News @ M-Media

Category: သတင်းဆောင်းပါး

  • ကျောက်ဆည်က အလင်းရောင် လူမှုကူညီရေးအသင်း

    ဇန်နဝါရီ ၆ ၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    ဒီမိုကရေစီ စနစ် တွင် ဆိုရှယ်လစ် စနစ်ကဲ့သို့ လူထုလိုအပ်ချက်အားလုံးကို  အစိုးရသာ တာဝန် ယူဖြေရှင်း ပေးခြင်းမျိုး မလုပ်ဆောင်ဘဲ အုပ်ချုပ်သူ အစိုးရနှင့် အတူ ဈေးကွက် ၊  အရပ်ဘက်အဖွဲ့အစည်း တို့က ပြိုင်တူတာဝန် ယူရခြင်းဖြစ်သည်။ ထို့အတွက် အုပ်ချုပ်သူ အစိုးရသည် ဈေးကွက်နှင့်  အရပ်ဘက်လူအဖွဲ့ အစည်းများ ဖွံ့ဖြိုး အားကောင်းလာစေရန် ဥပဒေ ပြဌာန်းခြင်း ၊ လုပ်ပိုင်ခွင့် ပေးခြင်း ၊ ပံ့ပိုး ကူညီပေးမှုများ ကို ဖန်တီးပေးရသည်။

    10
    ဦးဆောင် ကြိုးပမ်းလုပ်ဆောင်နေသူများ (ဓါတ်ပုံ Ansari Ddpt IRAC)
    01
    အသင်းရဲ့ ရုံး (ဓါတ်ပုံ Ansari Ddpt IRAC)

    ထိုအခါ ဈေးကွက်ပီပြင် ဖွံ့ဖြိုး လာပြီး ဖွံ့ဖြိုးလာသော ဈေးကွက်က တဆင့် အားကောင်း သော အရပ်ဘက် အဖွဲ့အစည်းပေါ်ထွန်း လာပါ သည်။ လူထု လိုအပ်ချက်ထောင့်စုံ ကို အုပ်ချုပ်သူ ၊ ဈေး ကွက်နှင့် အရပ်ဘက် လူအဖွဲ့ အစည်းများ ပါဝင် ဆောင်ရွက် သည့် အခါ ဖွံ့ဖြိုးစည်ပင်သော လူ့အဖွဲ့ အစည်း တစ် ရပ် အလျှင်အမြန် ပေါ်ထွန်းလာပါသည်။ ဒီမိုကရေစီ ခေတ်ပြောင်း ကာလကို ဖြတ်သန်း နေသော မြန်မာနိုင်ငံ တွင် ဖွံ့ဖြိုးစည်ပင်သော လူအဖွဲ့အစည်း တစ်ရပ် ပေါ်ထွန်းလာရေး အတွက် မြန်မာ့ အရပ်ဘက် လူအဖွဲ့ အစည်း Civil Society သည် ယခင် ခေတ်စနစ်များ နှင့် မတူ တစစနှင့် ဖွံ့ဖြိုးလာနေသည်ဖြစ်ရာ ကျောက်ဆည်မြို့ အလင်းရောင် လူမှုကူညီရေး အသင်း သည် ဖွံ့ဖြိုးအား ကောင်း လာသော  အရပ်ဘက်အဖွဲ့အစည်း ၏ အမှတ် သင်္ကေတတစ်ခု ဟု ဆိုနိုင်ပါသည်။

    “အလင်းရောင် လူမှုကူညီရေး အသင်း ကို အစ္စလာမ် ဘာသာဝင်တွေ အပါအ၀င် ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်  ၊ ဟိန္ဒို ဘာသာဝင်တွေနဲ့ ပါဝင် ဖွဲ့စည်းထားတာပါ။ ဒီအသင်းကို၂၀၁၂ ခုနှစ် ၇လပိုင်း က စတင်ထူထောင်ခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ၊ နာရေး နဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အရင် တုန်းကတော့ ဒီလို အသင်းမျိုး ကျောက်ဆည်မှာ မရှိခဲ့ပါဘူး” ဟု အလင်းရောင် လူမှုကူညီရေး အသင်းတာဝန်ခံ တစ်ဦးက အသင်းအကြောင်း မိတ်ဆက် ပြောပြသည်။

    အလင်းရောင် လူမှုကူညီရေး အသင်းသည်  ငွေ ကြေးမတက်နိုင်သူများ အား ဆေးကုသနိုင်ရန် ငွေကြေးထောက်ပံ့ပေး လျက်ရှိ နေပြီး အခမဲ့ ဆေးကုခန်း ဖွင့်လှစ်နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။

    “နာရေးကိစ္စ အသုံးပြုဖို့ အသင်းပိုင် ကား ၇ စီးထားရှိပါတယ်။ ဆင်းရဲ ချမ်းသာ ၊ လူမျိုး၊ဘာသာမရွေး ကူညီ ပေးတာပါ ” ဟု အလင်းရောင်း လူမှုကူညီရေး အသင်း၏ နာရေးကူညီမှု နှင့်ပတ်သက်၍ ပြောပါသည်။

    03
    အလင်းရောင် လူမှူကူညီရေး အသင်းရဲ့ ရည်ရွယ်ချက်များ (ဓါတ်ပုံ Ansari Ddpt IRAC)

    အလင်းရောင်သည် ဘာသာရေးပွဲတော်များတွင်ပါ ထိထိရောက်ရောက်ကူညီပေးလျက်ရှိသည်။

    “ ၁၁လပိုင်း ၇ရက်နေ့က လုပ်တဲ့ ကျောက်ဆည် သဇင်တောင် ရွာ ဘုရားထီးတင်ပွဲ မှာလည်း ၀န်ဆောင်ပေးခဲ့ပါ တယ်” ဟု ၄င်းက ပြောပါသည်။

    အသင်းလုပ်ငန်းတာဝန်များ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ရံပုံငွေကို ကျောက်ဆည်မြို့ခံ လုပ်ငန်းရှင်များက လစဉ်ထည့်ဝင်ပေးလျက်ရှိသည်။

    ဘာသာမခွဲခြားပဲ လူမှုရေးအသိစိတ်ဖြင့် ကူညီဆောင်ရွက်နေသော အလင်းရောင်ကို မင်းကွန်းကျောင်း ဆရာတော်မှ ထောက်ခံအားပေးနေသည်။ “ ဆရာတော်က ကျွန်တော်တို့ကို အားပေးပါတယ်။ လုပ်ငန်း အခက်အခဲရှိရင် လာပြောပါ ၊ ကူညီပေးပ့ါမယ် လို့ ဆရာတော်ပြောထားတယ် ” ဟု ဆိုပါသည်။

    ကျောက်ဆည်မြို့ ဒေသ အာဏာပိုင်များကလည်း အလင်းရောင်လူမှုကူညီရေး အသင်းကို လွတ်လပ်စွာ ကူညီ ဆောင်ရွက်ခွင့်ပြုထားသည်။ အလင်းရောင် အသင် ၏ ကူညီဆောင်ရွက်မှုတို့သည် ဆင်းရဲနွမ်းပါးသူများ အ တွက် များစွာ အထောက်အပံ့ရရှိခဲ့သည်။ ဤသို့ ဘာသာ လူမျိုးမခွဲခြားပဲ ဘာသာပေါင်းစုံ ပါဝင် ဆောင်ရွက် နေသော အလင်းရောင်လူမှုကူညီရေးအသင်း သည် ကျောက်ဆည်မြို့၏ အားကောင်းသော Civil Society သင်္ကေတဖြစ်နေသလို ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ဆိုသည့် ကမ္ဘာ့ယဉ်ကျေးမှု ကို ပါကိုယ်စားပြုနေ သည် ဟု ဆိုရပါမည်။

    07

     

    M-Media-02

  • RNDP ရဲ့ အစ္စလာမ်ဘာသာကို စော်ကားမှု့ ရွေးကောက်ပွဲ ကော်မရှင် သတိပေးတာနဲ့ လုံလောက်ပြီလား

    ဒီဇင်ဘာ ၂၇ ၊ ၂၀၁၂
    M-Media
    အမ်တီ

    ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို ကိစ္စရပ် (၃) ခု နှင့်ပတ်သက်ပြီး နေပြည်တော်မှာ ခေါ်ယူ သတိပေးခဲ့တယ်။ ကိစ္စရပ် (၃) ခုတွင် RNDP ပါတီရဲ့ နိုင်ငံရေးစာစဉ်ဖြစ်တဲ့ တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂) တွင် အစ္စလာမ်ဘာသာ နှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအား မိုက်ရိုင်းစော်ကားသည့် အရေးအသားများကြောင့် ခေါ်ယူသတိပေးခြင်းဖြစ်သည်။
    တိုးတက်ရေးသတင်းလွှာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် မာဃသစ္စာ ဆိုသူမှ ၇ခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် ခေါင်းစဉ်ဖြင့် အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ အပေါ် စော်ကားရေးသားခဲ့ခြင်းဖြစ်သည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော  ဒေါက်တာအေးမောင် ခေါင်းဆောင်သည့် RNDP ပါတီရဲ့ တရားဝင် နိုင်ငံရေးစာစဉ်သည်
    (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ
    (၂) တည်ဆဲဥပဒေများနှင့်
    (၃) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့ကို ချိုးဖောက်လျှက်-

    (က) ကမ္ဘာ့လူသန်းပေါင်းများစွာ ကိုးကွယ်ယုံကြည်လျှက်ရှိသော အစ္စလာမ်သာသနာကို အသရေဖျက် စော်ကားရေးသားခြင်း။
    (ခ) အစ္စလာမ်ဘာသာဝင်တို့၏ ပွဲတော်များကို ရှုံ့ချစော်ကား ရေးသားခြင်း။
    (ဂ) အစ္စလာမ် ၀တ်ကျောင်းတော်များကို မလိုမုန်းထား ရေးသားခြင်း။
    (ဃ) အစ္စလာမ့်ဝတ်ကျောင်းတော်များမှ ၀တ်ပြုရန် ဆော်သြဖိတ်ခေါ်ခြင်းကို တိရိစ္ဆာန်အော်သံနှင့် ခိုင်နှိုင်းဖော်ပြခြင်း။
    (င) အစ္စလာမ်၏ စွန့်လွှတ်လှူမှုဒါနအား အလွဲအဓိပ္ပါယ်ဖွင့် စော်ကားရေးသားခြင်း။
    (စ) အစ္စလာမ်ဘာသာဝင် တိုင်း၇င်းသား၊ နိုင်ငံသားများအားလုံးတို့ကို ရုတ်ရင်းကြမ်းတမ်းစွာ စော်ကားရေးသားခြင်း။
    (ဆ) အစ္စလာမ်ဘာသာဝင်များ ကိုးကွယ်ယုံကြည်ရာ ဖန်ဆင်းရှင်၏ နာမတော်ဖြင့် အစပြုပါအံဟူသည့် ဆုတောင်းမေတ္တာစကား၏ သင်္ကေတကိုဖေါ်ပြလျှက် တရားဥပဒေဘောင်အတွင်းမှ သမ္မအာဇီဝဖြင့် စီးပွားရှာသူ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသားများအား မလိုမုန်းထားရေးသားလှုံ့ဆော်ခြင်း။
    (ဇ) ဘာသာသာသနာ ယုံကြည်မှုမတူသူများနှင့် ထိမ်မြားလက်ထပ်ခြင်း မပြုရန်နှင့် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အတင်းအဓမ္မ အစ္စလာမ်ကို ယုံကြည်ခိုင်းခြင်း မပြုရန်၊ မည်သည့်အကြောင်းနှင့်မျှ သာသနာအတွင်း အဓမ္မသွတ်သွင်းခြင်း မပြုရန် အစ္စလာမ်သာသနာက ရှင်းလင်းပြတ်သားစွာ တားမြစ်ထားပြီး ဖြစ်ပါလျှက် အစ္စလာမ်နှင့် မွတ်စလင်မ်တို့ မဟုတ်မတရား စွတ်စွဲအသရေဖျက်ခြင်း။
    (ဈ) ဘာသာပေါင်းစုံ ချစ်ကြည်ရေးပျက်ပြား၍ တိုင်း၇င်းသား၊ နိုင်ငံသားအချင်းချင်း မုန်းတီးနားကြည်း ရန်မီးပွားကာ ပြည်ထောင်စုကြီး ပြိုပျက်အောင် ရည်ရွယ်ချက်ကျကျ လှုံ့ဆော်ရေးသားလျှက်ရှိခြင်း။
    (ည) ဘာသာရေးခုတုန်းလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်သည့် ရေးသားလှုံ့ဆော်မှုများ ပြုလုပ်နေခြင်း။
    (ဋ) ကမ္ဘာပေါ်ရှိ အစ္စလာမ်ဘာသာကိုးကွယ်သူ အားလုံးကို တိရိစ္ဆာန် နှင့် ခိုင်းနှိုင်းပြီး ရှိုင်းပြစွာရေးသားထားခြင်း၊
    ဖြစ်ပေသည်။

    ယခုကဲ့သို့ RNDP ရဲ့ ကမ္ဘာဘာသာကြီးတခုအား ပြောင်လှောင်ရေးသားမှုကို အောက်တွင်ပူးတွဲဖော်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတိပေးရုံတင် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်း

    ပုဒ်မ ၆(ဃ) လူမျိုးရေး (သို့) ဘာသာရေး(သို့) လူတစ်ဦးချင်း (သို့) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်ေ၇းသားမှု့ ဟောပြောမှု့ (သို့) စည်းရုံးမှု့မပြုလုပ်ရ
    (င) ဘာသာေ၇းကို နိုင်ငံေ၇းအတွက် အလွဲသုံးစားမပြုလုပ်ရ

    ဟူသော စည်းကမ်းများကို အဆိုပါ ဝန်ခံချက်များကို ချိုးဖောက်လျှင် ပါတီကို ဖျက်သိမ်းသည့် အထိ အရေးယူရမည်ဟု ကော်မရှင်ရဲ့ ပေးစာမှာ ဖော်ပြထားပါသည်။ သို့သော် ယခု RNDP မှ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည်ကို သတိပေးရုံတင်ပေးခဲ့ပါသည်။  သို့ဖြစ်ပါ၍ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နှစ်ထောင်နှင့်ချီပြီး အေးချမ်းစွာ နေထိုင်လာသည့် မြန်မာနိုင်ငံတော်ကြီးတွင် နိုင်ငံသား အချင်းချင်း ပဋိပက္ခဖြစ်စေမည့် လုပ်ရပ်များကို ကာကွယ်တားဆီးရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့မှ တိတိကျကျ ဥပေဒေအတိုင်း အမြန်ဆုံးအရေးယူဖို့ တိုက်တွန်းလိုက်ရပေသည်။

     

    img3

    img_0001 img_0002

    1

    အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ကို စော်ကားထားသည့် RNDP ပါတီစာစဉ် တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)
    2

    အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ကို စော်ကားထားသည့် RNDP ပါတီစာစဉ် တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)
  • မြန်မာပြည် မြောက်ပိုင်းတွင် ကချင် စစ်ပြေးဒုက္ခသည် ၅သောင်းခန့် အရေးပေါ် အကူအညီလိုအပ်နေ

    မြန်မာပြည် မြောက်ပိုင်းတွင် ကချင် စစ်ပြေးဒုက္ခသည် ၅သောင်းခန့် အရေးပေါ် အကူအညီလိုအပ်နေ

    ဒီဇင်ဘာ ၂၁၊၂၀၁၂

    M-Media

    source-http://www.trust.org/alertnet

    kachin
    A woman stokes a cooking fire with her two children nearby at a camp for people displaced by fighting between government troops and the Kachin Independence Army, or KIA, outside the city of Myitkyina in the north of the country, February 22, 2012. REUTERS/Soe Zeya Tun

    မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ရွှေ့ပြောင်း နေရာချထား ခံရသည့် ၅၀၀၀၀ ခန့်ရှိပြည်သူများမှာ ဆောင်းရာသီ၏  ဒုတိယအကြိမ်မြောက် အအေးဒဏ်ကို  သေလောက်အောင် ပြင်းထန်စွာ ခံစားနေရသည်။ အကယ်၍ အပြည်ပြည်ဆိုင်ရာ ကူညီရေး အဖွဲ့အစည်းများ နှင့် အလှုရှင်များ အနေဖြင့် အချိန်မီ နည်းလမ်းရှာဖွေ မတွေ့ရှိပါက ယခုထက် အခြေအနေ ပိုမို ဆိုးဝါးနိုင်ကြောင်း ဒေသခံ ကူညီရေး လုပ်သားသူတဦးက ပြောပါသည်။

    ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက  စတင် ဖြစ်ပွားသည့် အစိုးရ စစ်တပ်နှင့် ကချင်လက်နက်ကိုင်(KIA) တို့ အကြား စစ်မီးကြောင့် မိမိတို့၏ အိမ်ယာကိုစွန့်ခွာကာ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည့် ကချင်တိုင်းရင်းသားများကို တရုတ်- မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည် စခန်း ၁၇ ခု ခွဲကာ နေရာချပေးထား ခဲ့သည်။ လပေါင်းများစွာ ကြာမြင့်သည့်တိုင် ကမ္ဘာ့ကုလသမဂ္ဂ မှ ၄င်းတို့အား ကူညီမှုပေးရန် ခွင့်ပြုချက် မရခဲ့ပေ။

    ယခုနှစ် ဒီဇင်ဘာလမှစတင်၍ ကုလသမဂ္ဂနှင့် အခြားသော ကူညီရေးအဖွဲ့အစည်းများက အစိုးရနှင့် မဆိုင်သော အဖွဲ့အစည်းများ မှတဆင့် သွယ်ဝိုက်သောနည်းဖြင့် ပေးသည့် ကူညီမှု အနည်းငယ်ကိုသာ သူတို့ရရှိနေသည်။ ဟု the Relief Action Network for IDPs and Refugees (RANIR), ပြည်တွင်း ကူညီရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ လာရစ်ပ်က ပြောပါသည်။

    RANIR ကို ဇွန်လ ပဋိပက္ခများ အပြီးတွင်မှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ရွှေ့ပြောင်း နေရာချထား ခံရသူများအား ထိရောက်စွာ ကူညီနိုင်သည့် အဖွဲ့များထဲမှ ထိုဒေသအတွက် အဓိက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း တခုအဖြစ် ဖွဲ့စည်းခဲ့သည်။

    “ခုက ဒီလူတွေအတွက် လိုအပ်မှုကြီးမားနေတဲ့ အချိန်ပါ။ ၇ိက္ခာ လုံလောက်မှု မရှိပါဘူး။” ဟု လာရစ်ပ်က နယ်စပ်မြို့ဖြစ်သော လေဇာမှ AlertNet သို့ ဖုန်းဖြင့်ပြောသည်။

    “တချို့စခန်းတွေက တောင်စောင်းမှာ တည်ရှိပြီး အခုလို ဆောင်းတွင်း နှင်းတွေကျချိန်မှာ လူအများစုကလည်း အနွေးထည်မရှိကြဘူး။ ကျွန်တော်တို့ လည်း ဆေးဝါး ပြတ်လတ်မှု ကိုရင်ဆိုင်နေရတယ်။” ဟု ထပ်မံပြောသည်။

    ထို့ပြင် လာရစ်ပ်က လူအများစုသည် စခန်းတွင် နေထိုင်နေရသည်မှာ တနှစ်ကျော်ပြီ ဖြစ်ပြီး သူတို့၏ နေ့စဉ် လူမှုဘ၀ ပျောက်ဆုံးနေသည်။ အများစုမှာ ငွေရေးကြေးရေးပြသနာ ကြုံတွေ့နေရသည်။ ဟုဆိုသည်။

    စစ်တပ်နှင့် ကေအိုင်အေ တို့အကြား ၁၇ နှစ်ကြာ အတိုက်အခိုက်ရပ်စဲပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကာလကြာရှည်စွာ တည်ရှိနေသော မကျေနပ်ချက်များကြောင့် ဖြစ်ပွားသည့် စစ်ပွဲမှ ယခုထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်  လူပေါင်း ၇၅၀၀၀ ခန့်ပြောင်းရွှေ့ နေရာချပေးထားပြီးဖြစ်ကြောင်း ကူညီရေး ကိုယ်စားလှယ်လုပ်ငန်းများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

    အာဟာရ ချို့တဲ့ ကလေးငယ်များ

    ရာစုနှစ် ထက်ဝက်ခန့် စစ်အာဏာရှင်အုပ်စိုးမှုအပြီး ၂၀၁၁ ခုနှစ် မတ်လတွင် အာဏာရရှိခဲ့သော  အစိုးရက လက်နက်ကိုင် အဖွဲ့အစည်း များစွာနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း KIA နှင့် ၄င်း၏ နိုင်ငံရေး ခေါင်းဆောင်များနှင့် ဆွေးနွေးမှုမှာ ယခုချိန်ထိ အကျိုးသက်ရောက်မှု မရှိသေးပေ။

    မြန်မာ့လူဦးရေ သန်းပေါင်း ၆၀ ၏ သုံးပုံ တစ်ပုံခန့်မှာ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုများဖြစ်ပြီး အများစုမှာ ၄င်းတို့အား အများစုဖြစ်သော ဗမာလူမျိုးတို့က စိုးမိုး ချုပ်ကိုင်နေသည်ဟု မြင်ကြောင်း တင်ပြကြသည်။

    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် လက်အောက်ရှိ လူသားရေးရာ အကျိုးပြု ဆောင်ရွက်မှုအဖွဲ့မှ ဗလာရီ အာမိုစ့်က ဒီဇင်ဘာလ အစောပိုင်းတွင် ကချင်ပြည်နယ်သို့ အလည်အပတ် ရောက်ရှိသောအခါ KIA ထိန်းချုပ်မှု နယ်မြေတွင်းရှိ ပြောင်းရွှေ့ နေရာချထားခံရသူများအား အရေးပေါ် အကူညီ လိုအပ်မှုများ စီစဉ်ပေးနိုင်ရန် အတွက် ကူညီရေး အဖွဲ့အစည်းများအား ခွင့်ပြုရန် မြန်မာအစိုးရအား တိုက်တွန်း နှိုးဆော်ခဲ့သည်။

    ၂၀၁၂ ခုနှစ် ဇူလိုင်လ ကတည်းက အစိုးရ ထိန်းချုပ်မှုနယ်မြေ ပြင်ပ ဒေသရှိ ၃၉၀၀၀ ခန့်ရှိ ဒုက္ခသည်များ၏ အခြေအနေမှာ ဆိုးဝါးနေပြီး လိုအပ်လျှက်ရှိသော အကူအညီ အထောက်အပံ့များကို စီစဉ်ပေးနိုင်ရန် ကုလသမဂ္ဂမှ အခွင့်အရေးမရခဲ့ကြောင်း သူမကဆိုသည်။

    လာရစ်ပ်ကလည်း လတ်တလော ဖြစ်ပွားသော ပဋိပက္ခများသည် ထိုသူတို့အား နေရပ်စွန့်ခွါ ထွက်ပြေးစေရန် ပိုမိုတွန်းအားပေးလျှက်ရှိပြီး ယခုအခါ ပြောင်းရွှေ့ နေရာ ချထားခြင်း ခံရသူဦးရေ ၅၀၀၀၀ ခန့်ထိ တိုးပွားလာနေပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်းပြောပါသည်။

    RANIR မှ နိုဝင်ဘာလအတွင်း ဦးဆောင်ပြုလုပ်သော လေ့လာမှုတွင် လိုင်ဇာ ဒေသသို့ ပြောင်းရွှေ့နေရာချထားပေးသော ကလေးငယ် ၈၀၀ ခန့်တွင် ၃နှစ်မှ ၅နှစ်တွင်း ကလေးငယ် ၅ယောက်လျှင် ၁ယောက်နှုန်း အာဟာရချို့တဲ့မှု အန္တရာယ်မှာ အရေးပေါ်အခြေအနေ ရှိနေသည်ဟု ယုံကြည်ရကြောင်း လာရစ်ပ်က ပြောသေးသည်။

    “ကျွန်တော်တို့ အကူအညီ အချို့ရတော့မှာပါ။ ဒါပေမဲ့ အဲဒါတွေက ၁လ (သို့) ၁၅ရက် စာလောက်ဘဲ ရှိမယ်။ ဒါကြောင့် ရေတိုအတွက်သာ အဓိက ဖြစ်ပြီး ထိန်းထားလို့ မရနိုင်ဘူး” ဟု ၄င်းက ထပ်လောင်းပြောဆိုသည်။

    ထို့ပြင် သူ့အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလှုရှင်များအား အကူအညီများကို အစိုးရမှ တဆင့် စီမံဆောင်ရွက်မည့် အစား အခြားသော နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် အနူးအညွတ် မေတ္တာရပ်ခံခဲ့သည်။

    “တကယ်လို့ အစိုးရက ဒီလူတွေကို ကူညီဖို့ သူတို့ကို ခွင့်မပြုရင် လွန်ခဲ့သည့် ၁၈ လကတည်းက စပြီး ရွှေ့ပြောင်းနေရာချထားသူများကို အစဉ်တစိုက် ကူညီနေတဲ့ ကချင်ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ (သို့) ပြည်တွင်းအခြေစိုက် နယ်စပ် ဖြတ်ကျော် လူမှုရေးအဖွဲ့အစည်းများမှ တဆင့် အထောက်အပံ့များစီမံပေးဖို့ တောင်းဆို ချင်ပါတယ်။” ဟု ပြောသည်။

    ဥရောပ ကိုယ်စားလှယ်အဖွဲ့မှ ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းနေရာချထားခံရသူများနှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ လူနည်းစုများအပေါ် အကျိုးသက်ရောက်စေခဲ့သည့် အကြမ်းဖက်မှုများအတွက် ၅.၅ သန်း ယူရို တန်ဘိုးရှိ လူသားချင်းစာနာသော အကူအညီအထောက်အပံ့မှု အသစ်များ ပေးအပ်မည်ဟု သောကြာနေ့က ကြေငြာသည်။

    ထိုကြေငြာချက်တွင် အကူအညီ အထောက်အပံ့များမှာ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့များနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့များမှ တဆင့်သာ ပေးပို့မည်ဖြစ်ကြောင်း ပါရှိသည်။

  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပင် ဆန့်ကျင်နေသည့် ၁၉၈၂ နိုင်ငံသားဥပဒေ

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၂
    M-Media

     

    ၁၉၈၃ခုနှစ် နိုင်ငံသားနည်း ဥပဒေများတွင် ၁၈၂၃ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်နေထိုင်သူများသည် တိုင်းရင်းသား မျိုးနွယ်စုများ၏ လူမျိုးအမည်များနှင့် တူနေစေကာမူ ထိုသူများသည် တိုင်းရင်းသား မဟုတ်ပါ လို့ ရှင်းရှင်းလင်းလင်းလင်း ဖော်ပြထားတာ တွေ့ရပါတယ်။
    တဖန် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၈(ခ) တွင် နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏  အကျိုးငှာ မွေးရာပါ နိုင်ငံသားမှအပ မည်သူ့ကိုမဆို နိုင်ငံသားသို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရုပ်သိမ်းနိုင်သည်ဟု ဆိုထားပြန်ပါသည်။

    ဒီနေရာမှာ ကျွန်တော် တင်ပြချင်တာကတော့ တည်ဆဲမြန်မာနိုင်ငံသား ဥပဒေမှာပါတဲ့ ၁၈၂၃ခုနှစ်ဆိုသော သက္ကရာဇ်မှာ ယနေ့အချိန်မှာဆိုရင် လွန်ခဲ့သောနှစ်ပေါင်း ၁၉၀လောက်ရှိနေပါပြီ။ ရာစုနှစ်၂ခုနီးပါးလောက် အချိန်အခါ အထောက်အထားတင်ပြရန်မှာ မလွယ်ကူသောကြောင့် တိုင်းရင်းသား တစ်ဦးဦးအား ၁၈၂၃မတိုင်မီ မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ကြောင်း အထောက်အထား တင်ပြနိုင်မှ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ရမယ်ဆိုရင် ထိုပုဂ္ဂိုလ်သည်တိုင်းရင်းသားဖြစ်ပါလျက် တိုင်းရင်းသားဖြစ်မှုဆိုသော အခွင့်အရေးကို ဆုံးရှုံးသွားမည်မှာ ဧကန်မုချ။ ထိုပုဂ္ဂိုလ်ဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု မခံရသောကြောင့် နိုင်ငံသားဥပဒေပုဒ်မ(၅) အရ မွေးရာပါနိုင်ငံသားဟု အသိအမှတ်ပြုခြင်း မခံရသည့်အပြင် အခန့်မသင့်ရင် ပုဒ်မ ၈(ခ)အရ နိုင်ငံသား အဖြစ်မှတောင် ရုပ်သိမ်းခြင်းခံရနိုင်ပါတယ်။

    ဒါကြောင့်မို့လို့ ၁၉၈၂ နိုင်ငံသားဥပဒေသည် တိုင်းရင်းသားလူမျိုးများအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည်ဟု အတိအကျမပြောနိုင်ပါ။ ဒါ့အပြင် ၁၉၈၃ ခု၊ နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းများအရ နိုင်ငံသားစီစစ်ရေး ကတ်ပြားများပေါ်တွင် လူမျိုး၊ ဘာသာနဲ့ အလုပ်အကိုင်များကို ဖော်ပြထားခြင်းသည် လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း စသည်တို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိ စေရဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၈ နဲ့ လိုက်လျောညီထွေမှု ရှိမရှိကိုလည်း စဉ်းစားစရာဖြစ်နေပါတယ်။ မည်သည့် တိုင်းရင်းသားလူမျိုးဖြစ်သည်၊ မည်သည့် ဘာသာကို ကိုးကွယ်သည်ဆိုတာကို နိုင်ငံသား စီစစ်ရေး ကတ်ပြားများပေါ်တွင် မဖော်ပြဘဲ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ သိရှိလိုပါက သက်ဆိုင်ရာဌာန မှတ်တမ်းများတွင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ ဒေတာဘေ့စ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းထားပါက သက်ဆိုင်ရာမှ အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

    သို့ဖြစ်ပါ၍ တိုင်းရင်းသားလူမျိုးများ၏ အခြေခံအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ခေတ်သစ်၊ စနစ်သစ်နဲ့ လိုက်လျောညီထွေဖြစ်အောင်၊ ယုတ္တိရှိအောင်၊ လူ့အခွင့်အရေးစံချိန်စံညွှန်းများနဲ့ကိုက်ညီအောင် ပြင်ဆင်ပြီး ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်အဆို တင်သွင်းပြသည့်အတိုင်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေတစ်ရပ် ပြဌာန်းပေးသင့်ပါကြောင်း ဤလွှတ်တော်သို့ အလေးအနက်ထား အကြံပြု တင်ပြအပ်ပါတယ်ခင်ဗျာ။

    ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် ၏ ၁၉၈၂ နိုင်ငံသား ဥပဒေပြင်ဆင်ရေး အဆိုကို ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်အမတ် ဦးရွှေမောင်၏  ထောက်ခံ ဆွေးနွေးချက်ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက်အလက်များသည် ရုပ်သံမှတ်တမ်း ၅း၄၀ မိနစ် မှစတင်သည့် ဆွေးနွေးချက်များကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

     

  • ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ပြည်သူများ သိထားသင့်သည့် အချက်များ

    ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ပြည်သူများ သိထားသင့်သည့် အချက်များ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၂
    M-Media
    မောင်လျှောက်( မြယာမြေ)

    ယခုဒီဇင်ဘာလတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အစီအစဉ်များရပ်ကွက်အလိုက် ကျင်းပနေပါသည်။

    ကမ္ဘာကျော် လူမည်း ခေါင်းဆောင်   မဲလ်ကွမ် အိပ်(စ) မှ လူမျိုးရေးခွဲခြားမှုကို တွန်းလှန်တိုက်ခိုက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား လူမည်း ပြည်သူများကို အောက်ပါအတိုင်းမိန့်ခွန်း ပြောကြားခဲပါသည်။

    ” လူမည်းတွေမှာ စီးပွားရေးအင်အားက မရှိရှာကြပါဘူး။ ဒါကို တည်ဆောက်ဖို့ယူဖို့ရာက သူတို့အနေနှင့် အချိန်တော့ ယူပါမယ်။ ဒါပေမယ့် အခုအခါမှာ လူမည်းတွေမှာ နိုင်ငံရေး အင်အားက ရှိနေပါပြီ။ တစ်ညတည်းနှင့် မိမိတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားက ရှိနေပါပြိ။ လူမည်းတွေအနေနှင့် လူဖြူတွေဆီမှာ မိမိတို့ရဲ့ အရေးအရာကို သိက္ခာရှိရှိ ဂုဏ်ရှိရှိနှင့် တန်ဖိုးရှိရှိတောင်းဆိုစေနိုင်တဲ့ နေရာကတော့ ဆန္ဒမဲပေးရာနေရာတွေပါပဲ။ အသဲကြားက မဲတစ်ပြားကို လူဖြူတွေလည်း အရေးထားကြတယ်။ လေးစားကြတယ်။ ဆုံးရှုံးမှုကို ကြောက်ကြတယ်။ မဲရရေးအတွက် ချဉ်းကပ်လိုကြတယ်။ လူမည်းတွေကသာ တစ်စုတဝေးတည်းနှင့် တစ်သဘောတည်းရပ်တည်သွားကြမယ်ဆိုလျှင် ရွေးကောက်ပွဲရဲ့ အကျိုးရလဒ်ကို သူတို့တွေဟာ အဆုံးအဖြတ်ပေးလာနိုင်ကြမှာပါ။”

    ဒါကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ပြည်သူများ သိထားသင့်သည့် အချက်များကိုတင်ပြလိုက်ပါသည်။

    ၁။ ဒီအရည်အချင်းတွေပြည့်ရင် ရွေးချယ်ခံပိုင်ခွင့်ရှိနေတယ်

    (က)နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူ
    (ခ)အသက်၂၅နှစ်ပြည့်သူ
    (ဂ)သင့်တင့်သောပညာအရည်အချင်းရှိသူ
    (ဃ)စားဝတ်နေရေးဖူလုံမှုရှိသူ၊
    (င)သက်ဆိုင်ရာရပ်ကွက်အတွင်းအနည်းဆုံး(၁၀)နှစ်နေထိုင်လျှက်ရှိသူ၊
    (စ)ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူ
    (ဆ)ကျန်းမာသူ
    (ဇ)နိုင်ငံတော်နှင့်ရပ်ရွာအကျိုးကိုစေတနာထားသူ၊
    (ဈ)အတူနေမိသားစုဝင်များသည်အကျင့်စာရိတ္တကောင်းမွန်သူများဖြစ်ရန်၊
    (ည)တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်၊
    (ဋ)လက်နက်ကိုင်အဖွဲ့အစည်းဝင်မဟုတ်သူ တွေကို ရွေးချယ်နိုင်သည်။

    ၂။ ဆယ်အိမ်စုကိုယ်စားလှယ်ကို ဘယ်လိုရွေးကြမလဲ

    (က)ရပ်ကွက်မှအများကြည်ညို လေးစားသူ ရပ်မိရပ်ဖ (၅)ဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ်ဦးစွားရွေးချယ်ရန်
    (ခ) ကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုစာရင်းကိုကောက်ယူ၍ အများဆုံး (၁၀)စုပါဝင်သည့်ဆယ်အိမ်စုများ ဖွဲ့စည်းရန်၊
    (ဂ)အဆိုပါ၁၀ဦးအနက်မှ ၁-ဦးကိုဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် လျှို့ဝှက်ဆန္ဒမဲပေး၍ရွေးချယ်ရန်။ (မှတ်ချက်= ဆယ်အိမ်စုကိုယ်စားလှယ်များသည် ဆယ်အိမ်မှူးများမဟုတ်ပါ)

    {အိမ်ထောင်စု ဆိုသည်မှာ သန်းခေါင်စာရင်းဖြင့်နေထိုင်သူ သို့မဟုတ် ယာယီသန်းခေါင်စာရင်ဖြင့်နေထိုင်သူဖြစ်ရမည်ဖြစ်ပြီး ဧည့်စာရင်းဖြင့်နေထိုင်သူ မပါဝင်ပါ}

    ၃။ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဘယ်လိုရွေးချယ်မလဲ

    ရွေးချယ်ခံထားရသော ဆယ်အိမ်စုကိုယ်စားလှယ်များထဲမှ သင့်လျှော်သူကို အမည်စာရင်းတင်သွင်း၍(၁-ဦးသော်၎င်း၊၃/၄ ဦးသော် ၄င်း) လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ရန်၊

    (၁) ကြီးကြပ်ရေးအဖွဲ့သည်အဆိုပါ ပုဂ္ဂိုလ်များ၏ မဲအများ အနည်းအလိုက် မှတ်တမ်းတင်ထားရှိရန်၊နောင်တွင်လိုအပ်သလို အစားထိုးရွေးချယ်နိုင်ရန်ဖြစ်ပါသည်
    (၂) ဆန္ဒမဲဖြင့်ရွေးချယ်ပြီးသောရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ အမည်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြအတည်ပြုချက်ရယူရန်။

    ၄။ အထူးမှတ်သားရန် အချက်များ

    (က) ထုတ်ပြန်ထားသောဥပဒေများအတိုင်း ဆောင်ရွက်ရန်ဖြစ်၍မည်သည့်ပါတီကြီးတစ်ခုမှ လက်သိပ်ထိုး စည်းဝါးရိုက် ရွေးချယ်မှုမဟုတ်ပါ၊
    (ခ)ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့များကို မည်သည့်ပါတီကမျှလက်ဝါးကြီးအုပ် တင်မြှောက်၍မရပါ၊ရပ်ရွာလူထုမှအများသဘောကျရွေးချယ်ရန်သာဖြစ်ပါသည်။
    (ဂ)ဆယ်အိမ်စုမှူးများရွေးချယ်ရာတွင်လျှို့ဝှက်မဲစနစ် ကျင့်သုံးရန်ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်းအဆိုပါကိုယ်စားလှယ်များမှလျှို့ဝှက် စနစ်ဖြင့်ရွေးချယ်ရန်၊
    (ဃ)ပါတီဝင်များအရွေးချယ်ခံနီုင်သည်၊သို့ရာတွင် ရွေးကောက် တင်မြှောက်ခံရပါကပါတီ လုပ်ငန်းများရပ်ဆိုင်းရန်။

    ယခုရွေးချယ်မှုစနစ်သည်သတ်မှတ်အရည်အချင်းပြည့်မီသူများကိုပြည်သူအကြိုက်ရွေးချယ်တင်မြှောက်နိုင်သည့် စနစ်ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျပါဝင် ရွေးချယ်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။