News @ M-Media

Category: အားကစား

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၃)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၃)

    ဇူလိုင် ၂၉၊ ၂၀၂၃
    M-Media

    ဆန့်တို့စ် လူငယ်နည်းပြ လူစီယာနို၏ မှတ်ချက်

    သူက တော်တော်ကောင်းတာဗျ။ ဖူဆယ်မှာဆို နေးမာထက်တောင် ပိုကောင်းတယ်လို့ ထင်တယ်။ လိမ်တာခေါက်တာ၊ ခြေယောင်ပြတာတွေက လက်ဖျားခါလောက်တယ်။ ကျွန်တော်တို့အသင်းဟာ ပေါ်လစ္စတာပြည်နယ် ၁၁ နှစ်အောက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၃ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။

    ရော်ဒရီဂို အသက်မြင့်တဲ့ အသင်းကို ရောက်သွားတော့ အသင်းဒါရိုက်တာက ကျွန်တော့်ကိုပါ အတူလိုက်သွားဖို့ပြောတယ်။ သူနဲ့ ၇ နှစ်တာ လက်တွဲခဲ့ရတဲ့ကာလမှာ ကျွန်တော့်သားသမီးအရင်းထက်တောင် သံယောဇဥ်ပိုခဲ့ပါတယ်။

    အစပိုင်းမှာ သူက နည်းနည်ဒေါသကြီးတယ်။ ပါရမီမြောက်နေတော့ လူလည်း ခဏခဏ အချခံရတယ်။ တစ်ခြားအသင်းက နည်းပြတွေ၊ အသင်းသားမိဘတွေကလည်း သူ့ကို ဆဲကြဆိုကြ။ သူလည်း ပေါက်ကွဲလာတော့ တစ်ခါတစ်လေ အထုတ်ခံရတဲ့အထိဖြစ်တယ်။ ကောင်းကောင်းမွန်မွန်နဲ့ မကျေနပ်ချက်ကို ဖြေဖျောက်တဲ့ အချိန်တွေလည်း ရှိပါတယ်။ ကျွန်တော် မှတ်မိသေးတယ်။ Cotia အသင်းနဲ့ကစားတဲ့ ယူ ၁၂ ပွဲတစ်ပွဲမှာ ဟိုဘက်ကနည်းပြက သူ့ကို အမျိုးအမျိုး လှောင်ပြောင်တာဗျ။

    “မင်းက အဲ့လောက်လည်း မဟုတ်ပါဘူးကွာ။ အိုက်တင်ခံနေတဲ့ကောင်”

    “ဒီဘိုးတော်တော့ မြွေပွေးကို သွားစနေပြီ” လို့ ကျွန်တော် ရေရွတ်လိုက်တယ်။

    ရော်ဒရီဂိုက သူ့ကွင်းဖက်ခြမ်းအထိ ဘောလုံးဆင်းယူတယ်။ ပြီးတော့ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်… သူ့ဆီလာလုတဲ့လူတိုင်းကို လိမ်ခေါက်ပြီး ဂိုးသွင်းပြတယ်။ အဲ့ဒီနောက် Cotia အသင်းနည်းပြထိုင်နေတဲ့ ကွင်းဘေးထိုင်ခုံကိုပြေးသွားပြီး ပြန်ပက်တော့တာပဲ။

    “ခင်ဗျားကြီး ဘာတွေပြောနေတာလဲ။ ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာ။ အခုတော့ အဟားခံရပြီမဟုတ်လား”

    ကျွန်တော်က ဒီလိုပြောဆိုတာမကောင်းကြောင်း သူ့ကိုနားချတယ်။

    “ကျွန်တော့်ကို အဲဒီဘဲက လာစမ်းနေလို့ပါ” လို့ သူက ပြန်ပြောပါတယ်။

    ဘရာဇီးလ် ယူ-၁၅

    ယူ-၁၅ အသင်းမှာ အရွေးခံရတာကို ဘယ်သူကမှ လာပြောလေ့မရှိဘူး။ ဘောလုံးအဖွဲ့ချုပ်က လူစာရင်းထုတ်ပြန်တယ်။ အဲဒီအထဲမှာ ပါ၊ မပါ ကိုယ့်ဟာကိုယ် ကြည့်ရပါတယ်။ ဆန်းတို့စ်က ကျွန်တော် အရွေးခံရကြောင်း ပြောတယ်။ ဒါပေမယ့် မဟုတ်ဘူး။ မှားတာပါ။

    အဲဒီလို ၂ ကြိမ်တောင်ဖြစ်ပါတယ်။

    ကျွန်တော်လည်း တင်းတာပေါ့။ စိတ်လည်း ပျက်မိတယ်။ ပထမအကြိမ်က ဇကာတင်စာရင်းမှာ ကျွန်တော်ပါတယ်။ နောက်ဆုံး ၂၃ ယောက်စာရင်းကြတော့ မပါတော့ဘူး။

    နောက်တစ်ကြိမ်မှာ ဘောလုံးအဖွဲ့ချုပ်က ကျွန်တော့်အတွက် လေယာဥ်လက်မှတ်တွေ၊ ဟိုတယ်ဘိုကင်တွေ စီစဥ်ပြီးသွားပြီ။ စာရင်းထွက်လာတော့ ကျွန်တော့်နာမည် မပါပြန်ဘူး။

    ကျွန်တော် တော်တော်စိုးရိမ်သွားတယ်။ အဖွဲ့ချုပ်ကို ဖုန်းခေါ်တယ်။ အမှားအယွင်းဖြစ်တယ်လို့ သိရတယ်။ ကျွန်တော်က တိုက်စစ်မှူးဖြစ်တော့ နာမည်က နောက်ဆုံးမှထည့်ရမယ်။ အဲ့ဒါကို မထည့်မိဘဲ မေ့သွားတာပါ။

    ရက်အနည်းငယ်ကြာတော့ Granja Comary (ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ရုံးချုပ်) ကို ကျွန်တော်သွားပြီး ၀တ်စုံတွေသွားယူတယ်။ ခမ်းနားကြီးကျယ်လှပါတယ်။ ၀တ်စုံတွေ၀တ်ပြီး ဆဲလ်ဖီတွေ ရိုက်ကြတယ်။ ကျွန်တော့် Instagram မှာဆို အဲဒီပုံတွေကြီးပဲ။ မိဘတွေကိုတောင် ဓာတ်ပုံတစ်ပုံ ပို့လိုက်သေးတယ်။

    Granja Comary ကို မနက် ၄ နာရီထပြီး အကြာကြီး ကားစီရတာ။ ဒါပေမယ့် တန်ပါတယ်။

    (ဆက်ရန်—–)

    အပိုင်း ၁ ဖတ်ရန် – http://www.m-mediagroup.com/news/91408

    အပိုင်း ၂ ဖတ်ရန် – http://www.m-mediagroup.com/news/91405

  • အမျိုးသမီးဘောလုံးလောကတွင်သမိုင်းတင်နိုင်ခဲ့သည့် မော်ရိုကို

    အမျိုးသမီးဘောလုံးလောကတွင်သမိုင်းတင်နိုင်ခဲ့သည့် မော်ရိုကို

    ဇူလိုင် ၃၁၊ ၂၀၂၃

    M-Media 


    -သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မော်ရိုကို အမျိုးသမီးအသင်း သမိုင်းမှတ်တမ်းသစ်တွေ တစ်ခုပြီးတစ်ခု ရရှိနေပါတယ်။ 

    မော်ရိုကိုအမျိုးသမီးအသင်းဟာ ၁၉၉၈ ခုနှစ်လောက်ကမှ စတင်ပြီး ကမ္ဘာ့ဘောလုံးလောကထဲကို ၀င်ရောက်လာတာပါ။ တတိယအကြိမ်မြောက် အာဖရိကဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ပံ့ကူညီမှု လုံလုံလောက်လောက် မရခဲ့တာကြောင့် ဒေသတွင်း အိမ်ဖြည့်အသင်း အဆင့်ထက် မပိုခဲ့ပါဘူး။ 

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အခြေအနေဟာ အကောင်းဖက်ကို ပြောင်းလဲခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် တူနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဖရိက ၅ နိုင်ငံ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မော်ရိုကိုအသင်းဟာ တန်ဇန်းနီးယားကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဖရိကဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မော်ရိုကိုအမျိုးသမီးအသင်းဟာ အသေအချာ ပြင်ဆင်ခဲ့ပြီး အောင်မြင်မှုလည်း ရခဲ့ပါတယ်။ 

    ပထမဆုံးအသင်း 

    အာဖရိကဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုအမျိုးသမီးအသင်းဟာ ၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ခွင့်ရတဲ့ ပထမဆုံး မြောက်အာဖရိကနဲ့ အာရပ်နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် အာဖရိကဖလားမှာ မော်ရိုကိုအမျိုးသမီးအသင်းဟာ ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး တောင်အာဖရိကအသင်းကို ရှုံးကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

    “ကမ္ဘာ့ဖလားမှာ ၀င်ရောင်ယှဥ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အာရပ်အသင်း ဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပုံရိပ်ကောင်းရဖို့၊ ရရှိထားတဲ့ အောင်မြင်မှုတွေကို ချဲ့ထွင်ဖို့ ကျွန်မတို့ ပုခုံးပေါ်မှာ တာ၀န်တစ်ခု ရှိနေပြီဆိုတာကိုလည်း နားလည်ပါတယ်” လို့ မော်ရိုကို အသင်းခေါင်းဆောင် ဂီဇ်လာနီ ချက်ဘက်က ပြောပါတယ်။ 

    ပထမဆုံးနိုင်ပွဲ 

    ဇူလိုင်လ နောက်ဆုံးပတ်ကစတင်ကာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မော်ရိုကိုအသင်းဟာ ကိုလံဘီယာ၊ ဂျာမနီ၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ 

    အတွေ့အကြုံနည်းတဲ့ မော်ရိုကိုအသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ မလွယ်ကူတဲ့ အခြအနေမျိုးဖြစ်ပြီး အုပ်စုဖွင့်ပွဲမှာလည်း ဂျာမနီအသင်းကို ၆ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

    ဒါပေမယ့် ဒုတိယပွဲတော့ ခြင်္သေ့မတွေဟာ သမိုင်း၀င်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ 

    တောင်ကိုရီးယားအသင်းကို အကြိတ်အနယ်ကစားပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်မှာ မော်ရိုကိုအသင်းရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ 

    ပထမဆုံး ပု၀ါဆောင်း ကစားသမား

    မော်ရိုကိုအမျိုးသမီးတွေအတွက် နောက်ထပ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သူကတော့ နောက်ခံလူ နူဟိုင်လာ ဘန်ဇီနာ ဖြစ်ပါတယ်။ 

    ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟီဂျဘ်ပု၀ါဆောင်းပြီး ၀င်ကစားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် ဘန်ဇီနာတစ်ယောက် မှတ်တမ်း၀င်ခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲစဥ် ၂ ပွဲစလုံး ပထမ ၁၁  ယောက်စာရင်းမှာ ပါ၀င်ခဲ့ပြီး ခြေစွမ်းကောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ 

    “ဘန်ဇီနာနေရာကို ငါလည်းရောက်နိုင်တာပဲလို့ (မော်ရိုကို) မိန်းကလေးတွေ တွေးလာကြမယ်။ မူ၀ါဒ ချမှတ်သူတွေ၊ ဆုံးဖြတ်ချက် ချမှတ်သူတွေကလည်း ဒီအောင်မြင်မှုကို အသိအမှတ်ပြုပြီး၊ ပြိုင်ပွဲမှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ ပိုမိုပါ၀င်လာအောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို လိုအပ်နေပြီလို့ ပြောလာကြတော့မှာပါ” လို့ Muslim Women in Sports Network အဖွဲ့ကို ပူးတွဲတည်ထောင်သူ အက်စ်မာ ဟီလာလ်က ပြောပါတယ်။ 

    မော်ရိုကို အမျိုးသမီးအသင်းဟာ သြဂုတ်လ ၃ ရက်နေ့မှာ အုပ်စုဗိုလ် ကိုလံဘီယာအသင်းနဲ့ နောက်ဆုံးပွဲစဥ် ကစားရမှာဖြစ်ပြီး နောက်ထပ် သမိုင်းသစ် ရေးထိုးနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

    Ref: Olympics.com/Wiki

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၁)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၁)

    ဇူလိုင် ၂၄၊ ၂၀၂၃


    M-Media 

    အောင့်ထားပါအုံး

    တစ်ချို့ကလေးတွေက ဘောလုံးသမားဖြစ်ဖို့ မွေးဖွားလာကြတယ်လို့ ပြောစမတ်ရှိတယ်။ ကျွန်တော်က အဲဒီလိုလူပါ။ ကျွန်တော့်ကို မွေးမယ့်ရက်က ၂၀၀၀ ခုနှစ် ဒီဇင်ဘာ ၂၅။ ဇာတာအရ ဘောလုံးသမားဖြစ်ဖို့ အလားအလာနည်းတယ်။ အဲဒီမှာ အဖေက ကြံဖန်တော့တာပဲ။ 

    ကလေးကို မမွေးနဲ့အုံး လို့ အမေ့ကိုပြောတယ်

    “ရှင်ဘာတွေပြောနေတာလဲ”

    “(နှစ်ကုန်အောင်) ရက်နည်းနည်းလောက် အောင့်ထားလိုက်ပါ မိန်းမရေ”

    အဲဒီလိုနဲ့ ကျွန်တော်(၂၀၀၁ ခုနှစ်မှာ) လူ့လောကထဲကို ရောက်လာခဲ့ပါတယ်။ 

    စကားလုံးများ၏ အင်အား 

    စကားလုံးတွေမှာ အင်အားရှိတယ်လို့ အဖေက ကျွန်တော့်ကို အမြဲပြောတယ်။ ကလေးဘ၀မှာ စိတ်ကူးတွေ ယဥ်ဖူးတယ်။ စိတ်ကူးယဥ်ရတာကို ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို အမြဲပြောတာရှိတယ် 

    “ဘရာဇီးလ်အသင်းအတွက် ငါ ကစားမယ်” 

    “ရီးယဲလ်မက်ဒရစ်အသင်အတွက် ငါ ကစားမယ်”

    “ချန်ပီယံလိဂ်ဖလား ငါ ယူမယ်” 

    “ကမ္ဘာ့ဖလားမှာ ငါ ကစားမယ်”

    ကျွန်တော့်အသက် ၁၀ နှစ်ပြည့် မွေးနေ့ကို Rodrygo Real Madrid ဆိုတဲ့ အမည်နဲ့ လုပ်ခဲ့ပါတယ်။

    ပြန်ပေးဆွဲခံရတာလား

    ဆာပေါ်လိုမြို့ အိုဆက်စ်ကိုရပ်ကွက် ကျွန်တော့်အိမ်နားက လမ်းပေါ်မှာ ကျွန်တော့်ထက်ကြီးတဲ့ ကလေးတွေနဲ့ ဘောလုံးကစားဖြစ်တယ်။ သူတို့က အကယ်ဒမီထွက်တွေ။ ကျွန်နော်က တော်တော်ငယ်သေးတော့ အကယ်ဒမီကို တက်လို့မရဘူး။ 

    အသက် ၆ နှစ်အရွယ် တစ်ရက်မှာ အကယ်ဒမီနည်းပြက သူ့ကားရပ်ပြီး ကျွန်တော်တို့ကစားတာကို ကြည့်တယ်။ ပြိုင်ပွဲတစ်ခုအတွက် ကလေးတွေကို လိုက်စုနေတဲ့ အချိန် ဖြစ်လိမ့်မယ်။ 

    သူက “ရော်ဒီရီဂို။ သွားကြရအောင်” လို့ပြောတော့ ကျွန်တော် ကောင်းကောင်းကစားရမယ်ဆိုတာ သိလိုက်ပါတယ်။ 

    သူ့ကားထဲကို ကျွန်တော်၀င်ထိုင်လိုက်ပြီး ကားထွက်သွားတယ်။ ပြိုင်ပွဲအကြောင်းကို ကျွန်တော် စဥ်းစားပြီးလိုက်သွားတာ။ ၀မ်းကွဲညီအစ်ကိုနှစ်ယောက်က အနားမှာ ရှိနေတယ်။ ကျွန်တော် ကားတစ်စီးထဲ၀င်ပြီး ပျောက်သွားတော့ ပြန်ပေးဆွဲခံရပြီလို့ သူတို့ ထင်သွားတယ်။ 

    ကျွန်တော့်အိမ်ကိုသွားပြီး အမေရ “ရော်ဒရီဂိုကို ဖမ်းသွားပြီ” လို့ သွားပြောတယ်။ အားလုံးက စိတ်ပူကုန်တာပေါ့။ 

    ကျွန်တော်က နည်းပြနဲ့လိုက်သွားပြီး ဓာတ်ပုံတွေဘာတွေရိုက်၊ ပြိုင်ပွဲအတွက် စာရင်းသွင်းလိုက်တယ်။ အိမ်ပြန်ရောက်တော့ အမေက ဆူပါလေရော 

    “ဟဲ့ကောင်။ နင်ဘယ်သွားတာလဲ။ ရူးနေလား” 

    “မဟုတ်ဘူးအမေ။ ကျွန်တော် နည်းပြနဲ့ လိုက်သွားတာပါ” 

    အဲဒီလိုနဲ့ ကျွန်တော် အကယ်ဒမီ စတက်ခွင့် ရခဲ့ပါတယ် 

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၂)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၂)

    ဇူလိုင် ၂၄၊ ၂၀၂၃

    M-Media 


    ဆော်ပေါ်လိုအသင်းသို့ 

    အိုဆက်စ်ကိုအကယ်ဒမီ နည်းပြက ဆာပေါ်လိုအသင်းအတွက်လည်း နည်းပြလုပ်တယ်။ ကျွန်တော် အသက် ၈ နှစ်ရောက်တော့ ဆော်ပေါ်လိုအသင်းကို ရောက်ပြီး အသင်းသားဖြစ်လာပါတယ်။ 

    ဆော်ပေါ်လိုအသင်းဟာ အသက် ၁၅ နှစ်ရောက်မှ အသင်းသားတွေကို ပြိုင်ပွဲ၀င်ကစားခိုင်းတယ်။ ကိုရင်သီယန်နဲ့ ဆန်းတို့စ်တို့က လူငယ်ခြေတက်တွေဟာ ပေါ်လစ္စတာပြည်နယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားနေကြပြီ။ ကျွန်တော်လည်း ကစားချင်လာတယ်။ 

    ဖခင်ရဲ့ ဖွင့်ဟချက်

    ကျွန်တော့်သား အသက် ၁၅ နှစ်အထိ စောင့်ရမှာလားပေါ့။ ကျွန်တော် တွေးမိတယ်။ တစ်ရက် ဆန်းတို့စ်အသင်းနဲ့ ဖူဆယ်တစ်ပွဲ ကစားရတယ်။ တစ်သင်းလုံးကို သူ သမလိုက်တာ။ 

    ဆန်းတို့စ်နည်းပြတစ်ယောက်က ခင်ဗျားသားကို ကျွန်တော်တို့အသင်း မပို့ချင်ဘူးလား လို့ မေးလာတယ်။ 

    “သိပ်တော့အဆင်မပြေဘူးဗျ အိုဆက်စ်ကိုမှာ သူ့အမေနဲ့ သူနေတာ။ ၂ နာရီလောက် ကားနဲ့လာရမှာ” ကျွန်တော်က ပြန်ပြောလိုက်တယ်။ 

    “တစ်ချိန်လောက်ပဲ ခေါ်လာကြည့်ပါလား” လို့ နည်းပြက ပြောပါတယ်။ 

    ကျွန်တော့်သားက အသက် ၉ နှစ်၊ ပြိုင်ဘက်တွေက ၁၁ နှစ် ဒါပေမယ့် သူအားလုံးကို လိမ်ခေါက်သွားတယ်။ ခင်ဗျားသားမှာ ဆန်းတို့စ်အသင်းစတိုင် ရှိတယ်လို့ နည်းပြက ပြောလာပါတယ်။ 

    နေးမာ၊ ရော်ဘင်ဟိုနဲ့ ဂန်ဆိုတို့လို ကစားသမားတွေ ထွက်တာကြောင့် ဆန်းတို့စ်ကလည်း တော်တော်နာမည်ကြီးတာ။ 

    ရော်ဒရီဂိုကလည်း အဖေ ကျွန်တော် အဲဒီအသင်းမှာ ကစားချင်တယ်ဗျာ ဆိုပြီး တကျီကျီပဲ 

    ဆန်းတို့စ် ဇာတ်လမ်း 

    ဆန်းတို့စ်ကို ၇ နာရီအရောက်သွားရမှာဆိုတော့ အမေကပဲ အားလုံး လုပ်ပေးတယ်။ 

    မနက် ၄ နာရီဆို အမေနိုးပြီ။ အိပ်နေတဲ့ကျွန်တော့်ကို အင်္ကျီ၊ ဘောင်းဘီ၊ ခြေစွတ် အားလုံး၀တ်ပေးတယ်။ ကျောင်းအင်္ကျီကို ခေါက်ထည့်ပေးလိုက်တယ်။ ကားထဲကို ချီပြီးထည့်ပေးတယ်။ ကျွန်တော့်ခေါင်းအောက်မှာ ခေါင်းအုံးထည့်ပေးတယ်။ 

    ကျွန်တော့်ဦးလေးက ဆန်းတို့စ်ကို ကားမောင်းပို့ပေးတယ်။ လမ်းမှာ ကျွန်တော်နိုးလာပြီး မုန့်စားတတ်တယ်။ လေ့ကျင့်ရေးပြီးရင် အိုဆက်စ်ကိုပြန်ပြီး ကျောင်းတက်ရတယ်။ ပြီးရင် ဆော်ပေါ်လိုမှာ ဖူဆယ်သွားကစားတယ်။ 

    အမှန်ပြောရင် တော်တော်ကို ခက်ခဲခဲ့ပါတယ်။ 

    ပြင်းပြသူ

    ရည်မှန်းချက်တွေက ကျွန်တော့်ကို တွန်းအားပေးနေတယ်။ ကျွန်တော်စိတ်မပျက်ဘူး။ လေ့ကျင့်ရေးမသွားရရင် ကျွန်တော် စိတ်ဆိုးတယ်။ ဘောလုံးကို ထိလိုက်တာနဲ့ အခက်အခဲတွေအားလုံး လွင့်ပါးသွားပါတယ်။ 

    ဆန်းတို့စ်မှာ အရွေးခံရတဲ့ အခြားကလေးတွေလည်း ရှိတယ်။ ဒါပေမယ့် လေ့ကျင့်ရေးလာဖို့ သူတို့မှာကားမရှိဘူး၊ ပိုက်ဆံမရှိဘူး။ အသင်းမှာလည်း လာမနေနိုင်ကြပါဘူး။ 

    ကျွန်တော်ကြတော့ စားဖို့ရှိတယ်၊ စောင့်ရှောက်မယ့် မိသားစုလည်း ရှိပါတယ်။ ပြီးပြည့်စုံတာမျိုး မဟုတ်ရင်တောင် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုံလောက်ခဲ့ပါတယ်။ 

    (ဆက်ရန်—–)

  • ရေနစ်သေမလို ဖြစ်ခဲ့သည့် ရစ်ချာလီဆန်

    ရေနစ်သေမလို ဖြစ်ခဲ့သည့် ရစ်ချာလီဆန်

    ၂၀၀၆ ကမ္ဘာ့ဖလားက ရော်နယ်ဒို၊ ကာကာ၊ အက်ဒရီယာနိုနဲ့ ရော်နယ်ဒင်ဟိုတို့ရဲ့နှစ်ပါ။ အဲဒီအချိန် ကျွန်တော်က အဖိုးရဲ့ကော်ဖီခြံမှာ အလုပ်လုပ်နေတုန်း။ အလုပ်သမားတွေကို ရေခဲချောင်းရောင်းတယ်။ သူငယ်ချင်းတွေနဲ့ ဂေါ်လီရိုက်တယ်။ မြစ်ထဲမှာ ရေဆင်းကူးတယ်။ မိုးရွာရင် မြစ်က ရေစီးသန်တော့ အဲဒီအချိန်ကို ကျွန်တော်တို့သူငယ်ချင်းတွေက ကြိုက်တယ်။ ထရပ်ကားတာယာယူသွားပြီး မျှောစီးကြတယ်။

    တစ်ခေါက် ကျွန်တော့်ညီ ရေနစ်နေလို့ သွားကယ်ရသေးတယ်။ အနားလည်းရောက်ရော သူက ကျွန်တော့်ကို ရေထဲနှစ်ပြီး ရေပေါ်တက် အသက်ရှူ၊ ကျွန်တော်ကလည်း သူ့ပြန်နှစ်၊ အသက်ပြန်ရှူ လုံးထွေးပြီး နှစ်ယောက်လုံး နစ်နေကြတာ။ နောက်ဆုံး ခြေထောက်နဲ့ ကျွန်တော် ကန်လိုက်တဲ့အချိန် သူက ကျောက်တုံးတစ်ခုနားရောက်ပြီး လှမ်းကိုင်လိုက်နိုင်တယ်။ ကျွန်တော့်ဘ၀မှာ ခြေထောက်နဲ့ ကောင်းတာတစ်ခုကို ပထမဆုံး လုပ်ဖြစ်ခဲ့တာပါ။ ညင်ညင်သာသာတော့မဟုတ်ဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ပါတယ်။ 

    Ref: The Players Tribune