News @ M-Media

Category: အာရှ-ပဖိဖိတ်

  • ခရစ်ယာန်ဘုရားကျောင်းများအား ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုအတွက် အိန္ဒိယ ခရစ်ယာန်များ  ဆန္ဒပြ

    ခရစ်ယာန်ဘုရားကျောင်းများအား ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုအတွက် အိန္ဒိယ ခရစ်ယာန်များ ဆန္ဒပြ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    Demonstrators shout slogans as they hold placards during a protest outside a church in New Delhi

    – ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက် မိမိတိုလူနည်းစုများကို အစိုးရက ကာကွယ်မှုပေးရန် အိန္ဒိယရှိခရစ်ယာန်များက ဒေလီမြို့တွင် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်ဟု သိရသည်။

    ယနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုတွင် ခရစ်ယာဘာသာဝင် ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး ပါလီမန်အဆောက်အဦးအနီး တည်ရှိသော ဒေလီ၏ အကြီးဆုံး ကက်သလစ်ဘုရားကျောင်းမှ ပြည်ထဲရေ၀န်ကြီး ရာဂ်ျနသ် ဆင်း၏ နေအိမ်သို့ ချီတက်ရန် ကြိုးစားရာမှ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ လူစုဝေးမှုကို တားမြစ်ပိတ်ပင်သည့် အရေးပေါ်ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ရာပေါင်းများစွာသော ခရစ်ယာန်ပြည်သူများ ဘုရားကျောင်းထဲ ရှိနေချိန်တွင် အပြင်မှ ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်က ပိတ်ဆို့ထားခဲ့ကြသည်။

    `ကျွန်တော်တို့ မေးနေတာက “ရဲတွေဘာလုပ်နေလဲ ဆိုတာပါပဲ´´ အစိုးရက ဘာလုပ်နေလဲ´ ဟု ဂယ်ရီဟု အမည်ရသည့် ဆန္ဒပြ ခရစ်ယာန်တစ်ဦးက ပြောကြားခဲ့ပြီး ခရစ်ယာန်များအနေဖြင့် သင့်တော်သည့် လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းမှုကို လိုချင်သည်ဟု ပြောကြားခဲ့သည်။

    ဒီဇင်ဘာနောက်ပိုင်းအတွင်း ဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၅ ခုခန့်မှာ မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်းနှင့် လုယက်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ယခုတစ်ပတ် တနင်္လာနေ့က ဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှ အခမ်းအနားနှင့်ဆိုင်သည့် ပစ္စည်းများ အခိုးခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဒေလီမြို့မြောက်ဘက်ရှိ ကက်သလစ်ဘုရာကျောင်းတစ်ခုမှာ မီးရှို့ခံခဲ့ရသည်။

    ခရစ်ယာန်များက ထိုတိုက်ခိုက်မှုများကို အာဏာရ အမျိုးသားရေးပါတီ BJP မှ ဟိန္ဒူအစွန်းရောက်များက ဆောင်ရွက်ကြသည်ဟု ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့မူ သက်သေမရှိသောကြောင့် အရေးမယူနိုင်ဟု ပြောကြားခဲ့သည်။ အတိုက်အခံများကလည်း ခရစ်ယာန်ဘုရားကျောင်းများတိုက်ခိုက်ခံရမှုအတွက် BJP ကို အပြစ်တင်ခဲ့သည်။

    ဟိန္ဒူအစွန်းရောက်များမှာ ခရစ်ယာန်ဘာသာဝင်များအပြင် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းတော်များကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ အိန္ဒိယ၏ သန်းပေါင်း ၁၂၀၀ ကျော်သော လူဦးရေတွင် ခရစ်ယာန်ဘာသာဝင်ဦးရေမှာ ၅ ရာခိုင်နှုန်းခန့်ရှိသည်။

    Ref: reuters, BBC

  • Thaipusam နေ့ကို ဘာသာရေး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူများ တောင်းဆို

    Thaipusam နေ့ကို ဘာသာရေး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူများ တောင်းဆို

    ဖေဖော်ဝါရီ ၅၊ ၂၀၁၅
    M-Media

    sgp

    – ဟိန္ဒူတို့၏ ဘာသာရေးပွဲတော်ဖြစ်သည့် Thaipusam နေ့အား အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စင်ကာပူရှိ ဟိန္ဒူအမျိုးသမီးတစ်ဦးက အသနားခံစာရေး၍ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ဆန်ဂီသာ သာနာပါလ်ဆိုသူ အမျိုးသမီးက အဆိုပါအသနားခံစာကို ယမန်နေ့က ရေးသားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဆိုရှယ်စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။ စင်ကာပူ ပါလီမန်ရှိ အသနားခံစာ စီစစ်ရေးကော်မတီ ဥက္ကဌ ဟာလီမာယာကွဘ်ထံ လိပ်မူထားသည့် ထိုစာတွင် ၎င်းက စင်ကာပူ၌ တရုတ်နှစ်ကူး၊ မွတ်စလင်တို့၏ အီဒ်းနေ့များ၊ အိန္ဒိယ လူမျိုးတို့၏ ဒေပါဝါလီနှင့် ၀ီဆက်ပွဲတော် (ကဆုန်ညောင်ရေသွန်းပွဲတော်) စသည်တို့အတွက် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသော်လည်း ဟိန္ဒူတို့၏ Thaipusam ပွဲတော်အတွက် ပိတ်ရက်ကို သတ်မှတ်ထားခြင်း မရှိဟု ထောက်ပြခဲ့သည်။

    ထို့ပြင် ၀ီဆက်နေ့မှာ ဗုဒ္ဓဘာသာဝင်များ၏ ပွဲတော်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာမှာ အိန္ဒိယ၌ပေါ်ထွန်းခဲ့သော်လည်း အများစုမှာ အရှေ့အာရှ၌ရှိကြောင်း၊ စင်ကာပူတွင်လည်း ဗုဒ္ဓဘာသာဝင် အများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာဝင်မှာ မရှိသလောက်ဖြစ်သောကြောင့် ၀ီဆက်နေ့ကို အိန္ဒိယ လူမျိုးတို့၏ ပိတ်ရက်အဖြစ် အဘယ့်ကြောင့် ထည့်သွင်းထား သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

    ထို့နောက် စင်ကာပူရှိ လူမျိုး အားလုံးအား တန်းတူညီမျှဖြစ်စေရန် အတွက် Thaipusam နေ့ကို ၂၀၁၆ ခုနှစ်မှစ၍ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်သည်ဟုဆိုပြီး ထိုအသနားခံစာကိုလည်း လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ကာ လက်မှတ်ရေးထိုးထားသည့် ထိုစာအား စင်ကာပူ ပါလီမန်ရှိ ပြည့်သူ အသနားခံစာ စီစစ်ရေးကော်မတီသို့ ပို့ဆောင်သွားမည်ဟု ထည့်သွင်းရေးသားခဲ့သည်။

    Thaipusam ပွဲတော်မှာ ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် ဖော်ဖော်ဝါရီ ၃ ရက်နေ့၌ ကျရောက်ခဲ့သည်။ ဆန်ဂီသာ သာနာပါလ်၏ ထိုအသနားခံစာ လွှင့်တင်ပြီး ၂၁ နာရီအကြာတွင်ပင် ထောက်ခံသူဦးရေမှာ ၇ ထောင်ကျော်ရှိခဲ့သည်။

    Ref :change.org

  • အမေရိကန်က ကျူးကျော်လာပါက နျူကလီးယားဖြင့် တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    အမေရိကန်က ကျူးကျော်လာပါက နျူကလီးယားဖြင့် တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    NKOREA-MILITARY-KIM

    – ရပ်ဆိုင်းထားသည်မှာ ကြာမြင့်နေသည့် ၆ နိုင်ငံဆွေးနွေးပွဲကို မိမိတို့က ပြန်လည်ပြုလုပ်မည်မဟုတ်ဟု မြောက်ကိုရီးယားက ယနေ့တွင် ကြေညာလိုက်ပြီး အမေရိကန်၏ ကျူးကျော်လာပါက နျူကလီးယားဖြင့် တိုက်ခိုက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုတို့ဖြင့် တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်လိုက်သည်။

    မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင် NDC က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး အမေရိကန်နယ်ချဲ့များအနေဖြင့် နောက်ဆုံးပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မည်ဟုလည်း ဆိုသည်။

    ထိုကြေညာချက်က ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ၆ နိုင်ငံဆွေးနွေးပွဲကို ပြန်လည်စတင်ရန် အမေရိကန်နှင့် မြောက်ကိုရီးယားတို့က ဆောင်ရွက်နေသည်ဆိုသည့် သတင်းများကို ငြင်းပယ်လိုက်သကဲ့သို့လည်း ဖြစ်ခဲ့သည်။

    NDC ၏ အဆိုပါကြေညာချက်တွင် အိုဘားမားအစိုးရအား ဂုဏ်အသရေညံ့ဖျင်းသည့်အစိုးရဟု အမည်တပ်ခဲ့ပြီး
    အိုဘားမား၏ပြောကြားမှုများမှာ မိမိတို့နိုင်ငံကျဆုံးမှုကို ဖြစ်ပေါ်စေရန် ခြိမ်းခြောက်မှုဟု ဆိုသည်။

    `ဂိုဏ်းစတားနဲ့တူတဲ့ အမေရိကန်နယ်ချဲ့တွေက မြောက်ကိုရီယားကို ကျဆုံးစေမယ်လို့ကျွေးကျော်နေကြပြီး၊ မြောက်ကိုရီးယားပြည်သူနဲ့ စစ်တပ်က ဒါမျိုးကို လက်ခံနိုင်မှာ မဟုတ်သသလို အမေရိကန်နဲ့ နောက်ထပ် ဘယ်တော့မှ စားပွဲဝိုင်းထိုင်ပြီးဆွေးနွေးဖို့ ဆန္ဒမရှိဘူးဆိုတာ၊ ဒါမျိုးဆွေးနွေးဖို့ မလိုအပ်ဘူးဆိုတာ အိုဘားမားအစိုးရကို တရားဝင် အသိပေးလိုပါတယ်´ ဟု ထိုကြေညာချက်တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် အမေရိကန်က ကျူးကျော်လာပါက သမရိုးကျတိုက်ခိုက်မှု၊ နျူကလီးယားတိုက်ခိုက်မှု သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် တုံ့ပြန်သွားမည်ဟု NDC က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: channelnewsasia

  • ထိုင်ဝမ်လေယာဉ်တစ်စီး မြစ်ထဲသို့ ပျက်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

    ထိုင်ဝမ်လေယာဉ်တစ်စီး မြစ်ထဲသို့ ပျက်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    tw 2

    – ခရီးသည်နှင့် လေယာဉ်အမှူထမ်းစုစုပေါင်း ၅၈ ဦးတင်ဆောင်သွားခဲ့သည့် ထိုင်ဝမ်လေကြောင်းလိုင်း TransAsia မှ လေယာဉ်တစ်စင်းမှာ ထိုင်ပေမြို့အနီး ကီးလန် မြစ်ထဲသို့ ယနေ့နံနက်ပိုင်းက ပျက်ကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ထိုင်ဝမ် ပြည်တွင်းခရီးစဉ်ကို ပျံသန်းသည့် လေယာဉ်အမှတ် ATR 72-600 ဖြစ်ပြီး မြစ်ထဲသို့မကျခင် ဂုံးကျော်တံတားတစ်ခုနှင့် တိုက်မိခဲ့ကာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၆ မိနစ်တွင် မြစ်ထဲသို့ ဆင်းခဲ့ခြင်းဖြစ်သည်။

    ကယ်ဆယ်ရေးအဖွဲ့များက အနည်းဆုံး လူ ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံအရောက်တွင် ၂ ဦး သေဆုံးခဲ့ကာ လေယာဉ်အတွင်း ပိတ်မိနေသူများမှာ ၃၀ ခန့်ရှိနေသည်ဟု ထိုင်ဝမ် အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ CAA မှ ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်ရှိ ခရီးသည်များမှ ၃၁ ဦးမှာ တရုတ်ပြည်မကြီးမှ ခရီးသွားများ ဖြစ်ကြသည်။

    ပျက်ကျသွားသည့် အဆိုပါလေယာဉ်ကို မနှစ်ကမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း TransAsia မှ လေယာဉ်တစ်စီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဆင်းသက်ရန် ကြိုးစားစဉ် ပန်ဂူးကျွန်း၌ ပျက်ကျခဲ့ပြီး လူ ၄၈ ဦး သေဆုံးခဲ့ကာ နေအိမ်များ ကားဂိုထောင်များလည်း ပျက်ဆီးခဲ့သည်။

    Ref:channelnewsasia

  • တောင်ကိုရီးယားတွင် စစ်သားတစ်ဦးအား သေဒဏ်ချမှတ်

    တောင်ကိုရီးယားတွင် စစ်သားတစ်ဦးအား သေဒဏ်ချမှတ်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    skr 2

    – မြောက်ကိုရီးယားနယ်စပ်တွင် ပြီးခဲ့သည့်နှစ်က စစ်သားငါးဦး သေဆုံးခဲ့သော ပစ်ခတ်မှုကို ကျူးလွန်ခဲ့သည့် လူငယ်စစ်သား တစ်ဦးကို တောင်ကိုရီးယား စစ်ခုံရုံးက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၂၂ နှစ်အရွယ်ရှိပြီး လင်မ်ဟု အမည်ရသည့် အဆိုပါစစ်သားမှာ ကြိုတင်ကြံရွယ်ထားသော ရက်စက်သည့်အမှုကို လွန်ခဲ့သည်ဟု နိုင်ငံအရှေ့ပိုင်း ၀ွန်ဂျူးစစ်ခုံရုံးက သတ်မှတ်ခဲ့ပြီး ထိုသတ်ဖြတ်မှုအတွက်လည်း ရှုတ်ချခဲ့သည်ဟု Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

    နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ၁၉၉၇ နှစ်မှစ၍ သေဒဏ်စီရင်ခြင်း မပြုခဲ့ဘဲ ထိုပြစ်ဒဏ်အတွက် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့သည်။ တောင်ကိုရီးယားတွင် သေဒဏ်ချမှတ်ခံရသောသူများအတွက် အလိုအလျောက် အယူခံဝင်ခွင့်ရသည့် စနစ်ရှိသောကြောင့် လင်မ်မှာ အယူခံလျှောက်ထားခွင့်ရမည်ဖြစ်သည်။

    ပြစ်ဒဏ်ချမှတ်မှုအကြိုအဖြစ် ဇန်န၀ါရီ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် လင်မ်က မိမိအနေဖြင့် ထိုပြစ်မှုကို ကျူးလွန်ခဲ့ခြင်းအတွက် အလွန်အမင်းနောင်တရမိသည်ဟု ဖော်ပြထားသည်။

    `သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေအတွက် ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒီနောင်တတွေကိုကျော်ပြီး မပျော်ရွှင်နိုင်တော့ပါဘူး။ အိမ်မက်လို့သတ်မှတ်ပြီး အတိတ်ကို ပြန်သွားလို့လည်း မဖြစ်နိုင်တော့ပါဘူး´ ဟု လင်မ်က ဆိုသည်။

    ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက လင်မ်မှာ မြောက်ကိုရီးအနီးရှိ စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေစဉ် တို့တပ်ဖွဲ့ဝင်များအတွင်းသို့ ဗုံးတစ်လုံးပစ်ထည့်ကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ လင်မ်ကမူ စစ်သားများက မိမိကို လှောင်ပြောင် အရှက်ရအောင် လုပ်ခြင်းအတွက် ထိုကဲ့သို့ လက်စာချေခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    တောင်ကိုရီးယားစစ်တပ်တွင် စစ်သားအချင်းအချင်း အနိုင်ကျင့်မှုများကြောင့် အချင်းချင်း လက်နက်ဖြင့်တုံ့ပြန်သည့် ဖြစ်စဉ်များမှာ ယခင်ကလည်း ဖြစ်ပွားလေ့ရှိခဲ့သည်။

    Ref: channelnewsasia