News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • IS အဖွဲ့အား တွန်းလှန်ရန် အာရပ်နိုင်ငံများ အဖွဲ့ချုပ် ဆုံးဖြတ်ချက်ချ

    IS အဖွဲ့အား တွန်းလှန်ရန် အာရပ်နိုင်ငံများ အဖွဲ့ချုပ် ဆုံးဖြတ်ချက်ချ

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media

    201497172330617734_20
    အာရပ်လိဂ် အထွေအထွေ အတွင်းရေးမှူးချူပ်

    – ဆီးရီးယားနှင့် အီရတ်နိုင်ငံ နယ်မြေအချို့ကို သိမ်းယူကာ အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် IS အဖွဲ့အား တွန်းလှန်ရေး လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်သွားရန် အာရပ်နိုင်ငံများအဖွဲ့ချုပ် အာရပ်လိဂ်က ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်း အားထုတ်မှုများအတွင်း ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့သည်ဟု သိရသည်။

    တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး IS အဖွဲ့ထံသို့ နိုင်ငံခြားမှ တိုက်ခိုက်ရေးသမားများ သွားရောက်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းတို့ကို နှိပ်ကွပ်ရန် အဖွဲ့ဝင်များကို တိုက်တွန်းထားသည့် ကုလ၏ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံကြောင်း အာရပ်လိဂ်က ပြောကြားခဲ့သည်။

    အာရပ်အဖွဲချုပ်အကြီးအကဲ နဘီလ် အလ်-အာရဘီကမူ IS အဖွဲ့အား စစ်ရေးအရနှင့် နိုင်ငံရေးအရပါ အရေးယူရရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ အာရပ်နိုင်ငံများအတွင်း အုပ်စုဖွဲ့တိုက်ခိုက်မှုများအား အဖွဲ့ဝင် ၂၂ နိုင်ငံစလုံးက မဖြေရှင်းနိုင်မှုနှင့် ပတ်သက်၍လည်း ဝေဖန်ပြောဆိုခဲ့သည်။

    “ဒေတွင်းပြဿနာတွေကို အာရပ်လိဂ်က ကြားဝင်ဖြေရှင်းဖို့ အာရပ်နိုင်ငံတွေက လက်မခံကြဘဲ စစ်ရေးအပါအ၀င် နိုင်ငံခြားတိုင်းပြည်တွေရဲ့ ၀င်ရောက်ဖြေရှင်းမှုတွေကို တံခါးမရှိဓားမရှိ ဖွင့်ပေးထားပါတယ်” ဟု သူက ဆိုသည်။

    ဒေသအတွင်း လိုအပ်လာသည့်အခါ အာရပ်လိဂ်အဖွဲ့အောက်မှ စစ်ရေးအရအရေးယူမှုများ ပြုလုပ်နိုင်ရန် အာရပ်နိုင်ငံများ ကာကွယ်ရေးစာချုပ်ကို အကောင်အထည်ဖော်ရန် အတွက်လည်း အာရဘီက တိုက်တွန်းခဲ့သည်။

    ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကလည်း အာရပ်နှင့် အစ္စလာမ့်မစ်နိုင်ငံများအား ခြိမ်းခြောက်နေသည့် အစွန်းရောက်ဝါဒအား စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

    ref_Agencies

  • အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် ဟဂ်ျ ဘုရားဖူးခေါ်ယူမည်

    အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် ဟဂ်ျ ဘုရားဖူးခေါ်ယူမည်

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    Saudi King
    – ဇူလိုင်လမှစတင်က ဂါဇာကမ်းမြှောင်အား အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ပါလက်စတိုင်းအာဇာနည်များ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် အဗ္ဗဒူလာက ဟဂ်ျဘုရားဖူး ခေါ်ယူသွားမည်ဟု သိရသည်။

    “ဘုရင်ကြီးရဲ့  ၆ နှစ်ဆက်တိုက်ရှိပြီဖြစ်တဲ့ ဒီရက်ရောမှုဟာ ပါလက်စတိုင်းနိုင်ငံနဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ်မှာထားတဲ့ အစ္စလာမ့်ညီရင်းအကို စိတ်ဓာတ်ကနေ ဖြစ်ပေါ် လာတာပါ။ ပါလက်စတိုင်း အာဇာနည်တွေရဲ့ မိသားစုတွေကို အခုလို ခေါ်ယူဖို့ ကမ်းလှမ်းတာဟာ သူတို့ရဲ့ ခံစားမှုတွေကို လွယ်ကူ သက်သာစေရာမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိမှာပါ” ဟု အစ္စလာမ့်ရေးရာ ၀န်ကြီး ဆာလေဟ် အစ်ဗနေ့ အဗ္ဗဒူလ် အဇစ် အစ်ဗနေ့ မိုဟမ္မဒ် အလ်-ရှိခ်၏ ပြောကြားမှုကို စက်တင်ဘ ၇ နေ့တွင် SPA သတင်းဌာနက ဖော်ပြခဲ့သည်။

    ယခုကဲ့သို့ ကြေညာခဲ့ခြင်းကြောင့် ယခုနှစ် ဟဂ်ျ ဘုရားဖူး ကာလအတွင်း ဆော်ဒီဘုရင်မှ ဟဂ်ျ ဘုရားဖူးခေါ်ယူမည့် ပါလက်စတိုင်း အရေးအတွက်မှာ ၁၂၀၀ အထိရှိမည်ဖြစ်ပြီး၊ ဟဂ်ျ ခရီးစဉ်အတွင်း ၎င်းတို့အတွက် အထူးအစီအစဉ်များကိုလည်း ဆော်ဒီအစိုးရက စီစဉ်ထားသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများ၏ မျှော်လင့်ချက်များ အောင်မြင်စေရေး ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိစေရန် ကိစ္စရပ်များ အားလုံးကို ဆော်ဒီ အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များ ပြည့်ဝစေရေးအတွက် စွမ်းအားများကိုလည်း အသုံးချသွားမည်ဖြစ်ကြောင်း ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဟားမက်စ်၏ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင်လအစောပိုင်းမှစ၍ အစ္စရေးတို့က ဂါဇာကမ်းမြှောင်ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များ၊ ကယ်ဆယ်ရေးစခန်းများပါမကျန် အစ္စရေးက ပစ်မှတ်ထားခဲ့ပြီး ရက်ပေါင်း ၅၀ နီးပါးကြာမြင့်ခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂ ထောင်ကျော် သေဆုံးခဲ့ကာ သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

    ref_OnIslam & News Agencies

  • မွတ်စ်လင်မ်တို့ကို အဓမ္မဘာသာ ပြောင်းစေလိုကြသော ဟိန္ဒူ အမျိုးသားရေး ၀ါဒီများ

    မွတ်စ်လင်မ်တို့ကို အဓမ္မဘာသာ ပြောင်းစေလိုကြသော ဟိန္ဒူ အမျိုးသားရေး ၀ါဒီများ

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    -မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

    RSS-BJP
    BJP နှင့် RSS ခေါင်းဆောင်များ

    “ဟိန္ဒူ ဂယက် စတင်ရိုက်ခတ်နေပါပြီ။ ဆယ်နှစ်အတွင်း  ခရစ်ယာန်နဲ့ မွတ်စ်လင်မ် အားလုံးကို ကျွန်တော်တို့ ဘာသာ ကူးပြောင်းသွားစေမယ်” ဟု ဟိန္ဒူတက်ကြွလှုပ်ရှားသူနှင့် Rashtriya Swayamsevak Sangh (RSS) အဖွဲ့သား ရာဂျက်ရှ်ဝါဆင်းမှ ပြောကြားသည်။

    ဟိန္ဒူတက်ကြွလှုပ်ရှားသူ ရာဂျက်ရှ်ဝါဆင်းသည် အိန္ဒိယရှိ နှစ်ရာချီသော မတူကွဲပြားသည့်ဘာသာရေးကို အဆုံးသတ်ရန် ဘာသာတစ်ခုတည်းသို့ အကုန်အစင် ကူးပြောင်းလာရေးအတွက် ပြင်းပြင်းထန်ထန် မုန်းမာန်အပြည့်နှင့် ဆောင်ရွက်နေသည်။

    သူ့အသံက လမ်းကျဉ်းတစ်ဖက်ရှိ ပရိုတက်စတင့် ဘုရားကျောင်းနံရံများကိုပင် ပဲ့တင်ရိုက်ခတ်သွားပါ၏။ ဆင်းသည် လွန်ခဲ့သည့်ရက်သတ္တပတ်က အခြားဘာသာ တရားများကို အမုန်းတရားဖြင့် ဆန့်ကျင်သောလုပ်ရပ် တစ်ခု ပြုလုပ်ခဲ့၏။ ၎င်းမှာ ဒေလီမြို့တောင်ဖက် ၁၄၀ ကီလိုမီတာ(၈၇ မိုင်)ရှိ ဟာဆာယန်မြို့ငယ်မှ ခရစ်ယာန်မိသားစု တစ်ခုကို ဟိန္ဒူဘာသာသို့ ကူးပြောင်းရန် အဓမ္မလုပ်ဆောင်ခြင်းဖြစ်သည်။

    သူသည် ထိုမိသားစု၏ အိမ်ရှေ့ခြံဝင်းထဲရပ်လျက် ဇာတ်နိမ့်ကူးပြောင်းသူများအား သန့်စင်ရာ ရိုးရာမီးဒုတ်ကိုကိုင်ပြီး “ငါတို့ ဟိန္ဒူလူ့အဖွဲ့အစည်း သန့်စင်ရေးပြု ရတော့မယ်။ ဘာရသ်(အိန္ဒိယ)ထဲမှာ ချာ့ခ်ျဘုရားကျောင်း သို့မဟုတ် ဗလီဝတ်ကျောင်းရဲ့ လျှို့ဝှက်အကြံအစည်တွေကို အထမြောက်အောင် ခွင့်မပြုနိုင်တော့ဘူး” ဟု ပြောဆိုခဲ့သည်။

    မေလအတွင်း ၀န်ကြီးချုပ် နာရင်ဒြာမိုဒီ အာဏာရလာခြင်းကြောင့် သူ၏ ဟိန္ဒူအမျိုးသားရေး ပါတီ(BJP) ခေါင်းဆောင်များ သွေးကြွလာကာ ဆင်းကဲ့သို့ လက်ျာစွန်းရောက် တက်ကြွလှုပ်သူတို့နှင့် ပူးပေါင်းခဲ့ကြသည်။ ၎င်းနောက် အိန္ဒိယ၏ ဗဟုဝါဒ အခြေခံ စည်းမျဉ်းဥပဒေအား စိန်ခေါ်သည့်အားဖြင့် အိန္ဒိယကို ဟိန္ဒူတိုင်းပြည် အဖြစ် ပြောင်တင်းစွာ ကြေငြာရန် တာစူလာကြသည်။

    အိန္ဒိယလူဦးရေ (၁.၂၇)ဘီလီယံ၏ ငါးပုံတစ်ပုံမှာ ဟိန္ဒူဘာသာဝင်များ မဟုတ်ကြ။

    နိုင်ငံတော်ကို အထွဋ်အထိပ်ရောက်စေရန် ဟိန္ဒူ များသွေးစည်းရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့် အမျိုးသားရေးဝါဒီ အဖွဲ့အစည်း RSS က ဆင်းအား သိမ်းသွင်းထား၏။

    RSS က မိုဒီအား နိုင်ငံရေးလောကထဲ ငယ်ရွယ်နုပျိုစဉ်ကပင် တွန်းပို့ခဲ့သည်။ ၎င်း၏အမာခံ အင်အားတို့က အိန္ဒိယ၏ အချက်အခြာနယ်ပယ်များ၌ သူ၏မေလရွေးကောက်ပွဲ အနိုင်ရရန် အခိုင်အမာ ရပ်တည်ပံ့ပိုးခဲ့သည်။ ယခု ဟာဆာယန်မြို့တည်ရှိသော လူဦးရေအများဆုံး ဥတားပရာတက်ရှ် ပြည်နယ်တွင် အကြီးအကျယ်အောင်ပွဲခံခဲ့သည်။

    အထွေထွေရွေးကောက်ပွဲကာလကတည်းက အဓိကကျသည့် ကက်ဘိနက် ရာထူးများနှင့် ပါတီ၏ ထိပ်တန်းခေါင်းဆောင်များတွင် အဖွဲ့ဝင်များ ခန့်အပ်ခံရခြင်းနှင့်အတူ RSS မှာ လျင်မြန်စွာအားကောင်းလာခဲ့သည်။

    မိုဒီ၏ ငယ်ပေါင်း RSS ခေါင်းဆောင် မိုဟန်ဘဂ၀ါ့သ်၏ တစ်ယူသန်စကားများ အရှိန်ပြင်းထန်လာရာ မိုဒီ အနိုင်ရမှုအပေါ် စိတ်လှုပ်ရှားနေသည့် သန်းချီရှိသော ဆင်းကဲ့သို့ လူစားများကို သွေးကြွသွားစေသည်။

    “အင်္ဂလန်မှာနေတဲ့သူဟာ အင်္ဂလိပ်၊ ဂျာမဏီမှာ နေတဲ့သူဟာ ဂျာမန်၊ ယူအက်စ်မှာနေတဲ့သူဟာ အမေရိကန် ဖြစ်ရသလိုပဲ ဟင်ဒူစတန်(အိန္ဒိယ)မှာနေတဲ့သူဟာလည်း ဟိန္ဒူတွေ ဖြစ်ရမယ်” ဟု ဘဂ၀ါ့သ်က အိန္ဒိယ မွတ်စ်လင်မ်များနှင့် ခရစ်ယာန် လူနည်းစုတို့အပေါ် အမျက်ချောင်းချောင်းထလျက် ပြောကြားခဲ့သည်။

    သို့ဖြင့် ဘာသာရေးကို အမျိုးသားရေး လက္ခဏာအဖြစ် ဖော်ကျူးနေသူများနှင့် ဘာသာစုံနိုင်ငံ တစ်ခုအသွင် ခံယူထားသည့် လစ်ဘရယ်သမားတို့အကြား အတွေးအမြင် အက်ကြောင်းထစေသည့် တုန့်ပြန်ချက်များဖြင့် အချေအတင် ဖြစ်လာကြတော့သည်။

    အချစ် ဂျိဟာ့ဒ်
    —————-
    ကွဲလွဲငြင်းခုံမှုကို အရှိန်မြှင့်တင်၍ RSS ဆက်နွှယ်အုပ်စုများသည် “အချစ် ဂျိဟာ့ဒ်” ဆန့်ကျင်ရေး ကမ်ပိန်းတစ်ရပ်အား ထပ်ဆင့် တက်လှမ်းလာသည်။ အချစ်ဂျိဟာ့ဒ် ဟူသော အသုံးအနှုန်းသည် ဟိန္ဒူ အမျိုးသမီးများကို ထိမ်းမြားခြင်း နည်းလမ်းဖြင့် မွတ်စ်လင်မ် ဇာတ်သွင်းသော ဗျူဟာဟု ၎င်းတို့ဖာသာ သတ်မှတ်ခေါ်ဆိုမှုဖြစ်၏။

    ယခင်ရဲဌာနစစ်ဆေးချက်များ၌ ၎င်းအချစ် ဂျိဟာ့ဒ်နှင့်စပ်လျဉ်းသည့် မည်သည့် အထောက်အထားမျှ  မတွေ့ရှိကြ။ သို့သော် အဆိုပါ အယူအဆမှာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း အိန္ဒိယ အလယ်ပိုင်းတခွင်၌ ယုံမှတ်ခြင်း များပြားလာကြသည်။ ၎င်းသည် လူများစု၏ အခြေအမြစ်မဲ့ ဖန်တီးသော ကြံစည်ချက် ဓာတ်ပြားဟောင်းဟု သုံးသပ်မှတ်ယူရမည့်အစား အလယ်အလတ် အိန္ဒိယများကိုပင် ရံဖန်ရံခါ အကြမ်းဖက်တုန့်ပြန်မှု ဖြစ်သွားစေသည်။

    “အချစ် ဂျိဟာ့ဒ်” ဟုအမည်ပေးထားသော လက်ကမ်းစာစောင်ကို နိုင်ငံအ၀ှမ်း ဟိန္ဒူမင်္ဂလာပွဲများ၊ ရိုးရာပွဲတော်များ၊ ကောလိပ်ကျောင်းပြင်ပများ၌ RSS အဖွဲ့ဝင်များမှ ကျယ်ကျယ်ပြန့်ပြန့် ရိုက်နှိပ်ဖြန့်ဝေလျက်ရှိသည်။

    “ကျွန်တော်တို့ အတွေ့များတာကတော့ ဟိန္ဒူအမျိုးသမီးနဲ့ မွတ်စ်လင်မ်အမျိုးသားတို့ မေတ္တာသက်ဝင်ကြတယ်။ မိဘတွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီး လက်ထပ်ထိမ်းမြားကြတယ်။ ဒါတွေက မေတ္တာနှောင်ဖွဲ့မှုပါ၊ အချစ်ဂျိဟာ့ဒ် မဟုတ်ပါဘူး” ဟု ဥတားပရာဒက်ရှ် ပြည်နယ်ရဲမှူးကြီး A.L. Banerjee မှ ရိုက်တာသို့ ပြောကြားသည်။

    သို့တစေ ဆင်းကဲ့သို့ လှုပ်ရှားတက်ကြွသူများက ဟိန္ဒူဝါဒဖက်သို့ ပြန်လည်ဦးလှည့်ရေးအတွက် ကာကွယ်အရေးယူရန်လိုအပ်ကြောင်း အမြင်ထားရှိကာ တစ်ဆင့်တက်လာကြသည်။

    ကနဦးပိုင်းဖော်ပြချက်ဖြစ်သော သောကြာနေ့က ဘာသာကူးပြောင်းပွဲအပြီးတွင် ခေါင်းတုံးထားသော ဆင်းက “ “ဟိန္ဒူဂယက် စတင်ရိုက်ခတ်နေပါပြီ။ ဆယ်နှစ်အတွင်း  ခရစ်ယာန်နဲ့ မွတ်စ်လင်မ်အားလုံးကို ကျွန်တော်တို့ ဘာသာကူးပြောင်းသွားစေမယ်” ဟု အားပါးတရပြုံး၍ ပြောဆိုလိုက်သည်။

    စနေနေ့ဝတ်ပြုတော်အသင်း ဓမ္မဆရာဖြစ်ခဲ့ပြီး ဟိန္ဒူဘာသာသို့ ကူးပြောင်းလာသူ (ကမ္ဘာကျော် မွတ်စ်လင်မ် ဗိသုကာလက်ရာ တဂ်ျမဟာလ် တည်ရှိရာ)အဂ်ရာမြို့မှ လုပ်ငန်းရှင်တစ်ဦးလည်း ၎င်း၏အဖွဲ့သားများ၌ ပါဝင်သည်။

    “BJP က ဒို့ရဲ့နိုင်ငံရေးအဖွဲ့၊ ဒို့ရဲ့ညီနောင်တွေဖြစ်တယ်။ သူတို့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ တပ်အပ်ဆိုခဲ့တယ်။ မိုဒီက ဟိန္ဒူခေါင်းဆောင်ဖြစ်တယ်။ ဒါဟာ ဒို့တွေရဲ့ ရွှေခေတ်ပဲ” ဟု ဆင်းက ပြောသည်။

    ဆင်း၏ ဆယ်နှစ်တာ တွက်ကိန်းသည် အိန္ဒိယလူဦးရေပမာဏ၏ (၁၅)ရာခိုင်နှုန်းဖြစ်သော  မွတ်စ်လင်မ်လူဦးရေ (၁၇၅)သန်းရှိပြီး ကမ္ဘာ့တတိယမြောက် မွတ်စ်လင်မ်အများဆုံး နိုင်ငံတစ်နိုင်ငံ၌၊ အလားတူစွာ အခြား ဘာသာတရားများလည်း တည်ရှိနေသည့် တိုင်းပြည်တစ်ခု၌ အဘယ်ကဲ့သို့ လက်တွေ့ကျနိုင်ပါမည်နည်း ?

    World Bulletin မှ India’s Hindu nationalists aim to ‘convert’ Muslims သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။

  • IS (ISIS) အဖွဲ့အား မွတ်စလင်များက တွန်းလှန်တိုက်ခိုက် ရမည်ဟု ဆော်ဒီ မွဖ်သီချုပ်ပြောပြီ

    IS (ISIS) အဖွဲ့အား မွတ်စလင်များက တွန်းလှန်တိုက်ခိုက် ရမည်ဟု ဆော်ဒီ မွဖ်သီချုပ်ပြောပြီ

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    Abdul Aziz al-Sheik
    – အစ္စလာမ်သာသနာနှင့် သွေဖည်သော လုပ်ရပ်များကြောင့် IS အဖွဲ့အား အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြောကြားခဲ့သည့် ဆော်ဒီရှိ အကြီးဆုံးမွဖ်သီ (ဓမ္မသတ်မှူးချူပ်)  ရှိက်ခ်အဗ်ဒွလ် အဇစ်စ် က မွတ်စလင်များအနေဖြင့် IS အား လက်နက်ကိုင်၍ ပြန်လည် တွန်းလှန်ရမည်ဟု တိုက်တွန်းပြောကြားလိုက်သည်။

    “ဒီအုပ်စုဟာ မှားနေပါတယ်။ တကယ်လို့ သူတို့ဟာ မွတ်စလင်တွေကို တိုက်ခိုက်ရင် သူတို့ကို ပြန်လည်တွန်းလှန်ပြီး ဘာသာတရားနဲ့ ပြည်သူတွေရဲ့ အဝေးကိုရောက်သွားစေဖို့ မွတ်စလင်တွေမှာ တာဝန်ရှိပါတယ်။ သူတို့ဟာ မကောင်းဆိုးဝါးတွေပါ။ ပြည်သူတွေကို စက်ဆုပ်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ သတ်ဖြတ်နေပါတယ်။ သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့၊ ဆိုးရွားတဲ့ လုပ်ရပ်တွေက အစ္စလာမ်ရဲ့ပုံရိပ်ကို မှေးမှိန် ညှိုးနွမ်းစေပါတယ်” ဟု မွဖ်သီချုပ် ၏ ပြောကြားမှုကို ဆော်ဒီနေ့စဉ်သတင်းစာ Al Eqtisadiya ၌ မန်နေ့တွင် ဖော်ပြခဲ့သည်။

    ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအချို့ကို သိမ်းယူထားပြီး အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်နေသော IS အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များက ရှုတ်ချနေပြီး၊ ထိုအဖွဲ့အား ဆန့်ကျင်သော ဆန္ဒပြပွဲများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

    ပြည်သူအားလုံး အထူးသဖြင့် လူငယ်များအနေဖြင့် ထိုအဖွဲ့၏ ဆော်သြမှုနောက်ကို မလိုက်ရန်အတွက်လည်း မွဖ်သီချုပ်က သတိပေးပြောကြားခဲ့သည်။

    “ကိုယ့်ရဲ့တိုင်းပြည်ကို မုန်းတီးဖို့၊ ကိုယ့်ရဲ့ပြည်သူတွေ၊ ခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ လှုံ့ဆော်ပေးသူတွေဟာ သင်တို့ကို လိမ်ညာနေတာသာဖြစ်ပြီး၊ သင်တို့ရဲ့ တန်ဖိုးကို လျော့ကျစေချင်တာပါ။ သင်တို့ကို ကူညီဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လူငယ်တွေနဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို ဆိုးရွားတဲ့ စာရိတ္တပျက်စီးမှုတွေ၊ အကျည်းတန်မှုတွေကနေ ကာကွယ်ဖို့ လိုအပ်ပါတယ်”

    မွဖ်သီချုပ် ရှိက်ခ်အဗ်ဒွလ် အဇစ်စ်  မှာ ပြီးခဲ့သည့် ရက်အနည်းငယ်အရင်ကလည်း အလ်ကိုင်းဒါးနှင့် IS အဖွဲ့တို့အား ရှုတ်ချမှုများပြုလုပ်ခဲ့ပြီး ထိုအဖွဲ့များမှာ အစ္စလာမ်၏ နံပါတ်တစ်ရန်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယခုလအစောပိုင်းတွင် အီဂျစ်ရှိ နာမည်ကျော် မွဖ်သီ ရှော်ကွီ အလမ်က IS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များနှင့် အစ္စလာမ်သာသနာ၏ စည်းမျဉ်းစည်းကမ်းများ၊ သွန်သင်ချက်များကို ချိုးဖောက်မှုများအတွက် IS အဖွဲ့အား ရှုတ်ချခဲ့သည်။

    အိန္ဒိယရှိ မွတ်စလင်အဖွဲ့အစည်းများကလည်း IS အဖွဲ့အား ဆန့်ကျင်ခဲ့ကြပြီး  သမိုင်းဝင်နေရာများကို ဖျက်ဆီးမှုများ၊  ဂိုဏ်းဂဏ၀ါဒအား အားပေးထောက်ခံမှုနှင့် မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း သွေးကွဲစေမှုများမှာ စစ်မှန်သည့် အစ္စလာမ့် နိုင်ငံတော်ဖြစ်လာစေရန် အထောက်အကူမပြုဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားရှိ အကြီးဆုံးအစ္စလာမ့်အဖွဲ့ဖြစ်သည့် Nahdlatul Ulama (NU) အဖွဲ့ကလည်း IS ကို ရှုတ်ချခဲ့ပြီး အစိုးရအနေဖြင့် ထိုလှုပ်ရှားမှုများ အင်ဒိုနီးရှားနိုင်ငံ အတွင်းသို့ ပြန့်နှံ့ဝင်ရောက်မှု မရှိစေရန်အတွက် ခိုင်မာသည့်အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    ref_OnIslam & Newspapers

  • ယခုနှစ် ဟဂ်ျပြုလုပ်မည့်  တရုတ်နိုင်ငံ Ningxia ပြည်နယ်မှ မွတ်စလင်မ် များ ပထမအသုတ် စတင်ထွက်ခွာ

    ယခုနှစ် ဟဂ်ျပြုလုပ်မည့် တရုတ်နိုင်ငံ Ningxia ပြည်နယ်မှ မွတ်စလင်မ် များ ပထမအသုတ် စတင်ထွက်ခွာ

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    china-muslims
    မက္ကဟ်မြို့သို့ ဟဂ်ျခရီးစဉ်သွားရောက်မည့် တရုတ်မွတ်စ်လင်မ်များ၏ ပထမဆုံးစုပေါင်း အုပ်စုကြီးသည် သောကြာနေ့နံနက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ Ningxia ပြည်နယ်မှ စတင်ထွက်ခွာသည်။

    ဒေသတွင်းမှ ထွက်ခွာသည့် ပထမဆုံးလေယာဉ်ဖြင့် ဟဂ်ျခရီးသည် (၂၉၇)ဦး လိုက်ပါသွားသည်။ တရုတ်ပြည်မှ ယခုနှစ် ဟဂ်ျခရီးသွားမည့်သူဦးရေမှာ စုစုပေါင်း တစ်သောင်း လေးထောင်အထိ ရှိသည်။

    ယခုနှစ် တရုတ်ပြည် ဟဂ်ျခရီးသွားများအဖွဲ့ကို ပုဂ္ဂလိကခရီးသွား အေဂျင်စီများနှင့်တွဲ၍ ဗဟိုအစိုးရနှင့်ပြည်နယ် အစိုးရများမှ ဆောင်ရွက် ပေး ခဲ့ခြင်းဖြစ်သည်ဟု Dunya Bulteni တူရကီသတင်းဌာနမှ ဖော်ပြသည်။

    ခရီးသည်အုပ်စုကြီး အတွင်း ပါဝင်ခွင့်ရခြင်းကြောင့် ကြည်နှူးပျော်ရွှင်မိကြောင်း၊ မိမိတို့၏ မိဘများမှာ ကွန်မြူနစ်တိုင်းပြည်၏ ဘာသာရေးနှိပ်ကွက်မှု များကြောင့် ဟဂ်ျပြုခွင့် မရခဲ့ပါကြောင်း ဟဂ်ျခရီးသည်အချို့မှ ပြည်တွင်းမီဒီယာများသို့ အမှတ်တရ ရင်ဖွင့်ပြောကြားကြသည်။

    တရုတ်နိုင်ငံ၏ သန်း(၂၀)ရှိ မွတ်စ်လင်မ်ဦးရေ ထက်ဝက်ခန့်မှာ Ningxia ပြည်နယ်တွင် နေထိုင်ကြသည်။ Ningxia ပြည်နယ် မွတ်စ်လင်မ်များသည် မိမိကိုယ်ကို ဟွေ လူမျိုးအဖြစ် သတ်မှတ်ခေါ်ဝေါ်ကြကာ တရုတ်ပြည်၌ တရားဝင် အသိအမှတ်ပြု လူနည်းစုဝင်များ ဖြစ်၏။

    အရှေ့တာကစ္စတန်ဟုလည်း ခေါ်ဆိုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှင်းကျန်းနယ်ရှိ ဝီဂါ မွတ်စ်လင်မ်တို့မှာ တူရကီသွေးနှောများပြားပြီး၊ ဟွေ လူမျိုးတို့မှာမူ တရုတ်တိုင်းရင်း စစ်စစ်များမှ အစ္စလာမ်ကို သက်ဝင်လက်ခံထားသူများ ဖြစ်ကြသည်။

    ref_World Bulletin