News @ M-Media

Category: Hate Crime စောင့်ကြည့်ရေး

  • ကျောက်တော်မှ ရခိုင် ကလေး သေဆုံးမှု ခေါ်စစ်ခဲ့သည့် မွတ်စလင်မ်(၂) ဦး အပြစ်မရှိသဖြင့် ပြန်လွှတ်

    နိုဝင်ဘာ- ၂၁ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော် နှင့် ပေါက်တော မြို့နယ် စောမဲကျီရွာမှ အသက် ၅ နှစ်အရွယ် မဇလပ်ဝါတို့ ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

    ဧရာဝတီ၏ စုံစမ်းမေးမြန်းချက်အရ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမင်းအောင်က ပေါက်တောဖြစ်စဉ်တွင် မသင်္ကာသူ ရခိုင်တိုင်းရင်းသား ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ကျောက်တော်ဖြစ်စဉ်တွင် ရခိုင်တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင်နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သောကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုသည်။

    ” မသကာင်္တဲ့ မွတ်စလင်တွေက ဘာအပြစ်မှ မရှိတော့ ပြန်လွတ်ပေးလိုက်ပြီ။ ခမီတချို့ကတော့ သေချာစစ်နေတယ်လို့ သိရတယ်”ဟု ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။

    **အခင်းဖြစ်ပွားပြီး နောက်နေ့မှ စတင်ကာ မွတ်စလင်များက အဆိုပါ မိန်းကလေး ငယ် ၂ ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲရေးသားမှုများဖြင့် လူမျိုးရေး၊ ဘာသာရေး မုန်းတီးစေရန် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်လာသည်ကို အင်တာနက်လူမှု ကွန်ရက်များတွင် တွေ့လာရသည်။

    ဧရာဝတီ မှ ကောက်နှုတ်ဖော်ပြသည်။

    အပြည့်အစုံ ဖတ်ရန် =>http://burma.irrawaddy.org/news/2013/11/21/51248.html
    ============================

    Sitwe Poutaw case
    ဓါတ်ပုံ အညွှန်း- ပေါက်တောမြို့မှ မငယ်ငယ် အသတ်ခံရသည့် သတင်းကို ဆိုရှယ်မီဒီယာတွေ ဓါတ်ပုံနှင့်တကွ စတင်ဖြန့်ဝေခဲ့သည့်ဟု ယူဆရသူ ဦးဥာဏ စစ်တွေ ဆိုသူ၏ FB စာမျက်နာမှ သတင်း

    ဘာသာရေးမုန်းတီးမှုဖြစ်စေရန် လှုံဆော်ရေးသားသည့် အဆိုပါ သတင်းကို ထပ်ဆင့်ဖြန့်ဝေသူပေါင်း ၄၀၀ ကျော်ရှိနေပြီဖြစ်သည်။

    (မူလက ဓါတ်ပုံနှင့်တကွ တင်ခဲ့သည့် သတင်းမှာ FB ၏ စည်းကမ်းချက်နှင့် ညှိစွန်းနေသဖြင့် Facebook မှ ဖယ်ဖျက်လိုက်သည်ဟု ယူဆရပါသည်။ )

    Link =>https://www.facebook.com/unyar.na.9/posts/268551873304932

  • ငြိမ်းချမ်းရေး မျိုးစေ့ချပေးရမည့် အစား ကလေးများကို မုန်းတီးစိတ် ခွဲခြားစိတ်များ သွတ်သွင်းနေ

    စက်တင်ဘာ ၄ရက်၊ ၂၀၁၃
    M-Media
    ရုပ်ပုံပေးပို့သူ- ရဲရင့်သူ

    ငြိမ်းချမ်းရေး တည်ဆောက်မှုအစ စာသင်ကျောင်းက

    မည်သည့် နိုင်ငံတွင်မဆို နိုင်ငံသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ အပြန်အလှန် ရိုင်းပင်းကူညီရေး၊ ကိုယ်ချင်းစာနာမှု၊ သနားကြင်နာမှုရှိစေရေး၊ မတူကွဲပြားမှုများကို လက်ခံနားလည်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စသည့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ စရိုက်လက္ခဏာများကို ဗွေဆော်ဦး သင်ကြားပေးသည့် နေရာမှာ အခြေခံပညာကျောင်းများ ဖြစ်ကြသည်။

    ကျောင်းတက်ရန်လာသော ဘာသာခြားကလေးငယ်များကို မူလက များစွာခင်မင်ရင်းနှီးလှသည့် ရွယ်တူ အတန်းဖော် သူငယ်ချင်းများ ခပ်တန်းတန်း ဆက်ဆံလာခြင်း၊ လူမျိုးတစ်ခုလုံးနှင့် မဆိုင်သော ပြစ်ဒဏ် ကျူးလွန်သူတစ်ဦးကို မူတည်ကာ ထိုပြစ်မှုကျူးလွန်သူနှင့် ဘာသာ၊ လူမျိုးတူသူအားလုံးကို ကျောင်းတွင်ပင် စွပ်စွဲပြောဆို ဆက်ဆံလာခြင်း စသည့် အဆိုးသက်ရောက်မှုများ ဖြစ်ပေါ်လာကြောင်း မကြာသေးခင်ကာလက ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသအချို့ရှိ ဘာသာနှစ်ရပ်စလုံးဘက်မှ ကြုံတွေ့ရသူများ၏ ပြောကြားချက်အရ သိရသည်။

    အထက်ဖော်ပြပါစာပိုဒ်သည် 4.9.2013 ထုတ် The Voice စာစောင်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
    ————————

    zaw kalay journal
    ပူးတွဲဖော်ပြပါရှိသော ပုံမှာ ၁၇.၈.၂၀၁၃ ထုတ် ဇော် ကလေးဂျာနယ်ပါ သရုပ်ဖော်ဓါတ်ပုံဖြစ်ပါတယ်။

    အနာဂတ်ရဲ့ မျိုးဆက်သစ်ကလေးငယ်များကို စာသင်ကျောင်းတွေမှ စပြီး ငြိမ်းချမ်းရေးမျိုးစေ့ ချပေးဖို့ လိုအပ်နေပေမယ့် အခုလိုမီဒီယာများဖြင့် အဆိပ်အတောက်များနဲ့ မုန်းတီးရေး၊ ခွဲခြားရေး စိတ်ဓါတ်များ သွတ်သွင်းနေတာတွေ့ရပါတယ်။

    ၂၀၁၃ ခုနှစ် မတ်လနှောင်းပိုင်း မိထ္ထီလာမြို့မှာ အကြမ်းဖက် မီးရှို့၊ သတ်ဖြတ်မှုတွေဖြစ်ပွားပြီး နောက် ရက်မှာ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပခဲ့တဲ့ အစိုးရတာဝန်ရှိသူများ၊ ဘာသာပေါင်းစုံက ခေါင်းဆောင်များ ပါဝင်တဲ့ အစည်းအဝေးမှာ ကျောင်း သင်ခန်းစာများ ဘာသာကြီး ၄-ခု အကြောင်း သင်ခန်းစာများ ထည့်သွင်း သင်ကြားပေးမည်ဟု ကြေညာခဲ့ပေမယ့် လက်တွေ့မှာ မည်သည်မှ အကောင်အထည်ပေါ်မလာခဲ့ပေ။

    အစ္စလာမ်ဘာသာဝင်များအပေါ် တဘက်သက် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံတကာဖိအားကို ရှောင်လွှဲလိုသည့် အနေဖြင့် ခါတော်မီ ဆေးမီးတို ဟစ်ကြွေးသံများပမာဖြစ်နေပြီ ယခုကဲ့သို့ အဆိပ်အတောက် အမုန်းတရားတိုးပွားစေမည့် စာပေများသာ တိုးတက် များပြားတာဖြင့် အနာဂတ် တိုင်းပြည်အတွက် ရင်လေးစရာ အခြေအနေဖြစ်ကြောင်းကို M-Media အနေဖြင့် သုံးသပ် တင်ပြလိုက်ရပါသည်။

  • မြန်မာပြည်၏ ပြန်ကြားရေးဝန်ကြီးဌာန မူမမှန်

    M-Media
    သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃

    ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သြဂုတ်လ ၂၅ ရက်၊ ၁၈ နာရီ ၃၉ မိနစ်တွင် “ကန့်ဘလူအကြမ်းဖက်မှု” နှင့်ပတ်သတ်ပြီး သတင်းတင်ပြခဲ့ပါသည်။ သို့သော် ထိုသတင်းမတိုင်မီအလျင် ပြန်ကြားရေးဝန်ကြီးဌာနမှ “ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်မှုအား အချိန်မီထိမ်း သိမ်းဆောင်ရွက်လျက်ရှိ” ဟူသော ခေါင်းစဉ်ဖြင့် ၄င်းတို့၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် သတင်းတင်ပြခဲ့ပါသည်။ ထိုသတင်းမူရင်းကို အောက်ပါ အတိုင်း ရှုစားနိုင်မည်ဖြစ်ပါသည်။

    1235132_722499011100011_1423484390_n

    အဆိုပါသတင်းတွင် မီဒီယာသမားတို့၏ ကျင့်ဝတ်နှင့် ဆန့်ကျင်ပြီး နိုင်ငံတော်၏ တည်ဆဲဥပဒေ များနှင့်ပါ ထိပါးနေသည့် ကိုးကွယ်သည့်ဘာသာအား ထည့်သွင်းဖော်ပြထားခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ထိုသတင်းတင်အပြီး ပြန်လည်ဖျက်ချပစ်ခဲ့ပါသည်။ အဘယ်ကြောင့် ဖျက်ချခဲ့သည်ကို မူ အကြောင်းပြချက် တစုံတရာပေးမထားပါ။

    ထိုသတင်းတွင် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာကိစ္စကို ဦးဝီရသူဖေ့ဘွတ်စာမျက်နှာမှ ပုံပြင်များအတိုင်း အသေးစိတ်ရေးသားထားပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးသုံးပါးပါဝင်သော လူဦးရေ ၁၅၀ က ရဲစခန်းကို ၀ိုင်းပြီး တရားခံ အစ္စလာမ်ဘာသာဝင်လူမျိုးအား ထုတ်ပေးဖို့ တောင်းဆို ခဲ့ကြောင်း ဖော်ပြထားပါသည်။

    ယင်းသို့ သတင်းဖော်ပြခြင်းမှာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းအရှိန်အဟုန် ဆထက်တပိုး တိုးပွားစေဖို့ရာ အချိန်ကိုက်လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ယူဆဖွယ်ရှိသလို ထိုယူဆချက်အား ပို၍ အသက်သွင်းပေးနေသည့်အချက်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ၄င်းတို့ကိုယ်တိုင် စိစစ်ပြီးမှ ပြည်သူလူထုအား ချပြခဲ့သည့်သတင်းတပုဒ်အား လက်လွတ်စပယ် ဖျက်ချပြီး အဘယ်ကြောင့်ဖျက်ချခဲ့ရကြောင်းကိုမူ လူထုအား အသိမပေးခြင်းပင်ဖြစ်ပါသည်။

    ပြန်ကြားရေး ဒု-၀န်ကြီးနှင့် သမ္မတပြောခွင့်ရ ဦးရဲထွတ်မှာမူ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကုလသံတမန်ကိစ္စတွင်လည်း အငြင်းပွားဖွယ်ရာမှတ်ချက် များပေးကာ ကုလသံတမန်အား ၄င်းစီးနင်းလိုက်ပါလာသည့် ကားကို လူ ၂၀၀ ခန့် ၀ိုင်းဝန်းတိုက်ခိုက် သည်ဆိုပါက သက်သေပြဖို့ ဖေ့ဘွတ်မှတဆင့် စိန်ခေါ်ခဲ့သူ ဖြစ်ပါသည်။

    တောင်ကုတ်လူသတ်မှုကိစ္စကို နိုင်ငံပိုင် သတင်းစားများမှ ကုလားဟူသော စကားလုံး သုံးနှုန်းဖော်ပြခဲ့သည့် အချိန်ကညွန်ကြားရေးမှူးတာဝန်ယူခဲ့သည့် ဦးရဲထွဋ်မှာ သက်ဆိုင်ရာ အစိုးရသတင်းနှင့် ပြန်ကြားရေး အယ်ဒီတာချူပ်များကိုဝေဖန်ခဲ့သည်။ မိမိမှာ ဌာနမတူသောကြောင့် တိုက်ရိုက် အရေးယူပိုင်ခွင့်မရှိသော်လည်း ပြင်ဆင်ချက်ထုတ်ပေးရန်ညွှန်ကြားတင်ပြသွားပေးမည်ဟုလည်း ၄င်း၏ FB တွင်ရေးသားခဲ့သည်။

    ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လူမျိုးဘာသာရေး အဓိကရုဏ်း ပိုမိုကြီးထွားစေနိုင်မည့် စာနယ်ဇင်းကျင့်ဝတ်ဖောက်ဖျက်ပြီး ယခုကဲလို့ ရေးသားဖော်ပြသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။

    မှတ်ချက် – ပြန်ကြားရေးဝန်ကြီးဌာနမှာ ကန့်ဘလူသတင်းကို မူသုံးမျိုးခန့်ပြောင်းလဲ၍ တင်ပြီးဖြစ်ကြောင်းနှင့် ယခုတင်ဆက်ထားသည့် သတင်းကို http://www.moi.gov.mm/news/25/08/2013/id-765 တွင် ရှုစားနိုင်ပါသည်။

  • အန္တရာယ်ရှိသည့် ရခိုင်အစီရင်ခံစာအား ဝေဖန်သူများ ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ

ိM-Media
    သြဂုတ် ၄ ရက်၊ ၂၀၁၃

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးခွဲခြားပြီး ဆက်ဆံမယ်၊ ဒုတိယသို့မဟုတ် တတိယတန်းစားနိုင်ငံသားတွေအဖြစ် ဆက်ဆံမယ်ဆိုရင် ဒါဟာ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ လက်ခံနိုင်စရာမရှိဘူး၊ ရိုဟင်ဂျာကိစ္စအတွက် မြန်မာနိုင်ငံက လွဲလို့ အခြားနိုင်ငံတွေမှာ တာဝန်မရှိဘူးရယ် လို့ ဗြိတိသျှလွှတ်တော်ဥက္ကဌက သြဂုတ် ၁ မှာပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စင်ထရယ်ဟိုတယ်မှာတော့ ဂီတပညာသည် Rick Heizman ခေါင်းဆောင်ရေးသားတဲ့ AHRD ရဲ့ ဘာသာရေးစော်ကားမှုတွေသာမက စိတ်ခံစားချက်တွေပါ ပါတဲ့ အငြင်းပွားဖွယ်ရာ ရခိုင်အစီရင် ခံစာ ကြေငြာခဲ့ပါတယ်။

    Rick Heizman ကို ပညာရှင်လို့ အလဲဗင်းမီဒီယာဂရုက ဖော်ပြထားပြီး အခြားနိုင်ငံတွေမှာ မွတ်စလင်အစွန်းရောက်တွေ အဖျက်လုပ်ငန်းတွေ လုပ်နေတာကြောင့် ရခိုင်မှာလည်း အဲဒီလိုဖြစ်နေတာရယ်လို့ သူ့အစီရင်ခံစာကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အလဲဗင်းဂရုက ဇူလိုင်လ ၁၃ ရက်နေ့နေ့စွဲနဲ့ သတင်းတစ်ပုဒ်တင်ပြခဲ့ပြီး အဲဒီသတင်းမှာ ရခိုင်ပြည်နယ်တွင်း မွတ်စလင်အကြမ်းဖက်မှု မရှိဘူးရယ်လို့ မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်က ပြောကြားတဲ့အကြောင်း ရေးသားထားပြန်ပါတယ်။ မြန်မာအစိုးရအတွက် နိုင်ငံတကာထောက်ခံမှု လွယ်လွယ်ကူကူရနိုင်တဲ့ မွတ်စလင်အစွန်းရောက် အကြမ်းဖက်မှု မြန်မာပြည်တွင်းမှာ ရှိနေတယ်ဆိုတဲ့ အချက်ကို မြန်မာအစိုးရတာဝန်ရှိသူတွေကိုယ်တိုင် တရားဝင်ပြောကြား အတည်ပြုတာမျိုး မရှိသေးပါဘူး။

    အလဲဗင်းဂရုက Rick Heizman ကို ပညာရှင်လို့ သုံးစွဲခဲ့ပေမယ့် ဘာပညာရှင်လို့တော့ ကွဲကွဲပြားပြား မဖော်ပြထားပါဘူး။ Rick Heizman ကတော့ အမေရိကန်နိုင်ငံသား မထင်မရှား ဂီတပညာသည်ဖြစ်ပါတယ်။ ဒါကြောင့် သူရေးတဲ့ ရခိုင်အစီရင်ခံစာကတော့ ပညာရှင်အဆင့် အစီရင်ခံစာလို့ သမုတ်ရမှာထက် “အမှိုက်” သို့မဟုတ် “အန္တရာယ်မှတ်တမ်း” လို့သာ ခေါ်ရမှာဖြစ်တဲ့အကြောင်း ပညာရှင်ဝေဖန်းရေးဆရာတွေက မှတ်ချက်ပြုပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရခိုင်တွေအတွက် အဖတ်ဆယ်ဖို့ ကြိုးစားတာက အရာမထင်ဘဲ တဆင့်တိုးလို့သာ ရခိုင်အစိုးရအဖွဲ့ဝင် ဦးဝင်မြိုင်ကို ရည်ညွှန်းပြီး မိုက်မဲတဲ့ လူတန်းစားရယ်လို့ HRW ရဲ့ အာရှဒါရိုက်တာရဲ့ သမုတ်ခြင်းခံလိုက်ရပါတယ်။

    Rick Heizman ကတော့ အမေရိကနိုင်ငံ ဆန်ဖရန်စစ္စကိုနေ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း မြန်မာအမျိုးသမီး ၊ ဂီတပညာရှင် မစုဝေနဲ့ ၂၀၀၉ ခုနှစ်တုန်းက လက်ထပ်ခဲ့ပါတယ်။ မစုဝေကိုတော့ ရခိုင်အမျိုးသမီးတစ်ဦး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြု ဝေဖန်နေကြပေမယ့် သူမရဲ့ ကိုယ်ပိုင်ဝက်ဘ် ဆိုက်ဒ်မှာတော့ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမျိုး မရှိပါဘူး။

    Rick Heizman ရေးသားတဲ့ အစီရင်ခံစာထွက်ပေါ်အပြီးမှာ မြန်မာတိုင်းမ်စ်က Critics slam ‘dangerous’ Rakhine Report ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတင်ပြခဲ့ပါတယ်။ အဲဒီသတင်းအပြည့်အစုံမြန်မာပြန်ကို M-Media ပရိသတ် ရှုစားနိုင်ကြပါပြီ။

     

    Rick tux guitar 2
    ရခိုင်အစီရင်ခံစာ ရေးသားသူ Rick Heizman (ဓာတ်ပုံ – baymusic.com)

    ရခိုင်ပြည်နယ်က မွတ်စလင် ၈သိန်းလောက်ကို ဘင်္ဂလားဒေ့ရှ်ကို ပို့ပစ်ဖို့ အဆိုပြုထားတဲ့ အစီရင်ခံစာတစ်စောင် သြဂုတ် ၁ရက်နေ့တုန်းက ထွက်ပေါ်လာ ပါတယ်။ စထွက်လာတဲ့နေ့မှာပဲ ပြင်းထန်တဲ့ အငြင်းပွားစရာတွေကို ဖြစ်ပျက်စေခဲ့ပါပြီ။ တချိုကတော့ ဒီအစီရင်ခံစာကို “အမှိုက်” အဆင့်သာသာပဲလို့ သမုတ်လိုက်သလို တချို့ကတော့ အဲဒီအစီရင်ခံစာကြောင့် တင်းမာမှုတွေ လောင်စာဆီဖြည့်တင်းပေးသလို ဖြစ်မှာပဲလို့ သတိပေးပြောကြားခဲ့ကြပါတယ်။

    “မြန်မာပြည်၊ ရခိုင်နယ်က ပဋိပက္ခနဲ့ အရှုပ်အထွေးများ” လို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာကို The Arakan Human Rights and Development Organization ခေါ် အာရကန် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သြဂုတ် ၁ တုန်းက ရန်ကုန်မြို့စင်ထရယ်ဟိုတယ်မှာ အခမ်းအနားနဲ့ တင်ပြခဲ့ပါတယ်။

    အဲဒီအစီရင်ခံစာကတော့ ရခိုင်က မွတ်စလင်တွေကို နိုင်ငံသားပြုပိုင်ခွင့် မပေးဖို့တင်ပြထားသလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား “လူအုပ်စု အပြန်အလှန်လဲလှယ်ခြင်း” လုပ်ကြဖို့ အဆိုပြုထားပါတယ်။ ဒါမှာသာလျှင် လူ ၂၀၀ လောက်သေကြေခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်း ကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒီအစီရင်ခံစာရေးတုန်းက ရိုဟင်ဂျာတစ်ဦးကိုတောင် အင်တာဗျူးမေးမြန်းပြီး သုတေသနလုပ်ထားတာမျိုး မရှိပါဘူး။ အစီရင်ခံစာ ကြေငြာ အပြီး ဆွေးနွေးပွဲလုပ်တော့ အဲဒီအစီရင်ခံစာရေးသားရာမှာ ခေါင်းဆောင်ခဲ့တဲ့ (အမေရိကန်နိုင်ငံသား၊ ဂီတပညာရှင်) Rick Heizman တစ်ယောက် ပရိသတ်အချို့ထံက စိတ်ဆိုးမာန်ဆိုးမှတ်ချက်တွေကိုသာ လက်ခံရရှိခဲ့ပါတယ်။

    “ကျွန်တော်တို့ အဲဒီအစီရင်ခံစာကို အမှိုက်စာရင်းထဲ ထည့်ရမယ်၊ ဒါပါပဲ” လို့ အဲဒီအခမ်းအနားမှာတင် အရှေ့တောင်အာရှ သမိုင်းလေ့လာသူ PhD ကျောင်းသားတစ်ဦးက ကြေငြာခဲ့ပါတယ်။

    “အာရကန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ လူချင်းလဲလှယ်ဖို့ဆိုတာက အမြော်အမြင်မပါတဲ့ ကိစ္စပဲ။ အမေရိကန်သမ္မတ အိုဘာမားလို အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေကို အာဖရိကပြန်သွားဆိုပြီး လဲလှယ်လို့ ရနိုင်မလား? အတူပူးတွဲနေကြဖို့နဲ့ ငြိမ်းချမ်းတဲ့ ဆွေးနွေးမှုတွေက ပိုကောင်းပါတယ်။ အခုခင်ဗျားဒီစာနယ်ဇင်းတွေ့ဆုံပွဲမှာလို အမုန်းတရားတွေ ဖြန့်ကျဲလိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။” ဟု မြန်မာ့လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    မြန်မာပြည်ဆိုင်ရာ ဂျာမနီသံရုံးရဲ့ သံအရာရှိတစ်ဦးကတော့ ဒီအစီရင်ခံစာကို “တကယ့် အန္တရာယ်ရှိတဲ့ အစီရင်ခံစာပဲ၊ ဒါမျိုးကို ကျွန်တော်တို့ အတည်အတန့် ထည့်စဉ်းစားဖို့ မဖြစ်နိုင်ဘူး။” လို့ ဆိုပြန်ပါတယ်။ သူမက “ကျွန်မ အခု ကျွန်မရဲ့ရပ်တည်ချက်ကို ပြောချင်တယ်။ ခင်ဗျားရဲ့ (Rick Heizman ကို ရည်ညွှန်း) တင်ပြမှုတွေကိုလည်း နားထောင်တယ်၊ အစီရင်ခံကိုလည်း ဖတ်ပါတယ်။ ခင်ဗျားရဲ့ အစီရင်ခံစာက တဖက်သတ်ပါပဲ၊ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြားက ပြဿနာကို အလွန်ဆိုးဆိုးရွားရွားကို မှားယွင်းစွာ သုံးသပ်ပြီး အဖြေထုတ်ထားတယ်။” ဟု ပြောခဲ့ပါတယ်။

    အာရကန် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဦးအောင်မရမ်းဦးကတော့ အစီရင်ခံစာက တဖက်သတ်ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ သဘောတူခဲ့ပေမယ့် သူတို့အစီရင်ခံစာက အပြုသဘောဆောင်ဆဲပါလို့ အမေးအဖြေကဏ္ဍမှာ ပြောခဲ့ပါတယ်။ “ဒါက လျစ်လျူရှုခံထားရတဲ့ ရခိုင်ဘက်က သမိုင်းကြောင်းပါပဲ” လို့ သူက အစီရင်ခံစာကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    Rick Heizman ကတော့ မေးခွန်းတော်တော်များများကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမေးခွန်းတွေထဲမှာ သူ့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအနေအထား ကို မေးတဲ့ မေးခွန်းမျိုးတွေလည်း ပါခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ သူက အခုအချိန်မှာ ဖြေဖို့မလိုဘူးဆိုပြီး ပယ်ချသွားခဲ့ပါတယ်။ သူရဲ့ တင်ပြပြောဆိုမှု ပြီးချိန်မှာ လုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာတော့ သူက – “ကျွန်တော့်ပညာရပ်ဆိုင်ရာ အထောက်အထားကတော့ဗျာ၊ ကျွန်တော် ဒီနေရာကို အကြိမ်များစွာ ရောက်ဖူးတယ်” ဟုသာ အဖြေပေးခဲ့ပါတယ်။

    Rick Heizman ရဲ့ ဘ၀ဇတ်ကြောင်းတွေကို အင်တာနက်မှာ တွေ့မြင်ဖတ်ရှုနေရတာနဲ့ ပတ်သတ်ပြီးလည်း မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ Thingsasian.com က Rick Heizman ကိုအင်တာဗျူးလုပ်ထားပြီး သူတို့ရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီမှာ Rick Heizman ရဲ့ ကိုယ်ရေး အချက်အလက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ Rick Heizman က နယူးယောက်ကဖြစ်ပေမယ့် ဆန်ဖရန်စစ္စကိုမှာ နေပါတယ်။ ဆန်ဟိုဆေးအစိုးရတက္ကသိုလ်ကနေ ဂီတနဲ့ပတ်သတ်ပြီး (ထုတ်လုပ်ရေး + ဂီတာ) ၀ိဇ္ဇာ ဘီအေဘွဲ့ ရရှိထားပါတယ်။

    အဲဒီ အင်တာဗျူးဆောင်းပါးမှာ – “Rick Heizman က မြန်မာပြည်ကို တိုင်ပြည်ကြီးတစ်ခုရယ်လို့ ခံစားမှတ်ယူကြောင်း၊ မြန်မာပြည်ကလူတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားကြောင်း၊ ဒါ့ပြင် ဘယ်လိုအစိုးရမျိုးကို ဖွဲ့စည်းရမလဲဆိုတဲ့ ကိစ္စကိုလည်း စိတ်ဝင်စားကြောင်း၊ သူက မြန်မာပြည်ကို မကြာခဏ လာတဲ့အတွက် သူငယ်ချင်းကောင်းတွေ ရရှိခဲ့ကြောင်း၊ ဒါ့ပြင်သူက မြန်မာ့ နိုင်ငံရေးဘက်မှာလည်း အမြော်အမြင်ရှိရှိ ပါဝင်ဆောင်ရွက်နေအကြောင်း” ဖော်ပြထားပါတယ်။

    Baymusic.com လို့ခေါ်တဲ့ မင်္ဂလာဆောင်အခမ်းအနားတွေ၊ အခြားလူမှုပူးပေါင်းဆောင်ရွက်မှုတွေမှာ ဂီတာလိုက်တီးတဲ့ ဂီတသမားတွေအတွက် ရည်ရွယ်ပြီး သူတို့ရဲ့ လိပ်စာတွေ အချက်အလက်တွေကို အင်တာနက်မှာ တင်ပြပေးနိုင်ဖို့ စီစဉ်ထားတဲ့ ၀က်ဘ်ဆိုက်ဒ်မှာလည်း Rick Heizman က ဒီနှစ်ထဲမှာ သူ့ရဲ့အချက်အလက်တွေကို တင်ခဲ့ပါတယ်။

    ဝေဖန်မှုတွေ ရှိနေပေမယ့် သူရေးရဲ့ အစီရင်ခံစာကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အချို့ရဲ့ သဘောဆန္ဒတွေကိုလည်း အနည်းဆုံး ထင်ဟပ်ဖော်ပြထားပါတယ်။ မြန်မာတိုင်းမ်စ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်မြိုင်တို့ မကြာသေးမီက အင်တာဗျူးမေးမြန်းခဲ့တဲ့အခါ သူက ရိုဟင်ဂျာတွေကို “ခိုးဝင်လာတဲ့ ဘင်္ဂါလီ” တွေ၊ သူတို့ကို နိုင်ငံတွင်းကနေ အင်အားသုံး မောင်းထုတ်ရမယ်လို့ ဖြေကြားခဲ့ပါတယ်။

    Rick Heizman လိုပါပဲ၊ ဦးဝင်မြိုင်ကလည်း အနောက်မီဒီယာတွေသာမက ထောက်ပံ့ရေးအဖွဲ့တွေကလည်း ရခိုင်တွေကို တလွဲမြင်နေကြတယ်လို့ ရှည်လျားစွာ ပြောပြခဲ့ပါတယ်။ သူက ကုလနဲ့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW တို့ကို ရည်ညွှန်းပြီး အဲဒီလို ပြောခဲ့တာပါ။ “သူတို့မှာ မွတ်စလင်ကို ပရိုမုတ်လုပ်တဲ့ ဘက်လိုက်မှုတွေ ရှိနေတယ်” လို့ သူကဆိုပါတယ်။

    ဒါ့ပြင်သူ ရဲနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ပဋိပက္ခကြောင့် အိမ်ယာမဲ့မွတ်စလင်တွေကို နေရာချပေးထားတဲ့ စခန်းတွေရဲ့ ညစ်ပတ်ဆုတ်ခြာပုံတွေကို ဖော်ပြထားတဲ့ အစီရင်ခံစာတွေက မွတ်စလင်အစွန်းရောက်တွေရဲ့ မှားယွင်းစွာပုံဖော်ထားချက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အိမ်ယာမဲ့ခဲ့ကြတဲ့ မွတ်စလင်တွေက ဘာကြောင့် အဲဒီလို နေစရာပျောက်ရတာလဲဆိုတော့ သူတို့က တခြားရခိုင်အိမ်တွေမှာ မီးသင့်ရအောင် ရည်ရွယ်ပြီးကိုယ့်အိမ်ကို ပြန်မီးရှို့တယ်၊ ကုလအေဂျင်စီတွေက အစားထိုးဆောက်ပေးတဲ့ အိမ်ကောင်းတွေရဖို့ ရည်ရွယ်ပြီး လုပ်ကြတာဖြစ်တယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။

    HRW ရဲ့ အာရှဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်ကတော့ ဒါမျိုးမှတ်ချက်ကို “အထောက်အထားမဲ့ ဟာသပျက်လုံး” ရယ်လို့ ၀ိသေသပြု ပြောဆိုခဲ့ပါတယ်။

    မစ္စတာရောဘတ်ဆင်က – “သူက ရခိုင်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တွေကိုချည့် ထပ်တလဲလဲပြောနေတယ်။ အဲဒီပုံပြင်တွေကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဇွန်လပဋိပက္ခတုန်းကတည်းက ဖန်တီးထားကြတာပဲ။ ဒါမျိုးပြောဆိုချက်တွေကို ဘယ်သူမှမယုံဘူး၊ ဒါမျိုးထပ်ပြောရင် အဲဒီလူကို အရူးလို့ပဲ မြင်ရမှာပဲ။” ဟု ပြောဆိုခဲ့ပါတယ်။

    “ကြိုက်တဲ့ဘက်က နှိုင်းယှဉ်နိုင်တယ်၊ ရိုဟင်ဂျာတွေက အိုင်ဒီပီစခန်းတွေမှာ ခက်ခဲကြပ်တည်းစွာ တားဆီးပိတ်လှောင်ခံထားရတယ်။ အထောက်အပံ့မရှိဘူး၊ ပညာရေးအတွက်လည်း အခွင့်အရေးမရှိဘူး၊ ကျန်းမာရေးနဲ့ အခြားအခြေခံလိုအပ်ချက်ရောပေါ့ဗျာ” ဟု မစ္စတာ ရောဘတ်ဆင်က ပြောပါတယ်။

    HRW မှာ ရခိုင်တွေနဲ့ဆန့်ကျင်ပြီး ဘက်လိုက်တာမျိုး ဘာမှမရှိဘူး။ ဦးဝင်းမြိုင်က “သတင်းဆိုးတွေ ပေးလို့ အပြစ်တင်မခံရတဲ့ပုံမျိုး” ဖမ်းနေတာပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ အချက်အချို့ရှိတယ်၊ သူက အဲဒီအချက်တွေကို ကိုယ်တိုင်တောင် ကြိုက်တာမဟုတ်ဘူး၊ အဲဒီအချက်တွေက ကျွန်တော်တို့ ပြောတဲ့ လူမျိုးရေး သုတ်သင်မှု၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ ရာဇ၀တ်မှု စတာတွေကို ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်မှာ ကျူးလွန်ခဲ့ကြတယ်၊ (ဒါပါပဲ။)” လို့ မစ္စတာ ရောဘတ်ဆင်က ပြောပြခဲ့ပါတယ်။

    ရိုဟင်ဂျာများဘက်ကနေ ဆောင်ရွက်ပေးနေတဲ့ အာရကန်ပရောဂျက်ခေါင်းဆောင် ခရစ်လီဝကတော့ ဦးဝင်းမြိုင်ရဲ့ မှတ်ချက်ကို ချက်ချင်းပယ်ချပြီး “ပျက်လုံးဖြစ်နေလို့ မှတ်ချက်ပေးစရာ မလိုပါဘူး” လို့ တုန့်ပြန်ခဲ့ပါတယ်။

    “ဒါမျိုးအမှန်ကို လက်မခံငြင်းပယ်တာက ရခိုင်မှာ ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေစေမှာပဲ” လို့ သူမက ဆိုပါတယ်။

  • ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူတွင် မွတ်စလင်မ် များအား ထိန်းချုပ် ကွပ်မျက်ပုံ

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media
    ရေးသူ- ဖိုးတာ

    မွတ်စလင်မ် မုန်းသူတိုင်း ဖတ်ဖြစ်အောင်ဖတ်ပါ။ မွတ်စလင်မ်များကို ကမ္ဘာက အတော်မျက်စိ စူးကြသည်။ ဂျပန်နိုင်ငံက မွတ်စလင်မ်တွေကို အကြမ်းနည်းတမျိုး၊ အနုနည်းတမျိုးနဲ့  မွတ်စလင်မ်တွေ ပွားမလာအောင် ထိန်းချုပ်လျက်ရှိသည် (ဖေ့စ်ဘွတ်တွင်ဖတ်ရသည်၊)

    japan2
    Screen Short from Mohammed Naeem FB

    ကိုးရီးယားတွင်လည်း မွတ်စလင်မ်များကို ကန့် သတ် ထိန်းချုပ်လျက်ရှိကြောင်း၊ ဖေစ်ဘွတ် တွင်ဖတ်ရသည်။ မွတ်စလင်မ်တွေ မနေနိုင်အောင် နှိပ်ကွပ်လိုက်လို့  အစ္စလာမ်ဆိုရင် ပျောက် ပါပျောက်သွားတယ်ဟုဆိုသည်။ ပိုစ့်ဓာတ်ပုံမှာတော့ ကားပြိုင်ပွဲ တွင် အလံကိုင်အချက်ပြတဲ့ မလုံတလုံကိုးရီးယားမော်ဒဲယ်မလေး။  မွတ်စလင်မ်ကို ထိန်းချုပ်တဲ့ သတင်းထက် မော်ဒဲယ် မလေးပုံကို ပိုစိတ်ဝင်စားသဖြင့် ထိုသတင်းဖတ်ဖြစ်သွားသည်။ တတ်လည်းတတ်နိုင်ပါပေ့ ပိုစ့်တင်ဆရာသမား။ လူ့ အကြိုက်နတ်မလိုက်ပေသိ ဗမာအကြိုက် ဗမာလိုက်နိုင်ဟု ဆိုရမလို။

    ဂျပန်နှင့် ကိုးရီးယားတွင်သာမက စင်္ကာပူတွင်လည်း မွတ်စလင်မ်များကို ထိန်းချုပ်ရန် မွတ်စလင်မ်များကို မွတ်စလင်မ် မဟုတ်သူများနှင့် လက်ထပ်ခွင့်မပေး။ ဤအချက်သည် မြန်မာအတော်များများ သိပြီးဖြစ်သည်။ ဖေ့စ်ဘွတ်တွင် ပိုစ့်များပျံ့ နေပြီးဖြစ်သည်။

    အချုပ်အားဖြင့်ဆိုရသော် ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူလိုနိုင်ငံများပင်လျှင် မွတ်စလင်မ်များကို နှိပ်ကွပ်သည်၊ ပျောက်သွားအောင်လုပ်ပစ်သည်၊ မျိုးမပွားအောင်ရည်ရွယ်ပြီး အခွင့်အရေး လာမှမပေး။ ရှင်းရှင်းပြောရလျှင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တို့ ကို မျက်နှာသာမပေး။ အသိအ မှတ်လည်းမပြု။ အစိုးရတွေကလည်း မွတ်စလင်မ်ဆို ရှိသမျှ အကုန်ပိတ်ပင်သည်။ ဖေ့စ်ဘွတ်မှ ဖတ်မိသော ပိုစ့်များက ဤသို့ ဤနှယ်ဆိုကြသည်။

    သို့ သော် — သို့ သော်။

    ဖေ့စ်ဘွတ်မှာ ပြောသမျှ မဟုတ်ကဟုတ်ကများသည်။ တလွဲချည်း အလွဲများသာဖြစ်သည်။ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူလို နိုင်ငံတွေက သူတို့ နိုင်ငံမှာ လူမျိုးရေး ဘာသာရေးမီး အလောင်ခံမယ်လို့  မြန်မာတွေသာထင်ကြသည်။ မလုံတလုံမိန်းကလေးပုံတွေနဲ့ ရောပြီး မွတ်စလင်မ် ဆန့်ကျင်ရေး သတင်းအမှား ပေးသူကပေး၊ အားရပါးရ ယုံသူကယုံ။ လက်တွေ့ ထို နိုင်ငံများတွင်  အစိုးရ တွေက မွတ်စလင်မ်ကို နှိပ်ကွပ်ရန် နေနေသာသာ၊ တိုင်းပြည်ခေါင်း ဆောင်များကိုယ်တိုင်က ယခုကဲ့သို့  ဥပုတ်လမြတ်တွင်  မွတ်စလင်များနှင့် အတူ တကြမ်းတည်းထိုင်၊ တသားတည်းဘေးချင်းယှဉ်ပြီး မျက်နှာချင်းဆိုင် ၀ါဖြေကြသည်။ July 17 နေ့ တွင် စင်္ကာပူဝန်ကြီးချုပ်က မွတ်စလင်မ် များနှင့်အတူ ၀ါဖြေခဲ့သည်။ တိုကျိုမြို့ တွင်လည်း စုပေါင်းဝါဖြေပွဲကို ခမ်းခမ်းနားနားကျင်းပပြီး နိုင်ငံပေါင်းမျာစွာမှ ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင်လည်း အစ္စလာမ်ဘာသာ ကို ချီးမွမ်းသည့် ဆောင်းပါး ထုတ်လွင့်ထားသည်။

    (အယ်ဒီတာ မှတ်ချက် – ဆောင်းပါး ဘာသာပြန် ဖတ်ရန်။ အခြား ဂျပန်မွတ်စလင်မ်ဆောင်းပါးများ – )

    1. ဂျပန်နိုင်ငံခြားရေးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြသော အစ္စလာမ်သာသနာ အပေါ်အမြင် ဆောင်းပါး  Link
    2. ဂျပန်ပြည်နဲ့ အစ္စလာမ်သာသနာ Link1   Link2 
    3. တိုကျိုမြိုမှ ဂျပန်မွတ်စလင်မ်များရဲ့ရမဿွန်(ဥပုတ်လ)စုပေါင်းဝါဖြေပွဲ http://goo.gl/VOAlU
    4.  တောင်ကိုရီးယားသမ္မတနိုင်ငံ နှင့် အစ္စလာမ်သာသနာ Link

    စင်္ကာပူတွင် မွတ်စလင်မ်များကို မွတ်စလင်မ်မဟုတ်သူများနှင့် လက်ထပ်ခွင့်ပိတ်ပင်သည်ဟု ဆိုသော သတင်းမှာလည်း လွဲနေသည်။ နဲနဲလွဲတာမဟုတ်၊ တမင် မြန်မာများကို လူတုံး လူညံ့ လူဖျင်းလို ဖြစ်အောင်၊ ဘာမှမသိတဲ့ မုန်းတီးရေးသမားလို စဉ်းစားအောင် ပြောဆို နေထိုင်အောင် ရည်ရွယ်ချက်ရှိရှိ အချက်အလက်မှားများကို ဖေ့စ်ဘွတ်မှတဆင့် တမင် ဖွခဲ့ခြင်းဖြစ်သည်။ စ-လယ်-ဆုံး အမှားများချည်းသာ။

    (အယ်ဒီတာမှတ်ချက် -ရည်ညွှန်းပိုစ်များ ဖတ်ရန်။)

    1. စင်္ကာပူနိုင်ငံ ထိမ်းမြားလက်ထပ်ရေး ဆောင်းပါး – http://goo.gl/Nb6Bx
    2. ဝန်ကြီးချူပ် Mr Lee Hsien Loong စင်္ကာပူမွတ်စလင်မ်များနှင့် အတူ ဝါဖြေပွဲဆင်နွှဲ Link

    အနောက်နိုင်ငံများကရော ဘယ်လိုလဲ။

    အမေရိကန်ပြည်ထောင်စု သမ္မတကိုယ်တိုင်က နှစ်စဉ် ၀ါဖြေပွဲအခမ်းအနားကျင်းပသည်။ July 16 ရက်နေ့ ကလည်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ၀ါဖြေပွဲကျင်းပရာ သံအမတ်ကြီးကိုယ် တိုင်တက်ရောက်ခဲ့သည်။ ရွေဗမာများ၊ ရွေရခိုင်များထင်သကဲ့သို့  ကမ္ဘာကြီးက မွတ်စလင်မ် တွေကို အခြောက်တိုက်မမုန်းပါ။ စင်္ကာပူမှာ ရွေဗမာတွေလို မွတ်စလင်မ် မုန်းရင် ၀န်ကြီးချုပ်က ကြမ်းပြင်ပေါ်မှာ မွတ်စလင်မ်များနဲ့ ဘေးခြင်းယှဉ်ပြီး ထိုင်စားမယ်မထင်ပါ။ အမေရိကန် သမ္မတ လည်း နှစ်စဉ် ပွဲလုပ်စရာမလိုပါ။ ဂျပန်အစိုးရ စာမျက်နှာမှာလည်း အစ္စလာမ်ကောင်းကြောင်း အရေးတယူ လုပ်ကာရေးမယ် မထင်ပါ။ မြန်မာပြည်မှာလို ကမ္ဘာက မုန်းတီးရေးသမားများ မဟုတ်ကြပါ။ အရှက်သိက္ခာ၊ လူ့ ဂုဏ်၊ နိုင်ငံ့ပုံရိပ်ထိန်းပြီး မကြိုက်ရင်တောင် မုန်းမပြပါဘူး။

    (အယ်ဒီတာမှတ်ချက် -ရည်ညွှန်းပိုစ်များ ဖတ်ရန်။)

    1. အမေရိကန်သမ္မတ၏ ရမသွာန်အခါ သမယ မွတ်စလင်မ်များတွက် ဆုတောင်း အမှာစကား Link
    2. မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးမှ အစ္စလာမ်ဘာသာဝင်တို့ ဥပုသ်ထွက် ဝါဖြေပွဲတည်ခင်းကျင်းပ Link

    ဖေ့စ်ဘွတ်မှ ဘယ်သူရေးမှန်းမသိသော ပိုစ့်များ၊ စာတိုစာတောင်းများဖတ်ပြီး မိမိကိုယ်မိမိ လူဖျင်း၊ လူတုံး၊ လူညံ့များအဖြစ်မခံပဲ သိချင်တာ မရှင်းတာရှိပါက ယခုလို အင်တာနက်ခေတ် တွင် ဂူဂယ်တချက်ခေါက်ပါက အဖြေ ၁၀ ခုမက ရလာပါလိမ့်မည်။ ဖေ့စ်ဘွတ်တွင် ရည်ရွယ် ချက်ရှိရှိ ဖြန့် နေသော မုန်းတီးရေးစာများသာဖတ်ပြီး လူ့ ငတုံးများအဖြစ်မခံပဲ အနည်းဆုံး ဂူဂယ်တွင်တော့ သိချင်တာများ ရှာဖတ်ပြီး လူညံ့ဖြစ်ခြင်းမှ ကင်းဝေးနိုင်ပါစေ။

    မွတ်စလင်မ်များနှင့် ကြမ်းပြင်ပေါ်တပြေးတည်းထိုင်ပြီး ဥပုတ်ဖြေသည့်  စင်္ကာပူဝန်ကြီးချုပ် သတင်းကို ဥပမာကောင်းယူပြီး လူညစ် လူယုတ်မာများ သတင်းမှားများဖြန့် ကာ မိမိ တို့ မြန် မာပြည်သူများအား လူသတ်ကောင်များဖြစ်အောင်၊ အနည်းဆုံး မုန်းတီးရေးဝါဒီ များဖြစ်အောင် လုပ်နေကြောင်း သတိပြုမိရန် ရည်ရွယ်ပါသည်။