News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၈)

    သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၈)

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ရှေးခေတ် ဂရိလူမျိုးတွေက ကျောက်ကပ်ဟာ သွေးရဲ့ မူလအစလို့ ယူဆခဲ့ကြပြီး၊ စားလိုက်တဲ့ အစားအသောက်တွေဟာ အူမကြီထဲကနေ သွေးကြော၊ သွေးကြောတွေကနေ အသည်းဆီကို ရောက်သွားတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အသည်းထဲမှာ သွေးဟာ ‘သဘာဝအသက်’ (natural spirit) နဲ့ ပြည့်လာပြီး အဲဒီကနေတစ်ဆင့် နှလုံးဆီကို သွားတယ်လို့ ဆိုပါတယ်။

    ခရစ်နှစ် ၂ ရာစုလောက်က ဂရိပညာသမားတော်နဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဂါလင် (Galen) က စူးစမ်းဖော်ထုတ်မှုတွေကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ သူက နှလုံးအတွင်းပိုင်းကို ကန့်ထားတဲ့နံရံ (cardiac septum) က မမြင်ရတဲ့ စိမ့်ပေါက်လေးတွေကနေတစ်ဆင့် သွေးဟာ နှလုံးရဲ့ ညာဖက်အခန်းကနေ ဘယ်ဖက်အခန်းကို စီးဆင်းပြီး အဲဒီမှာ အောက်ဆီဂျင်နဲ့ရောကာ အသက်ဇီဝိန်ကို ဖြစ်စေပြီးတဲ့နောက် ခန္ဓာကိုယ်တစ်ဝှမ်း ပြန့်နှံ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၁၇ ရာစု ဥရောပမှာ ၀ီလီယမ် ဟာဗေး (William Harvey) က သွေးလှည့်ပတ်မှုအကြောင်းနဲ့ နှလုံးရဲ့ အလုပ်လုပ်ပုံအကြောင်းကို သုတေသနပြု ဖော်ထုတ်နိုင်တဲ့အချိန်အထိ ဂါလင်ရဲ့ ဒီအယူအဆကို အမှန်အဖြစ် လက်ခံခဲ့ကြပါတယ်။ ဟာဗေးက နှလုံးဟာ သွေးလှည့်ပတ်မှုစနစ်ရဲ့ ဗဟိုချက်ဖြစ်တယ်လို့ ချပြခဲ့ပြီး လူ့ခန္ဓာကိုယ်မှာ သွေးဘယ်လိုလှည်ပတ်တယ်ဆိုတဲ့အကြောင်း ပထမဆုံး ရှာဖွေဖော်ထုတ်နိုင်သူအဖြစ် မှတ်ယူခံခဲ့ရပါတယ်။

    ဒါပေမယ့် ၁၉၂၄ ခုနှစ်မှာ အင်မတန်အရေးပါတဲ့ လက်ရေးမူတစ်ခုကို တွေ့ရှိခဲ့ပြီး အီဂျစ် သမားတော် ဒေါက်တာ မုဟ်ယီ အလ်-ဒင် အလ်-တတ္တာဝီ (Dr.Muhyi al-Deen al-Tattawi) က ကမ္ဘာသိအောင် ချပြခဲ့ပါတယ်။ ဒီလက်ရေးမူက အဆုတ်ရဲ့သွေးလှည့်ပတ်မှုအကြောင်း ပထမဆုံး ဖော်ထုတ်မှုဖြစ်ပြီး ဟာဗေးမတိုင်ခင် တော်တော်လေး စောစောကတည်းက သိရှိခဲ့တယ်ဆိုတဲ့ အထောက်အထားပါပဲ။

    Commentary on the Anatomy of the Canon of Avicenna (အဗီဆီနာ၏  ခန္ဓာဗေဒ စည်မျဉ်းအား ဖွင့်ဆိုချက်) လို့အမည်ပေးထားတဲ့ ဒီလက်ရေးမူကို ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ မွေးဖွားခဲ့တဲ့ အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Nafis) က သက္ကရာဇ် ၁၂၁၀ လောက်မှာ ရေးသားခဲ့တာဖြစ်ပြီး သူဟာ ဆေးရုံတွေရဲ့အစလို့ ပြောလို့ရတဲ့ အလ်-နူရီ ဆေးရုံကြီးမှာ ပညာသင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့အခါမှာ အလ်-နာဖစ်ဟာ ဘုရင် ဆာလာဒင် (Saladin) တည်ထောင်ခဲ့တဲ့ နာဆီရီဆေးရုံ (Nasiri) ရဲ့ ဆေးရုံအုပ်ကြီးအဖြစ် ထမ်းဆောင်ဖို့ အီဂျစ်ဆူလ်တန်ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။

    သမားတော်တစ်ယောက်၊ အာဏာပိုင်းတစ်ယောက်အဖြစ် နေ့မအား၊ ညမနား ကျင်လည်ခဲ့ရတဲ့ အလ်-နာဖစ်ဟာ Commentary on the Anatomy of the Canon of Avicenna စာအုပ်အပါအ၀င် ဆေးဘက်ဆိုင်ရာ ကျမ်းစာအုပ်ပေါင်း မြောက်များစွာကို ရေးသားခဲ့ပါတယ်။

    အဗီဆီနာ (အစ်ဗနေ့ဆီနာဟုလည်း ခေါ်ဝေါ်သည်) ဟာ စွယ်စုံရ မွတ်စလင်ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ဒဿနဗေဒ၊ ဥပဒေ၊ ဆေးပညာ စတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်နှံ့စပ်သူတစ်ဦးပါ။ အဗီဆီနာရဲ့ ခန္ဓာဗေဒ စည်းမျဉ်းတွေကို ဖွင့်ဆိုတဲ့ အလ်-နာဖစ်ရဲ့ ဒီကျမ်းဟာ သူ့ရဲ့ ကိုယ်ပိုင်အားထုတ်မှုလည်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အလ်-နာဖစ်ဟာ အဆုတ်အတွင်း သွေးလည်ပတ်မှုအကြောင်းကို ဖော်ပြခဲ့ပြီး၊ နှလုံးနဲ့ အဆုတ်တွေရဲ့ အခန်းကဏ္ဍ၊ ရှူသွင်းလိုက်တဲ့လေနဲ့အတူ ထိတွေ့ပြီး အဆုတ်ထဲမှာ သွေးက သန့်စင်သွားမှု စတဲ့အကြောင်းတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

    အဆုတ်ထဲမှာ သွေးက ဘယ်လိုလည်ပတ်သလဲဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ နာဖစ်ဟာ သွေးက နှလုံးရဲ့ အခန်းတစ်ခုထဲကနေ အဆုတ်ကို စီးဆင်းသွားပုံ၊ အဲဒီကနေတစ်ဆင့် နှလုံးရဲ့ နောက်ထပ်အခန်းတစ်ခုကို ပြန်လာပုံကို အခြေခံခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အဆိုအရ သွေးဟာ ‘နျူမာ’ (pneuma) လို့ခေါ်တဲ့ အဆုတ်ထဲကလေနဲ့ပေါင်းကာ သန့်စင်သွားပြီး သွေးလွှတ်ကြောတွေကနေတစ်ဆင့် ခန္ဓာကိုယ်တစ်ဝှမ်းလုံးကို ပြန့်နှံသွားပါသတဲ့။ ဒီဖော်ထုတ်မှုအရ နှလုံးရဲ့ ညာဖက်အခန်းက ပြန်လာတဲ့ သွေးတွေဟာ (အဆုတ်ထဲမှာ အောက်ဆီဂျင်နဲ့ပေါင်းက သန့်စင်ပြီး) အဆုတ်ကို ဖြတ်ကာ နှလုံးရဲ့ ဘယ်ဖက်အခန်းထဲကို ၀င်သွားပြီး သွေးလွှတ်ကြောတွေကနေတစ်ဆင့် စီးဆင်းတယ်လို့ ဆိုရပါလိမ့်မယ်။

    ၁၃ ရာစု မွတ်စလင်စွယ်စုံရပညာရှင်ကြီး အစ်ဗနေ့ အလ်-နာဖစ်

    “နှလုံးရဲ့ ညာဖက်အခန်းက သွေးဟာ ဘယ်ဖက်အခန်းကို လုံးဝ ရောက်ရမယ်။ ဒါပေမယ့် ဒီအခန်းနှစ်ခု ကြားထဲမှာ တိုက်ရိုက်လမ်းကြောင်း မရှိပါဘူး။  သူတို့ကြားထဲက ကန့်ထားတဲ့နံရံထူ (septum) မှာ အပေါက် ဒါမှမဟုတ် ဂါလင်နဲ့ တစ်ချို့လူတွေ တွေးထင်ခဲ့သလို မမြင်ရတဲ့ စိမ့်ပေါက်မျိုး၊ မြင်ရတဲ့ စိမ့်ပေါက်မျိုး မရှိပါဘူး။ ညာဖက်အခန်းက သွေးဟာ အဆုတ်နဲ့ဆိုင်တဲ့ သွေးလွှတ်ကြောကနေ အဆုတ်ကို စီးဆင်းရမယ်။ ဒြပ်တွေပြန့်နှံ့ကာ လေနဲ့ရောသွားပြီး အဆုတ်နဲ့ဆိုင်တဲ့ သွေးပြန်ကြောကနေ နှလုံးရဲ့ ဘယ်ဖက် အခန်းကို ရောက်ရှိပါတယ်” လို့ အလ်-နာဖစ်က ရေးသားခဲ့ပါတယ်။

    ခေတ်သစ်မှာတော့ ဒီဖြစ်စဉ်ကို ‘သွေးလှည့်ပတ်မှု’ လို့ခေါ်ပါတယ်။ သန့်စင်မှုမရှိတဲ့သွေးတွေဟာ ‘ဗီနာ ကေဗာ’ (vena cava) လို့ခေါ်တဲ့ သွေးပြန်ကြောကြီးကနေတစ်ဆင့် နှလုံးရဲ့ ညာဖက်က သွေးဝင်ခန်း(atrium) ကို ရောက်ရှိလာပါတယ်။ ဒီ သန့်စင်မှုမရှိတဲ့ သွေးတွေနဲ့ ပြည်သွားတဲ့အခါ သွေးဝင်ခန်းဟာ ကြုံ့သွားပြီး သူ့ဆီက သွေးတွေကို တစ်ဖက်ပိတ်အဆို့ရှင်ကနေတစ်ဆင့် ညာဖက်သွေးလွှတ်ခန်း (ventricle) ကို ညှစ်ထုတ် ပို့ဆောင်ပေးပါတယ်။ ညာဖက် သွေးလွှတ်ခန်းမှာ သွေးတွေပြည့်သွားတဲ့အခါ သူလည်း ကြုံ့သွားပြီး သွေကို အဆုတ်သွေးလွှတ်ကြောဆီ ပို့ဆောင်ပေးကာ၊ အဆုတ်က သွေးကြောလေးတွေဟာ သွေးထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို အောက်ဆီဂျင်အဖြစ် ပြောင်းလဲပေးပါတယ်။ အောက်ဆီဂျင်ကြွယ်ဝတဲ့သွေး ဖြစ်လာတဲ့အခါမှာတော့ အဆုတ်သွေးပြန်ကြောထဲကို ၀င်ရောက်သွားပြီး ဘယ်ဖက် သွေးဝင်ခန်းကနေတစ်ဆင့် နှလုံးဆီကို ပြန်ရောက်ပါတယ်။ အဲဒီသွေးဝင်ခန်းမှာ သွေးပြည့်သွားတဲ့အခါ နှလုံးရဲ့ ဘယ်ဖက်သွေးလွှတ်ခန်းကို ပို့ဆောင်ပေးပြီး၊ သွေးကြောမကြီးနေတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးက ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။

    နောက်ထပ် နှစ်ပေါင်း ၃၀၀ နောက်ပိုင်း အစ်ဗနေ့ အလ်-နာဖစ်ရဲ့ လက်ရာအချို့ကို ‘ဘဲလ်လူနိုက အလ်ပါဂို’ (Alpago of Belluno) က ၁၅၄၇ ခုနှစ်မှာ လက်တင်ဘာသာကို ဘာသာပြန်ဆိုမှသာ ဒီလိုအရေးပါတဲ့ ဖော်ထုတ်တွေ့ရှိချက်ကို ဥရောပက သိရှိတာ ဖြစ်ပါတယ်။ ဒီဘာသာပြန် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မီခေးလ် ဆာဗီတက်စ် (Michael Servetus) ဆိုသူက ၁၅၅၃ ခုနှစ်မှာ သူ့ရဲ့ Christianismi Restitutio ဆိုတဲ့စာအုပ်၊ ရီယဲလ်ဒက် ကိုလမ်ဘို (Realdus Colombo) က ၁၅၅၉ ခုနှစ်မှာ De re Anatomica ဆိုတဲ့ စာအုပ်တွေမှာ ရေးသားမှုအပါအ၀င် ဒီဖြစ်စဉ်ကို ရှင်းပြဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး ၁၆၂၈ ခုနှစ်မှာ ဆာ ၀ီလီယံ ဟာဗေး (Sir Willian Harvey) က အောင်မြင်ခဲ့ပြီး သွေးလှည့်ပတ်မှုကို ရှာဖွေဖော်ထုတ်သူအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် နှလုံးကနေ အဆုတ်ကို သွေးလှည့်ပတ်မှုအကြောင်း ရှေ့ပြေးဖော်ထုတ်ခဲ့သူ အစ်ဗနေ့ အလ်-နာဖစ်က အမေ့ခံ ဖြစ်ခဲ့ကာ၊ သူကွယ်လွန်ပြီး နှစ်ပေါင်း ၇၀၀ ကြာတဲ့အချိန် ၁၉၅၇ ခုနှစ် အရောက်မှာမှ ဒီတွေ့ရှိချက်အတွက် အလ်-နာဖစ်ဟာ အသိအမှတ်ပြု ခံခဲ့ရပါတယ်။

    သွေးလှည့်ပတ်မှုစနစ်

    နှလုံးကနေ အဆုတ်ကို သွေးလှည့်ပတ်မှု စနစ် – ညစ်ညမ်းတဲ့သွေးကို အောက်ဆီဂျင်နဲ့ရောပြီး သန့်စင်အောင်လုပ်တဲ့စနစ် – ကို ၁၃ ရာစုမှာ အစ်ဗနေ့ အလ်-နာဖစ်က ရှင်းပြနိုင်ခဲ့ပါတယ်။ နှလုံးရဲ့ ညာဖက်သွေးလွှတ်ခန်းက အောက်ဆီဂျင်မပါတဲ့ သွေးတွေကို အဆုတ်သွေးလွှတ်ကြောတွေကနေတစ်ဆင့် အဆုတ်ကို ပို့ပေးပြီး အဆုတ်က သွေးကို အောက်ဆီဂျင်ပြည့်ဝအောင်လုပ်ပေးကာ အဆုတ်သွေးပြန်ကြော တွေကနေတစ်ဆင့် နှလုံးရဲ့ ဘယ်ဖက် သွေးဝင်ခန်း စီးဝင်စေတာပါ။  ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ဖြစ်စဉ် တစ်ခုလုံးဖြစ်တဲ့ ဘယ်ဖက်သွေးလွှတ်ခန်းကနေ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းမှုစနစ်ကိုတော့ ၁၇ ရာစုနှစ်မှာ ၀ီလီယံဟာဗေးက တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • မွတ်စလင်ခရီးသွားများအတွက် ကင်ညာက ဟာလာလ်စံနှုန်းများကို အဆင့်မြှင့်မည်

    မွတ်စလင်ခရီးသွားများအတွက် ကင်ညာက ဟာလာလ်စံနှုန်းများကို အဆင့်မြှင့်မည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    – နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် မွတ်စလင်ခရီးသည်များ ပိုမိုလာရောက်နိုင်ရေးအတွက် ကင်ညာနိုင်ငံမှာ နိုင်ငံတကာ အသိအမှတ်ပြု ဟာလာလ်လက်မှတ်ရရှိရေး စံနှုန်းများကို မြှင့်တင်နေသည်ဟု ကင်ညာ ခရီးသွား စည်းမျဉ်းစည်းကမ်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (TRA) က ပြောကြားလိုက်သည်။

    ကင်ညာနိုင်ငံသို့ မွတ်စလင်ခရီးသွားများ လာရောက်မှုမှာ မြင့်တက်လာနေပြီး ၂၀၁၅ ခုနှစ်တွင် ယူအေအီးနိုင်ငံမှ လာရောက်သူ ၄၀၈၇၅ ဦး ရှိခဲ့ကာ ၂၀၁၄ ခုနှစ်က ၂၄၈၂၈ ဦးထက် မြင့်တက်လာခြင်းဖြစ်သည်။

    TRA မှ ညွှန်ကြားရေးမှူးချုပ် လာဂတ် ကစ်ပ်ကိုရာက ဟာလာလ်စံနှုန်းများ ဖော်ဆောင်ရာတွင် စံသတ်မှတ်ရေးဗျူရိုနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    “မူကြမ်းရေးဆွဲတာ၊ သက်ဆိုင်သူတွေ ပါဝင်စေတာ၊ အရည်အသွေးစိတ်ချရအောင် ပြင်ဆင်တာ၊ ပစ္စည်းအသစ် မထုတ်လုပ်ခင် လေ့ကျင်သင်ကြားပေးတာတွေနဲ့ပတ်သက်လို့ အသေးစိတ်ကို ကျွန်တော်တို့ စီစဉ်ပြီးပါပြီ” ဟု ကစ်ပ်ကိုရာက ဆိုသည်။

    ထို့ပြင် အသက်အရွယ်နှင့် နေရာဒေသကိုလိုက်၍ မွတ်စလင်များ၏ ၀ယ်လိုအားက ခြားနားကြောင်း၊ ထို့ကြောင့် ၀န်ဆောင်မှုပေးရေး၊ နေရာထိုင်ခင်းပေးရေးတို့တွင် ဟာလာလ်နည်းကျ ဆောင်ရွက်နိုင်ရန် သေချာအောင် ဆောင်ရွက်နေကြောင်း၊ ညွှန်ကြားချက်များ၊ စံနှုန်းများကို အကောင်အထည်ဖော်ရာတွင် ငွေကြေးထောက်ပံ့ရေး ကိစ္စများ ဆောင်ရွက်နိုင်ရန် အကြံအဉာဏ်ရယူမှုများကို လုပ်ဆောင်နေကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    ကင်ညာမှာ ယခုနှစ်နှောင်းပိုင်းတွင် ‘နိုင်ငံတကာ ဟာလာလ်ညီလာခံ’ တစ်ခုကို လက်ခံကျင်းပရန် ရှိနေပြီး၊ ယခု ဟာလာလ်စံနှုန်းများ အပြီးသတ် သတ်မှတ်နိုင်ရေး ၆ လခန့်ကြာမြင့်မည်ဖြစ်သည်။

    Ref : Daily Nation

  • ဖလော်ရီဒါရှိ ဗလီမီးရှို့သူကို အမေရိကန်က ထောင် နှစ် ၃၀ ချ

    ဖလော်ရီဒါရှိ ဗလီမီးရှို့သူကို အမေရိကန်က ထောင် နှစ် ၃၀ ချ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    မီးရှို့ခံခဲ့ရသည့် ဗလီဝတ်ကျောင်းတော်

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ ဗလီဝတ်ကျောင်းတော်အား မီးရှို့ခဲ့သူ အမျိုးသားကို အမေရိကန်တရားရုံးက တနင်္လာနေ့တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၃၂ နှစ်အရွယ် ဂျိုးဆက်ပ် ရှရီဘာဆိုသူဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းက Islamic Center of Fort Pierce ဗလီဝတ်ကျောင်းတော်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဗလီမှာ အော်လန်ဒိုရှိ လိင်တူချစ်သူ နိုက်ကလပ်တစ်ခုကို ဇွန်လက ၀င်ရောက်ပစ်ခတ်ခဲ့ပြီး လူ ၄၉ ဦး သေဆုံးစေခဲ့သူ သေနတ်သမား အိုမာရ် မာတင် သွားရောက်လေ့ရှိရာ ဗလီလည်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် ဗလီဝတ်ကျောင်းတော်ထဲတွင် မည်သူမှ ရှိမနေဘဲ ဂျိုးဆက်ပ်က မီးရှို့မှုမှာ မာတင်နှင့် ဆက်စပ်သောကြောင့် မဟုတ်ဟု ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။

    ဂျိုးဆက်ပ်ကို အခင်းဖြစ်ပွားပြီး ၂ ရက်အကြာတွင်ပင် ဖမ်းဆီးနိုင်ခဲ့ပြီး၊ တစ်ဖက်သား အကျိုးယုတ်စေရန် ရည်ရွယ်သော မီးရှို့မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ အဆိုပါစွဲချက်မှာ ဖလော်ရီဒါပြည်နယ်တွင် အမုန်းရာဇ၀တ်မှုအတွက် အသုံးပြုသော စွဲချက်လည်း ဖြစ်သည်။

    တရားစွဲဆိုထားမှုအရ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော်လည်း တရားသူကြီး စတီဗ် ဂို့စ်နဲလ်က တနင်္လာနေ့တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။

    “ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဖြစ်ဖြစ် ၀တ်ပြုရာနေရာကို တစ်ဦးတစ်ယောက်က တိုက်ခိုက်တာဟာ စက်ဆုပ်စရာ ကောင်းပါတယ်” ဟု တရားသူကြီးက ပြောကြားခဲ့သည်။

    မီးရှို့ခဲ့သူ ဂျိုးဆက်ပ် ရှရီဘာ

    Ref: Reuters

  • အစ္စလာမ့်နည်းကျ ၀တ်ပြုဆုတောင်းပြီး၊ ဥပုသ်သီလလည်း ဆောက်တည်ဖူးတယ်လို့ လင်ဆေးလိုဟန် ပြော

    အစ္စလာမ့်နည်းကျ ၀တ်ပြုဆုတောင်းပြီး၊ ဥပုသ်သီလလည်း ဆောက်တည်ဖူးတယ်လို့ လင်ဆေးလိုဟန် ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၇
    M-Media

    – ဟောလီးဝုဒ်က နာမည်ကျော် မင်းသမီး လင်ဆေးလိုဟန်က သူမအနေနဲ့ အစ္စလာမ်က ပြသထားတဲ့ နည်းအတိုင်း ၀တ်ပြုဆုတောင်းဖူးပြီး၊ ရမ်ဇာန်ဥပုသ်လမှာလည်း ၃ ရက်တိတိ ဥပုသ်သီလ ဆောက်တည်ဖူးတယ်လို့ ကူဝိတ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဖွင့်ဟလိုက်ပါတယ်။

    ၂၀၁၅ ခုနှစ် ဘရွတ်ကလင်းမှာ ကုရ်အာန်ကျမ်းတော်မြတ်ပိုက်ကာ လမ်းလျှောက်လာတဲ့ ဓာတ်ပုံတွေကြောင့် လင်ဆေးလိုဟန်နဲ့ အစ္စလာမ်သာသနာ ပတ်သက်မှုအကြောင်း သို့လောသို့လော ဖြစ်ခဲ့ရပါတယ်။ လင်ဆေးလိုဟန်ကတော့ သူမရဲ့ အခင်ဆုံးသူငယ်ချင်းက ကုရ်အာန်စာအုပ် ပေးခဲ့တာကြောင့် ဖတ်ဖြစ်နေကြောင်း၊ ကုရ်အာန်ဖတ်ခြင်းအားဖြင့် စိတ်ကို တည်ငြိမ်စေကြောင်း ဖွင့်ဟခဲ့ပါတယ်။

    ဇန်န၀ါရီလအတွင်းက သူမရဲ့ Twitter စာမျက်နှာ ကိုယ်ရေးအချက်အလက်မှာ အစ္စလာမ်သာသနာရဲ့ မေတ္တာပို့ဆုတောင်းစာကို အင်္ဂလိပ်ဘာသာစကားနဲ့ ထည့်သွင်းရေးသားခဲ့တာကြောင့် လိုဟန်ဟာ အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်နေပြီလို့ ကောလဟာတွေ ထွက်ပေါ်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် လင်ဆေးလိုဟန်က ဒီကိစ္စကို အတည်ပြု ပြောကြားခြင်း မရှိခဲ့ပါဘူး။

    ကူဝိတ်က ရိုအာဘစ် ရာရှစ်တင်ဆက်ပြီး Yotube မှာ လွှင့်တင်လေ့ရှိတဲ့ Siwar Shoaib အစီအစဉ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြေကြားခဲ့ရာမှာတော့ လိုဟန်က သူ့အနေနဲ့ အစ္စလာမ့်နည်းလမ်းအတိုင်း ၀တ်ပြုဆုတောင်းဖူးကြောင်း၊ ရမ်ဇာန်ဥပုဒ်လမှာလည်း ဥပုသ်သီလ ၃ ရက်တိတိစောင့်ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

    “ခက်တော့ ခက်ခဲတာပေါ့ရှင်။ ဒါပေမယ့် ကောင်းပါတယ်။ စိန်ခေါ်မှုကို ကျွန်မ နှစ်သက်တယ်။ ကျွန်မ တကယ်လုပ်နိုင်ရဲ့လားဆိုတာကို ကြည့်ချင်တယ်” လို့ လိုဟန်က ဆိုပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်ကို ဘယ်လောက် ဖတ်ထားလဲလို့ မေးတဲ့အခါမှာတော့ လိုဟန်က ၁၅ ရွက်ဖတ်ထားကြောင်း အင်္ဂလိပ်ဘာသာပြန်ကို ဖတ်တာဖြစ်ပြီး၊ ဖုန်းထဲမှာလည်း ထည့်ပြီးနားထောင်ကြောင်း၊ အစပဲ ဖတ်ထားတာဖြစ်တဲ့အတွက် ဘာမှ မပြောချင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ မွတ်စလင်တစ်ယောက်ဖြစ်နေပြီလားဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။

    Ref: Alarabiya

  • ယူကေဗလီများ၏ တံခါးဖွင့်လှုပ်ရှားမှု အောင်မြင်

    ယူကေဗလီများ၏ တံခါးဖွင့်လှုပ်ရှားမှု အောင်မြင်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၇
    M-Media

    – အစ္စလာမ်သာသနာ၊ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ မှားယွင်းတဲ့ယူဆချက်တွေကို တန်ပြန်ဖို့အတွက် အင်္ဂလန်က ဗလီဝတ်ကျောင်းတော်တွေဟာ တံခါးဖွင့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

    Visit My Mosque လိုအမည်ပေးထားတဲ့ အဲဒီလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ယူကေနိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀ ကျော်လောက် ပါဝင်ခဲ့ကာ ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းပေါင်းစုံက လာရောက်လည်ပတ်သူတွေလည်း မြောက်များစွာ ရှိခဲ့ပါတယ်။

    ဒီလှုပ်ရှားမှုကို ဂရိတ်ဗြိတိန် မွတ်စလင်ကောင်စီ (MCB) က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

    ဗြိတိန်ရဲ့ ဒုတိယအကြီးဆုံ ဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ ဘာမင်ဂမ်က Paigham-e-Islam မှာတော့ တက်ရောက်လာကြသူတွေဟာ အစ္စလာမ့် ဥပဒေ၊ ရှရီအာဥပဒေ၊ ခရစ်တော်အပေါ် မွတ်စလင်တွေရဲ့အမြင်၊ IS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ရေး ဗလီဝတ်ကျောင်းတော်တွေရဲ့ ဆောင်ရွက်နေမှု စတဲ့ မေးခွန်းပေါင်းမြောက်များစွာကို မေးမြန်းခဲ့ကြပါတယ်။

    မွတ်စလင်တွေရဲ့ ၀တ်ပြုဆုတောင်းမှုအကြောင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ရှင်းပြခဲ့သလို၊ အကျွေးအမွေးတွေနဲ့လည်း ဧည့်ခံခဲ့ကြပါတယ်။

    ယူကေအတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်က လန်ဒန်မြောက်ပိုင်းမှာ ဖစ်ရှ်ဘူရီပါ့က်က ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်ခဲ့ပြီး Twitter စာမျက်မှာ “လက်ဖက်ရည် အတူတူထိုင်သောက်တာဟာ တံတိုင်းကာဖို့ ကွန်ကရစ်လောင်းတာထက် ပိုပြီး ထိရောက်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    MCB တာဝန်ရှိသူ အန်ဒရက်ဇ် ရှာရစ်ဖ်က ဒီဗလီဝတ်ကျောင်းတော် တံခါးဖွင့်လှုပ်ရှားမှုဟာ မွတ်စလင်တွေနဲ့ အခြားလူ့အဖွဲ့အစည်းတွေအကြား ဆက်ဆံရေး ခိုင်မာအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ငြင်းခုံမှုတွေအစား ဆွေးနွေးမှုတွေကို ကျွန်တော်တို့ ဖန်တီးချင်ပါတယ်။ ငြင်းခုံမယ်ဆိုရင် ကိုယ်အနိုင်ရဖို့ ရည်ရွယ်ချက်ပါမယ်။ ဒါပေမယ့် ဆွေးနွေးမှုကတော့ ကိုယ့်ရဲ့ အယူအဆတွေကို မျှဝေတာမျိုးပါ” လို့ ရှာရစ်ဖ်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာလည်း ယူကေက ဗလီဝတ်ကျောင်းတော်တွေဟာ ဒီလို တံခါးဖွင့်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်ပေါင်း ၈၂ ခု ပါဝင်ခဲ့ကာ ဒီနှစ်မှာတော့ ၂ ဆနီးပါးလောက် များပြားလာခဲ့တာ ဖြစ်ပါတယ်။

    ရှာရစ်ဖ်က လက်ယာစွန်းရောက်သဘောထားတွေ မြင့်တက်လာနေတဲ့အချိန် မွတ်စလင်တွေဟာ သူတို့ရဲ့ အယူအဆတွေကို မျှဝေဖို့ စိတ်အားထက်သန်တဲ့အတွက်လည်း ချီးကျူးခဲ့ပါတယ်။

    ဒီ တံခါးဖွင့်လှုပ်ရှားမှုကို တက်ရောက်လာသူတစ်ဦးဖြစ်တဲ့ ဂျီအို့ဖ် ဂါလဂ်ဟာက သူတို့အနေနဲ့ ဒီအစီအစဉ်ကနေ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပြီး မွတ်စလင်တွေနဲ့ပတ်သက်တဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အမြင်တွေကို ဖယ်ရှားဖို့အတွက် နိုင်ငံတစ်ဝှမ်းမှာ ဒီလို လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေးတည်ဆောက်မှုတွေ မကြာခဏ လုပ်သင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။

    “မွတ်စလင်တွေဟာ အကြမ်းဖက်လိုတဲ့ ဘာသာရေးအုပ်စုမဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ လူတိုင်းနားလည်ဖို့အတွက် နိုင်ငံတစ်ဝှမ်းမှာ လုပ်သင့်ပါတယ်”

    ယူကေလူဦးရေရဲ့ ၅ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၃ သန်းဝန်းကျင်လောက်ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေ ဖြစ်ပြီး သူတို့ထဲက ထက်ဝက်လောက်ဟာ ယူကေဖွားတွေ ဖြစ်ကြပါတယ်။

    Ref: Aljazeera