News @ M-Media

Category: သတင်းသုံးသပ်ချက်

  • သက်ငယ်မုဒိန်းမှုကို အသုံးချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆီ ဦးလှည့်ဖို့ ကြံစည်နေပြီလော?

    သက်ငယ်မုဒိန်းမှုကို အသုံးချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆီ ဦးလှည့်ဖို့ ကြံစည်နေပြီလော?

    ၂၀၁၈ မတ်လ ၁၈ ရက်နေ့ညက မန္တလေး အောင်မြေသာဇံမှာဖြစ်ပွားခဲ့တဲ့ ဆူပူမှု

    အခုတလော သက်ငယ်မုဒိန်း ဖြစ်ပွားမှုတွေ မြန်မာနိုင်ငံအနှံ့ များပြားလာသလို သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ လှုပ်ရှားဆောင်ရွက်မှုတွေလည်း မြို့နယ်အသီးသီးမှာ ပြုလုပ်ကျင်းပလာပါတယ်။ လူထုရဲ့အာရုံစိုက်မှုကလည်း တဖြေးတဖြေးမြင့်မားလာပါတယ်။ ဒီအချိန်မှာ လူထု ဒေါသထွက်ပေါက်ကွဲလွယ်မယ့် သက်ငယ်မုဒိန်းမှုကိုအသုံးချပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဆီ ဦးလှည့်ဖို့ ကြံစည်နေပြီလားဆိုတဲ့ သံသယဖြစ်စရာ အချက်တွေလည်း တွေ့လာရပါတယ်။

    မန္ဆလေး အောင်မြေသာဇံမှာ မတ် ၁၈ ရက်နေ့ညက ဖြစ်သွားတဲ့ သက်ငယ်မုဒိန်းမှုတစ်ခုကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပါလျက် လူစုလုဝေးဖြစ်အောင် တမင်ဖန်တီးခဲ့ပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေ တကျော့ပြန်ထွက်လာအောင် ပြုလုပ်သွားခဲ့တဲ့အတွက် ရဲက သေနတ်ပစ်ဖောက်ပြီး လူစုခွဲရတဲ့အထိပါပဲ။

    တချိန်ချိန်မှာ သက်ငယ်မုဒိန်းကို ဘာသာခြား မွတ်စလင်ကုလားက ကျူးလွန်ပါတယ်ဆိုတဲ့ တကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် စွပ်စွဲလှုံ့ဆော်မှုနဲ့အတူ ဘာသာရေးပဋိပက္ခဆီ ဦးတည်မယ့်အရိပ်အယောင်ကို မြင်တွေ့နေရပါပြီ။

    မန္တလေး အောင်မြေသာဇံမှာက အဲဒီနေ့မှာပဲ သက်ငယ်မုဒိန်း သေဒဏ်ပေးရေးလှုပ်ရှားမှု လက်မှတ်ကောက်ခံ ယူပွဲလည်း ကျင်းပခဲ့ပါသေးတယ်.. ဒီလိုလုပ်နေတဲ့ကြားထဲက သက်ငယ်မုဒိန်းဖြစ်ရကောင်းလားဆိုပြီး လူထုက ဒေါသထွက်ခဲ့တယ်လို့ မြင်စရာပါ… ဒါပေမယ့် ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် လူထုပေါက်ကွဲမှုဆီကို ဦးလှည့်ပေးဖို့ သက်ငယ်မုဒိန်းမှုကို အသုံးချနေပြီဆိုတာတွေ့ရပါတယ်။

    ၂၀၁၇ ဇန်န၀ါရီ ၂ မှာ ဒေါ်ခင်စောဝေအဆို လွှတ်တော်မှာ အရေးနိမ့်

    တွေ့ရှိချက် (၁)
    ပထမဆုံး သတိပြုရမယ့်အချက်က လွှတ်တော်မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က ရခိုင် ANP ပါတီက ပြည်သူ့လွှတ်တော်အမတ်ဒေါ်ခင်စောဝေတင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ကို ပြစ်ဒဏ်ပြင်ဆင်ပေးပြီး သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ အဆိုပြုချက် မအောင်မြင်ဘဲ မှတ်တမ်းအဖြစ်သာတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ အမျိုးသားရေးသမားတွေအတွက် NLD အမတ်တွေ အများဆုံးပါဝင်တဲ့ လွှတ်တော်ကို သက်ငယ်မုဒိန်းမှုကို အကြောင်းပြုပြီး တိုက်ခိုက်စရာရလာပါတယ်။

    သက်ငယ်မုဒိန်းသေဒဏ်ပေးရေး ကမ်ပိန်းလုပ်နေတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ

    တွေ့ရှိချက် (၂)
    နိုင်ငံအနှံ့ မြို့နယ်အသီးသီးက သက်ငယ်မုဒိန်း သေဒဏ်ပေးရေး (သို့မဟုတ်) ပြစ်ဒဏ်ပြင်ဆင်ရေး ကမ်းပိန်းဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူမှုကွန်ရက်စတဲ့ အရက်ဘက်အဖွဲ့အစည်းတွေကြားမှာ မဘသ ကျောထောက်နောက်ခံ အမျိုးသားရေးအုပ်စုတွေလည်း သီးခြားပါဝင်လှုပ်ရှားလာပါတယ် >>>
    – ရန်ကုန်၊ ကမာရွတ်မြို့နယ် ကျွန်းတောလမ်းမှာ ဇန်န၀ါရီ ၂၉၊ ၂၀၁၈ ခုနှစ်က အမျိုးသားရေးလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ၊ တပ်မတော်ထောက်ခံပွဲတွေမှာ ပွဲတိုင်းကျော်တွေဖြစ်တဲ့ ဆွေဇင်ဦး၊ မြတ်ဆုမွန်၊ လီလီနိုင်ကျော်နဲ့ သီရိနေလင်းတို့ ဦးဆောင်ပြီး သက်ငယ်မုဒိန်း သေဒဏ်ပေးရေး လက်မှတ် ၅၀၀ ကောက်ခံခဲ့ပါတယ်။

    NLD အမတ်တွေ ထောက်ခံဖို့ တပ်မတော်ကို ကန့်ကွက်ခိုင်းရမယ့်ဆိုပြီး ၀ါဒဖြန့်

    တွေ့ရှိချက် (၃)
    သက်ငယ်မုဒိန်းမှုတွေကို အမျိုးသားရေးသမားတွေကသာ သောကထား အာရုံစိုက်ပြီး NLD အမတ်တွေနဲ့ ထောက်ခံသူတွေက ဂရုမစိုက်ဘူးလို့ ထင်မြင်လာအောင် အမျိုးသားရေးသမားတွေကပဲ လှုပ်ရှားတောင်းဆိုနေသယောင်ယောင် ပုံဖော်ဝါဒဖြန့်နေ >>>
    – သက်ငယ်မုဒိန်း သေဒဏ်ပေးဖို့ NLD အမတ်တွေ လွှတ်တော်ထဲမှာ ထောက်ခံချင်လာအောင် တပ်မတော် ၂၅ သားကို ကန့်ကွက်ခိုင်းရမယ်ဆိုတဲ့ psy-war တွေဖြန့်ခဲ့တာကို တွေ့ရှိရပါတယ်။

    ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် Unity ဂျာနယ်ပါ ဦးဝီရသူရဲ့ မုဒိန်းနဲ့ မွတ်စလင် ဆက်စပ်စွပ်စွဲချက်

    တွေ့ရှိချက် (၄)
    တစ်နှစ်ကြာ ဟောပြောခွင့်ပိတ်ပင်ခံရမှုကနေ ပြန်လည်လွတ်မြောက်လာတဲ့ မုဒိန်းစပယ်ရှယ်လစ် ဦးဝီရသူဟာ မွတ်စလင်တွေကို သက်ငယ်မုဒိန်းကျင့်သူ၊ ဘာသာမတူသူတွေကို မုဒိန်းကျင့်သူအဖြစ် ပြောဆိုစွပ်စွဲခဲ့တာကို ၂၀၁၈ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် Unity ဂျာနယ်မှာ ဖော်ပြ >>>
    – ဦးဝီရသူက “ မွတ်စလင်တွေဟာ ဘာသာမတူတဲ့အပေါ်မှာ မုဒိန်းကျင့်တာ…၊ အခြားဘာသာဝင်မိန်းခလေးတွေဆို မယ်သီလရှင်တောင် မရှောင် မုဒိမ်းကျင့်တာ၊ ကလေး သေးသေးလေးတောင် မုဒိန်းကျင့်တာတွေ တိုးပွားလာတယ်…..” လို့ Unity ဂျာနယ်ရဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။ မုဒိန်းမှုခင်းသတင်းတွေမှာ ကျူးလွန်သူအများစုက မွတ်စလင်တွေမဟုတ်ပေမယ့် လည်း မွတ်စလင်ဘက်ကို မြှားဦးလှည့် နှပ်ကြောင်းပေး ပြောဆိုသွားတာပါ။

    တွေ့ရှိချက် (၅)
    နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး >>>
    – မန္တလေးမှာ ၁၈ ရက်နေ့ညက လူအုပ်နဲ့ ရဲစခန်းကို ခဲပေါက်ပြီး ဆူပူမှုဖြစ်အောင်လုပ်ခဲ့တဲ့အထဲ အောင်မြေသာဇံက ဒေသခံတွေမဟုတ်ဘဲ မတ္တရာက ဆင်းလာတဲ့လူတွေလို့ သတင်းတွေကဆိုတယ်။ ဒီတော့ ပဋိပက္ခတွေဖြစ်လိုက်ရင် ဒေသခံမဟုတ်ဘဲ ပြင်ကလူတွေလာပြီး လုပ်လေ့ရှိတဲ့ အစဉ်အလာမျိုးကိုပဲ အဲဒီနေ့ဖြစ်စဉ်မှာ တွေ့ရတယ်။ နောက် victim ဖြစ်တဲ့ ကလေးဟာ ဆေးရုံမှာ သေဆုံးသွားပြီဆိုတဲ့ ကောလာဟလ သတင်းမျိုး လူမှုကွန်ရက်မှာ ထုတ်လွှင့်ခဲ့တာကလည်း ဇာတ်ရှိန်မြှင့်ပေးတဲ့ နည်းစနစ်ဟောင်းတစ်ခုပါပဲ။
    – တိုက်ဆိုင်စွာပဲ မန္တလေးမှာ ၁၈ ရက်နေ့ဖြစ်တဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားခရီးစဉ်အဖြစ် သြစတြေးလျကို ရောက်ရှိနေချိန်ပါ။ နိုင်ငံတော်အကြီးအကဲတွေ ပြည်ပခရီးထွက်တဲ့အချိန် ဆူပူမှုတွေ ဖန်တီးလေ့ရှိတဲ့ အစဉ်အလာကလည်းရှိနေတော့ ဒီမုဒိန်းမှုအကြောင်းပြု ဆူပူအုံကြွမှုဟာ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဘူးလို့ ငြင်းချက်ထုတ်ဖို့ ခက်ခဲနေပါတယ်။

    သုံးသပ်ချက် >>>

    မုဒိန်းကောင်ဆိုရင် လူတိုင်းက ပြစ်ဒဏ်ကြီးကြီးပေးချင်ကြတာပါ။ မနှစ်မြို့ အော့နှလုံးနာစရာကောင်းတဲ့ အောက်တန်းကျယုတ်မာသူ သက်ငယ်မုဒိန်းကောင်ကိုဆိုရင်တော့ ပိုလို့တောင် သေဒဏ်ပေးချင်ကြတယ်၊
    မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ခတ်ချင်နေကြတာပါ။ ဖြစ်တယ်လို့ ကြားတာနဲ့ ထလွယ်ရှလွယ် ဒေါသဖြစ်လွယ်တဲ့ ကိစ္စမျိုးပါ။ ဒါကို နိုင်ငံရေး တောင်ကြောင်တွေ အသုံးချသွားနိုင်ပါတယ်။ အသုံးချခဲ့တဲ့ သာဓကအနေနဲ့လည်း ရခိုင်သီတာထွေးနဲ့ မန္တလေး ဖြူဖြူမင်း(ခ)ဂတုံးမ အမှုတွေက သက်သေခံနေပါတယ်။

    ၂၀၁၄၊ ဇူလိုင် ၁  ရက်နေ့ညမှာ လူစုလူဝေးစတင်ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ခဲ့တဲ့ မန္တလေးမုဒိန်းမှု လီဆယ်မှုသာဖြစ်

    ၂၀၁၄ ခုနှစ် ဇွန်လ ၂၈ ညက မန္တလေးမြို့ ချမ်းအေးသာဇံမှာရှိတဲ့ ဆန်းကဖီးနဲ့ ဖြူဖြူမင်း(ခ)ဂတုံးမတို့ရဲ့ မုဒိန်းမှုသတင်းကြောင့် ဇူလိုင်လ ၁ ရက်နေ့ညမှာ လူမှုအသိုင်းအ၀န်း နှစ်ခုအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၂ ရက်နေ့ည ဆူပူမှုအတွင်း လူ၂ဦးသေဆုံးခဲ့ပါတယ်။ နောက်နေ့တွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ထိန်းသိမ်းရတဲ့အထိ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တာပါ။

    ဖြူဖြူမင်းအမှုမှာ ဦးဝီရသူ၊ နေမျိုးဝေနဲ့ သစ်ထူးလွင်တို့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာတွေက စတင်ဝါဒဖြန့် လှုံ့ဆော်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒီမုဒိန်းမှုဟာ လီဆယ်တိုင်တန်းမှုဖြစ်တယ်လို့ အစိုးရကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပဋိပက္ခဆူပူမှုဖြစ်ပွားခဲ့ပြီး လူ၂ဦးရဲ့အသက် ဆုံးရှုံးခဲ့သလို မြို့လည်း အကျည်းတန်ခဲ့ရပါတယ်။

    အခုအချိန်ဟာ မိတ္ထီလာမြို့မှာ ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့က ရွှေအရောင်းအ၀ယ်အငြင်းပွားမှုကို အကြောင်းပြုပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၅ နှစ်ပြည့်တဲ့အချိန်လည်းဖြစ်ပါတယ်။ အချိန်ကိုက် လှုံ့ဆော်ပြီး တကျော့ပြန်ဖန်တီးလာနိုင်ချေရှိတဲ့ အခြေအနေတွေကို သတိပြုဆင်ခြင်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။

    အခုလည်း နေ့စဉ်နဲ့အမျှ တိုးပွားနေတဲ့ သက်ငယ်မုဒိန်းမှုတွေထဲက စိတ်မနှံ့သူ အဓမ္မပြုကျင့်ခံရတဲ့အမှု၊ လက်သည်တရားခံမပေါ်တဲ့အမှုတွေမှာ မည်းမည်းမြင်ရာ တရားခံရှာ တံဆိပ်ကပ်ဖို့ လွယ်ကူပါတယ်။ တရားခံဟာ ဘာသာခြား မွတ်စလင်ကုလားဆိုပြီး လှုံ့ဆော်ဝါဒဖြန့်ရုံနဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးထွက်ပေါ်လာပြီး ဘာသာရေးပဋိပက္ခအဖြစ် ဖန်တီးလာနိုင်တယ်ဆိုတာကို တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ နိုင်ငံသားတိုင်းက သတိပြုရမှာဖြစ်ပါတယ်။

    လူမှုကွန်ရက်ပေါ်က ဖွတိုင်း မယုံ၊ လှုံ့ဆော်တိုင်း သွေးမကြွဖို့ ဆင်ခြင်ရပါမယ်။ ဂျင်းမကြိုက်ကြဖို့လိုပါတယ်။ ပြီးခဲ့တဲ့မန္တလေးဖြစ်စဉ်မှာဆိုရင်လည်း အဓမ္မကျင့်ခံရတဲ့ ကလေးငယ် ဆေးရုံမှာ သေပြီဆိုတဲ့ ဖွသတင်းတွေ ထွက်ပေါ်လာတာဟာ ပဋိပက္ခတွေမှာ အရှိန်အဟုန်နဲ့ လူထုပါဝင်လာအောင် ဓါတ်ဆီလောင်းတဲ့ နည်းတွေပါ။

    အဖျက်သမားတွေရဲ့ နိုင်ငံရေးအသုံးချ ဘာသာရေးပဋိပက္ခ ဖန်တီးလိုမှုအကြံအစည်ကို ကြိုတင်သိမြင်ကာကွယ်နိုင်ပြီး တိုင်းပြည်ရဲ့ အနိဋ္ဌာရုံတွေကနေ လွတ်မြောက်နိုင်ကြပါစေ…..။ ။

    ခိုင်မြဲ (မတ် ၂၀၊ ၂၀၁၈)

     

  • လူစုလူဝေး၀ါဒ အောင်ပွဲခံနေဆဲလား

    လူစုလူဝေး၀ါဒ အောင်ပွဲခံနေဆဲလား

    စည်သူအောင်မြင့် ရေးသည်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ ည က မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ပန်းတောင်းမြို့မှာ ဆောက်လက်စ နေအိမ်တစ်လုံးကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီ လို့ စွတ်စွဲပြီး လူအုပ်ကြီးက အကြမ်းဖက် မီးရှို့ဖြိုချဖို့ ကြိုးစားမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမုန်းတရား ပျံ့ပွားမှုတွေကြောင့် မူဆလင်တွေကို မုန်းတီးမှု ရှိနေတဲ့ မြန်မာနိုင်ငံမှာ လူအုပ်ကြီးရဲ့ အခုလို ကြိုးပမ်းမှုမျိုး အထူးအဆန်းလို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ထူးဆန်းသွားတာ ကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် ကို ကာကွယ်ရမယ့်၊ တရားဥပဒေ စိုးမိုးရေး အကောင်အထည် ဖော်ရမယ့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက ပုဂ္ဂိုလ်တွေ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ နဲ့ လွှတ်တော် အမတ်ပါ ပါဝင်ပြီး လူအုပ်ကြီးက အိမ်ကို မီးရှို့ဖျက်ဆီးမှာ စိုးရိမ်လို့ ဆိုပြီး သူတို့ကိုယ်တိုင် ဘက်ဟိုးနဲ့ ထိုးချဖျက်ဆီးလိုက်တဲ့ ကိစ္စပါ။ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ဘယ်အဆင့် ရောက်နေပြီလဲ၊ လူစုလူဝေး ၀ါဒကပဲ အောင်ပွဲခံနေသလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

    ဖြစ်စဉ် အကြမ်းဖျဉ်းကတော့ ခုလိုပါ။ ကျောက်ပန်းတောင်းမြို့နယ် သာယာအေး ရပ်ကွက်က ဆောက်လုပ်စ နှစ်ထပ်အိမ်ကြီးတစ်လုံးကို အဲဒါ ဗလီအဖြစ် အသုံးပြုဖို့ ဆောက်တာပါ၊ ဒါကို ဖြိုဖျက်ပေးပါ ဆိုပြီး လူစုလူဝေးနဲ့ တောင်းဆိုရာက အစ ပြုတယ်လို့ သိရပါတယ်။ လူစုလူဝေးနဲ့ အကြမ်းဖက်ဖို့ စုစည်းလာတဲ့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး နဲ့ လွှတ်တော်အမတ်ပါ အဲဒီ နေရာကို ရောက်သွားတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ လူအုပ်ကြီးက ဗလီလို့ စွတ်စွဲနေပေမယ့် ဗလီဖြစ်နိုင်တယ် ဆိုတဲ့ အထောက်အထား တခုတ လေတောင် ရှိတာ မဟုတ်ပါဘူး။ ပြသနာ ဖြစ်ပြီးနောက် သတင်းမီဒီယာတွေကို ပြန်ပြီး ဖြေကြားပေးတဲ့ ကျောက်ပန်းတောင်းက တိုင်းအဆင့် လွှတ်တော်အမတ် ဦးအေးခိုင်က ကျောက်ပန်းတောင်းမှာ မူဆလင် နေအိမ် တအိမ်မှ မရှိဘူး ဆိုတာ သူတို့ သိတယ်၊ အခု နေအိမ်ကို ပိုင်ဆိုင်သူဟာလည်း ဗုဒ္ဓဘာသာဝင် ဆိုတာ သူတို့ သိတယ်၊ နောက် အဲဒီနေအိမ်ဟာ ဗလီအဖြစ် အသုံးပြုဖို့ သံသယ ဖြစ်စရာ တချက်မှ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။ ဒါဆိုရင် အဲဒီ အိမ်ကို ဘာကြောင့် ဖျက်ရတာပါလဲပေါ့။ ဦးအေးခိုင်ပြောတာကတော့ အဲဒီနေအိမ်ဟာ မြို့နယ် စည်ပင်သာယာ ခွင့်ပြုချက်နဲ့ ဆောက်တာ မဟုတ်ဘူး၊ နောက်တချက်ကတော့ လူအုပ်ကြီးကို ဒီအတိုင်း ထားလိုက်ရင် သူတို့ဖာသာသူတို့ မီးရှို့ကြ၊ ဖျက်ကြလိမ့်မယ်၊ အဲလိုဆို အခြေအနေ ပိုဆိုးသွားလိမ့်မယ်၊ ဒါကြောင့် အဲဒီ အချက်နှစ်ချက်နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ရဲ၊ လွှတ်တော် အမတ် အားလုံး တိုင်ပင်ပြီး ဖျက်မိန့်ပေး၊ အာဏာပိုင်တွေ ကိုယ်တိုင်က ဘက်ဟိုးသုံးပြီး ဖြိုချ ဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။

    ဒီနေရာမှာ အုပ်ချုပ်ရေး၊ ရဲ နဲ့ လွှတ်တော်အမတ် အာဏာပိုင် အားလုံးရဲ့ စဉ်းစားချက် အလွန်အံ့သြဖို့ ကောင်းတာ တွေ့နိုင်ပါတယ်။ ပြသနာကို ဥပဒေအတိုင်း ဖြေရှင်းဖို့ မစဉ်းစားခဲ့သလို၊ အမှန်အတိုင်း ဖြေရှင်းဖို့လည်း ကြိုးစားတာ မတွေ့ရပါဘူး။ လူအုပ်ကြီးက မီးရှို့ဖျက်ဆီးရင် ပိုဆိုးသွားလိမ့်မယ် ဆိုတာ တခုတည်းနဲ့ လူအုပ်ကြီး ကျေနပ်အောင် အာဏာပိုင်တွေကိုယ်တိုင် ဖြိုချ ဖျက်ဆီးပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတာက ခုလို လူအုပ်နဲ့ အကြမ်းဖက်ဖို့ လုပ်တာကို မတားဆီးရုံမက၊ ဘယ်သူတွေက သတင်းမှားတွေဖြန့်ပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်သလဲ ဆိုတာကိုလည်း စုံစမ်းဖော်ထုတ်ဖို့ လုပ်တာ မတွေ့ရပါဘူး။

    တကယ့်တကယ် ပြန်ဆန်းစစ်ကြည့်ရင် မူဆလင် တစ်အိမ်ထောင်မှ မရှိတဲ့နေရာမှာ ဗလီဆောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် နေအိမ်ပိုင်ရှင်ဟာ ဗုဒ္ဓဘာသာ မြန်မာ လို့ သိထားတဲ့အတွက် ဗလီဆောက်ဖို့ ဆိုတာ ပိုပြီး မဖြစ်နိုင်ပါဘူး။ ဒီ အတွက် ပြသနာကို အကြမ်းဖက်ရန် ကြံရွယ်ချက်နဲ့ မမှန်မကန် လှုံ့ဆော်မှုအဖြစ် ရဲရဲဝံ့ဝံ့ ကိုင်တွယ်ခဲ့သင့်ပါတယ်။

    လက်တွေ့မှာလည်း အဲဒီ နေအိမ်ပိုင်ရှင်ဟာ ဗုဒ္ဓဘာသာ လင်မယားနှစ်ယောက်ဖြစ်ပြီး ဓာတ်ပုံ စတူရီယို တခု အတွက် အခုလို တည်ဆောက်ထားတာလို့ သိရပါတယ်။ နေအိမ်ကို ဖြိုဖျက်ဖို့ အာဏာပိုင်တွေပေးတဲ့ နောက်ထပ် အကြောင်းပြချက်တခုက စည်ပင်မှာ ခွင့်ပြုချက် တင်မထား လို့ဆိုပါတယ်။ ဒီနေရာမှာ မေးစရာ မေးခွန်းရှိလာတာက အဲဒီနေရာမှာ အဲဒီနှစ်ထပ်အိမ်ကြီး တည်ဆောက်ပြီးစီးခါနီးအထိ စည်ပင်က မသိခဲ့ဘူး ဆိုတာများလား။ အဲဒါမျိုးမဖြစ်နိုင်ဘူး ဆိုတာ အားလုံးက သိနေကြပါတယ်။

    ဖြစ်နိုင်တာတွေက ခွင့်ပြုချက်နဲ့ ပတ်သက်ပြီး အိမ်ပိုင်ရှင်တွေဟာ စည်ပင်သာယာကို လာဘ်ထိုးပြီး ဆောက်နေသလား၊ နောက်ပိုင်းကျမှ စည်ပင်က သတ်မှတ်တဲ့ ဒါဏ်ငွေဆောင်ပြီး လူနေထိုင်ခွင့်ကျအောင် လုပ်မှာမျိုးလား၊ တစ်ခုခု ဖြစ်နိုင်ပါတယ်။ စည်ပင်သာယာ ဥပဒေအရ အရေးယူတယ် ဆိုရင် အရင်ကတည်းက အရေးယူဖို့ လိုပါတယ်။ အခုလို လူစုလူဝေးနဲ့ ဖျက်ဖို့ တောင်းဆိုလာရင်လည်း အာဏာပိုင်တွေဟာ ဒါကို မရရတဲ့နည်းနဲ့ တားဆီးရပါမယ်၊ နောက်ပိုင်းကျမှ တည်ဆဲ စည်ပင်သာယာ ဥပဒေအရ ပိုင်ရှင်ကို ဥပဒေအတိုင်း အရေးယူဖို့ပဲ ဖြစ်ရပါမယ်။ အခုပြသနာမှာ အာဏာပိုင်တွေဟာ တရားဥပဒေ စိုးမိုးရေးကို မျက်ကွယ်ပြုထားတာ အတော်လေး ထင်ရှားတာ တွေ့နိုင်ပါတယ်။

    သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့တုန်းကပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒါးပိုင် ဒုက္ခသည် စခန်းက မူဆလင် ၇ ယောက် ရဲလုံခြုံရေး တယာက်ပါပြီး ရောင်နီဦး ဆိပ်ကမ်းကို သွားပါတယ်။ ဆိပ်ကမ်းအရောက်မှာ ဘာပြသနာမှ မဖြစ်ပါပဲနဲ့ လူအုပ်စုကြီးက ခဲတွေနဲ့ဝိုင်းထု၊ အကြမ်းဖက် ၀ိုင်းတိုက်ခိုက်ကြလို့ တစ်ယောက်သေ၊ ကျန် ၆ ယောက်လုံးလည်း ဒါဏ်ရာရသွားပါတယ်။ သူတို့ စီးသွားတဲ့ ကားလည်း ပျက်စီးသွားပါတယ်။ အခုလို မင်းမဲ့တိုင်းပြည်ဆန်ဆန် လူစုလူဝေးနဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကြီး ဖြစ်သွားခဲ့တာတောင် အာဏာပိုင်တွေဟာ လုံလောက်တဲ့ အရေးယူမှု လုပ်တာ မတွေ့ရပါဘူး။ လူတစ်ယောက်ကို ဖမ်းထားတယ် ဆိုတာကလွဲပြီး တခြား ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးကိုမှ ထုတ်ပြန်တာ မတွေ့ရပါဘူး။ အလားတူ ၂၀၁၂ နောက်ပိုင်းကာလ မြန်မာနိုင်ငံတွင်း ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ် ကာလတုန်းကလည်း အခုလိုပဲ လူစုလူဝေးနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ လူတွေကို ၀ိုင်းဝန်း သတ်ဖြတ်တာတွေ နေရာ အတော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပြသနာတွေနဲ့ ပတ်သက်ရင် အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် အရေးယူကိုင်တွယ်နိုင်တာ အလွန်ရှားပါတယ်။ ဒါကြောင့်လည်း ဒီနေ့ထက်ထိ လူစုလူဝေးနဲ့ အကြမ်းဖက်တဲ့ လုပ်ရပ် ဆက်ပြီး ရှင်သန်နေတာ ဖြစ်ပါတယ်။

    ပြသနာတွေအားလုံးကို ဆန်းစစ်ကြည့်လိုက်ရင် အာဏာပိုင်တွေဟာ အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် အရေးယူတာ မတွေ့ကြရပါဘူး။ အလားတူ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေလည်း များသောအားဖြင့် အရေးယူ မခံကြရပါဘူး။ ဒါတင်မက အမုန်းတရား ပျံ့ပွားအောင် လှုံ့ဆော်သူတွေဟာလည်း ဒီကနေ့အချိန်ထိ အရေးယူတာ မခံကြရပါဘူး။ အဲလို ပြသနာတွေကို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးသ၍ တရားဥပဒေ စိုးမိုးရေး ဆိုတာ ဖြစ်လာဦးမှာ မဟုတ်သလို နိုင်ငံတကာ အလည်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကလည်း ဆက်ပြီး ကျဆင်းနေဦးမှာပါပဲ။ တစ်ဆက်တည်း အခုလို လူစုလူဝေးနဲ့ အကြမ်းဖက်မှု လုပ်တာမျိုးတွေလည်း ထပ်ပြီး ပေါ်ပေါက်လာဦးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။