိုးများကို ရပ်တန်းက ရပ်တံ့ပါတော့ ဟူ၍ အကြံပြု တိုက်တွန်းအပ်ပါသည်။
    ‘သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်’ ဟူသော လောကနီတိကို နှလုံးသွင်းဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း ပြည်သူလူထုကိုယ်စား တင်ပြအပ်ပါသည်။
    မြေးသခင်ဒေါင်း (လွတ်လပ်ရေး မော်ကွန်းဝင်)