News @ M-Media

Category: အာရှ-ပဖိဖိတ်

  • ဟောင်ကောင် အုပ်ချုပ်ရေးမှူး  ယနေ့ည နောက်ဆုံးထား၍  ရာထူးမှ ဆင်းပေးရန် ဆန္ဒပြသူများ ရာဇသံပေး

    ဟောင်ကောင် အုပ်ချုပ်ရေးမှူး ယနေ့ည နောက်ဆုံးထား၍ ရာထူးမှ ဆင်းပေးရန် ဆန္ဒပြသူများ ရာဇသံပေး

    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media

    Hong Kong protesters

    – ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြသူများက ဟောင်ကောင်  အုပ်ချုပ်ရေးမှူးအား ယနေ့ည ၁၂ နာရီ နောက်ဆုံးထား၍ ရာထူးမှနှုတ်ထွက်ပေးရန် ရာဇသံပေးလိုက်ပြီဟု သိရသည်။

    ဟောင်ကောင်ရှိ အဓိကကျသည့် လမ်းများကို ပိတ်ဆို့၍ ဆန္ဒပြမှု လေးရက်မြောက်လာခဲ့ပြီးနောက် ဆန္ဒပြသူများမှာ ယခုကဲ့သို့ ရာဇသံပေးလိုက်ခြင်းဖြစ်ပြီး မလိုက်နာပါက အစိုးရအဆောက်အဦးများကို သိမ်းပိုက်ခြင်းအပါအ၀င် ဆန့်ကျင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း သတိပေးခဲ့သည်။

    ယနေ့နံနက်တွင် ဆန္ဒပြသူများမှာ ဟောင်ကောင်ရှိ အဓိကလမ်းမများတွင် ဆက်လက် စခန်းချထားဆဲဖြစ်ပြီး၊ ဆန္ဒပြသူချို့မှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung ၏ ရုံးခန်းဘေး အဆောက်အဦးကို စတင်သိမ်းပိုက်နေကြသည်။

    Leung အနေဖြင့် ဆန္ဒပြသူများကို သီတင်းပတ်အနည်းငယ်အထိ ဆက်လက်ခွင့်ပြုထားဖွယ် ရှိနေသည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးအသိုင်းအ၀ိုင်း၏ ပြောကြားမှုကို Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်အစိုးရကလည်း Leung အား အပြည့်အ၀ ထောက်ခံပေးထားပြီး ဆန္ဒပြမှုအား ကိုင်တွယ်ပုံကိုလည်း ကျေနပ်နေသည်ဟု ဆိုသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကမူ မိမိတို့၏ ပြည်တွင်ရေးအား ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် အမေရိကန်နှင့် နိုင်ငံခြားတိုင်းပြည်များအား သတိပေးထားသည်။

    ref_ Al Jazeera and agencies

  • အာဏာသိမ်းမှု ထပ်မလုပ်ဟု ထိုင်းစစ်တပ် အကြီးအကဲသစ်ဆို

    အာဏာသိမ်းမှု ထပ်မလုပ်ဟု ထိုင်းစစ်တပ် အကြီးအကဲသစ်ဆို

    အောက်တိုဘာ ၁ ၊ ၂၀၁၄
    M-Media
    30244492-01_big
    – ထိုင်းစစ်တပ်အကြီးအကဲသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည့် ဗိုလ်ချုပ် ယူဒွမ်ဒက်ဂ်ျ စီတာဘူတ်ရ်က ၎င်းအနေဖြင့် ထပ်မံ၍ အာဏာသိမ်းမှုကို ပြုလုပ်သွားမည် မဟုတ်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က ထိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် ရာထူးခန့်အပ်ပွဲ အခမ်အနား၌ စီတာဘူတ်ရ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်ကိုယ်စား တော်ဝင် အသိုင်းအ၀ိုင်းနှင့် အစိုးရအား ကာကွယ်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

    “ထိုင်းစစ်တပ်ဟာ အစိုးရနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီတို့နဲ့အတူ ရပ်တည်သွားမှာ ဖြစ်တာကြောင့် နောက်ထပ် အာဏာသိမ်းတာမျိုးတွေ မဖြစ်တော့ဘူးလို့ ကျွန်တော် အတည်ပြု ပြောဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

    အာဏာသိမ်း ထိုင်းစစ်တပ်အကြီးအကဲ ပရာယွတ် ချန်အိုချာမှာ ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာပြီးနောက် လစ်လပ်နေသည့် ထိုင်းစစ်တပ်အကြီးအကဲနေရာအတွက် စီတာဘူတ်ရ်အား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

    စစ်တပ်အကြီး စီတာဘူတ်ရ်မှာ နိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ရှောင်ရှားရန်အတွက် မိမိမှာ မတူညီသော နိုင်ငံရေးအုပ်စုများနှင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုင်းတောင်ပိုင်းရှိ လက်နက်ကိုင်များနှင့်လည်း ငြိမ်းချမ်းရေးရအောင် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပရာယွတ်မှာ ပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ၏ ပြဿနာများအား ဖြေရှင်းရန်အတွက် သဘောတရားတစ်ခုကို တည်ဆောက်ပေးခဲ့သည့် ပရော်ဖက်ရှင်နယ် စစ်သားတစ်ယောက်ဖြစ်သည်ဟု စီတာဘူတ်ရ်က ချီးကျူးခဲ့သည်။

    ဆင်ဟွာ

  • အာဖဂန် သမ္မတသစ် အဖြစ် အရှ်ရက်ဖ်ဂနီ ကျမ်းကျိန်

    အာဖဂန် သမ္မတသစ် အဖြစ် အရှ်ရက်ဖ်ဂနီ ကျမ်းကျိန်

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Ashraf-Ghani_3054762b
    – ရွေးကောက်ပွဲနှင့် ပတ်သက်၍ လပေါင်း များစွာကြာ ငြင်းခုံမှုများဖြစ်ပွားခဲ့သည့် အာဖဂန်နစ္စတန်၏ သမ္မတသစ် အဖြစ် အရှ်ရက်ဖ် ဂနီက ယမန်နေ့တွင် ကျမ်းကျိန်ခဲ့သည်ဟု သိရသည်။

    ၂၀၀၁ ခုနှစ် တာလီဘန် အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ  အာဏာ လွှဲအပ်မှုဖြစ်သည့် သမ္မတ ကျမ်းကျိန်ပွဲကို ယမန်နေ့က မြို့တော် ကဘူးလ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ ခင်ဗျားတို့အားလုံးထက် ပိုကောင်းတဲ့သူ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်လုပ်တာမှန်ရင် ခင်ဗျားတို့ အားပေးကူညီကြပါ။ မှားနေတယ်ဆိုရင်တော့ ကျွန်တော့်ကို အမှန်ပြင်ပေးကြပါ” ဟု ဂနီက ကျမ်းကျိန်ပြီးနောက် ပြောကြားခဲ့သည်။

    ဂနီနှင့်ပြိုင်ဘက် အဗ္ဗဒူလ်လာကလည်း ၀န်ကြီးချုပ် အဆင့်နှင့်ညီသည့် အစိုးရ အမှုဆောင် အရာရှိအဖြစ် ကျန်းကျိန်ခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ရွေးကောက်ပွဲ ရလဒ်အတွက် အခြေအတင်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကမှ ညီညွတ်ရေး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

    ယခုဖွဲ့စည်းမည့် အာဖဂန် အစိုးရသစ်တွင် သမ္မတနှင့် အမှုဆောင် အရာရှိချုပ်တို့က တိုင်းပြည်အား ပူးတွဲအုပ်ချုပ်သွားမည်ဖြစ်သည်။ အာဖဂန် သမိုင်းပညာရှင် ဟီလီနာ မာလစ်ယာ ကမူ သမ္မသစ် ဂနီကျမ်းကျိန်ခဲ့သည့်နေ့မှာ အာဖဂန်ပြည်သူအများစုအတွက် ခါးသီဖွယ်ရာများကြားမှ ချိမြိန်စရာကောင်းသောနေ့ဖြစ်သည် ဟု ပြောကြားခဲ့သည်။

    ref_ Al Jazeera and agencies

  • ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြမှု အရှိန်မြင့်လာ

    ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြမှု အရှိန်မြင့်လာ

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    Protests grow in Hong Kong amid standoff
    – ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြမှုများမှာ ပိုမိုပြင်းထန်လာပြီး ယနေ့နံနက်အစောပိုင်းတွင် အဓိကရုဏ်နှိမ်နင်းရေး ရဲတပ်ဖွဲ့များက မျက်ရည်ဗုံး များစွာသုံးကာ လူစုခွဲမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

    ဆန္ဒပြသူ ထောင်ပေါင်းများစွာတို့မှာ ဟောင်ကောင်၏ အဓိကအစိုးရ အဆောက်အဦးအား ၀န်းရံထားပြီး၊ ဟောင်ကောင်၏ စီးပွားရေးအချက်အချာကျသည့် ဒေသသို့ သွားရောက်သည့် လမ်းများကိုလည်း ပိတ်ဆို့ထားသည်။

    အစောပိုင်းက ငရုတ်ကောင်း စပရေးများနှင့် တုံ့ပြန်ခဲ့သည့် အဓိကရုဏ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များမှာ ယနေ့နံနက်တွင် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြပြီး၊ ရဲများနှင့် ဆန္ဒပြသူများအကြား လုံးထွေးသတ်ပုတ်မှုများလည်း ဖြစ်ပွားခဲ့သည်။

    ထို့ပြင် ဆန္ဒပြသူများမှာ ဟောင်ကောင်ရှိ လမ်းများအား ပိတ်ဆို့ကာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး  Leung Chun-ying ဆင်းပေးရေး တောင်းဆိုမှုများ ကိုလည်း ပြုလုပ်ခဲ့သည်။ ဟောင်ကောင်ကျောင်းသားအဖွဲ့ချုပ်နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကမူ ရဲတပ်ဖွဲ့ဝင်များမှာ ရာဘာကြည်များ အသုံးပြု ပစ်ခတ်လာနိုင်သည်ဟု ဆန္ဒပြသူများအား သတိပေးခဲ့သည်။

    ထိုကဲ့သို့ ဆန္ဒပြမှုများကြောင့် ဟောင်ကောင်ရှိ ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီ အများစုမှာ ၎င်းတို့၏ ၀န်ထမ်းများအား မိမိတို့၏နေအိမ် သို့မဟုတ် အရံရုံခန်းများမှ အလုပ်လုပ်ကြရန် ညွှန်ကြားထားပြီး၊ Standard Chartered ဘဏ်နှင့် Bank of China ဘဏ်တို့ကလည်း ၎င်းတို့၏ လုပ်ငန်းအချို့ကို ရပ်ဆိုင်းထားသည်။

    Al Jazeera and agencie

  • ရေနစ်သူ ဟိန္ဒူ  မိန်းကလေးကို ကယ်တင်ရင်း မွတ်စ်လင်မ် လူငယ်နှစ်ဦး သေဆုံး

    ရေနစ်သူ ဟိန္ဒူ မိန်းကလေးကို ကယ်တင်ရင်း မွတ်စ်လင်မ် လူငယ်နှစ်ဦး သေဆုံး

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    two-muslim-boys-died-saving-a-hindu-girl-from-drowning
    ပြီးခဲ့သည့် တနင်္လာနေ့က လူမျိုးရေးဆိုင်ရာ အကဲဆတ်လွန်းသော ဤမြို့၌ လူ့အဖွဲ့အစည်းဝင်အားလုံး တူညီစွာ ၀မ်းနည်းပူဆွေးမှုတစ်ရပ် ဖြစ်ခဲ့သည်။ ၎င်းမှာ ရေနစ်နေသော ဟိန္ဒူမိန်းမငယ်တစ်ဦးကို ကယ်တင်ရန်ကြိုးစားရာမှ မွတ်စ်လင်မ်လူငယ်နှစ်ဦး အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းဈာပနသို့ လူ့အဖွဲ့အစည်းဝင်အသီးသီးက တက်ရောက်ခဲ့ကြသည်။

    ဆူမန်း အမည်ရှိ မိန်းကလေးသည် ဟင်းလင်းပွင့်နေသော မြောင်းကြီးအတွင်းသို့ မတော်တဆကျသွားရာ ဒါနိရှ် နှင့် နုအ်မာန်း တို့မှ သူမအား ဆင်းဆယ်ကယ်တင်ရန် ကြိုးစားကြသည်။  တနင်္ဂနွေနေ့တွင် ၎င်းတို့သုံးဦးလုံး၏ ရုပ်အလောင်းကို စစ်တပ်မှ ရှာဖွေတွေ့ရှိသည်။ ဒါနိရှ် နှင့် နုအ်မာန်းတို့မှာ  သူရဲကောင်းပီသစွာ သေဆုံးရသည်ဟု ဟိန္ဒူနှင့် မွတ်စလင်မ် နှစ်ဖက်စလုံး အမြင်ရှိကြသည်။ သူတို့၏ရုပ်ကလာပ်အား အမျိုးသားများက မြို့လယ်လမ်းတစ်လျှောက် ပုခုံးထမ်းလိုက်ပို့ကြစဉ်  ဟိန္ဒူအမျိုးသမီးများက ခေါင်မိုးပေါ်မှ ပန်းများကြဲချနေကြသည့်မြင်ကွင်းကို တွေ့ကြရသည်။

    “ ကျွန်မအဖို့ သူတို့နှစ်ဦးဟာ လက်တွေ့မျက်တွေ့ သူရဲကောင်းတွေပါပဲ။ လမ်းပေါ်မှာ တစ်စုံတစ်ယောက်မှ အသက်ငင်နေတာတောင် ဒီမြို့ကလူတွေဟာ နှုတ်ပိတ်လက်ပိုက်ကြည့်နေလေ့ရှိကြတယ်။ လူ့အသက်တစ်ချောင်းဟာ ဘာသာရေးကွဲပြားမှုထက် အရေးကြီးတယ်ဆိုတာကို ဒီလူငယ်လေးနှစ်ယောက်က သက်သေပြလိုက်တာပါပဲရှင် ” ဟု မြို့ခံတစ်ဦးဖြစ်သူ Sakshi Mehrotra မှ ဆိုသည်။

    ယင်းလူငယ်နှစ်ဦးအတွက် ဈာပနဆုတောင်းဝတ်ပြုမှု စတင်ပြုလုပ်ပြီး မရှေးမနှောင်းတွင် ထိုအခမ်းအနားအတွက် ရဲအင်အား ထူထပ်စွာ ချခဲ့ကြသည်။ ဆူမန်း၏မိသားစုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ခဲ့သော တပ်မတော်သားများအတွက်လည်း ဓမ္မဆရာများက ထည့်သွင်းဆုတောင်းပေးခဲ့သည်။

    ဒေသတွင်းခေါင်းဆောင်ဖြစ်သူ အစ်က်ရာမ် ကုရိုင်းရှီမှ “ဒီအဖြစ်အပျက်က တွန်းပို့လိုက်တဲ့ လူမျိုးရေးချစ်ကြည်မှုဟာ ဒီမြို့မှာ ရေရှည်တည်တံ့ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။ ကွယ်လွန်သေဆုံးသူတို့၏ မိသားစုအသီးသီးကို နှစ်သိမ့်ငွေ ငါးသိန်း ချီးမြှင့်ပြီး မိသားစုဝင်တစ်ဦးချင်းကို အစိုးရအလုပ်အကိုင်တစ်ရပ်စီ ခန့်အပ်ပေးမည်ဟု အာဏာပိုင်များထံမှ သိရသည်။

    Ref : Hindustan Times