News @ M-Media

Category: သူ့အမြင်

  • မြန်မာ့ငြိမ်းချမ်းရေးမှာ ခရိုနီတွေ တိတ်ဆိတ်နေတာ ဘာကြောင့်လဲ

    မြန်မာ့ငြိမ်းချမ်းရေးမှာ ခရိုနီတွေ တိတ်ဆိတ်နေတာ ဘာကြောင့်လဲ

    သာလွန်ဇောင်းထက် ရေးသည်။

    မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းအာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ရဲ့ စီးပွားရေး တစ်ခုလုံးကို ချုပ်ကိုင်လိုက်ပါတယ်။

    စစ်တပ်က တိုင်းပြည်စီးပွားရေးချုပ်ကိုင်ခဲ့တဲ့ ကာလအတွင်းမှာ နိုင်ငံတစ်ဝန်း ပြည် တွင်း စစ်မီးတောက်နေလင့်ကစား စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ခွင့်ကို ရယူ ချမ်းသာလာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အများအပြား ပေါ်ထွန်း လာခဲ့ ပါတယ်။   အဓိက
    အားဖြင့်တော့ တိုင်းပြည်ရဲ့ သယံဇာတ တူးဖော်မှု လုပ်ငန်း တွေမှာ လုပ်ပိုင်ခွင့်ရရင်း သူတို့တွေ ချမ်းသာလာကြတာပါ။

    သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အရပ်သား အစိုးရလက်ထက်မှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစား နေပေမယ့်လည်း နိုင်ငံရဲ့ သယံဇာတ တူးဖော်မှုနဲ့ ကြီးပွားလာကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက နှုတ်ဆိတ်နေကြဆဲပါပဲ။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်မှုက နည်းပါးနေဆဲပါပဲ။

    ခရိုနီတွေ ပေါ်ထွန်းလာခြင်း
    ————————
    မြန်မာလူမှုအသိုင်းအ၀ိုင်းမှာ စစ်တပ်နဲ့ နီးစပ်သူတွေ၊ အာဏာရှိသူတွေနဲ့ နီးစပ်ပြီး စီးပွားရေးလုပ်ကိုင်ခွင့်ရရှိသူတွေကို ခရိုနီရယ်လို့ တွင်တွင်ကျယ်ကျယ်ခေါ်ဝေါ်သုံးစွဲ လာပြီး အရေအတွက်အားဖြင့်လက်ချိုးရေတွက်လို့ရနိုင်တဲ့ ခရိုနီတွေ ပေါ်ထွန်းလာပုံကလည်း
    စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

    ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရ တက်လာချိန် ကစပြီး တိုင်းပြည်မှာ တံခါးပိတ် စီးပွားရေးစနစ်နဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းမှန်သမျှ ပြည်သူပိုင်သိမ်းဆည်းခဲ့တာကြောင့်
    စီးပွားရေးလုပ်ငန်းရှင်လူတန်းစား ပျောက်ကွယ်ခဲ့ပါတယ်။

    ၁၉၈၈ ခုနှစ် ရှစ်လေး လုံး ဒီမိုကရေ လူထုလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်း အာဏာ သိမ်းယူပြီးတဲ့နောက်မှာတော့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေအားလုံးကို စစ်တပ်က ထိန်းချုပ် ခဲ့ပါတယ်။

    အာဏာနဲ့ စီးပွားရေးဟာ ခေါင်းနဲ့ပန်းလို ခွဲခြားမရတာမို့ အာဏာ ခိုင်မြဲဖို့ စီးပွားရေးအင်အားတည်ဆောက်ရသလို စီးပွားရေးအင်အား တည်မြဲ လာတာ နဲ့အမျှ အာဏာဟာလည်း ခိုင်မာမှု ရှိလာတာမို့ အာဏာရှင် စစ်အစိုးရဟာ စီးပွားရေးသြဇာချဲ့ထွင်လာပါတယ်။

    သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ ကျောက်မျက်တူးဖော်ခွင့်၊ သစ်ထုတ်လုပ်ခွင့် အပါအ၀င် သယံဇာ တူးဖော်ရေး လုပ်ခွင့်တွေ၊ ကုန်သွယ်ရေးလုပ်ပိုင်ခွင့် ၊ ကားတင်သွင်းခွင့်၊ စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းခွင့် စတဲ့ စီးပွားရေးလုပ်ပိုင်ခွင့် စစ်အစိုးရက
    ကိုယ်တိုင် လုပ်ဆောင်သလို နီးစပ်တဲ့ အကျိုးတူ စီးပွားရေးသမား တွေကိုလည်း လုပ်ခွင့်ပေး ခဲ့ပါတယ်။

    စစ်တပ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းဆိုတဲ့ နာမည်နဲ့  စီးပွားရေးတွေ လုပ်ကိုင်သလို ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေဟာလည်း စီးပွားရေး လုပ်ပိုင် ခွင့်ရရှိပြီး
    ကြွယ်ဝချမ်းသာတဲ့ ခရိုနီ သူဌေးကြီးတွေဖြစ်လာကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ မူးယစ်ရာဇာ တချို့ဟာလည်း အစိုးရဆီမှာ အလင်းဝင် အညံ့ခံပြီး စီးပွားရေးလုပ်ခွင့်ရယူ ချမ်းသာလာကြတာတွေ လည်းရှိပါတယ်။

    စစ်အစိုးရလက်ထက် ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီ သူဌေးကြီးတွေ စုစုပေါင်း ၁၇ ဦးရှိပြီး သူတို့ဟာ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုကို ချုပ်ကိုင်ထား နိုင်ကြတဲ့ အထိ ကြွယ်ဝချမ်းသာလာကြတာပါ။ ၂၀၁၃ ခုနှစ် မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဦးတေဇ( ထူးထရေးဒင်း) ၊ ဦးဇော်ဇော် ( မက်စ်မြန်မာ)၊ ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်)၊ ဦးကျော်ဝင်း(ရွှေသံလွင်)၊ ဦးအောင်ကိုဝင်း(ကမ္ဘောဇ) ၊ ဦးဝင်းအောင် (ဒဂုံအင်တာနေရှင်နယ်)၊ ဦးပြည်အောင်နှင့်ဦးနေအောင် ( အောင်ပြည့်ဖြိုး ကုမ္ဗဏီနှင့် IGE) ၊ ဦးအောင်သက်မန်း(ဧရာရွှေဝါ)၊ မိုက်ကယ်မိုးမြင့် (မြင့်နှင့်အပေါင်းပါများ အုပ်စု)၊ ဦးနေ၀င်းထွန်း(ပတ္တမြားနဂါး) ၊ ဦးခင်ရွှေ (ဇေကမ္ဘာ)၊ ဦးဌေးမြင့်(ယုဇန)၊ ဦးအိုက်ထွန်း(အိုလံပစ်)၊ ဦးချစ်ခိုင်(ဧဒင်)၊ ဦးတင်ဝင်း(တင်ဝင်းထွန်း)၊ ဦးအောင်မြတ်( မားသား ထရိတ်ဒင်း) တို့ ၁၇ ဦးဟာ စစ်အစိုးရ လက်ထက်မှာ အကြီးအကျယ် ချမ်းသာလာတဲ့ ခရိုနီတွေ အဖြစ် ဖော်ပြထားပါတယ်။

    စီးပွားရေးပိတ်ဆို့မှုမှ လွတ်မြောက်ခြင်း
    ————————————–
    စစ်အစိုးရလက်ထက် ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တော်တော်များများဟာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းမှာ ပါဝင်နေတာမို့ နိုင်ငံတကာနဲ့ စီးပွားရေး လုပ်ဖို့
    အဆင်မပြေခဲ့ကြပါဘူး။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့အချိန်မှာတော့ စီးပွားရေးပိတ်ဆို့မှု ဒဏ်ခံ နေရတဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေအားလုံး
    အနောက်နိုင်ငံကြီးတွေရဲ့ပိတ်ဆို့မှုကနေ လွတ်မြောက် အောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးခဲ့ပါတယ်။

    တချိန်က တိုင်းပြည်ရဲ့ သယံဇာတနဲ့ လုပ်ပိုင်ခွင့် တွေကို တရားမ၀င် ရယူ ချမ်းသာခဲ့ကြတဲ့ ခရိုနီနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ပိုင်ဆိုင်မှုတွေဟာ စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်သွားချိန်မှာတော့ နိုင်ငံတကာအထိ လွှဲပြောင်းလို့ရတဲ့ တရားဝင် ချမ်းသာကြွယ်ဝမှုတွေဖြစ်လာပါတယ်။

    အစိုးရသစ်လက်ထက်မှာ တချို့သော ခရိုနီကြီးများဟာ တိုင်းပြည်ကို အမှန်တကယ် အခွန်ဆောင်ခြင်းဖြင့် နိုင်ငံကို အထောက်အကူပြုတာတွေ ရှိပေမယ့်လည်း အများစုသော ခရိုနီကတော့ အခွန်တိမ်းရှောင်နေကြဆဲပါပဲ။
    ပေးဆောင်ရမယ့် အခွန်ကိုတောင် တိမ်းရှောင်နေတဲ့အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ ပါဝင်ဖို့ကတော့ အလှမ်းဝေးနေဆဲပါပဲ။

    ငြိမ်းချမ်းရေးမှာ ခရိုနီတွေ ဘာကြောင့် မပါဝင်သေးတာလဲ
    ————————————–
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ခရိုနီတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအနေနဲ့ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သုံးစွဲ ပါဝင်ကြဖို့ မေလ ၇ ရက်နေ့ ကျင်းပတဲ့ ပြည်မြို့ လုပ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံထောက်ခံပွဲမှာ
    တိုက်တွန်းခဲ့ပါတယ်။

    “စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မိမိတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို မိမိတို့ရဲ့ တစ်ဘ၀စာလေး မကြည့်ဘဲနဲ့ မိမိတို့ထောက်ခံအားပေးနေတဲ့ ပြည်သူ လူထု တရပ်လုံး ရဲ့ မျက်နှာ ကို ကြည့်ပြီးတော့ လာမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ အောင်မြင်အောင်လုပ်ဖို့ တိုက်တွန်းတယ်” လို့ ဦးတင်ဦးက ဆိုပါတယ်။

    NLD နာယက ဦးတင်ဦး တိုက်တွန်းနေရတာကလည်း စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ငြိမ်းချမ်းရေးကို မဆိုင်သလို နေနေကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကတော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လို့ရမယ့် လမ်းတွေ ဖွင့်ပေးဖို့ လိုနေတယ်လို့ ဆိုပါတယ်။

    တကယ်လို့ တိုင်းပြည် ငြိမ်းချမ်းရေး ရခဲ့မယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာ အသေအချာဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘက်ကလည်း ငြိမ်းချမ်းရေး ရအောင် ကျရာ နေရာပေါင်းစုံ ပါဝင်ဖို့ တိုက်တွန်းမှုတွေက နယ်ပယ်ပေါင်းစုံက
    ပေါ်ထွက်နေတာပါ။

    ငြိမ်းချမ်းရေးအတွက် အစိုးရဘက်က လုပ်ငန်းရှင်တွေပါဝင်လာအောင် လမ်းဖွင့်ပေးဖို့ လိုသလို လုပ်ငန်းရှင်တွေဘက်ကလည်း ငြိမ်းချမ်းရေး အတွက် ဘယ်လိုနေရာကဖြစ်ဖြစ် ပါဝင်မယ်ဆိုတဲ့ အမြတ်မတွက်တဲ့ စိတ်ဓာတ်ရှိနေဖို့ လိုနေတာကတော့ အသေအချာပါပဲ။

    လတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေတွေ လိုအပ်နေပြီး ရန်ပုံငွေ အများစုက နိုင်ငံတကာက ကူညီထောက်ပံ့တာဖြစ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေဘက်က ထောက်ပံ့ကူညီ လှူဒါန်းတာ အင်မတန်ကို နည်းပါးလွန်းလှပါတယ်။

    NLD အစိုးရသစ်က ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သိပ်မကြာခင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း အသုံးပြုဖို့ ရည်ရွယ်ထားပြီး အဲဒီငွေကြေးတွေဟာလည်း နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ထားတဲ့ငွေကြေးတွေဖြစ်ပါတယ်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရိုနီတွေဘက်က လှူဒါန်းထားတဲ့ငွေကြေးက မရှိသလောက် နည်းပါးနေတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သိပ်မကြာသေးခင်က ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ပြည်သူတွေအားလုံးပါဝင်လှူဒါန်းကြဖို့ အလှူခံခဲ့ပေမယ့်လည်း စီးပွားရေးသမားတွေ ပါဝင်မှု အတော်ကို နည်းပါးခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ မေလ အထိ အစိုးရသစ်က ငြိမ်းချမ်းရေး ရန်ပုံငွေ အတွက် အလှူခံခဲ့ရာမှာ ငွေကျပ် ၁၅ ဒသမ ၄၅ ဘီလီယံ ရရှိခဲ့ပြီး ပြည်တွင်းအလှူရှင် ၁၅၀ ကျော်က လှူဒါန်းခဲ့တာပါ။ အဲဒီအထဲမှာ ခရိုနီ တချို့ ပါဝင်ခဲ့ပြီး တစ်ဦးတည်းကနေ ငွေကျပ် ၃ ဘီလီယံ လှူဒါန်းခဲ့တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    ငြိမ်းချမ်းရေးအတွက် စီးပွားရေး ခေါ် B4P
    —————————————-
    ပြည်တွင်းငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းတွေ ပါဝင် ဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်များအသင်းချုပ် (UMFCCI) နဲ့  United Nation Global Compact Network Myanmar တို့ ဧပြီလ ၄ ရက်နေ့ ရန်ကုန်မှာ စာချွန်လွှာ တရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဒီစာချွန်လွှာအရ ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ ဒေသတွေကို ဦးစားပေးကာ ပြည်တွင်းလူမှု အသိုင်းအ၀ိုင်းအတွင်း တာဝန်ယူမှု၊ တာဝန်ကျေပွန်မှုဖြင့် အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်ဆီးပေးရေး အပါအ၀င် လုပ်ငန်းအတွင်း ကုန်စည်နဲ့ ၀န်ဆောင်မှုဈေးကွက်အတွင်း၊ လူ့အဖွဲ့အစည်းအတွင်းငြိမ်းချမ်းမှု ရရှိ တည်မြဲရေး ဆောင်ရွက်နိုင်တာတွေကို လေ့လာ သင်ယူ ညှိနှိုင်း စုပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    Global Compact ဟာ ၂၀၁၂ ခုနှစ်မှာ ကုမ္ဗဏီ ၁၅ ခုနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကုမ္ဗဏီ ၃၀၀ ရှိခဲ့ပြီဖြစ်ပါတယ်။ UMFCCI မှာ ကုမ္ဗဏီပေါင်း ၃၀၀၀၀ ရှိသည့်အနက် ကုမ္ဗဏီ ၁၀၀၀၀ ခန့်ကို အဖွဲ့ဝင်ဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

    Global Compact အဖွဲ့ဝင်ဖြစ်လာတဲ့ ကုမ္ဗဏီတွေအနေနဲ့ လူ့အခွင့်အရေး၊ ဥပဒေ လေးစားလိုက်နာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြီး အဂတိလိုက်စားမှုကို အားမပေးခြင်း အပါအ၀င် United Nation Global Impact အဖွဲ့က ချမှတ်ထားတဲ့
    စည်းကမ်းစည်းမျဉ်းတွေကို လိုက်နာပြီး ငြိမ်းချမ်းရေးအတွက် ပါဝင်ရမှာဖြစ်ပါတယ်။

    Global Impact နဲ့ UMFCCI တို့ ရဲ့ သဘောတူညီမှု စာချွန်လွှာအရ လတ်တလော ကရင်ပြည်နယ်၊ မွန်ပြည်နယ် တွေအပါအ၀င် ပြည်နယ်၊ တိုင်းဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် တာဝန်သိ တာဝန်ယူ တတ်တဲ့
    စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာဖို့ ပြည်နယ်အစိုးရတွေ၊ တိုင်းဒေသကြီးအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအကြား ညှိနှိုင်း  ဆွေးနွေးတာတွေ လုပ်ဆောင်လာနေပြီဖြစ်ပါတယ်။

    ဒါပေမယ့်လည်း တကယ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ဗဏီတွေနဲ့ ငြိမ်းချမ်းရေးအတွက် တကယ်ပဲ စီးပွားရေးကဏ္ဍကနေ ပါဝင်နေသလား၊ မပါဝင်ဖူးလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

  • “ ထူးခြား မူခြား ဥပဒေ အထက်က လက်တစ်လုံးခြား ဆန္ဒပြပွဲ”

    “ ထူးခြား မူခြား ဥပဒေ အထက်က လက်တစ်လုံးခြား ဆန္ဒပြပွဲ”

    ဓါတ်ပုံ FRONTIER

    သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား၊ ကန့် ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲတစ်ခုကို နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ၊ ရွှေနံ့သာရပ်ကွက် ဘောလုံး ကွင်း၌ မေလ ၂၀ရက်၊ မနက်၉နာရီမှ ၁၁နာရီထိ ပြုလုပ်ခဲ့သည်ကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသည်ကို စာရေးသူကြည့်ဖြစ်ခဲ့သည်။ စနစ်တကျ၊အချိန်ယူ၊ကြိုတင်ပြင် ဆင်ထားပြီး အသွား၊အပြန်၊ကြိုပို့ စီစဉ်ပေးထားမှု၊ခရီးစရိတ်ငြိမ်း ဝန်ဆောင်မှု အစုစုတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့မှ မဘသသံဃာတော်၊လူပုဂ္ဂိုလ် ၃၀၀၀ လောက်ပါဝင်ခဲ့ပြီး ကားစီးရေ တော်တော်များများ စီစဉ်ပေးခဲ့ဟန်ရှိကြောင်း မီဒီယာသမားတစ်ဦးက ပြောကြားခဲ့သည်။ ထိုဆန္ဒပြပွဲကို “မြန်မာ့အံ့ဖွယ်”  ဆန္ဒပြပွဲတစ်ခုလို့ပြောနိုင်ပေသည်။ အကြောင်းမှာ ၂၀၀၅ခုနှစ် နေပြည်တော်မြို့ တည်ကတည်းက အစိုးရခေတ် အဆက်ဆက်တွင် မည်သည့်လူ၊ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမျှ တာဝန်ရှိသူများက ဆန္ဒပြခွင့် မပေးခဲ့ဘဲ ခွင့်ပြုခဲ့သောကြောင့် မြန်မာပြည်သူလူထုများအကြား ခွင့်ပြုခဲ့သည့် နေပြည်တော် အာဏာပိုင်ဆိုသူ များကို မေးခွန်းထုတ်စရာတွေ “သို့လော၊သို့လော” ရှိခဲ့သည်။

    သို့ရာတွင် ထူးဆန်းသည်မှာ နေပြည်တော်တိုင်း အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) အတွင်းရေးမှူးဆရာတော်က “ ထိုဆန္ဒပြပွဲလုပ်ဆောင်မှု့သည် မိမိနှင့်သက်ဆိုင်ခြင်း မရှိ”ဟု မိန့်ကြားထားခဲ့သည်။ ထိုဆန္ဒပြပွဲတွင် တစ်ချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးလှဆွေ၊ ဦးဇန္ဒိတ၊ ဦးအေးမင်းထွန်း၊ ဦးစိုးထွန်းရွှေ၊ မဘသအတွင်းရေးမှူးရှေ့နေ ဦးအေးပိုင်တို့က ဟောပြောခဲ့ပြီး ကြွေးကြော်သံများ  ပြုကာ ဦးဝီရသူ တရားဟောခွင့်ရရေး၊ ဦးဝင်းကိုကိုလတ်အား လွှတ်ပေးရေး ပါဝင်သော တောင်းဆို ချက် (၈)ချက်ကို တစ်လအတွင်းလုပ်ဆောင်ပေးရန် သို့မဟုတ်ပါက နိုင်ငံအနှံ့သပိတ်တိုက်ပွဲများ ဆင်နွှဲမည်ဖြစ်ပါကြောင်း လက်ရှိအစိုးရအား ရာဇသံပေးခဲ့သည်။ ဆန္ဒပြပွဲတွင် ဦးလှဆွေက “လက် ရှိအစိုးရအနေဖြင့် ဗုဒ္ဓဘာသာကိုအားပေးချီးမြှောက်ခြင်း မရှိသည့်အပြင် လူနည်းစု ဘာသာများကို ချီးမြှင့်မြှောက်ပေးခြင်း၊ ခေတ်အဆက်ဆက်၊ အစိုးရလက်ထက်တွင် သံမတန်ဆက်သွယ်ခြင်း မရှိသည့် “ဗာတီကန်” (ခရစ်ယာန်ဂိုဏ်းချုပ်)နှင့် သံတမန်အဆက်အသွယ် ပြန်လည်ပြုလုပ်ခြင်း၊ မြန်မာနောင်း (Myanmar Now )အယ်ဒီတာချုပ်အမှု့တွင် တရားရေး မဏ္ဏိုင်ယိမ်းယိုင်စေရန်အ တွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သဘောထားမှတ်ချက်ပေးခဲ့ခြင်းများကို” ဝေဖန် ထောက်ပြကာ သူ့အမြင်ကိုတင်ပြသွားခဲ့ပေသည်။

    စာရေးသူအနေဖြင့် တင်ပြလိုသည်မှာ ၂၀၁၀ခုရွေးကောက်ပွဲတွင် ဦးလှဆွေနှင့်ကိုယ်စား လှယ်များကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ကမ္ဘာ့အံ့ဖွယ် ဖွဲ့စည်းပုံ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ

    ၃၆၁ ။ တွင် နိုင်ငံတော်သည် ဗုဒ္ဓသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ် သောဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာ၊သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ် ပြုသည်။

    ၃၆၂    ။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ် ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မြဲသောနေ့တွင် နိုင်ငံတော်တွင်ရှိနေကြ သော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။

    ၃၆၃    ။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ၊သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

    စသည်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်အလက်များကို အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးအနေဖြင့် ၅နှစ်သက်တမ်းတာဝန်ထမ်းစဉ်က မလေ့လာခဲ့ဖူးလေသလား?  ဒီအပြင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ခရစ်ယာန်ဘာသာဝင်တို့၏ လက်ဝါးကတ်တိုင်များ၊ချားခ်ျခရစ်ယာန် ကျောင်းများ၊ အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြုဆုတောင်းရာ ဗလီများ၊ ယဉ်ကျေးလိမ္မာ ကျမ်းစာ သင်ကြားရာ၊ဘာသာရေး စာသင်ကျောင်းများကို ၁၉၆၂ ခု မတ်လ ၂ ရက်တွင် စစ်အာဏာသိမ်းခဲ့ သော ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှ နဝတ စစ်အစိုးရ ၊နအဖ စစ်အစိုးရ ဦးသိန်းစိန်အစိုးရ နှင့် ပြည်သူ့အစိုးရ NLD လက်ထက်ထိ မည်သည့်မြို့နယ်၊ မည်သည့်ကျေးရွာ၊ ရပ်ကွက်တွင်မဆို တရားဝင်တည်ဆောက်ခွင့်ပြုထားများရှိခဲ့ပါသလား?

    ဒါမှမဟုတ်ရင် တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးတစ်ဦး အနေနဲ့လည်းကောင်း၊၂၀၁၀-၂၀၁၅ မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့သော်လည်းကောင်း၊ ပြည်သူ့ဘဏ္ဍာ အခွန်စားဖူးတဲ့ သူတစ်ယောက်အနေနဲ့ ဘာသာရေး၊လူမျိုးရေး အစွန်းရောက် ရင်တွင်းဖြစ် ခံစားချက်များကို လျှာရိုးမရှိဘဲ စင်ပေါ်တက်ကာ အထိမ်းအကွပ်မရှိဘဲ ဟစ်နေခြင်းသည် ဦးနှောက် ရှိသော ပြည်သူ့ချဉ်ဖတ် စာရင်းဝင်သွားပေလိမ့်မည်။

    မြန်မာပြည်တွင် ပြည်သူလူထုခံစားနေရသော အလုံးစုံဒုက္ခမျိုးစုံကို ထပ်တူထပ်မျှခံစားပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ကာ နအဖစစ် အာဏာရှင်များလက်ထက် ၂၀၀၇ ခုတွင် လမ်းများပေါ်ထွက် မေတ္တာသုတ်များရွတ်ဆိုကာ ကိုယ်ကျိုးစွန့်လွှတ် အသက်စွန့်ပျံလွန်တော်မူ သွား သော သံဃာတော်များအား စာရေးသူ ယနေ့တိုင် အမျှဝေနေမိသည်။ ထူးခြားသည်မှာ ဥိးသိန်းစိန် အစိုးရလက်ထက်တွင် လူတစ်စု၊ လူမျိုးနွယ်တစ်စု၊ ကိုးကွယ်သည့် ဘာသာတရားတစ်ခုကိုအခြေခံ ကာ သံဃာတော်အုပ်စုတစ်ခုပေါ်လာခဲ့သည်။ ထိုအုပ်စုကို တစ်ချိန်က အာဏာရပါတီကြီးတစ်ခုနှင့် ပြည်သူမလိုလား ခရိုနီများက အပြည့်အဝထောက်ခံရုံ သာမက ထောက်လှမ်းရေးပြုတ်များ အငြိမ်းစား စစ်အရာရှိအချို့က မဟာဗျူဟာ ရေးဆွဲပေးကြသည် ဟုမြန်မာ့အရေးနှောကြေနေသူ သတင်းစာဆရာ Bertil Lintner က ဘန်ကောက်ပိုစ် တွင်ရေးသားခဲ့ဖူးသည်။

    ထို့ကြောင့်လည်း လူသားဝါဒအခြေခံပြီး ပြည်သူနှင့်ရင်ဘတ်ချင်းတူပြီး အမှန်တရားလက် ကိုင်ထား ၂၀၀၇ ရွှေဝါရောင် သံဃာတော်များက မေလ ၂၀ရက်တွင် “ အစွန်းရောက် အမျိုးသားရေး ဝါဒီများ၏ ဟောပြောချက်များ ရေးသားချက်များသည် ပဋိပက္ခအသွင် သဏ္ဍာန်သို့ ဖန်တီးသိမ်းသွင်းရာ ရောက်သဖြင့် တောင်ပေါ်ဒေသ မြေပြန့်ဒေသရှိ ပြည်သူလူထုအနေဖြင့် သိရှိနားလည်ပြီး ကန့်ကွက် ရှုတ်ချ၍ မိမိတို့၏ သားသမီးများပါဝင်ပတ်သက်ခြင်း မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။” ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့်လည်း နိုင်ငံ တော် သံဃမဟာနယက အဖွဲ့က ဓမ္မစက်ဖြင့် အရေးယူဆောင်ရွက်ရန်ညွှန်ကြားလွှာများကို အာဏာစက်ဖြင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဝိနိ စ္ဆယများကို ကာကွယ်စောင့်ရှောက်နိုင် သော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း၂၀ အရ အချိန်နှင့်တပြေးညီအရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း “ဆရာတော်ဦးပဏ္ဏဝံသ ပါဝင်သော သံဃာတော် (၁၅)ပါးက သဘောထား ထုတ်ပြန်ခဲ့ပါသည်။

    Generation Wave အဖွဲ့မှ ကိုမိုးဃ်သွေးကလည်း “လက်ရှိ မြန်မာပြည်မှာ အစွန်းရောက် အမျိုးသားရေးဝါဒီလှုပ်ရှားမှုတွေ၊ ဟောပြောမှု့တွေ၊အမုန်းတရားဖြစ်စေတဲ့ ပဋိပက္ခဖြစ်စေတဲ့ လှုပ် ရှားမှု့တွေ အများကြီးဖြစ်နေတယ်။ ဒါတွေကို ဝိုင်းဝန်းကာကွယ် တားဆီးဖို့ ရှုတ်ချကန့်ကွက်ဖို့ ရွှေ ဝါရောင်သံဃာတော်တွေက နှိုးဆော်တာကို ကျွန်တော်တို့က သဘောတူတယ်” ဟုပြောဆိုသွားခဲ့ပါ သည်။

    မေလ ၂၀ ရက် နေပြည်တော်ဆန္ဒပြပွဲနှင့် ပတ်သက်၍ ဘီဘီစီသတင်းထောက်၏အမေးကို နိုင်ငံရေး အကဲခတ်တစ်ဦးက ဖြေကြားရာတွင် “သာမန်ဆန္ဒပြပွဲ လာလျှောက်တော့ အင်အား ၃၀၀ စာရင်းပြတယ်။တကယ်လာတာက ၃၀၀၀ ကျော်တယ်။ အဲဒီမှာတင် တည်ဆဲဥပဒေကို ချိုးဖောက် နေပြီ။ ဒါကတစ်ချက်။ ရဲတွေက ဆန္ဒပြလာတဲ့သူတွေကိုတည်းခိုစရာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားဖူးတွေ လိုက်ပို့တယ်။ ဒါက ဒုတိယတစ်ချက်။ နောက်ဆုံးအချက်က ဥပဒေချိုးဖောက်တာကို အရေးမယူပါဘူးလို့ နေပြည်တော် ရဲမှူးဦးအောင်သန်းက ဖြေဆိုခဲ့သည်။ တကယ်လို့ ဗကသ ကျောင်းသားတွေက ပြည်ထဲရေးဝန်ကြီး နှုတ်ထွက်ပေးရေးအတွက် နေပြည်တော်ကိုလာပြီး ဆန္ဒပြမယ်ဆိုရင် “မဘသ”အဖွဲ့တွေလို အခွင့်အရေးပေးမလား? ဒီနေပြည်တော်ဆန္ဒပြပွဲကို ကြည့် တာနဲ့ “မဘသ” အဖွဲ့ဟာ အခွင့်ထူးခံဖြစ်နေတယ်။ ဥပမာ ဦးဝီရသူလို အစွန်းရောက် ဘာသာရေး ခေါင်းဆောင်တွေ အရေးယူ မခံရသေးဘူး။ မြန်မာပြည်မှာ ရာဇဝတ်မှု့တွေ တစ်နေ့တစ်ခြား ပိုတိုးပွားလာနေတယ်။ မင်္ဂလာတောင်ညွှန့်မှာပြဿနာရှာတဲ့ ဘုန်းကြီးနဲ့မျိုးချစ်ဟန်ပြတွေကို ဖမ်းတာ သာဝန်မဟုတ်။ ပြည်ထဲရေးပါ။ ကျောင်းသားတွေ၊လယ်သမားတွေ၊ အလုပ်သမားတွေ    ဆန္ဒပြတုန်းက “မဘသ”တွေလို တည်းခိုစရာ မရတဲ့အပြင် အရိုက်တောင်ခံရသေးတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပင် မြန်မာနိုင်ငံသားတွေ အခွင့်အရေးရနေကြတာ တွေဟာ မျှတမှု့မရှိဖြစ်နေကြတယ်။ ဥပဒေဆိုတာဟာ စာအုပ်ထဲမှာပဲရှိတာပါ။ လက်နက်နှင့် လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ပါးစပ်က ထွက်တာဟာ ဥပဒေပါ။ “ဖမ်းချင်၊ဖမ်းမယ်။ မဖမ်းချင်၊မဖမ်းဘူး ဘယ်သူမျှပြောပိုင်ခွင့်မရှိဘူး” စသည့်အတွေးများ ပြည်သူများကြား ပြန့်နှံ့ ကျင့်သုံးမိရင် ငြိမ်းချမ်းရေး လမ်းစဉ်မှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားမည်သာဖြစ်သည်။

    အချုပ်ဖြင့်ဆိုရလျှင် တစ်ချိန်က အတ္တလောဘစိတ်မွန်ကာ လူမျိုးရေးအစွန်းရောက်၊ ဘာသာရေးမုန်းတီးရေး လက်ကိုင်ထားကာ အမျိုးသားရေး ဟန်ရေးပြကာ မြန်မာပြည်သူလူထု၏ အများပိုင် မြေပေါ်၊မြေအောက်၊ရေပေါ်၊ရေအောက် တွင်းထွက်သံယံဇာတများကို သူခိုးဈေး၊ အောက်ဈေး၊ညှိနှိုင်းဈေး၊ အတွင်းလာဘ်စည်းများ၊အပြင်လာဘ်စည်းများထားကာ  နိုင်ငံတော်ဘ ဏ္ဍာတော်များ (အနှုတ်)ပြ ကြွေးမြီးခံဘဝရောက်သွားအောင် လုပ်ခဲ့သော အစိုးရနျင့် လက်ဝေခံ လက်တစ်ဆုတ်စာ လူတစ်စုကို ဆန့်ကျင်နေသူများသည် နိုင်ငံတော်၏သားကောင်းရတနာများ ဖြစ်ကြပေသည်။ တိုင်းပြည်၏ဘဏ္ဍာငွေများကို ကိုယ်ကျိုးမဖက် မခိုးမဝှက်ဘဲ နှစ်၅၀ကျော် ပျက်ဆီးနေသော အာဖရိကတိုက်ရှိ အီသီယိုးပီးယားအောက်ရောက်သွားခဲ့သော နိုင်ငံအား ဒိုးဒိုး ဒေါင်ဒေါင်ဖြစ်အောင် အသက် ၇၀ ကျော် အဖွားအိုကြီးဦးဆောင်သော အစိုးရအား ဖျက်လိုဖျက်ဆီး မျက်စိစုံမှိတ် ဆန့်ကျင်နေသူများကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ပြည်သူလူထုနှင့်အတူ တရားဥပဒေဘောင်အတွင်းမှ ဆန့်ကျင်ကြပါစို့လို့ အကြံပြုတိုက်တွန်းလိုက်ပါသည်။

    လေးစားလျက်

    မြေးသခင်ဒေါင်း

     

  • နိုင်ငံတကာ ကျောင်းတွေ နဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ ပြဿနာ

    နိုင်ငံတကာ ကျောင်းတွေ နဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ ပြဿနာ

    Copy illustration image

    မေ ၃ ၊ ၂၀၁၇
    ရဲခေါင်ထွေး ရေးသည်။

    ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်မရှိလို့ Horizon International school ကျောင်းကို ပညာရေး ၀န်ကြီးဌာနက တရားစွဲ ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။

    အဲဒီ သတင်းမှာ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လက်မှတ်မရှိပဲ ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သာကေတ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဦးက ဧပြီလ ၂၈ ရက်နေ့မှာ အမှု့ဖွင့်တိုင်တန်းထားတယ်ဆိုပြီး မေလ ၂ ရက်နေ့ထုတ် The Voice Daily news နဲ့ The Voice website (http://thevoicemyanmar.com/news/8147-kpk ) တို့မှာ ဖေါ်ပြ ထားတာကို တွေ့ရတယ်။ အလားတူ အခြားသော ဂျာနယ် တစ်ချို့မှာလည်း ဖေါ်ပြထားတာကို တွေ့ရတယ်။

    အဲဒီမှာ တွေ့ရတာက ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေကို ” ၂၀၁၁-ခုနှစ်၊ ဒီဇင်ဘာလဆန်းက အတည်ပြုခဲ့တာ ဖြစ်ပြီး ယင်း ဥပဒေ အခန်း(၆) တားမြစ်ချက်များ၊ အခန်းပါ ပုဒ်မ (၂၈) တွင် ‘ မည်သူမျှ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လက်မှတ် မရှိဘဲ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း မပြုရ’ ဟု ပြဌာန်းထားသည်”-တဲ့။

    ရုတ်တရက် ကြည့်လိုက်ရင်တော့ ဟုတ်သလိုလိုပဲ။ သာမာန်အားဖြင့်တော့ လိုင်စင်မှ မရှိတာ။ တရားစွဲဆိုခံရမှာပေါ့ လို့ ထင်ကြမှာပဲ။ ဒါပေမဲ့ –

    ကိုယ်ပိုင်ကျောင်းဆိုတာ ဘာလဲ ? မည်သူမျှ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လိုင်စင်မရှိပဲ ဆိုတာ ဘာလဲ? သေခြာ အဓိပ္ပါယ် ဖွင့်ဆိုဖို့ . . . . . သေခြာ စဉ်းစားဖို့ လိုပါလိမ့်မယ်။

    ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေလက်စွဲမှာ ‘ကိုယ်ပိုင်ကျောင်း’ ဆိုသည်မှာ ကို ရှင်းရှင်းလင်းလင်း ရေးထားပြီးသား ဖြစ်ပါတယ်။

    အခန်း (၁) အမည်နဲ့ အဓိပ္ပါယ် ဖေါ်ပြချက် ၊ ၂ (က) မှာ –

    #ကိုယ်ပိုင်ကျောင်းဆိုသည်မှာ ပညာရေး အရည်အသွေး မြင့်မားရေးအတွက် ပညာရေး ၀န်ကြီးဌာနက သတ်မှတ်သော အခြေခံပညာသင်ရိုးညွှန်းတမ်း နှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်များအတိုင်း ဖြစ်စေ၊ အဆိုပါ ဘာသာရပ်များအတွက် သင်ခန်းစာများ ထပ်ဆောင်း၍ ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော ပုဂ္ဂလိက တည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာ ကျောင်း ကို ဆိုသည်။”

    လို့ ရှင်းရှင်းလင်းလင်း ရေးထားတယ်။

    အဲဒီတော့ Horizon ကျောင်းတွေဟာ (ကျွန်တော်သိရသလောက်) ပညာရေးဝန်ကြီးဌာနမှ ပြဌာန်းထားတဲ့ သင်ရိုး ညွှန်း တမ်းကို သင်ကြားပေးခြင်းလည်း မရှိဘူး။ သင်ရိုး မာတိကာတွေကလည်း အစိုးရ အခြေခံပညာကျောင်းက ဘာသာရပ်တွေ အတိုင်း လေ့ကျင့်ပေးခြင်းလည်း မရှိဘူး။ ထပ်ဆောင်းပေးခြင်းလည်း မရှိဘူး။ ကိုယ်သတ်မှတ်ထားတဲ့ နိုင်ငံတကာ အဆင့်မီ သင်ရိုးအတိုင်းသာ သင်ပေးနေခြင်း ဖြစ်တယ်။ အဲဒီကျောင်းက နိုင်ငံတကာ သင်ရိုးညွှန်းတမ်းကိုသာ သင်ကြား ပေးတဲ့ ကျောင်းဖြစ်တယ်ဆိုတာကိုလည်း ကျောင်းသားမိဘတိုင်းက အသိပဲ ဖြစ်တယ်။ အဲဒီ courses တွေနဲ့ သင်လာတာ လဲ ၁၇ နှစ်လောက် ရှိပါပီ။

    တကယ်တမ်းပြောရယင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်း ဥပဒေကလည်း ပညာရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ သင်ရိုးညွန်း တမ်းနဲ့ သင်ပေးတဲ့ကျောင်းတွေနဲ့ပဲ သက်ဆိုင်လို့ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေထဲမှာ ပါတဲ့ ပြဌာန်းချက်တွေနဲ့ အကျုံးမ၀င်တဲ့အတွက် မှတ်ပုံတင်ဖို့တောင် မလိုအပ်ပါဘူး။ ကိုယ်ပိုင်ကျောင်း ဥပဒေ အရလည်း ဘယ် international school မှ မှတ်ပုံတင်လို့ မရသေးပါဘူး။

    ၂၀၁၆ ခုနှစ်ထဲမှာ ရေးထားပြီး  မပြဋ္ဌာန်းရသေးတဲ့ နည်းဥပဒေ မူကြမ်း အတည်ပြုပြီးတဲ့နောက်မှာတော့ ဖြစ်လာနိုင် စရာ ရှိပေမဲ့ international schools တွေအနေနဲ့က မြန်မာနိုင်ငံပညာရေးဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်းတမ်းတွေကို သင်နေတာ မဟုတ်တော့ မှတ်ပုံတင်စရာ မလိုသလို တင်ချင်ရင်လည်း တင်လို့ မရသေးဘူးဆိုတာတော့ လူတိုင်း နားလည်ကြမယ်လို့ ထင်ပါတယ်။

    ကျွန်တော် မေးမြန်းကြည့်တော့ အဲဒီ Horizon ကျောင်းတွေဟာ နိုင်ငံတကာ ပညာရေး သင်ရိုးညွှန်းတမ်းများဖြစ်တဲ့ IGCSE , IB စတဲ့ ဒီပလိုမာ သင်တန်းတွေကိုသာ ပေးပါတယ်။ ကမ္ဘာမှာ ဂုဏ်သတင်းကျော်ကြားတဲ့ IB (International Baccalaureate® ) ဒီပလိုမာကို အောင်မြင်စွာပေးနိုင်တဲ့ ကျောင်းဆိုလို့ မြန်မာနိုင်ငံမှာ Horizon နဲ့ ISY ကျောင်းတွေပဲ ရှိပါသေးတယ်။

    အဲဒါအပြင် Horizon ကျောင်းတွေက UK နိုင်ငံ Cambridge University ရဲ့ IGCSE Exam Centre အဖြစ် အသိမှတ်ပြုထားတဲ့ ကျောင်းလည်း ဖြစ်နေတယ်။ ဒါဆိုရင် Horizon ကျောင်းက UK နိုင်ငံ Cambridge University ရဲ့ IGCSE Exam Centre နဲ့ပဲ သက်ဆိုင်နေတာကို သွားတွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ စာစစ်ဌာနနဲ့တောင်မှ မသက်ဆိုင်ပါဘူး။ သင်လည်းမသင်ဘူး။ အောင်လက် မှတ်လည်း မထုတ်ပေးဘူး။

    အဲဒါကို လွယ်လွယ်ကူကူ နားလည်နိုင်ဖို့ ပြောရယင် အလွတ်ကျက် (Parrot Learning) ကိုထိုးဖောက်ပြီး ကိုယ်ပိုင် တွေး တော စဉ်းစားတီထွင်နိုင်တဲ့ (Creative Learning) နည်းစနစ်နဲ့ ကလေးတွေကို တီထွင်တွေး ဖြစ်အောင် သင်ကြား ပေး နေတဲ့ ကျောင်းပါ။

    ကိုယ်ပိုင်ကျောင်းဆိုတဲ့ Definition အရ Horizon International schools ကျောင်းတွေဟာ ကိုယ်ပိုင်ကျောင်းဆိုတဲ့ ခေါင်းစဉ်အောက်ထဲမှာ မ၀င်ဘူးဖြစ်နေတယ်။ မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာနက အသိမှတ်ပြုထားတဲ့ သင်ရိုးညွှန်း တမ်းတွေကို သင်တာမဟုတ်ပဲနဲ့ နိုင်ငံတကာ သင်ရိုးကို သင်တာဖြစ်တဲ့အတွက် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နဲ့ ပတ်သတ် ပြီး ဘာမှ မဆိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက အတိုချုံး ထပ်ပြောရခြင်း ဖြစ်တယ်။

    အဲဒီတော့ ကိုယ်ပိုင်ကျောင်းဆိုတဲ့ Definition နဲ့ လွဲနေတဲ့အတွက် သူတို့ ဘယ်လိုလုပ်ပြီး ဥပဒေ ချိုးဖောက်မှာလဲ?

    ပညာရေး ၀န်ကြီးဌာနအနေနဲ့လည်း ကျောင်း(school) ဆိုတဲ့ ဝေါဟာရစကားလုံးကြောင့် နားလည်မှု့ လွဲနေတယ်လို့ပဲ ယူဆမိတယ်။ နောက်ပြိးတော့ မှတ်ပုံမတင်တာလည်း မဟုတ်ဘူး။

    ကျွန်တော်သိရသလောက် အစထဲက အမျိုးသားစီမံကိန်း ၀န်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု့ ကော်မရှင်၏ ခွင့်ပြုချက်နဲ့ ကုမ္ပဏီ ထူထောင်ပြီး ဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်တယ်။ တခြား နိုင်ငံတကာကျောင်းလို့ခေါ်တဲ့ International School တွေကလည်း အလားတူ ကုမ္ပဏီတွေ ဖွင့်လှစ်ပြီးတော့ပဲ သင်ကြား ပေးနေခြင်းသာ ဖြစ်တယ်။ သူတို့အနေနဲ့ တင်ရင်လည်း တင်ဖို့ အဆင်သင့်ပဲ ဖြစ်ပါလိမ့်မယ်။

    ဒီကိစ္စကို ပြည်သူ့အစိုးရလို့ ခေါ်တဲ့ အန်အလ်ဒီ အစိုးရကို မေးချင်တာက-

    #လူမှု့ဘ၀ ကို ပျက်စီးစေနိုင်တဲ့ KTV၊ မာဆတ်၊ အရက်ဘီယာဆိုင်တွေကိုတော့ လိုင်စင်ရှိသယောင်ယောင် ဘုံးဘောလအော နေရာတိုင်းမှာ လက်ညိုးထိုးမရှောင် ဖွင့်လှစ်ခွင့် ပေးပြီးတော့ ‘ပညာရေးနဲ့ နိုင်ငံတော်ကို တည်ဆောက် အံ့’ လို့ ကြွေးကျော် လာခဲ့တဲ့ အန်အလ်ဒီ အစိုးရ လက်ထက်ကျမှ နိုင်ငံတကာ ကျောင်းတကျောင်းကို ပိတ်ပစ်လိုက်မယ်ဆိုတဲ့ သမိုင်း၊ ရာဇ၀င် ရိုင်းတော့မှာလား ဗျာ။

  • မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းကြီးအား စွမ်းအားမြှင့်တင်ရေး

    မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းကြီးအား စွမ်းအားမြှင့်တင်ရေး

    ဧပြီ ၃၀ ၊ ၂၀၁၇
    ဆောင်းပါးရှင်- မြင်သစ်

    မအားတာနဲ့ စာမရေးဖြစ်တာ ကြာနေပါပြီ။ မနေ့က သာကေတမှာ အစ္စလာမ့်အခြေခံဘာသာရေးစာသင်ကျောင်းနှစ်ခု ဘုရားရှိခိုးဝတ်ပြုမှု လုပ်ဆောင်တယ်ဆိုပြီး ပိတ်ခံရတာ မြင်ရကြားရတော့ မနေနိုင်လို့ ဒီစာလေး ရေးလိုက်ပါတယ်။

    ဘာသာရေးလွတ်လပ်ခွင့်၊ ဘာသာရေးကျောင်းပါဆိုမှ ဝတ်ပြုမှာပေါ့တို့၊ အစွန်းရောက်ဗုဒ္ဓဘာသာမျိုးချစ်နဲ့ သင်္ကန်းဝတ်တွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေ အရေးမယူဘူးလားတို့၊ အန်တီစုရဲ့ NLD အစိုးရတာဝန်ရှိသူတွေ ဘာလုပ်နေလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမှာ မဟုတ်ပါဘူး။

    ကျွန်တော် ဆွေးနွေးရေးသားမှာက မြန်မာမွတ်စလင်မ် အဖွဲ့အစည်းများနဲ့ လူ့အသိုင်းအဝန်းကို စွမ်းအားမြှင့်တင်ရေး ရှုထောင့်ကပါ။ စာဖတ်သူတွေအနေနဲ့ ပိုမိုရှင်းလင်းစေဖို့ ကျွန်တော်ဆွဲထားတဲ့ ပုံတွေနဲ့ ချပြဆွေးနွေးသွားပါမယ်။

    ပုံ(၁)

    ဒီပုံ(၁)ကတော့ ဒီနေ့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်တွေ တောင့်တတဲ့ ဖြစ်စေချင်တဲ့ ဦးဆောင်မှုနဲ့ အဖွဲ့အစည်း ပုံစံပါပဲ။ ဒီပုံမှာ နှစ်ဖက်ခေါင်းပါ မြှားတွေရဲ့ သဘောတရားကတော့ အပြန်အလှန် ဆက်သွယ် ဆက်ဆံ ဆက်နွယ်မှုကို ရည်ညွှန်းတာပါ။
    အဆက်မြှားကတော့ အားပျော့ အားနည်းမှုကို ပြဆိုလိုပြီး၊ အပြည့်မြှားကတော့ (နှိုင်းယှဉ်လျှင်) အားကောင်းမှုကို ပြလိုပါတယ်။ အစိုးရအာဏာပိုင် (Government & Authorities)၊ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်း (Community)၊ Institution အဆင့်ကို ရောက်ရှိပြီး (နိုင်ငံလုံးဆိုင်ရာ)အစ္စလာမ့်ဘာသာရေးအဖွဲ့အစည်းကြီး (Institutionalized Islamic Faith-based Organization)၊ အခြား ဘာသာတရားတွေက ဘာသာရေးအဖွဲ့တွေ၊ အခြား အရပ်ဖက်လူ့အဖွဲ့အစည်းတွေ (Other CSOs)နဲ့ စတုတ္ထမဏ္ဍိုင်မီဒီယာ (Media)တို့ပေါ့။
    ပြည်သူနဲ့ အခြေခံလူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်အစိုးရနဲ့ အာဏာပိုင်တွေကြားက ဆက်ဆံမှုကတော့ နေ့စဉ်ထိတွေ့ဆက်ဆံနေခြင်း မဟုတ်တဲ့ အပေါ်မှာ အားနည်းတာ လက်တွေ့ကျပါတယ်။ ဒါပေမယ့် ပုံမှာ ရည်ညွှန်းထားသလို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက လူမှုအဆောက်အအုံ အဆင့်ဖွံ့ဖြိုးပြီးဖြစ်နေကာ၊ နိုင်ငံတော်၊ မီဒီယာနဲ့ အခြား အရပ်ဖက် အဖွဲ့ ဘာသာရေးအဖွဲ့တွေကြား ဆက်ဆံမှုကတော့ ခိုင်မာနေရပါမယ်၊ အပြန်အလှန်ရှိနေရပါမယ်။ နောက်တစ်ခု အရေးကြီးတာက ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ မြန်မာမွတ်စလင်မ်တွေနဲ့ အခြား အရပ်ဖက်အဖွဲ့တွေ၊ မီဒီယာတွေနဲ့ ဆက်ဆံရေးဟာ တိုက်ရိုက်ရော၊ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးကနေတစ်ဆင့်ပါ ခိုင်မာကောင်းမွန်နေရပါမယ်။ ဒီပုံမှာ အသက်ကတော့ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးနဲ့ မိမိတို့ ဦးဆောင်နေတဲ့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းတို့ အကြား အပြန်အလှန် ဆက်ဆံရေးဟာ အလွန်ကောင်းမွန်ခိုင်မာနေရပါမယ်။

    ပုံ(၁)မှာ ညွှန်းဆိုသလို ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားနိုင်ရင်…

    ပုံ(၂)

    သာကေတဖြစ်ရပ်မျိုးဟာ ဖြစ်လာဖို့ မရှိသလို၊ ဖြစ်လာရင်တောင် ဒီထက်ပိုကောင်းတဲ့ တုန့်ပြန်မှုမျိုး နောက်ဆက်တွဲ ဆောင်ရွက်မှုမျိုးတွေ လုပ်ဆောင်နိုင်ပါ။

    သာကေတဖြစ်ရပ်ဟာ အခုမှ ထဖြစ်တာမျိုးမဟုတ်ဘဲ နှစ်ဆယ်ချီကြာနေပြီ ကိစ္စဖြစ်ပါတယ်။ ယခင်စစ်အာဏာရှင်အစိုးရလက်ထက်မှာ ဘာသာရေးဖိနှိပ်မှုတွေရှိခဲ့ပါတယ်။ မြို့သစ်တွေတည်ခဲ့ပေမယ့် မြို့သစ်နေ လူနည်းစုဘာသာဝင်တွေအတွက် တရားဝင် ဘာသာရေးအဆောက်အဦးတွေ ဆောက်လုပ်ခွင့်မရခဲ့ပါ။ အဲ့ဒီရဲ့ အကျိုးဆက်အနေနဲ့ အိမ်တွေမှာ စုပေါင်းဝတ်ပြုရတာ၊ ဘာသာရေးစာသင်ကျောင်းတွေမှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ နားလည်မှုကို အနည်းနည်းအဖုံဖုံနဲ့ ယူရပြီး စုပေါင်းဝတ်ပြုရတာတွေ လုပ်ခဲ့ကြရပါတယ်။

    နှစ်ကြာမြင့်ပြီးဖြစ်တဲ့ ဘာသာရေးအဆောက်အဦးတွေကို ပြန်လည်ပြင်ဆင်ရေး၊ တိုးပွားလာတဲ့ လူဦးရေနဲ့ အညီ အထပ်မြှင့်တင်တိုးချဲ့ဆောက်လုပ်ရေး၊ ခေတ်ကာလနဲ့အညီ တိုးတက်လာတဲ့ နည်းစနစ်များနဲ့အညီ ပြုပြင်ဆောက်လုပ်ရေးတွေမှာ တင်းကြပ်စွာ ကန့်သတ်ခံခဲ့ကြရပါတယ်။ သာကတေက ဘာသာရေးစာသင်ကျောင်းတွေဟာ အဲ့ဒီလိုဖြစ်ရပ်များစွာကတည်းက တစ်ခုပါ။

    ကျွန်တော်တို့မှာ Institution အဆင့်ရှိတဲ့ ဘာသာရေးအဖွဲ့အစည်းကြီးသာရှိမယ်ဆိုရင်…အဲ့ဒီ့မှာ အနယ်နယ်အရပ်ရပ်က မြန်မာမွတ်စလင်မ်တွေကို ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ထိရောက်စွာ ကူညီဖို့  Legal and Advocacy Consultancy and Action Unit (ဥပဒေရေးရာနဲ့ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ခွဲ) ကောင်းကောင်းတစ်ခုရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီ့အဖွဲ့ခွဲက ဒေသအလိုက် မြန်မာမွတ်စလင်မ်တွေအနေနဲ့ အာဏာပိုင်တွေကို အခြေခံဥပဒေအောက်နဲ့ တည်ဆဲဥပဒေများအောက်ကနေ ဒီအခက်အခဲတွေကို ဘယ်လို ထိရောက်စွာ ချဉ်းကပ်ဖြေရှင်းမလဲ၊  နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာကို ဘယ်လို တရားဝင်အရေးဆိုရမလဲ၊ ဆောင်ရွက်စဉ်မှာ တွေ့ကြုံလာရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ချဉ်းကပ်ရမလဲစသည်ဖြင့် ကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ပုံ(၁)မှာပြခဲ့တဲ့ ပြည်သူနဲ့ အစိုးရကြား ဆက်ဆံရေး အဆက်မြှားဟာ စနစ်ကျနတဲ့ လူမှုအဆောင်အအုံအဆင့်ဖွံ့ဖြိုးတဲ့ ဘာသာရေးအဖွဲ့အစည်းကြီး အကူအညီနဲ့ ပုံ(၂)မှာ ပြထားသလို အားကောင်းသွားမှာ ပိုထိရောက်သွားမှာ ဖြစ်ပါတယ်။

    အလားတူ အဖွဲ့ကြီးရဲ့ ဆောင်မမှုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ မြန်မာမွတ်စလင်မ်ပြည်သူတွေနဲ့ မီဒီယာ အခြားအရပ်ဖက်အဖွဲ့အစည်းတွေကြား ဆက်ဆံမှု ဆက်နွယ်မှု ပူးပေါင်းတွေဟာ အားကောင်းလာမှာဖြစ်ပြီး အဲ့ဒီရဲ့ ကောင်းကျိုးကတော့ မြန်မာမွတ်စလင်မ်တွေအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ရော၊ အခြားလူ့အဖွဲ့အစည်းတွေနဲ့ပါ ဆက်ဆံရေးဟာ ပိုမိုအားကောင်းလာနိုင်ပြီး ယနေ့ကျွန်တော်တို့တွေ့ကြုံနေရတဲ့ ဖြစ်ရပ်ဆိုးနဲ့ စိန်ခေါ်မှုတွေဟာ တဖြည်းဖြည်းနည်းသွားရာကနေ အချိန်အတိုင်းအတာတစ်ခုမှ ပပျောက်သွားနိုင်ပါတယ်။

    ဒါပေမယ့်…ဒီနေ့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်း လက်တွေ့ ကြုံနေရတဲ့ အခြေအနေက ပုံ(၃)ပါ။

    ပုံ(၃)

    မြန်မာမွတ်စလင်မ်ဘာသာရေးအဖွဲ့အစည်းလောကကို ကြည့်လိုက်ရင် အိုလမာသာသာန့ပညာရှင်များအဖွဲ့၊ အစ္စလာမ့်ရေးရာကောင်စီ၊ မမလ၊ မဖအ၊ မော်လဝီအဖွဲ့ချုပ်တို့အပြင် အခြားအဖွဲ့အချို့ရှိပါသေးတယ်။ ရှေ့ငါးဖွဲ့က အစိုးရအဆက်ဆက်က အသိအမှတ်ပြုခြင်းခံထားရပြီး ငါးဖွဲ့ပေါင်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ဆိုပြီး ဖွဲ့ထားပါတယ်။

    ပုံ(၃)မှာ ညွှန်းထားတဲ့အတိုင်း နိုင်ငံလုံးဆိုင်ရာအဖွဲ့ကြီးဆိုပေမယ့်… ငါးဖွဲ့ချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ဆက်ဆံမှုဟာ event- and ad hoc-based (အခမ်းအနား၊ အစီအစဉ်နဲ့ ပြဿနာဖြစ်မှစတဲ့အခြေအနေပေါ်မှာပဲ အခြေပြုထားတဲ့) ဖြစ်ပါတယ်။ နည်းဗျူဟာချ နည်းဗျူဟာကျ ပုံမှန် ပူးပေါင်းဆောင်ရွက်ရေးမှာတော့ အားနည်းလွန်းလှပါတယ်လို့ မြင်မိပါတယ်။ အခြားအဖွဲ့များနဲ့ဆိုရင်တော့ သုံးသပ်စရာကို မလိုတော့ပါ။

    ထို့နည်းတူ နိုင်ငံတော်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ရေးမှာလည်း စာရေးသူအမြင်အရ ထိရောက်တဲ့ channel (ဆက်သွယ်ရေးလမ်းကြောင်း)ဖွင့်ထားနိုင်ခြင်း မရှိဟု မြင်ပါတယ်။  လက်ရှိဖြစ်ရပ်တွေနဲ့ ကိုင်တွယ်ဖြေရှင်းနေရပုံတွေဟာ သက်သေတွေပါပဲ။
    စတုတ္ထမဏ္ဍိုင်မီဒီယာနဲ့လည်း event- and ad hoc-based ပါပဲ။ ဒါတောင် များသောအားဖြင့် မီဒီယာဘက်က (mostly one-sided communication initiated by media) စဆက်သွယ်ရတဲ့ အနေအထားပါ။ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ မီဒီယာပိုင်းမှာ ပုံမှန်ဆက်ဆံရေးလမ်းကြောင်းတစ်ခုရှိမနေပါဘူး။ ဘာသာရေးအဖွဲ့အစည်းတွေအနေနဲ့ မီဒီယာကို လူထုအမြင်လမ်းကြောင်းချပြခြင်း ရယူခြင်းနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အသုံးပြုနိုင်လောက်အောင် မဖွံ့ဖြိုးသေးဘူး၊ အဲ့ဒီလို မီဒီယာနဲ့ဆက်သွယ်ရမယ့် စနစ်တစ်ခုရှိမနေပါဘူး။

    အခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကတော့ ပိုတောင်အားနည်းပါသေးတယ်။ Event-based ပိုဆန်ပါတယ်။ WIN WIN အခြေအနေမျိုးနဲ့ လူမှုအဆောက်အအုံအဆင့်ဖွံ့ဖြိုးတိုးတက်အောင် အခြားအဖွဲ့အစည်းတွေကိုဆီက နည်းစနစ်နဲ့ သင်ခန်းစာတွေရယူ ကိုယ့်ဖက်ကလည်း ပြန်လည်မျှဝေ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဗျူဟာကျကျ နည်းစနစ်ကျကျ ပူးပေါင်းဆောင်ရွက်မှုမျိုးပိုင်းမှာတော့ တော်တော်လေးကို အားနည်းနေပါသေးတယ်။
    အဆိုးဆုံးကတော့ အောက်ခြေ မြန်မာမွတ်စလင်မ်လူထုနဲ့ ထိတွေ့မှုပိုင်းမှာကို အားနည်းနေသေးတာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးလိုလိုကို ကြည့်လိုက်ရင် ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ သွားနေပြီ ဗဟိုအဆင့်မှာသာ သက်ဝင်လှုပ်ရှားပါတယ်။ လူထုထဲ အောက်ခြေအဆင့် လှုပ်ရှားမှုမျိုးက ရှားရှားပါးပါးတွေ့ရပါတယ်။ ယခင်က ကွန်ရက်ဖြန့်ကျက်မှုအားကောင်းခဲ့ကောင်း ကောင်းခဲ့ပေမယ့် အခုအခါမှတော့ တော်တော်ကို အားနည်းနေပါပြီ။ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း အောက်ခြေလူထုက သိနိုင်တဲ့ လမ်းကြောင်းမျိုး ရှိမနေသလို၊ အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ အောက်ခြေလူထုနဲ့ ပုံမှန်ထိတွေ့ခြင်းမျိုးလည်း မတွေ့ရသေလာက်ပါပဲ၊ အောက်ခြေလူထုက အဖွဲ့အစည်းတွေဆီကို မိမိတို့အသံကို တရားဝင်ကြားစေတဲ့အပိုင်းမျိုးမှာလည်း အားရစရာမရှိပါ။ အဲ့တော့ လူထုကိုယ်တိုင်ကလည်း အဖွဲ့အစည်းတွေကို ကျန်တဲ့ အချိန်မှာ မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီး ခလုတ်ထိမှာ အမိတဆိုသလို ပြဿနာပေါ်မှ ဝေဖန်တာ ညည်းညူတာ ဒီလောက်နဲ့ပဲပြီးနေပါတယ်။

    အကျိုးဆက်အနေနဲ့ လူထုက အဖွဲ့အစည်းတွေပေါ်မှာ ယုံကြည်ချက်ပျောက်ဆုံးလာနေပြီး၊ ownership ခေါ်တဲ့ ငါတို့နဲ့သက်ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်လည်း အားလျော့လာနေပါပြီ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်(လူထု)ကိုယ်တိုင်က နောက်လိုက်ကောင်းမဆန်မှုကိုလည်း တွေ့ရနိုင်ပါတယ်။ ပြဿနာဖြစ်မှ အဖွဲ့တွေကို တပြီး ထဆဲပြီး ကျန်တဲ့ အချိန်ကျတော့ ကိုယ်နဲ့ မဆိုင်သလို နေကြတဲ့ အကျင့်ဆိုးပါ။ ဒီအဖွဲ့တွေ အခုထက်ပို အားကောင်းလာဖို့ ကိုယ်တွေကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေမှာ ထိရောက်စွာ ဦးဆောင်လာနိုင်ဖို့ ကိုယ်တွေဖက်က ဘာတွေ ပံ့ပိုးပေးရမယ်ဆိုတာကိုတော့ မေ့ထားကြ မေ့နေကြတာပါပဲ။

    မြန်မာစကားပုံတစ်ခုယူပြောရရင်..စစ်ရောက်မှ မြှားချွန်ရလားဆိုပြီး စစ်သူကြီးကို အပြစ်တင်မယ်ဆိုရင် နောက်တန်းမှာတုန်းက စစ်သူကြီး မြှားချွန်လို့ရအောင် ငါတို့က ဘာလုပ်ပေးခဲ့ကြသလဲဆိုတာကိုလည်း တွေးမိကြဖို့ အချိန်မီ သင်ခန်းစာယူကြဖို့ လိုပါမယ်။ နို့မို့ဆို မိုးလွန်မှ ထွန်ချရတဲ့ ပြဿနာဖြစ်မှ လိုက်ရှင်းရတဲ့ အဖြစ်ဆိုးမျိုးက လွတ်ဖို့မရှိပါ။ ကောက်ရိုးမီးတွေ မဖြစ်ဖို့လိုပါမယ်။

    ကိုယ်တွေဖြစ်နေတာက ကြုံနေတာက ပုံ(၃) ဖြစ်ချင်တာက ပုံ(၁) ပုံ(၂)။ အဲ့တော့ ကိုယ်တွေဖြစ်ချင်တဲ့ အခြေအနေကို ဘယ်လို တည်ဆောက်ယူကြမလဲပေါ့။ ဘာသာရေးအဖွဲ့အစည်းတွေဖက်ကရော၊ communityလူထုကပါ ပြင်ဆင်ပြောင်းလဲကြရမှာပါ။

    ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေဖက်က သမိုင်းကြောင်းကောင်းခဲ့တဲ့ ကိုယ့်အဖွဲ့အစည်းတွေ ရှေးယခင်ကလို Institution အဆင့်ပြန်ရယူဖို့ Organizational Development မိမိတို့ အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှု ဖွံ့ဖြိုးမှုကို သတ္တိရှိရှိလုပ်ဖို့ တော်လှန်ယူဖို့လိုပါမယ်။ ပရဟိတအခြေပြုကနေ  half volunteer half professional အဆင့်ကို သွားသင့်နေပါပြီ။ ဥပမာ- အပေါ်မှာ ဥပမာပေးခဲ့တဲ့ Unit နဲ့ပတ်သက်ပြီးပြောရရင်…ဥပဒေနဲ့ဆိုင်တဲ့ ကိစ္စတွေ စေ့စပ်ညှိနှိုင်းရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့ တတ်သိပညာရှင်တွေရဲ့ အကူအညီလိုပါပြီ၊ အဲ့ဒီ့မှာ လုံးဝ volunteer-based လုပ်မယ်ဆိုရင် ထိရောက်မှုက နှေးကွေးမှာဖြစ်ပါတယ်။ ယေဘူယျဆိုရရင် အဖွဲ့အစည်းရဲ့ ဥပဒေအကြံပေးဆိုသူက သူရဲ့ မိသားစုရေး ဝမ်းရေးကိစ္စပြီးမှ အဖွဲ့အစည်းရဲ့ ပရဟိတအရေးကို လုပ်နိုင်မှာပါ၊ အတ္တဟိတအရေးမှာ အားစိုက်မှုလောက် အချိန်အား လူအား မပေးနိုင်တာ ၁၀၀% ပါ။ ဖြစ်သင့်တာက Law ဥပဒေ နဲ့ Public Policy ပြည်သူ့ရေးရာမူဝါဒပိုင်း တတ်ကျွမ်းတဲ့ mid-career ပညာရှင်တစ်ဦး အချိန်ပြည့်ထားသင့်ပြီး သူ့ကိုမှ ဘေးကနေ Volunteer-based Legal and Advocacy Consultant Team တစ်ခုက အကူအညီပေး လမ်းညွှန်ပေးရမှာပါ။ တကယ်တမ်းသာ တစ်နိုင်ငံလုံးက မြန်မာမွတ်စလင်မ်တွေ ကြုံတွေနေရတဲ့ စိန်ခေါ်မှုနဲ့ ကိစ္စတွေကို ထိထိရောက်ရောက်သာ ဆောင်ရွက်မယ်ဆို အဲ့ဒီ့ လူငယ်လူရွယ်ပညာရှင် ယားလို့တောင် ကုတ်အားမည်မဟုတ်ပါ။ ဒါက Unit တစ်ခုအတွက် ဥပမာပါ။

    လက်ရှိ စာရေးစာချီအချို့သာထားရှိ ဦးဆောင်ပိုင်းသူတွေက ကိုယ့်စီးပွားပြီးမှ၊ ကိုယ့်အတ္တဟိတပြီးမှ၊ ကြုံမ၊ှ အရေးတကြီးကိစ္စရှိမှ လာရောက်တာမျိုး၊ ကိစ္စရပ်တိုင်းကို ဦးဆောင်သူတစ်စုကသာ အရေးပေါ်ခေါင်းဆိုင်ဖြေရှင်းနေတာမျိုးတွေရှိနေသရွေ့ Institution တစ်ခုအဆင့်ရောက်လာဖို့ရာမရှိပါ။

    ပညာလို အိုသည်မရှိဆိုသည့်အတိုင်း ကြုံတွေ့လာတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုအသစ်တွေကို ကိုင်တွယ်ရင်ဆိုင်နိုင်ဖို့ အဖွဲ့အစည်းပိုင်း ခေါင်းဆောင်ပိုင်းတွေအနေနဲ့ Leadership ပိုင်းအရည်အသွေးမြှင့်တင်ဖို့လိုပါမယ်။ အခြားနိုင်ငံတကာမှ အဖွဲ့အစည်းတွေ၊ ပြည်တွင်း အခြားအောင်မြင်နေတဲ့ non-profit sector မှ အဖွဲ့အစည်းတွေဆီကနေ သင်ယူဖို့ အဆင့်မြှင့် တင်ဖို့လိုပါမယ်။

    နိုင်ငံလုံးဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းကြီး နာမည်အောက်ဝင် အဖွဲ့ငါးဖွဲ့အနေနဲ့ အဖွဲ့အချင်းချင်း ပိုမိုပွင့်လင်းတဲ့ ပိုမိုနီးကပ်တဲ့ ပုံမှန်ဖြစ်မယ့် လက်တွဲဆောင်ရွက်မှုမျိုးလုပ်ရပါမယ်။  အဲ့ဒီလိုလုပ်နိုင်ဖို့ သဘောတူချမှတ်ထားတဲ့ မူဝါဒနဲ့ နည်းဗျူဟာကောင်းတစ်ခု ပြင်ဆင်အကောင်အထည်ဖော်သင့်ပါမယ်။ ဗဟိုမှသည် အောက်ခြေအထိ ပုံမှန်ပူးပေါင်းဆောင်ရွက်မှုတွေ အသက်ဝင်အောင် လုပ်ရပါမယ်။ အဲ့ဒီ ပူးပေါင်းဆောင်ရွက်မှုတွေက event-based ချည်းသက်သက်မဟုတ်နေသင့်ဘဲ လူမှုပြောင်းလဲမှုအတွက် အကျိုးသက်ရောက်စေမယ့် ရေတို ရေလတ် ပရောဂျက်တွေ ပရိုဂရမ်တွေဖြစ်သင့်ပါတယ်။

    အဖွဲ့အစည်းတွေအနေနဲ့ ခေါင်းဆောင်တွေအနေနဲ့ လူထုနဲ့ပိုမိုထိတွေ့မှု Community Engagement လုပ်ကိုလုပ်ရပါမယ်။ ပုံစံအမျိုးမျိုးနဲ့ လုပ်လို့တဲ့အပေါ် ဥပမာ အချို့ပေးလိုက်ပါတယ်။ လူထုကို ပိုမိုပါဝင်လာနိုင်မယ့် လမ်းကြောင်းမျိုးတွေ အဖွဲ့အစည်းတွေဖက်က များများ လုပ်သင့်ပါတယ်။ အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ အရေးပေါ်ကိစ္စရှိမှ မဟုတ်ဘဲ အောက်ခြေလူထုရဲ့ နေ့စဉ်ဘဝဆီကို အရောက်သွားသင့်၊ သူတို့ရဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေ အထူးသဖြင့် ဘာသာရေးနဲ့ လူမှုရေး အခြေအနေတွေကို သူတို့ဆီကနေ တိုက်ရိုက်နားထောင်အပ်ပါတယ်၊ အဖွဲ့အစည်းအနေနဲ့ ခေါင်းဆောင်တွေ အနေနဲ့ ဘာတွေလုပ်ဆောင်နေတယ်ဆိုတာကို ပိုမိုပွင့်လင်းမြင်သာတဲ့ ပုံစံ လမ်းကြောင်းတွေနဲ့ လူထုကို ပုံမှန် အသိပေးအပ်ပါတယ်၊ လူထုရဲ့ တကယ့်အခြေအနေကို သိဖို့ Social Research သုတေသနပြုမှုတွေကို လုပ်သင့်ပါတယ်၊ လူထုရဲ့ အမြင်နဲ့ တောင်းဆိုမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ကိုယ့် ကန့်သတ်မှုဘောင်တွေကထဲကနေပဲ အကောင်းဆုံး ပြန်တုန့်ပြန်ပေးဖို့လည်း လိုပါတယ်။ အရေးကြီးဆုံးအချက်က အဖွဲ့အစည်းတွေအနေနဲ့ အောက်ခြေအဖွဲ့တွေကို ပိုမိုလုပ်ကိုင်ခွင့်တွေပေး ပိုမိုအသက်ဝင်စေဖို့လိုပါမယ်။ Decentralization ပေါ့ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့ဖို့ လိုပါတယ်။ အဲ့ဒါမှ လူထုနဲ့ ပိုထိတွေ့နိုင်မှာပါ။

    အပေါ်မှာ ထောက်ပြဆွေးနွေးထားသလို အဖွဲ့အစည်းတွေအနေနဲ့ လူထုနဲ့ ပိုမိုထိတွေ့နိုင်ဖို့ လူထုအမြင်လမ်းကြောင်းကို ယူဖို့ မီဒီယာတွေအနေနဲ့ အမြဲထိတွေ့သင့်ပါတယ်။ မီဒီယာကဆက်သွယ်မှမဟုတ်ဘဲ မီဒီယာကို ဆက်သွယ်ဖို့လိုပါမယ်။ အဲ့ဒီအတွက်လည်း ကိုယ့်အဖွဲ့အစည်းတွင်း SOP ဆောင်ရွက်ပုံလမ်းညွန်ရှိသင့်ပါတယ်။

    နောက်တစ်ခုကတော့ အခြားဘာသာတရားအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံမှုပါ။ အခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေးမှာ Interfaith ဘာသာပေါင်းစုံချစ်ကြည်ရေးဘောင်တစ်ခုသာ ခတ်ပြီး ချဉ်းကပ်နေတာမျိုးထက် ကိုယ်တွေထက် ပိုစနစ်ကျတဲ့ Institution အဖြစ်ကို ရပ်တည်နေနိုင်ပြီဖြစ်တဲ့ အဖွဲ့အစည်းတွေဆီကနေ အဖွဲ့အစည်းတိုးတက်ရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ နည်းဗျူဟာနဲ့ မူဝါဒချမှတ်အကောင်အထည်ဖော်ခြင်းစတာတွေကို အတွေ့အကြုံယူ သင်ယူခြင်းလမ်းကြောင်းတွေနဲ့လည်း ချဉ်းကပ်သင့်နေပါပြီ။

    နောက်တစ်ခုက ငါးဖွဲ့အနေနဲ့ အခြားရပ်တည်နေတဲ့ အစ္စလာမ့်ဘာသာရေးအခြေပြုအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးလည်း တိကျတဲ့ အပေါင်းဆန်တဲ့ မူဝါဒမျိုးရှိနေသင့်ပါပြီ။ ဘာသာရေးငါးဖွဲ့ရှိပြီးသား တစ်ဖွဲ့ထပ်ထောင်တယ်ဆိုတဲ့ အနုတ်ဆောင်အမြင်မျိုးကနေ တရားဝင်အစိုးရအသိအမှတ်ပြုထားတဲ့ ငါးဖွဲ့အနေနဲ့ ကျန်အဖွဲ့တွေရဲ့ အားကို ယူပြီး ပူးပေါင်းပြီး ဘယ်လို လူထုအတွက် ပိုကောင်းအောင် လုပ်ကြမလဲဆိုတဲ့ နည်းဗျူဟာကောင်းတွေ ရှိနေသင့်ပါပြီ။

    အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်အဆင့် တိုင်းဒေသကြီးပြည်နယ်အဆင့်မှသည် အောက်ခြေ ခရိုင်မြို့နယ်အဆင့် အာဏာပိုင်တွေနဲ့ တရားဥပေဒလမ်းကြောင်းကို မဆန့်ကျင်တဲ့ ဆက်သွယ်ရေး channels တွေ ဖွံ့ထားဖို့လိုပါမယ်။

    Community ဖက်ကရောပေါ့…။ ဘာသာရေးအဖွဲ့အစည်းကြီးတွေနဲ့ ဆက်ဆံရေးအားနည်းခြင်းမှာ လူထုဘက်က အားနည်းမှုလည်းပါပါတယ်။ အပေါ်မှာ ဆွေးနွေးခဲ့သလိုပဲ ခလုတ်ထိမှ အမိတတဲ့ ပုံစံမျိုးမဟုတ်ဘဲ လူထုအနေနဲ့ ဒီအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်နိုင်ဖို့ အားထုတ်ရပါမယ်၊ Community Participation ပေါ့။ ဒီအဖွဲ့တွေဟာ ငါတို့နဲ့ဆိုင်တယ်၊ လက်ရှိစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ဒီအဖွဲ့အစည်းတွေကို ဖွံ့ဖြိုးစေရေး တည်ဆောက်ရေးမှာ ငါတို့ပါရမယ် ငါတို့တတ်နိုင်တဲ့ ဖက်က ပံ့ပိုးကူညီရမယ်ဆိုတဲ့ Community Ownership အရေးကြီးပါတယ်။ ပြဿနာမရှိတဲ့ အခြေအနေမျိုးမှာလည်း သူတို့ဘာတွေလုပ်နေကြလဲ၊ ငါတို့ဆီက ဘာလိုအပ်သလဲ ဒီလို အာရုံစိုက်နေရပါမယ်။

    Institution အဆင့်ကို မြှင့်တင်မယ်ဆိုရင် အရင်းအမြစ်တွေက လိုအပ်မှာသေချာပါတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ မဖြည့်တင်းရင်တော့ စိတ်ကူးသက်သက် plan သက်သက်ဖြစ်နေပြီး လက်တွေ့ အကောင်အထည်ဖော်ဖြစ်မှာ မဟုတ်ပါ။ အဲ့တော့ လူထုဖက်က လူ့အရင်းအမြစ်၊ အချိန်၊ ငွေကြေးအင်အားစတာတွေ ကိုယ်တွေတတ်နိုင်တဲ့ဖက်က ကူညီပေးဖို့လိုပါမယ်။

    အရေးကြီးဆုံးက ငါနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ရှိပြီးနောက် အဖွဲ့အစည်းတွေကိုယ်တိုင်က ဦးဆောင်သူပိုင်းကိုယ်တိုင်က ကိုယ်မှန်းထားသလောက် မရွေ့ရင်တောင် လူထုဖက်ကနေ စိတ်ဝင်တစားနဲ့ တွန်းပေးဖို့ လိုအပ်ပါတယ်။

    ကိုယ်တွေဖက်က နောက်လိုက်ကောင်းပီသစွာနေမယ်ဆိုရင် ဦးဆောင်သူတွေကို နောက်လိုက်တွေရဲ့ ရသင့်တဲ့ အခွင့်အရေးနဲ့ ဦးဆောင်သူတွေဆောင်ရွက်ရမှာတွေကို နည်းလမ်းမှန်ကန်စွာ တောင်းဆိုကြရပါမယ်။ ဒီနေရာမှာ မကျေနပ်လို ဝေဖန်တာ ဆဲဆိုတာမျိုးထက် ဖြစ်စေချင်တဲ့ စိတ် ownership ရှိတဲ့စိတ်နဲ့ ကိုယ့်ဖက်က ကမ်းလှမ်းမှုတွေနဲ့ ဦးဆောင်သူတွေကို ဖြစ်စေချင်တာ ဖြစ်သင့်တယ် ထင်တာကို တောင်းဆိုရပါမယ်။ ဒါဟာ ကျွန်တော်တို့ သွားချင်နေတဲ့ စံနှုန်းမှီ ဒီမိုကရေစီရဲ့ စံတွေပါပဲ။

    ဥပမာ-အဖွဲ့အစည်းတွေ သို့မဟုတ် အဖွဲ့အစည်းကြီးအနေနဲ့ ဘာတွေလှုပ်ရှားမှုလုပ်နေလဲ လူထုကို အသိမပေးရင်၊ လူထု မသိရရင် အသိပေးဖို့ တောင်းဆိုကြရပါမယ်။ ဦးဆောင်သူတွေက လူထုကို လာမထိတွေ့ရင် လာထိတွေ့ဖို့ တောင်းဆိုကြရပါမယ်။ လူထုအနေနဲ့ အဖွဲ့နဲ့ ဦးဆောင်သူပိုင်းတွေကို အကြံပြုတာ၊ ထိတွေ့ဖို့ လမ်းကြောင်းတွေ ဖွင့်ပေးထားဖို့ တောင်းဆိုကြရပါမယ်။

    အဖွဲ့တစ်ခုချင်းဆီအနေနဲ့ မြန်မာမွတ်စလင်မ်ထုကြီးတစ်ရပ်လုံးနဲ့ မဆိုင်ဘူး၊ အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေနဲ့ပဲ သက်ဆိုင်တာ တာဝန်ယူမယ်ဆိုတဲ့ မူဟာ နိုင်ငံတော်အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ ဘောင်မဝင်ပါ။ နာမည်မှာကိုယ်က မြန်မာမွတ်စလင်မ်ထုကို ကိုယ်စားပြုနေပါပြီ။

    တောင်းဆိုတယ်၊ အကြံပြုတယ်ဆိုတဲ့နေရာမှာ Social Media က ကိုယ့်စာမျက်နှာမှာ ဝေဖန်နေရုံ ဆဲဆိုနေရုံ၊ သူငယ်ချင်းတွေစု လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဝေဖန်နေတာမျိုး၊ ပစ်စာလောက်လုပ်တာမျိုးနဲ့ ဘောင်မဝင်ပါ။ ဘောင်ဝင်အောင် လုပ်ကြရပါမယ်။ သက်ဆိုင်သူများကို တိုက်ရိုက်ဆက်သွယ်ခြင်း၊ Social Media ကန်ပိမ်းလုပ်ခြင်း၊ မီဒီယာများမှတစ်ဆင့်သွားခြင်း၊ အိတ်ပိတ်ပေးစာ တရားဝင်ပို့ခြင်း၊ အိတ်ဖွင့်ပေးစာ တရားဝင်ပို့ခြင်း၊ ဆွေးနွေးပွဲ အစည်းအဝေးပွဲများတွင် တိုက်ရိုက်ပြောဆို မေးမြန်း အကြံပြုခြင်းမျိုးတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

    တစ်ဆက်တည်းမှာပဲ လူထုအနေနဲ့ အဖွဲ့တွေရဲ့ လုပ်ဆောင်ပေးမှုနဲ့ နေမှုတွေကို အသိအမှတ်ပြုရမှာဖြစ်ပြီး သူတို့ရဲ့ ကန့်သတ်ချက်များကိုလည်း နားလည်ပေးက အပေါင်းဆောင် ချဉ်းကပ်မှုမျိုးနဲ့ ဆောင်ရွက်သင့်ပါတယ်။

    ဒါဆိုရင် ကျွန်တော်တို့ မဖြစ်စေချင်တဲ့ ပုံစံ (၃)ကနေ ဖြစ်စေချင်တဲ့ ပုံစံ(၁နဲ့၂)ကို တိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။

    အကယ်    ၍ လက်ရှိဦးဆောင်မှုပေးနေတဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို လူမှုအဆောက်အအုံ Institution အဆင့်မြှင့်တင်ရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန့်ကြာနေမယ်၊ သို့မဟုတ် သူတို့ကို မြှင့်တင်ရင်း အခြားလမ်းကြောင်းတစ်ခု ဖောက်မယ်ဆိုရင်တော့ ပုံ(၄) ဟာ အဖြေကောင်းတစ်ခုဖြစ်လာနိုင်ချေများပါတယ်။

    ပုံ(၄)

    ဒီပုံစံမှာ ကျွန်တော်တို့ အနေနဲ့ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးအပါအဝင် အဖွဲ့တွေအားလုံးကို ဘာသာရေးအခြေပြု Faith-based organizations အဖွဲ့တွေ (တခြားဘာသာတရားတွေရဲ့ အဖွဲ့အစည်းတွေအပါအဝင်)ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ စဉ်းစားပါတယ်။ ဒီပုံစံကတော့ ဘာသာရေးအဖွဲ့အစည်းကြီးကို အခြေပြုတဲ့ ပုံစံမဟုတ်တော့လို့ပါ။

    ဒီပုံစံမှာ Community မြန်မာမွတ်စလင်မ်လူ့အသိုင်းအဝန်းကို ပိုမြင်အောင် ထပ်မံပြီး သရုပ်ခွဲလိုက်ပါတယ်။ အဲ့ဒီမှာ လူထုရယ်၊ လူထုအခြေပြုအဖွဲ့အစည်းငယ်တွေရယ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရယ်၊ တဦးချင်းတက်ကြွလှုပ်ရှားသူတွေရယ်ပေါ့။

    အဲ့ဒီ့လူထုကြီး စွမ်းအားအဖက်ဖက်က မြှင့်တက်လာစေဖို့ကို ပံ့ပိုးပေးမယ် အရှိန်မြှင့်တင်ပေးမယ့် အရပ်ဖက်လူ့အဖွဲ့အစည်းကို အခြေပြုတဲ့ coordination body သို့မဟုတ် platform တစ်ခုရှိပါမယ်။

    အဲ့ဒီ့ bodyကို professional လူငယ်လူရွယ်တစ်စုက အတွေ့အကြုံရှိ multidisciplinary consultant team တစ်ခုက ထောက်ကူခြင်းနဲ့ တည်ဆောက် organize လုပ်မှာဖြစ်ပါတယ်။

    အဲ့ဒီ့ bodyက အဖွဲ့တစ်ခုပုံစံရပ်တည်မျိုးခြင်းထက် မြန်မာမွတ်စလင်မ် community ကြီးတစ်ခုလုံးနဲ့ အခြားလူ့အသိုင်းအဝိုင်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကြား၊ မီဒီယာအကြား၊ အခြားရော အစ္စလာမ်ပါ ဘာသာရေးအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်တင်ပေးမှာဖြစ်ပါတယ်။

    အဲ့ဒီ့ body ရဲ့ အားထုတ်မှုဟာ မြန်မာမွတ်စလင်မ်တွေနဲ့ အခြား Institutionsတွေအကြား WIN WIN အခြေအနေနဲ့ ဆောင်ရွက်ကြမယ့် အရပ်ဖက်လူ့အဖွဲ့အစည်း ပလက်ဖောင်းကြီးတစ်ခုဖြစ်လာပါမယ်။

    ဒီပလက်ဖောင်းမှာ အပြန်အလှန်မျှဝေမှု၊ ပံ့ပိုးမှု၊ သင်ယူမှုတွေ၊ ပူးပေါင်းမှုတွေ၊ ဘုံတူညီချက် ဘုံရည်မှန်းချက်တွေဆီ လျှောက်လှမ်းမှုတွေ၊ dialogue တွေ ၇ှိနေမှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ စွမ်းအားမြင့်တက်လာမှာဖြစ်ပါတယ်။ WIN WIN အခြေအနေတည်ဆောက်ယူမယ့်အပေါ် အခြားလူ့အဖွဲ့အစည်းတွေအနေနဲ့လည်း ကိုယ်တွေဖက်က မျှဝေမှု တူညီမှုတွေမှာ ကိုယ်တွေဖက်က အားဖြည့်ပေးမှု၊ အဆုံးအနေနဲ့ကတော့ အားလုံးရည်ရွယ်တဲ့ အေးချမ်းတဲ့ နိုင်ငံ ဒီမိုကရေစီပြည့်ဝစွာ ထွန်းကားတဲ့ နိုင်ငံ Civilized ဖြစ်တဲ့ နိုင်ငံနဲ့ အသိုက်အဝန်း ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပါမယ်။

    စွမ်းအားပြည့်လာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်အောင်မြင်နိုင်ဖို့ ရှိပြီး၊ နောက် အလားတူ ပြဿနာမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်စွမ်းလည်းရှိလာမှာဖြစ်ပါတယ်၊ အကောင်းဆုံးရလဒ်ကတော့ မြန်မာနိုင်ငံသားအားလုံးရည်မှန်းတဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံတော်တစ်ခုပုံဖော်ရမှာ အကောင်းဆုံးပါဝင်မှု လုပ်နိုင်ခြင်းပါပဲ။

    ဒီနေရာမှာ အရေးအကြီးဆုံးက Who ဘယ်သူတွေက ဒါကို အကောင်အထည်ဖော်မှာလဲဆိုတဲ့ မေးခွန်းပါ။ အဖြေကတော့ရှင်းပါတယ်။ လက်ရှိ အခြေအနေကို ခါးစည်းခံနေရတဲ့ လက်ရှိအခြေအနေကို အားမရတဲ့ မြန်မာမွတ်စလင်မ်တွေ အကောင်အထည်ဖော်ရပါမယ်။ အားလုံးပါဝင်ရပါမယ်။ ဒီပုံစံကို ဦးတည်ဦးဆောင်သူတွေက အားလုံးပါဝင်လာအောင် ဆော်သြဖို့လိုပါတယ်။ ဒီပုံစံကို လွယ်လွယ်ကူကူ အကောင်အထည်ဖော်လို့ရမယ် စိန်ခေါ်မှု လုံးဝမရှိဘူးလို့တော့ ကျွန်တော်ကိုယ်တိုင် မယုံကြည်ပါ။ ဒါပေမယ့်…ယခင်က Unity for Peace၊ Peace Alliance နဲ့ Myanmar Muslim Conference ကြိုးပမ်းမှုတွေဟာ ဒီပုံစံနဲ့ ဆက်စပ်မှုရှိပြီး ထိုကြိုးပမ်းမှုတွေ အတိုင်းအတာတစ်ခုမှာ ရပ်တန့်ခဲ့ရတာတွေကို သင်ခန်းစာကောင်းယူကာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး အကောင်အထည်ဖော်သင့်အပ်ပါတယ်။

    နိဂုံးချုပ်ရရင် ကျွန်တော်တို့မှာ ရွေးချယ်စရာသုံးလမ်းရှိနေပါတယ်။ တစ်လမ်းက ပုံစံ(၁)နဲ့ ပုံစံ(၂)အခြေအနေရောက်လာအောင် လက်ရှိ de facto နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ကြီး နဲ့ အဖွဲ့ခွဲတွေ Institutionalized ဖြစ်လာအောင် ဝိုင်းတွန်းကြမယ် ( ဒီနေရာမှာ de facto ဆိုတဲ့ စာအသုံးက သင့်တော် ထိမိလို့ သုံးပါရစေ၊ ဆိုလိုတာက မြန်မာမွတ်စလင်မ်ထုတစ်ခုလုံးက ကိုယ်စားပြုရွေးချယ်ထားတာ မဟုတ်ပေမယ့် သမိုင်းကြောင်းနဲ့ ဖြစ်တည်မှုအရ မြန်မာမွတ်စလင်မ်ထုတစ်ရပ်လုံးကို ကိုယ်စားပြုနေတယ်ဆိုတာကို ပေါ်လွင်စေချင်လို့ပါ)။ ဒုတိယလမ်းက တော်ပါပြီ၊ ဒီအဖွဲ့တွေ တွန်းရတာ မောလှပြီ မဖြစ်ပါဘူးကွာဆိုပြီး ပုံစံ (၄) သို့မဟုတ် အလားတူ အရပ်ဖက်လူ့အဖွဲ့အစည်းအခြေပြု စွမ်းအားမြှင့်တင်ရေးကိုပဲ ပုံအောပြီးလုပ်ကြမလား။ တတိယပုံစံကတော့ ဘာသာရေးအဖွဲ့ကြီးနဲ့ အဖွဲ့ခွဲတွေကိုလည်း Institution ဖြစ်အောင်တွန်းရင်း ပုံစံ(၄)နဲ့ community တစ်ခုလုံး Institution ဖြစ်လာအောင် လုပ်ကြမလား။ ကျွန်တော်ကတော့ တတိယလမ်းကို ပိုကြိုက်ပါတယ်၊ နောက်တစ်လမ်းရွေးဆို ဒုတိယလမ်းကို ရွေးပါမယ်။ ဒုတိယလမ်းကို တကယ်ဖောက်နိုင်ရင်လည်း community ထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဘာသာရေးအဖွဲ့တွေလည်း စွမ်းအားမြှင့်လာမှာမို့လို့ပါပဲ။

    မှတ်ချက်။  ။ ကျွန်တော့်တစ်ဦးတည်းရဲ့ အမြင်ဆောင်းပါးဖြစ်တဲ့ အပေါ် ပို့စ်တင်ပေးတဲ့ မီဒီယာနဲ့ မသက်ဆိုင်သလို၊ ကျွန်တော့်အမြင်နဲ့ ဆွေးနွေးချက်မှာ အားနည်းချက်၊ လိုအပ်ချက်နဲ့ မပြည့်စုံမှုတွေ ရှိနေနိုင်ပါတယ်။ သို့သော် စေတနာကောင်းဖြစ်ကြောင်းကိုတော့ အာမခံအပ်ပါတယ်။

  • တရားမဝင် ဗလီ

    တရားမဝင် ဗလီ

    ဧပြီ ၂၉ ၊ ၂၀၁၇
    Dr-ဆောင်းလွင်အောင် ရေးသည်။

    ၂၀၁၇ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က ဝန်ကြီးချူပ် လီရှန်လွန်းကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သော စင်ကာပူနိုင်ငံမှ ဗလီဝတ်ကျောင်းတော်

    ဒီအဆိုပြုချက်ကို လွှတ်တော်မှာ တင်ပြပေးနိုင်သူ ဘယ်သူရှိမလဲ။
    အဆိုပြုချက်က—-

    “မြန်မာမွတ်စလင်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ အခြားတိုင်းရင်းသား ညီအကိုမောင်နှမများနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ခဲ့တာ နှစ်ထောင်ချီခဲ့ပါပြီ။ ရှေးဗမာမင်း၊ရခိုင်မင်းများဟာ မွတ်ဆလင်တွေအတွက် ဝတ်ပြုဆုတောင်းဖို့ရာ ဗလီများတည်ဆောက်ခွင့် ပေးခဲ့ရုံသာမက သူတို့ကိုယ်တိုင် ငွေကြေးစိုက်ထုတ် လှူဒါန်းခဲ့ကြပါတယ်။ ကိုလိုနီလက်အောက် ရောက်ခဲ့စဉ်မှာရော၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ လက်ထက်မှာပါ နိုင်ငံသားမွတ်စလင်များအတွက် ဗလီများ တည်ဆောက်ခွင့်ပေးခဲ့ပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ဘာသာရေး လူမျိုးရေး သပ်လျှိုသွေးခွဲခဲ့စဉ်ကစလို့ ဗလီအသစ်ဆောက်ဖို့ကို မဆိုထားနှင့်၊ အဟောင်းကိုတောင် ပြု ပြင်ထိမ်းသိမ်းဖို့ အလွန်ခက်ခဲလာခဲ့ပါတယ်။

    တရားမဝင် သာသနိက အဆောက်အဦ ပေါ်ပေါက်ရခြင်း အကြောင်းအရင်း
    —————————————————-
    ၁၉၆၂ ဝန်းကျင်မှာ သန်း ၂၀ ကျော် ၃၀ နီးပါး ရှိခဲ့တဲ့ မြန်မာ့လူဦးရေဟာ ယနေ့ သန်း ၆၀ နီးနီးဖြစ်လာပါပြီ။ မြို့ကြီးများအနီးမှာ မြို့သစ်တွေပေါ်လာသလို စီးပွါးရေးအရ ရွေ့ပြောင်းနေထိုင်မှုတွေ၊ တွင်းထွက်သယံဇာတ ရှာဖွေတွေ့ရှိမှုတွေကနေ ကျေးရွာအသစ်တွေလဲ နှစ် ၆၀ အတွင်းမှာ အများအပြား ပေါ်ထွန်းလာခဲ့ပါတယ်။ အသစ်အသစ်သော မြို့ရွာတွေ၊ တိုးပွါးလာတဲ့ လူတွေအတွက် ဆေးရုံ၊ ကျောင်း၊ ဈေး စတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးတွေ လိုအပ်သလို ဝိဉာဏ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ ဝတ်ပြုဆုတောင်းဖို့အဆောက်အဦးတွေဟာလဲ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလို အခြေခံအဆောက်အဦးတွေ မရှိဘဲ လူ့အဖွဲ့အစည်းတခု ဘယ်လိုမှမရပ်တည်နိုင်ပါဘူး။ မရှိရင် ရှိအောင်ကြံဆဖန်တီးကြရတာပါဘဲ။ ဆေးရုံ မရှိတောင် ဘိန္ဓေါဆရာတော့ရှိရမယ်။ ကျောင်းမရှိတောင် ဘုန်းကြီးကျောင်းမှာ စာသင်ကြလိမ့်မယ်။ ဈေးမရှိတောင် အိမ်ဆိုင်လေးတော့ ရှိမှာပါ။ ဒီလိုဘဲ ဝတ်ပြုဆုတောင်းဖို့အဆောက်အဦး တည်ဆောက်ခွင့် မရသူတွေက ရအောင်ကြံဖန်ကြရင်း တရားမဝင် ဗလီတွေ၊ တရားမဝင်ချာ့ခ်ျ တွေဆိုတာ ပေါ်ပေါက်လာခဲ့ရပါတယ်။

    တရားမဝင် ဗလီ ပြဿ နာကို အပြီးတိုင် ဖြေရှင်းချင်ရင်တော့ တရားဝင် ဗလီ တွေ တည်ဆောက်ခွင့်ပေးလိုက်ဖို့ပါဘဲ။

    မြန်မာမွတ်စလင်တို့အား တိုက်တွန်းချက်
    ——————————————
    တချိန်တည်းမှာ နှစ် ၆၀ အမုန်းတရား မှိုင်းတိုက်ခံထားရမှုကြောင့် ဗလီ ကို ဝတ်ပြုဆုတောင်းရာ ဘာသာရေး အဆောက်အဦးအဖြစ် မမြင်နိုင်သူတွေရှိနေတာကို လက်ခံနားလည်ပေးရပါမယ်။ သူတို့တွေ စိတ်ချနိုင်အောင် အစ္စလာမ်ဘာသာဝင်တို့ဘက်က လိုက်လျောပေးရပါမယ်။

    မြန်မာမွတ်စလင်တွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ကိုးကွယ်ဝတ်ပြုဆုတောင်းနိုင်ရန် ဗလီ တည်ဆောက်ခွင့်ပြုပေးဖို့လိုသလို အမြင်မရှင်းသူတွေ စိတ်ချနိုင်အောင် ဗလီအသစ်တွေရော အဟောင်းတွေကိုပါ လေ့လာခွင့် ပေးသင့်ပါတယ်။ သောကြာနေ့ နဲ့ အခြားနေ့ထူးနေ့မြတ် အခမ်းအနားတွေမှာ ဟောပြောမှုတွေကို လာရောက် နားထောင်လိုသူတွေကို အထူးသီးသန့် နေရာပေးသင့်ပါတယ်။ ကလေးငယ်များကို ဘာသာရေး အသိပညာသင်ကြားနေမှုတွေကို လေ့လာချင်ရင်လဲ လေ့လာသင်ကြားနိုင်မယ့် အခွင့်အရေးပေးသင့်ပါတယ်။ အစ္စလာမ်ဘာသာရေးအခမ်းအနားတွေမှာ မွတ်စလင်မဟုတ်သူတွေကိုပါ ဖိတ်ကြားပြီး အစ္စလာမ် အကြောင်း၊ ဗလီအကြောင်း လေ့လာခွင့်ပေးသင့်ပါတယ်။

    ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းချက်
    —————————————–
    ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ချီတက်နေတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စံနှုံးများနဲ့အညီ လူနည်းစု ဘာသာတရားတို့ရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ဘာသာတရားများအကြား တန်းတူညီမျှ ၊ သာတူညီမျှ အခွင့်အရေးကို အသိအမှတ်ပြုလျက်၊
    ●ဘာသာပေါင်းစုံရဲ့ ဝတ်ပြုကိုးကွယ်ရာ သာသနိက အဆောက်အဦများ ဆောက်လုပ်ခွင့်၊ ပြု ပြင် ထိန်းသိမ်းခွင့်၊မှတ်ပုံတင်ခွင့် ပေးရန်၊
    ●ပိတ်ထားသော ဗလီများ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးရန်
    ●အမုန်းတရား အခြေခံပြီး သာသနိက အဆောက်အဦများကို ထိပါးနှောက်ယှက်သူများကို နိုင်ငံတော်မှ ထိရောက်စွာ အရေးယူပေးရန်

    (ref: Nay Linn Aung status)