News @ M-Media

Category: အာရှ-ပဖိဖိတ်

  • တရုတ်နိုင်ငံရှိ မြို့အများအပြား လေထုညစ်ညမ်းနေ

    တရုတ်နိုင်ငံရှိ မြို့အများအပြား လေထုညစ်ညမ်းနေ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၅
    M-Media

    cha

    – လေထုအရည်အသွေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်အတွင်း စောင့်ကြည့်ခဲ့သည့် တရုတ်နိုင်ငံ၏ မြို့ကြီး ၇၄ မြို့တွင် ၈ မြို့သာ နိုင်ငံ၏ လေထုအရည်အသွေးစံနှုန်းအတိုင်း ရှိနေသည်ဟု ယမန်နေ့က အစိုးရမှ တရားဝင် ထုတ်ပြန်ခဲ့သည့် စာရင်းတွင် ဖော်ပြထားသည်။

    လေထုအရည်အသွေးပြည့်မီသည့် မြို့ ၈ မြို့အနက် ၆ မြို့မှာ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းဒေသတွင် ရှိကြသည့် ဇူရှန်၊ ရှန်ဇန်း၊ ဇူဟိုင်း၊ ဟွေဇူနှင့် ဖူဇူမြို့များဖြစ်ပြီး အခြားမြို့ ၂ မြို့မှာ လာဆာနှင့် ကူမင်းမြို့တို့ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ မှတ်တမ်းများက ဆိုသည်။

    ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လေထုအရည်အသွေး သတ်မှတ်ချက်အသစ်ကို တရုတ်နိုင်ငံက သတ်မှတ်ခဲ့ပြီး မြို့ပေါင်း ၇၄ မြို့ကို ရှေ့ပြေးအဖြစ် စောင့်ကြည့်ခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ၇၄ မြို့တွင် ၃ မြို့သာ လေထုအရည်အသွေး စံချိန်မီခဲ့သည်။

    အဆိုပါမြို့ ၇၄ မြို့တွင် မြူဆိုင်းမှုအများဆုံးနေ့မှာ ၂၀၁၃ ခုနှစ်တွင် ၃၂ ရက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ၁၁ ရက်သာ ရှိတော့သော်လည်း ၀န်ကြီးဌာကနကမူ ဆိုးရွာသော လေထုညစ်ညမ်းခြင်း၏ ယေဘုယျအခြေအနေမှာ အနည်းငယ်သာပြောင်းလဲသည်ဟု ဆိုသည်။

    အဓိကအားဖြင့် ဘေဂျင်းနှင့် တီယန်ဂျင်းမြို့ရှိ မြို့ပြဧရိယာများမှာ လေထုအညစ်ညမ်းဆုံး နေရာများဖြစ်ပြီး၊ ထိုဒေသတစ်ဝိုက် မြို့ ၁၃ မြို့အနက် ၈ မြို့မှာ လေထုအညစ်ညမ်းဆုံး ၁၀ မြို့တွင် ပါဝင်သည်။

    Ref: xinhua

  • ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘန်ကောက်တွင် လုံခြုံရေးတိုးမြှင့်

    ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘန်ကောက်တွင် လုံခြုံရေးတိုးမြှင့်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media

    thai

    – ယမန်နေ့ညနေပိုင်းက ရှော့ပင်းမောတစ်ခုတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ဘန်ကောက်မြို့လုံခြုံရေးကို တင်းကျပ်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ် မေလ အာဏာသိမ်းပြီးကတည်းက မာရှယ်လောထုတ်ထားသော ဘန်ကောက်မြို့ မြို့လယ်ကောင်ရှိ Paragon ရှော့ပင်းမောလ်၏ လျှောက်လမ်းတွင် ပေါက်ကွဲသည့် အဆိုပါဗုံးကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ချေ။ ထိုဖောက်ခွဲမှုအတွက် မည်သည့်အဖွဲ့မှ တာဝန်ယူခြင်း မရှိသေးဘဲ ၀န်ကြီးချုပ်ကမူ ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမည်ဟု ဆိုသည်။

    `ဒီကိစ္စဟာ ပြည်သူတွေရဲ့ ပျော်ရွှင်ကျန်းမာစွာ အသက်ရှင်နေထိုင်မှုကို ထိပါးနေတာကြောင့် လုံခြုံရေးကိုတင်းကျပ်ဖို့ ကျွန်တော် အမိန့်ပေးခဲ့ပါတယ်။ ဒီပြဿနာဟာ မာရှယ်လော ဆက်ပြီး လိုအပ်နေတယ်ဆိုတာ ပြတာပါပဲ။ ငြိမ်းချမ်းရေးကို နှောက်ယှက်တဲ့သူတွေ ရှိနေတုန်းပါပဲ။ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာပါ´ ဟု ချန်အိုချာက ယနေ့တွင် ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုဗုံးများမှာ ရေပိုက်ဖြင့်ပြုလုပ်ထားသည့် အားနည်းသောဗုံးများဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိရန် မရည်ရွယ်ဘဲ အနှောက်အယှက်ဖြစ်ရန်သာ ရည်ရွယ်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

    CCTV ကင်မရာအရ ဗုံးပေါက်ကွဲသည့် နေရာအနီးတွင် သံသယရှိသူ ၂ ဦးကို တွေ့ရှိခဲ့ရသော်လည်း ရှင်းလင်းမှုမရှိသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရဟု တာဝန်ရှိသူများက ဆိုသည်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရေးအခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာအား ပါလီမန်က နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခဲ့ပြီး ချစားမှုနှင့် ပတ်သက်၍ တရားစွဲဆိုမည်ဟု ပြောဆိုခဲ့ပြီးနောက် နိုင်ငံရေးအခြေအနေမှာ ပို၍ တင်းမာလာသည်။

    Ref: aljazeera

  • သီရိလင်္ကာတွင် တမီလ်လူမျိုးတစ်ဦး တရားရေးအကြီးအကဲဖြစ်လာ

    သီရိလင်္ကာတွင် တမီလ်လူမျိုးတစ်ဦး တရားရေးအကြီးအကဲဖြစ်လာ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    sri

    – ယခုလစောပိုင်းတွင် အာဏာရရှိခဲ့သည့် သီရိလင်္ကာသမ္မတသစ် မိုင်သရီပါလာ ဆရီစီနာက နိုင်ငံ၏ တရားရေးအကြီးအကဲအဖြစ် လူနည်းစုတမီလ်လူမျိုးထဲမှ တရားသူကြီတစ်ဦးကို ခန့်အပ်ခဲ့သည်ဟု သိရသည်။

    တရားရေးအကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံရသူမှာ အသက် ၆၂ နှစ်အရွယ် တမီလ်လူမျိုး ကာနာဂါဆာဘာပက်သီ ဆရီပါဝမ်ဖြစ်ပြီး ယမန်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဆရီပါဝမ်မှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း နိုင်ငံ၏ ထိုကဲ့သို့ အမြင့်ဆုံးရာထူး၌ တာဝန်ထမ်းဆောင်သည့် ပထမဆုံး တမီလ်လူမျိုးလည်း ဖြစ်လာမည်ဖြစ်သည်။

    `တရားရေးအကြီးအကဲ ဆရီပါဝမ်ဟာ သမ္မတ ဆရီစီနာရဲ့ အရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးပါပြီ´ ဟု သမ္မတရုံးအတွင်းဝန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    တရားရေးအကြီးအကဲအဖြစ် တမီလ်လူမျိုးအား ခန့်အပ်ခဲ့ခြင်းမှာ ၃၇ နှစ်ကြာ စစ်ပွဲပြီးနောက် နိုင်ငံ၏ အကြီးဆုံး လူနည်းစုဖြစ်သည့် တမီလ်လူမျိုးများနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်ရန် သီရိလင်္ကာခေါင်းဆောင်ပိုင်း၏ ကြိုးပမ်းမှုလည်းဖြစ်သည်။

    တရားရေးဌာန အကြီးအကဲဟောင်းမှာ ဘန်ဒရာနာယက်ဖြစ်ပြီး ၎င်းအား ချစားမှုစွဲချက်ဖြင့် ယခင်သမ္မတဟောင်း ရာဂျာပက်ဆာက ရာထူးမှ ထုတ်ပယ်ထားခြင်းဖြစ်သည်။ သူမမှာ သမ္မတသစ်လက်ထက်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က တရားဝင်ရာထူး ရယူခဲ့သော်လည်း တစ်ရက်သာခံခဲ့ပြီး ကြာသာပတေးနေ့တွင် ရာထူးမှ ဆင်းပေးခဲ့ရသည်။

    လူများစု ဆင်ဟာလီများကြီးစိုးသည့် ဆရီစီနာ အစိုးရမှာ နိုင်ငံအတွင်းရှိ တမီလ်လူနည်းစုများနှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဟု ကတိပြုထားသည်။ တမီလ်လူမျိုးများမှာ ၁၉၇၂ ခုနှစ်မှစ၍ လက်နက်ကိုင်ကာ ခွဲထွက်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရတပ်များက အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်။ ၃၇ နှစ်တာကြာမြင့်ခဲ့သည့် ထိုကာလအတွင်း အနည်းဆုံး လူပေါင်း ၁ သိန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။

    သီရိလင်္ကာ တရားရေးအကြီးအကဲအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ တမီလ်လူမျိုးမှာ ဟာရ်ဘတ် သမ်ဘီယာဖြစ်ပြီး ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

    Ref: aljazeera

  • သွေးလွန်တုပ်ကွေး ရှိ၊ မရှိ မိနစ် ၂၀ အတွင်း ကိုယ်တိုင်စမ်းသပ်နိုင်တော့မည်

    သွေးလွန်တုပ်ကွေး ရှိ၊ မရှိ မိနစ် ၂၀ အတွင်း ကိုယ်တိုင်စမ်းသပ်နိုင်တော့မည်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    dengu

    – စက္ကူအရောင်ပြောင်းသည့် နည်းစနစ်ကို အခြေခံထားပြီး မိနစ် ၂၀ အတွင်း သွေးလွန်တုပ်ကွေး ရှိ၊ မရှိ စမ်းသပ်နိုင်မည့် အိတ်ဆောင် ကိရိယာတစ်ခုကို တီထွင်လိုက်ပြီဟု စင်ကာပူ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ ASTAR က ပြောကြားလိုက်သည်။

    စင်ကာပူ ဇီဝအင်ဂျင်နီယာနှင့် နာနိုနည်းပညာအသင်း IBN မှ ထုတ်လုပ်သည့် အဆိုပါကိရိယာတွင် လူ၏ တံတွေးနမူနာကိုယူ၍ သွေးလွန်တုပ်ကွေးဖြစ်ပွားနေသူတွင် တွေ့ရသော ပဋိပစ္စည်းများကို စမ်းသပ်နိုင်မည်ဖြစ်သည်။ ထိုကိရိယာမှာ ယခုလက်ရှိအသုံးပြုနေသော သွေးဖောက်၍ ဓာတ်ခွဲခန်းသို့ပို့ကာ စမ်းသပ်မှုထက် ပို၍ လျင်မြန်မည်ဖြစ်ကာ နာကျင်မှုလည်း ရှိမည်မဟုတ်ချေ။

    ထိုကိရိယာမှာ သွေးလွန်တုပ်ကွေး၏ ဒုတိယအဆင့်တွင်ပင် ရောဂါ၏ ပဋိဇီဝပစ္စည်းများကို စမ်းသပ်တွေ့ရှိနိုင်မည်ဖြစ်သည်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်၍ ဒုတိယအဆင့်သို့ရောက်နေသော လူနာများမှာ အဖျားကြီးကာ သွေးအန်ခြင်း သို့မဟုတ် ဆိုးရွားသည့် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို ပြသနိုင်သည်အထိ အန္တရာယ်ရှိနေသည်။

    သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပြီးနောက် ရောဂါလက္ခဏာများ မပြသခင် ရောဂါပိုးပေါက်ဖွားသည့်ကာလမှာ များသောအားဖြင့် ၄ ရက်မှ ၁၀ ရက်အတွင်း ရှိသောကြောင့် စောစောစီးစီး စမ်းသပ်နိုင်ခြင်းမှာ အရေးကြီးသည့် ကိစ္စတစ်ခုလည်းဖြစ်သည်။

    အရောင်ပြောင်းသည့်စက္ကူကို အခြေခံသော စမ်းသပ်မှုကိရိယာများမှာ များသောအားဖြင့် တံတွေးပမာဏ အမြောက်အများကို ကိုင်တွယ်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်သော်လည်း IBN မှ ယခုတီထွင်လိုက်သည့် ကိရိယာမှာ ကြီးမားသည့် တံတွေးပမာဏကိုလည်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။

    သုတေသနပညာရှင်များကမူ အဆိုပါ သွေးလွန်တုပ်ကွေးစပ်းသပ်သည့် ကိရိယာကို ကိုယ်ဝန် ရှိ၊ မရှိ စမ်းသပ်နိုင်သည့် ကိရိယာကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားပြီး ထိုကိရိယာအား အခြားသော ရောဂါများကို စမ်းသပ်နိုင်သည့် ကိရိယာအဖြစ် ပြောင်းလဲရန် ကြိုးစားနေကြသည်။

    Ref:channelnewsasia

  • မလေးရှားလေကြောင်းမှ MH 370 လေယာဉ် ပျောက်ဆုံးခြင်း မတော်တဆမှုအဖြစ် သတ်မှတ်

    မလေးရှားလေကြောင်းမှ MH 370 လေယာဉ် ပျောက်ဆုံးခြင်း မတော်တဆမှုအဖြစ် သတ်မှတ်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media

    aa

    – ၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်မှာ မတော်တဆမှုဖြစ်ပြီး လေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၃၉ ဦးစလုံး သေဆုံးသွားပြီဟု မှတ်ယူခဲ့ကြောင်း မလေးရှားအရပ်ဘက်လေကြောင်းဌာန၏ ယနေ့တွင်ပြုလုပ်သော တရားဝင်ထုတ်ပြန်မှုတွင် ပြောကြားလိုက်သည်။

    ရက်ပေါင်း ၃၀၀ ကျော်ကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါလေယာဉ်၏ အစအနပင် မတွေ့ရသေးဘဲ စုဆောင်းရရှိသော အချက်အလက်များအရ ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား ပျောက်ဆုံးသွားသည့် အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် အဆုံးသတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

    `ယုံကြည်ရတဲ့ အဖြစ်အပျက်တွေကို အားပြုပြီး ကျွန်တော်တို့ ကြိုးစားရှာဖွေခဲ့ပါတယ်။ ရရှိတဲ့အချက်အလက် အားလုံးကိုလည်း ကျွန်တော်တို့ အပြန်အလှန်ဆန်းစစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃၂၇ လုံးလုံး ကျွန်တော်တို့ ဒီလိုကြိုးစားခဲ့ကြပေမယ့်လည်း ရှာဖွေမှုက ပျောက်ဆုံးနေတဲ့ လေယာဉ်ပျံရဲ့ တည်နေရာကို ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး´ ဟု မလေးရှားအရပ်ဘက်လေကြောင်းဌာန အကြီးအကဲ အဇာရွတ်ဒင် အဘ်ဒူလ် ရဟ်မာန်က ယနေ့တွင်ပြုလုပ်သည့် ရုပ်သံကြားမှတစ်ဆင့် ကြေညာမှုတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မလေးရှားအစိုးရအနေဖြင့် ရှာဖွေမှုကို ဦးစားပေးနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်၊
    သြစတေးလျအစိုးရတို့နှင့် ပူးပေါင်းကာ ဆိုးရွာသော အဆိုပါဖြစ်ရပ်အား ဖော်ထုတ်နိုင်ရန်အတွက် သင့်လျော်သည့် အားထုတ်မှုများကိုလည်း ကြိုးစားလုပ်ဆောင်သွားမည်ဟု ၎င်းက တပ်လောင်းပြောကြားခဲ့သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများအားလုံးအတွက် နစ်နာကြေးပေးခြင်းလုပ်ငန်းများကိုလည်း မလေးရှားအစိုးရက လုပ်ဆောင်သွားမည်ဖြစ်ပြီး MH 370 ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အစီအရင်ခံစာအပြည့်အစုံကို လေယာဉ်ပျောက်ဆုံးမှု တစ်နှစ်မပြည့်မီ တစ်ရက်အလို မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

    လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ မိသားစုဝင်များကမူ ထိုထုတ်ပြန်မှုကို ကျေနပ်မှုမရှိဟု သိရသည်။

    Ref: channelnewsasia