News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • အထင်မြင် လွဲမှားမှုများ ချေဖျက်ရန် ဗလီမှ ဟောပြောမှုများ မည်သူမဆို နားထောင်နိုင်ရန် သြဇီ မွတ်စလင်များ စီစဉ်

    အထင်မြင် လွဲမှားမှုများ ချေဖျက်ရန် ဗလီမှ ဟောပြောမှုများ မည်သူမဆို နားထောင်နိုင်ရန် သြဇီ မွတ်စလင်များ စီစဉ်

    စက်တင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    AussieMuslims-Open-Mosques,-Defeat-Fear
    – အစ္စလာမ်သာသနာနှင့် ပတ်သက်၍ နိုင်ငံအတွင်း အထင်လွဲမှုများ မြင့်တက်လာနေသည့်အတွက် မိမိတို့ သာသနာအား ပိုမိုနားလည်စေရန်နှင့် အထင်အမြင် လွဲမှားမှုများကို ဖြေရှင်းရန် မည်သူမဆို လာရောက်နားထောင်နိုင်မည့် အစ္စလာမ်အကြောင်း ဟောပြောမှုများကို ကွင်းစ်လန်းရှိ ဗလီဝတ်ကျောင်းတော်များတွင် ပုံမှန် စီစဉ်သွားမည်ဟု သိရသည်။

    “ကွင်းစ်လန်း ဗလီဝတ်ကျောင်းတော်နေ့ကို ကျွန်တော်တို့ ဆောင်ရွက်ချင်ပါတယ်။ အဲဒီနေ့မှာ အစ္စလာမ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တင်ပြသွားမှာဖြစ်ပြီး ရက် အတိအကျကို မကြာခင်ကြေညာသွားပါမယ်” ဟု ကွင်းစ်လန်းရှိ Holland Park နှင့် Logan မွတ်စလင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အလီကဒ်ရီက Brisbane Times သတင်းစာသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းရှိ လူမျိုစုများကြား အာဏာလုပွဲများ အဆက်မပြတ်ဖြစ်ပေါ်နေသည့် ဂယက်ကြောင့် သြစေတြေးလျတွင် အစ္စလာမ်အပေါ် အထင်အမြင် လွဲမှားမှုများမှာလည်း မြင့်တက်လာခဲ့ပြီး ယခုလအစောပိုင်းက လိုဂန်ဒေသရှိ ဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် မွတ်စလင်ဆန့်ကျင်ရေး စာရွက်များကို ကြဲချခဲ့ကြသည်။

    “ပြဿနာက ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာဝင်တွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ တရားဓမ္မကို မသင်ပေးဘူးဆိုရင်၊ အစွန်းရောက်တွေကပြောတဲ့ လွဲမှားတဲ့ ပုံစံတွေကို YouTube ကနေ တဆင့် သူတို့ သိရှိသွားပါလိမ့်မယ်။ ဒါ့ကြောင့် လူတွေ ဗလီကိုလာပြီး အစ္စလာမ်ရဲ့ မှန်ကန်တဲ့ အဓိပ္ပါယ်ကို သင်ကြားစေချင်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ ဆေးပညာကို လေ့လာချင်တယ်ဆိုရင် ဆေးတက္ကသိုလ်ကို သွားရမှာပါ။ ကားဂိုးထောင်ထဲ သွားလို့မရပါဘူး” ဟု အလီကဆိုသည်။

    ထိုအစီအစဉ်နှင့်ပတ်သက်၍ သြစတေးလျဝန်ကြီးချုပ် ကမ်းဘဲလ် နယူးမန်းက ကြိုဆိုခဲ့ပြီး ကွင်းစ်လန်းပြည်သူများကိုလည်း အဆိုပါ အစီစဉ်သို့ သွားရောက်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် မွတ်စလင်များအား အားပေးသည့်နေဖြင့် သောကြာနေ့တွင်ပြုလုပ်မည့် အဆိုပါအစီအစဉ်သို့ တက်ရောက်မည်ဟု ၎င်းက ကတိပြုခဲ့သည်။

    “ဒီမိုကရေစီနဲ့၊ လူမျိုးဘာသာပေါင်းစုံရှိတဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းကို ချစ်မြတ်နိုးတဲ့ ကွင်းစ်လန်း ပြည်သူတွေအနေနဲ့ အယူဝါဒကောင်းတစ်ခုရဲ့ လက္ခာပုံရိပ်တွေကို ရှာဖွေဖို့စူးစမ်းဖို့ တိုက်တွန်းပါတယ်” ဟု နယူးမန်းကဆိုသည်။

    IS အဖွဲ့ဝင်များက သြစတေးလျတွင် အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်မည်ဟု သတင်းများရရှိခဲ့သောကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် သြစတေးလျ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆစ်ဒနီနှင့် ဘရစ္စဘိန်းမြို့များတွင် အကြမ်းဖက်တိုက်ဖျက်ရေး စီးနင်းမှုကို ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးခဲ့သည်။

    နယူးမန်းကမူ မွတ်စလင်ဆန့်ကျင်ရေး စာရွက်များဖြန့်ဝေမှုကိုဝေဖန်ခဲ့ပြီး ထိုလုပ်ရပ်မှာ မိမိတို့လူ့အဖွဲ့အစည်းကို ပြိုကွဲအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အစ္စလာမ်ဘာသာအား အသုံးချနေသည့် ရာဇ၀တ်ကောင်များနှင့် ပတ်သက်၍သာ စီးနင်းမှုများကို ပြုလုပ်ခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    “ပြဿနာက အစ္စလာမ်ကြောင့်မဟုတ်ပါဘူး။ ပထ၀ီနိုင်ငံရေးကြောင့်၊ ပြီးတော့ လက်ရှိအချိန် ဖြစ်နေတဲ့ နိုင်ငံတကာ ဆက်ဆံရေးကြောင့် ပါပဲ” ဟု အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများနှင့် ပတ်သက်၍ အလီက မှတ်ချက်ပြုခဲ့သည်။

    ထို့ပြင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ထဲက ပေါ်ထွက်လာခဲ့သည့် အစ္စလာမ်သာသနာအား ခေတ်ပေါ် အကြမ်းဖက်ဝါဒကိုကြည့်၍ ဆုံးဖြတ်၍ မရကြောင်း၊ အကြမ်းဖက်သူ အရေအတွက်မှာ အနည်းငယ်သာရှိပြီး သန်းထောင်ချီသော အစ္စလာမ်သာသာဝင် အများစုမှာ ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းစွာ နေထိုင်ကြကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

  • ဗာဂျီးနီးယားရှိ တက္ကသိုလ် တစ်ခုတွင် ဟီဂျဘ်ပွဲတော် တစ်ခုပြုလုပ်

    ဗာဂျီးနီးယားရှိ တက္ကသိုလ် တစ်ခုတွင် ဟီဂျဘ်ပွဲတော် တစ်ခုပြုလုပ်

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    WestVirginia-Students-Try-Muslims-Hijab
    – အစ္စလာမ်သာသနာက သတ်မှတ်ထားသည့် ဟီဂျဘ်အကြောင်း သိရှိစေရန်နှင့် လွဲမှားသော အမြင်များအား ပြင်ဆင်ရန် အတွက် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားရှိ Marshall တက္ကသိုလ်မှ မွတ်စလင် ကျောင်းသားများက ဟီဂျဘ်ပွဲတော် တစ်ခု ပြုလုပ်ကာ အစ္စလာမ် ဘာသာဝင်မဟုတ်သည့် ကျောင်းသူများ ဟီဂျဘ်ဝတ်ဆင်ခြင်း အတွေ့အကြုံကို ခံစားစေခဲ့သည်ဟု သိရသည်။

    ဟီဂျပ်ပွဲတော်ကို အဆိုပါ တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများ အဖွဲ့က ဦးဆောင်ကာ ကျောင်းဝင်း အတွင်းရှိ အောက်မေ့ဖွယ်စင်တာ၌ ယမန်နေ့တွင်  ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုတွင် အစ္စလာမ် ဘာသာဝင်မဟုတ်သည့် ကျောင်းသူများမှာ ဟိဂျဘ်ကို စမ်းသပ် ၀တ်ဆင်ခဲ့ကြပြီး ၎င်းတို့၏ ခံစားမှုများကို မျှဝေခဲ့ကြသည်။

    စီးပွားရေးကျောင်းသူ C.J. Payne ကမူ အဆိုပါလှုပ်ရှားမှုက ဟီဂျဘ်နှင့် ပတ်သက်သည့် အချက်အလက်များကို စိတ်ဝင်စားစေပြီး၊ ဟီဂျဘ်က ဟီရိသြတ္တပတရားကို ပြည့်စုံစေသည်ဟု ပြောကြားခဲ့သည်။

    ဟိဂျဘ်ပွဲတော်တွင် ကျောင်းသူများသာမက တက္ကသိုလ်ရှိ ဆရာမများလည်း ပါဝင်ခဲ့ကြသည်။

    “ကျွန်မအတွက် အတွေ့အကြုံတစ်ခုပါပဲ။ ဟီဂျဘ်ကို ၀တ်ဆင်လိုက်ပေမယ့် ကျွန်မဟာ ကျွန်မပါပဲ။ ဘယ်လုံပုံစံမျိုးကိုပဲဝတ်ဝတ် လှပနိုင်တယ်ဆိုတာ ကျွန်မ သိခဲ့ရပါတယ်” ဟု ပညရေးဌာနမှ ဆရာမ တစ်ဦးဖြစ်သူ အဲလီဆန် ဂျက်စ်ပါ က ပြောကြားခဲ့သည်။

    ref_OnIslam & Newspapers

  • ကင်မရွန်းမှ လူငယ်ဘောလုံး တစ်သင်းလုံး ဒူဘိုင်းတွင် အစ္စလာမ်သို့ ကူးပြောင်း

    ကင်မရွန်းမှ လူငယ်ဘောလုံး တစ်သင်းလုံး ဒူဘိုင်းတွင် အစ္စလာမ်သို့ ကူးပြောင်း

    စက်တင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media

    – ယူအေအီးနိုင်ငံမှသို့ လာရောက်ကာ လေ့ကျင်မှုများ ပြုလုပ်ခဲ့သည့် ကင်မရွန်းလူငယ် ဘောလုံးအသင်းတစ်သင်းလုံးမှာ အစ္စလာမ် သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။

    EntireFootball-Team-Finds-Islam-in-Dubai

    ကင်မရွန်းရှိ လူငယ်ဘောလုံးအကယ်ဒမီတစ်ခုမှ ကစားသမား ၂၃ ဦးပါဝင်သော ဘောလုံးအသင်းဖြစ်ပြီး ဒူဘိုင်းသို့ ၂ လကြာ လေ့ကျင့်ရန် လာရောက်ရာမှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်။

    “လွတ်လွတ်လပ်လပ် နေထိုင်လိုကြတဲ့ ဒီလိုအရွယ်မျိုးမှာ ဒီလူငယ်တွေဟာ ယုံကြည်ချက်နဲ့ ဖြောင့်မတ်မှန်ကန်မှုကို ရှာဖွေကြတာဟာ သိပ်ကို အံ့သြစရာကောင်းပါတယ်။ အဖွဲ့တစ်ခုတည်းက ဒီလောက်အများကြီး အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်တာ ဒါပထမဆုံးပါပဲ။ လူအများကြီး အစ္စလာမ်ကို လက်ခံတာ ကြုံခဲ့ဖူးပေမယ့် အုပ်စုတစ်ခုထဲက မဟုတ်ဘဲ မတူညီတဲ့ နေရာဒေသတွေကပါ” ဟု ဒူဘိုင်း အစ္စလာမ့်ရေးရာနှင့် လူမှုကူညီရေးအဖွဲ့ IACAD မှ ဘာသာရေးဆိုင်ရာ အကြီးတန်း အကြံပေး ဂျာဝိဒ် ခါတီးဗ်က ပြောကြားလိုက်သည်။

    ဒူဘိုင်းသို့ ရောက်ရှိချိန်တွင် အစ္စလာမ်သာသနာ၏ ငြိမ်းချမ်းမှုနှင့် အေးချမ်းမှုကို ခံစားခဲ့ရပြီး ၎င်းတို့နှင့် အတူလေ့ကျင့်သည့် မွတ်စလင်ဘောလုံးသမားများထံမှ ရရှိခဲ့သည့် ကြင်နာမှု၊ စာနာထောက်များမှုများနှင့် လေးစားမှုတို့ကြောင့် အဆိုပါ ဘောလုံးတစ်သင်းလုံးမှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်။

    “မွတ်စလင်တွေရဲ့ အပြုအမူတွေက သူတို့ကို အထင်ကြီးစေခဲ့ပါတယ်။ အများဆုံးကတော့ သူတို့ကို ကြင်နာမှုနဲ့ လေးစားမှုတို့ပါပဲ” ဟု ခတီးဗ်ကဆိုသည်။

    ၎င်းတို့ ဘောလုံးတစ်သင်းလုံးမှာ အစ္စလာမ်ကို စိတ်ဝင်စားသည်ဟု ပြောဆိုပြီးနောက် အစ္စလာမ်နှင့် ပတ်သက်၍ ပိုမိုလေ့လာမှုများပြုလုပ်ရန်အတွက် ၎င်းတို့အသင်း၏ နည်းပြဖြစ်သူအမျိုးသမီးက IACAD သို့ ခေါ်ဆောင်သွားခဲ့သည်။

    “နှစ်ရက်လောက် သူတို့နဲ့ တစ်နေကုန်တွေ့ပြီး အစ္စလာမ်အကြောင်း ပြောပြတာ၊ မေးခွန်းတွေဖြေတာနဲ့ သူတို့ရဲ့ သံသယတွေရှင်းသွားအောင် ရှင်းပြခဲ့ပါတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီးသော သူတို့မှာ သင့်တော်တဲ့နားလည်းမှုမျိုး ရှိလာအောင် လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ မေးခွန်းအများစုကတော့ ဟာလာလ်၊ ဟရမ်အကြောင်း၊ အရက်သောက်ခြင်းအကြောင်း၊ အစ္စလာမ်မှာ ခရစ်တော်တို ဘယ်လိုမြင်လဲဆိုတဲ့ အကြောင်းတွေဖြစ်ပါတယ်။ သူတို့ထဲက နှစ်ယောက်ကတော့ အစ္စလာမ်ကိုပြောင်းဖို့ ဆန္ဒမရှိခဲ့ပါဘူး” ဟု ခတီးဗ်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ IACAD အဖွဲ့မှာ သစ်လွင်မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများအတွက် စစ်မှန်သော အစ္စလာမ့်သတင်းစကားကို မိတ်ဆက်ရန် အခမ်းအနားများစွာကို ဆောင်ရွက်ပေးခဲ့သည်။

    IACD မှာ ဒါရ် အလ်ဘာရ် ဒေသရှိ အစ္စလာမ့်သတင်းအချက်အလက်စင်တာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

    အဆိုပါ စင်တာ တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံပေါင်း ၂၀၀ ကျော်မှ အစ္စလာမ်သို့ သက်ဝင်လာသူ ၂ သောင်းကျော်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် အစ္စလာမ်သို့ သက်ဝင်ယုံကြည်သူပေါင်း ၂၁၁၅ ဦးရှိကာ တစ်နှစ်အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

    ref_ OnIslam & Newspapers

  • ပါကစ္စတန်မှ တာလီဘန် အဖွဲ့ခွဲ တစ်ခု လက်နက်စွန့်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်တော့မည်

    ပါကစ္စတန်မှ တာလီဘန် အဖွဲ့ခွဲ တစ်ခု လက်နက်စွန့်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်တော့မည်

    စက်တင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    TalibanGroup-Drops-Arms-Shifts-to-Charity
    – ပါကစ္စတန်တာလီဘန်အဖွဲ့၏ ပန်ဂျပ်ဒေသ အဖွဲ့ခွဲ ပန်ချာဘီ တာလီဘန်အဖွဲ့မှာ ပါကစ္စတန်တွင် စစ်ရေးအရ တိုက်ခိုက်မှုများကို စွန့်လွှတ်ကာ နယ်လှည် တရားဟောခြင်း၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း တို့ကိုသာ ပြုလုပ်သွားတော့မည်ဟု ကြေညာလိုက်သည်။

    “၀ါဇီရစ္စတန် မြောက်ဘက်ဒေသမှာ ကြီးမားတဲ့တိုက်ခိုက်မှုတွေ မလုပ်ခင် အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ အဲဒီ အဖွဲ့က အစိုးရနဲ့ စေ့စပ်ခဲ့တာပါ။ အခုလို ကြေညာချက် ထွက်ပေါ်လာတာဟာ မပြတ်တမ်း ဆွေးနွေးမှုကနေ ဖြစ်လာတဲ့ ရလဒ်ပါ” ဟု အစ္စလာမ်မာဘတ် အခြေစိုက် လုံခြုံရေးဆိုင်ရာ စောင့်ကြည့် လေ့လာသူ အမီရန် ရာနာက ယမန်နေ့တွင် Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထိုကြေညာချက်အား ပန်ဂျာဘီတာလီဘန် အဖွဲ့မှ ပြောရေုးဆိုခွင့်ရှိသူ အစ္စမာသွလ္လာဟ် မိုအာဝေယာက ပြီးခဲ့သည့် စနေနေ့တွင် ဗီဒီယိုဖိုင်မှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် မိုအာဝေယာက မိမိတို့အဖွဲ့မှာ လက်နက်ချကာ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လက်နက်များကို ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ရှိ၊ မရှိကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။

    အဆိုပါ ပန်ဂျာဘီ တာလီဘန်အဖွဲ့မှာ ပါကစ္စတန် တာလီဘန်အဖွဲ့ကြီးနှင့် ချိတ်ဆက်ထားသော အဖွဲ့ငယ်များထဲမှ တစ်ခုဖြစ်သည်။

    မိုအာဝေယာကမူ ၎င်းတို့အနေဖြင့် အခြားသော မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး အကြံဥာဏ်များ ရယူပြီးနောက် အင်အားသုံးခြင်းကို ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ ရှရီအာဥပဒေ ကျင့်သုံးရေး အားပေးရန်အတွက် အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အာဖဂန်နစ္စတန်တွင် ဒအ်ဝသ် တဗ်လီးဂ် (နယ်လှည့်တရားဟောခြင်း) လုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အခြားသော တာလီဘန်အဖွဲ့များအနေဖြင့်လည်း လက်နက်ကိုင်မှုကို စွန့်လွှတ်ရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    လက်နက်ကိုစွန့်လွှတ်လိုက်သည့် ပန်ချာဘီတာလီဘန်အဖွဲ့မှာ ရေလွှမ်းမိုးမှုကြောင့် အတိဒုက္ခရောက်နေကြသော ပန်ဂျပ်ပြည်နယ် ခရိုင် ၂၁ ခုရှိ ပါကစ္စတန်ပြည်သူ ၂ သန်းကျော်အား အကူအညီပေးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။

    ref_OnIslam & News Agencies

  • ဂျေရုဆလင်ရှိ  အတ်က်ဆွာ ဗလီဝတ်ကျောင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်(၈)ရပ်

    ဂျေရုဆလင်ရှိ အတ်က်ဆွာ ဗလီဝတ်ကျောင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်(၈)ရပ်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media

    8ThingsYou-Didnt-Know-about-Masjid-Al-Aqsa
    အစ္စလာမ့်သမိုင်းတွင် ပထမဦးဆုံးလက်ရာဟု ယူဆထားသည့် ကျောက်သားပေါင်း မိုးခုံးအား အုမိုင်ယဒ်မင်းဆက် ခလီဖဟ် အဗ်ဒုလ် မာလစ်က် အိဗ်နု မရ်ဝါန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ဂျေရုဆလင်ရှိ အတ်က်ဆွာ ၀တ်ကျောင်းတော်မှာ ကမ္ဘာ့အငြင်းပွားမှုအကြီးမားဆုံး နယ်မြေအတွင်း၌ တည်ရှိနေသည်။ လူတို့သည် ၎င်းအား ထိန်းချုပ်ရေးအတွက် နှစ်ထောင်ပေါင်းများစွာ အာသာငမ်းဖြစ်နေခဲ့ကြသည်ဟု ဆိုလျှင် လွန်မည်မထင်ပါချေ။

    မွတ်စ်လင်မ်တို့၏နှလုံးသားအတွင်း ၎င်းသည် ရင်နှစ်သည်းချာ နေရာတစ်ခုအဖြစ် တည်ရှိနေ၏။ ထိုနေရာမှာ တမန်တော်မြတ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ အစ္စရာ့အ်နှင့် မိအ်ရာ့ဂ်ျ ခရီးစဉ်အတွင်း ခရီးတစ်ထောက်နားခိုရာ ဖြစ်ခဲ့သည်။ လူ့သမိုင်းကြောင်း၌ အကြီးမြင့်ဆုံး အံ့ဘနန်းစုရုံးရာမြင်ကွင်းတစ်ရပ်လည်း ဖြစ်တည်ခဲ့သည်။ အကြောင်းကား လောကတစ်ခွင် ပွင့်ပေါ်ခဲ့သည့် စေတမန်တော်အပေါင်းသည် ထိုနေရာဝယ် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ နောက်မှ စုံညီစုပေါင်း ၀တ်ပြုခဲ့သောကြောင့် ဖြစ်ပေသည်။

    သို့တိုင် ယင်း မတ်စ်ဂျိဒ် အတ်က်ဆွာနှင့်စပ်လျဉ်း၍ ယနေ့တိုင် လူသိနည်းသောအချက်များ ရှိနေပါသေး၏။

    ၁။ ၎င်းသည် ဗလီဝတ်ကျောင်း တစ်လုံးတည်းသာရှိသည့် အဆောက်အဦ မဟုတ်
    ————————————————————-
    ကျွန်ုပ်တို့မှ မတ်စ်ဂျိဒ် အတ်က်ဆွာဟု သိရှိကြသော ရပ်ဝန်းပေါ်တွင် မျိုးတူဗလီများစွာ ရှိနေပါ၏။ ၀တ်ကျောင်းတော်ကြီး၏ တောင်ဖက်စွန်းထောင့်ဖက်ရှိ အဆောက်အဦကို ကျွန်ုပ်တို့မှ မတ်စ်ဂျိဒ် အတ်က်ဆွာဟု ထင်မှတ်လျက်ရှိသည်။ စင်စစ်မှာမူ ၎င်းမှာ ကစ်ဗ်လီ ၀တ်ကျောင်းတော် ဖြစ်၏။ ကစ်ဗ်လဟ်မျက်နှာမူရာ အရပ်နှင့် အနီးဆုံးဖြစ်၍ ယင်းသို့ ခေါ်ဆိုခြင်းပင်။ ထိုတောင်ကုန်း တစ်ခုလုံးသည်ပင် မတ်စ်ဂျိဒ် အတ်က်ဆွာ ဖြစ်ပါသည်။ ရှုပ်ထွေးမှုကင်းစေရေး အတွက် ရံဖန်ရံခါ ဟရာမုလ် ရှရီးဖ် ဟု ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။  သို့သော် ယင်းရပ်ဝန်းပေါ်တွင် အခြားဝတ်ကျောင်းတော်များလည်း တည်ရှိနေပြီး   သမိုင်းဝင်ဖြစ်ရပ်များနှင့် ဆက်နွှယ်လျက်ရှိပြန်သည်။ ဥပမာ – ဗုရာ့က်ဗလီ၊ မရ်ဝါနီဗလီ စသည်များ။

    ၂။ ၎င်းသည် သင်္ချိုင်းမြေပြင် ဖြစ်သည်
    —————————————-
    တမန်တော်များ၊ တမန်တော်မြတ် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ နောက်လိုက်သာဝကတော်များ အရေအတွက် မည်မျှအထိ ထိုနေရာ၌ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများ မရှိသော်လည်း အများအပြားမြုပ်နှံခဲ့သည်မှာ အသေအချာပင်။ ဥပမာ – တမန်တော် စုလိုင်မာန်(ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ)အား ထိုနေရာ၌ မြုပ်နှံခဲ့ခြင်း ဖြစ်နိုင်ချေများ၏။ အကြောင်းသော် တမန်တော် တစ်ပါးပါး ကွယ်လွန်လျှင် ကွယ်လွန်သည့်နေရာ၌ မြုပ်နှံရစမြဲသာဖြစ်သည်။ ထို့ပြင် တမန်တော်မြတ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)သည်လည်း အလားတူပင် ညွှန်ကြားခဲ့ကြောင်း ဟဒီးဆ်တော်များတွင် တွေ့ရသည်။

    ၃။ တစ်ချိန်က အမှိုက်များစွန့်ပစ်သည့်နေရာ ဖြစ်ခဲ့သည်
    —————————————————–
    မြို့တော်အတွင်း ဂျူးလူမျိုး တစ်ဦးတစ်လေမျှ နေထိုင်ခွင့် မရခဲ့စဉ်ကာလက ဒေသခံရောမလူမျိုးတို့သည် ၎င်းဝတ်ကျောင်းတည်ရာ တစ်ဝိုက်ကို အမှိုက်များ စွန့်ပစ်သည့် နေရာအဖြစ် အဓိက အသုံးပြုခဲ့ကြသည်။ အုမရ်(ရဿွိ)မှ မြို့တော်အား ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးလိုက်သည့်အခါ သူကိုယ်တိုင် မိမိ၏လက်ဗလာဖြင့် အမှိုက်သရိုက်များအား ရှင်းလင်းပေးခဲ့သည်။ သို့သာမက  သူသည် ဂျူးတို့အား ရာစုများစွာ နယ်နှင်ထားမှုကို ရုပ်သိမ်းစေပြီး အနီးအနားရှိ အပယ်ခံရွာမှ မိသားစုပေါင်း (၇၀)ကို မြို့ထဲ ပြန်နေရန် ဖိတ်ကြားကာ တန်းတူညီမျှအခွင့်အရေး ပြန်လည်ရရှိအောင် ဖော်ဆောင်ပေးခဲ့သည်။

    ၄။ အိမာမ် အလ် ဃဇာလီမှ သူ၏ပြိုင်စံရှား ကျမ်းဂန် ရေးသားခဲ့သောနေရာ
    —————————————————————————–
    အစ္စလာမ့်စာပေ၌ အကျော်ကြားဆုံး ကျမ်းတစ်စောင်ဖြစ်သည့် အိဟ်ယာ အုလူးမုဒ် ဒီးန် ကျမ်းကြီးကို အစ္စလာမ့်မဟာ ပညာရှင် အိမာမ် အဗူ ဟာမစ်ဒ် အလ် ဃဇာလီမှ ရေးသားခဲ့သည်။ ကုရ်အာန်နှင့် ဟဒီးဆ် သွန်သင်မှုများအပေါ် အခြေခံ၍ လူ့စိတ်သဘောကို နက်ရှိုင်းစွာ ထိုးထွင်းထုတ်ဖော် တင်ပြနိုင်သည့် အရည်အသွေးကြောင့် မဇ်ဟဗ်(အစ္စလာမ့်ဥပဒေရေးရာ အတွေးအမြင်လမ်းကြောင်း)အားလုံးမှ ကြည်ညိုလေးစားခံရသူ ဖြစ်သည်။ လူတို့မှ လုံးဝနီးပါး မသိရှိကြသည်မှာ အလ် ဃဇာလီသည် မတ်စ်ဂျိဒုလ် အတ်က်ဆွာ၌ ကာလ တစ်ရပ်အထိ နေထိုင်ပြီး ထိုကျမ်းကို ရေးသားခဲ့သည့်အကြောင်းပင်။ သူနေထိုင်ခဲ့သည့် အခန်းဟောင်းနေရာကို ၀တ်ကျောင်းတော်ရှိ အဆောက်အဦတစ်ခုတွင် ထင်ရှားစွာ တွေ့ရဆဲဖြစ်သည်။

    ၅။ မြင်းဇောင်း၊ နန်းတော်၊ ကွပ်မျက် ခန်းမဆောင်များ အဖြစ် အသုံးပြုခဲ့ခြင်း
    ——————————————————————-
    ပထမ ခရူးဆိတ်စစ်သည်များမှ ဂျေရုဆလင်ကို သိမ်းပိုက်သောအခါ မွတ်စ်လင်မ်ဦးရေ အများစုသည် အတ်က်ဆွာ ၀တ်ကျောင်းတော်အတွင်း ပိတ်မိနေခဲ့သည်။ ပိတ်မိနေသူများအနက် လူပေါင်း ခုနစ်သောင်းခန့် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ ၎င်းနောက် ကစ်ဗ်လီ ၀တ်ကျောင်းတော်ကို နန်းတော်အဖြစ် ပြောင်းလဲခဲ့သည်။ ကျောက်သားပေါင်းမိုးခုံးအား ၀တ်ပြုဆုတောင်း ခန်းမအဖြစ် အသွင်ပြောင်းခဲ့သည်။ မြေအောက်ခန်းမများကို မြင်းဇောင်း အဖြစ် ပုံပြောင်းခဲ့သည်။ လက်မွန်မဆွ စုပြုံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သည့် မွတ်စ်လင်မ်တို့သည်လည်း နောက်ပိုင်းတွင် ၀တ်ကျောင်းတော်၏ဗဟိုအနီး ကားစင်တင် ကွပ်မျက်ခံရသည်။ ယင်းတစ်ခုတည်းသော လက်ဝါးကပ်တိုင်(ကားစင်)ကို ဆွလာဟုဒ္ဒီးန် မှ ရိုက်ချိုးခဲ့သည်။ ယင်းကားစင်၏ အောက်ခြေကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

    ၆။ ဒဏ္ဍာရီဆန်သော ဓမ္မပလ္လင်တစ်ခု ရှိခဲ့သည်
    ————————————————
    အစ္စလာမ့်သမိုင်းမှ သူရဲကောင်းကြီး တစ်ဦးဖြစ်သည့် နူးရုဒ္ဒီးန် ဇင်ကီသည် ခရူးဆိတ် စစ်ဆင်သူများထံမှ အတ်က်ဆွာဝတ်ကျောင်းအား အဆုံးသတ်ပြန်လည် ရယူနိုင်သောအခါ မတ်စ်ဂျစ်ဒ် အတွင်း ထည့်သွင်းရန် ပြုလုပ်ခဲ့သော ဓမ္မပလ္လင်တစ်ခု ရှိခဲ့သည်။ ဤပလ္လင်မှာ တင့်တယ်ထယ်ဝါသည်သာမက ၎င်းကို ကော်တစ်စက် သံတစ်ချောင်း အသုံးမပြုဘဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၀မ်းနည်းစရာကောင်းသည်မှာ နူးရုဒ္ဒီးန်သည် အောင်ပွဲကို မြင်တွေ့ရသည်အထိ အသက်မရှည်ခဲ့ချေ။ သို့သော် သူ့အားဆက်ခံသော ဆွလာဟုဒ္ဒီးန်က ဆရာဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့သည်။ အစ္စလာမ့်သမိုင်းတွင် ဂျေရုဆလင်အား ဒုတိယအကြိမ်မြောက် လွတ်လပ်နယ်မြေဖြစ်စေခဲ့ပြီးချိန်၌ ယင်းဓမ္မပလ္လင်ကို ထည့်သွင်းခဲ့၏။ ၎င်းသည် ပန်းပု၊ ပန်းတည်းပညာရှင်များအကြား ယနေ့တိုင်အောင် ပြောစမှတ်ပြုရသည့် လက်ရာဖြစ်ခဲ့သည်။  ကံဆိုးလှစွာဖြင့် ဤဓမ္မပလ္လင်သည် (၁၉၆၉) ခုနှစ်တွင် သြစတေးလျနိုင်ငံသား ဇီယွန်ဝါဒီတစ်ဦး၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရသည်။

    ၇။ မူလပုံဟန်ပျောက်သွားသော ကျောက်သားပေါင်းမိုးခုံး
    ————————————————————–
    အစ္စလာမ့်သမိုင်းတွင် ပထမဦးဆုံးလက်ရာဟု ယူဆထားသည့် ကျောက်သားပေါင်းမိုးခုံးအား အုမိုင်ယဒ်မင်းဆက် ခလီဖဟ် အဗ်ဒုလ် မာလစ်က် အိဗ်နု မရ်ဝါန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လက်ဦးပထမတွင် သစ်သားအခံ
    ကြေးနီ၊ ခဲသတ္ထု သို့မဟုတ် ကြွေထည်အဖုံးဖြင့် တည်ဆောက်ခဲ့သည်။ သို့သော် နှစ်တစ်ထောင်နီးပါး ကြာမြင့်ပြီးနောက် အော်တိုမန် ခလီဖဟ် စုလိုင်မာန်လက်ထက်တွင် ပေါင်းမိုးကို တောက်ပသည့်ရွှေရောင်တင်၍ အဆောက်အဦမျက်နှာစာကို အော်တိုမန်လက်ရာကြွေပြားများဖြင့် ဆင်ယင်လိုက်လေသည်။

    ၈။ ပြာပုံဘ၀ ရောက်ခဲ့ဖူးသည်
    ——————————-
    (၁၉၆၇)ခုနှစ်တွင် ဂျေရုဆလင်သည် မွတ်စ်လင်မ်တို့၏လက်မှ တတိယအကြိမ် လွတ်ထွက်သွားပြန်ပြီး အစ္စရေးတို့၏ထိန်းချုပ်မှုအောက် ရောက်ရှိသွားသည်။ ကျူးကျော်အောင်နိုင်သော အစ္စရေးစစ်သားတို့က ၎င်းတို့၏အလံကို ပေါင်းမိုးခုံးပေါ် လွှင့်တင်ခဲ့ကြသည်။ မတ်စ်ဂျိဒုလ် အတ်က်ဆွာအား ပြောင်ပြောင်တင်းတင်း ထိန်းချုပ်ထားခြင်းဖြင့် မွတ်စ်လင်မ်ကမ္ဘာအား မပြတ်တမ်း အမျက်ထွက်အောင် ဆွပေးရာရောက်နေမည်ကို အစ္စရေးအကြီးအကဲများက သိနားလည်ခဲ့သည်။ မွတ်စ်လင်မ်တို့အား အမျက်ဖြေ၍ အာသာဆန္ဒလျော့ပါးသွားစေရန် ၎င်းတို့က သာသနာ့ဝတ္ထိကမြေ အတုအယောင်တစ်ခုကို အသုံးချခဲ့ကြသည်။ လက်တွေ့ အလုပ်ဖြစ်ခဲ့သည်။

    (၁၉၆၉)ခုနှစ်တွင် သြစတေးလျလူမျိုး ဇီယွန်ဝါဒီတစ်ဦးသည် နူးရုဒ္ဒီးန်၏ ဓမ္မပလ္လင်အား မီးရှို့ရာ မီးမငြိမ်းသတ်နိုင်တော့သဖြင့် ကစ်ဗ်လီ ဗလီတစ်ခုလုံးလည်း မီးလောင်ကျွမ်းသွားသည်။ ဆိုးသွမ်းပါသည်ဆိုသော ပါလက်စတိုင်းသားများသာ ရသည့်နည်းနှင့် မီးကို ငြိမ်းသတ်ခဲ့ကြ၏။ အွမ္မသ်ထုတစ်ရပ်လုံး အတွက် ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရသည်။

    ၎င်းနောက်တွင် ၀တ်ကျောင်းတော်ကို ပြန်လည်တည်ဆောက် မွမ်းမံခဲ့ကြသည်။ သို့သော် အစ္စလာမ်၏ တတိယမြောက် အမြင့်မြတ်ဆုံးနယ်မြေမှာ ယနေ့တိုင်အောင် စော်ကားခံနေရ၏။ ဗလီဝတ်ကျောင်းတစ်ခုလုံး၏အုတ်မြစ်များကို အစဖျောက်ဖျက်ထားခြင်း၊ ၀င်ရောက်လည်ပတ်ခွင့်မပြုခြင်း၊ ရှေးဟောင်းကျောင်းတော်အား ပြန်လည်တည်ဆောက်ရန် နေ့စဉ်နှင့်အမျှ ဒုက္ခပေးနေခြင်း စသည်တို့အား လက်ရှိကြုံဆုံနေရလေသည်။ မတ်စ်ဂျစ်ဒ် အလ် အတ်က်ဆွာကတော့ (လွတ်လပ်ခြင်းကို) မျှော်လင့်စောင့်စားနေဆဲ …………။

    ** မုဟမ္မဒ် ၀ါဂျစ်ဒ် အခ်သာရ် ၏ 8 Things You Didn’t Know about Masjid Al-Aqsa ကို မင်းထွဋ်ခေါင်မှ ဆီလျော်အောင်ပြန်ဆိုသည်။