News @ M-Media

Category: အေမရိက

  • သေနတ်ဖြင့် အပစ်ခံရပြီးနောက် လေသံပြောင်းသွားသည့် ထရမ့်

    သေနတ်ဖြင့် အပစ်ခံရပြီးနောက် လေသံပြောင်းသွားသည့် ထရမ့်

    ဇူလိုင် ၁၉၊ ၂၀၂၄
    M-Media


    -လာမယ့်နို၀င်ဘာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်တွေအားလုံး စည်းလုံးကြဖို့ တိုက်တွန်း ဆော်သြခဲ့ပါတယ်။

    ရီပက်ဘလစ်ကန်ပါတီက ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်မှုကို တရား၀င်လက်ခံတဲ့ ဇူလိုင်လ ၁၈ ရက်နေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။ သူဟာ အမေရိကန်နိုင်ငံသားအားလုံးရဲ့ သမ္မတအဖြစ် တာ၀န်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

    ထရမ့်ဟာ အမေရိကန်နိုင်ငံရေးနဲ့ ပြည်သူလူထုကို သွေးကွဲစေသူအဖြစ် ထင်ရှားပါတယ်။ ဒါပေမယ့် အသက်ဘေးက လွတ်မြောက်လာပြီး ၆ ရက်အကြာ လူမြင်ကွင်းပြန်ထွက်လာချိန်မှာတော့ ညီညွတ်ရေးကို အဓိကထား ပြောကြားသွားခဲ့ပါတယ်။

    ၀စ်ကွန်ဆင်မြို့က ၁ နာရီခွဲကျော် ကြာခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းဟာ ခေတ်သစ် အမေရိကန်သမိုင်းရဲ့ သမ္မတလောင်းအဖြစ် လက်ခံမှုမိန့်ခွန်းမှာ အရှည်ကြာဆုံးအဖြစ် မှတ်တမ်း၀င်ပါတယ်။
    နိုင်ငံရေးအတိုက်အခံတွေအပေါ် ပုံဖျက်ပြောဆိုမှုကို လက်မခံဘူးလို့ ထရမ့်က ပြောပါတယ်။

    “ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်လိုအသားအရောင်၊ ဘယ်လိုမျိုးနွယ်မျိုးဖြစ်ဖြစ် နိုင်ငံသားအားလုံး လွတ်လပ်လုံခြုံပြီး သာယာ၀ပြောတဲ့ ခေတ်သစ်တစ်ခု ထူထောင်ဖို့အတွက် ကျွန်တော်တို့ အတူအကွ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းက သွေးကွဲမှုတွေ၊ အမြင်စောင်းမှုတွေကို မြန်မြန်ဆန်ဆန် ကုစားသွားရမယ်။ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသူတွေဖြစ်တယ်။ အားလုံးညီမှ အောင်မြင်မှာဖြစ်ပြီး၊ ဒီလိုမှမဟုတ်ရင် ကျဆုံးသွားမှာ ဖြစ်ပါတယ်”


    Ref: Aljazeera

  • ထရမ့်ကို လုပ်ကြံသူမှာ ကျောင်းတွင် အပေါင်းအသင်းမဆံ့ဘဲ အမြဲအနိုင်ကျင့်ခံရသူ ဖြစ်နေ

    ထရမ့်ကို လုပ်ကြံသူမှာ ကျောင်းတွင် အပေါင်းအသင်းမဆံ့ဘဲ အမြဲအနိုင်ကျင့်ခံရသူ ဖြစ်နေ

    ဇူလိုင် ၁၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – သေနတ်ပစ်ခံခဲ့ပြီးနောက် ထရမ့်ကို ထောက်လှမ်းရေးများက ကာကွယ်ပေးထားစဥ်)

    -စနေနေ့က ဖြစ်ပွားခဲ့တဲ့ ထရမ့်အား ပစ်ခတ်လုပ်ကြံမှုကို ပြည်တွင်းအကြမ်းဖက်မှုအဖြစ် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က စုံစမ်းစစ်ဆေးနေပါတယ်။

    ကျူးလွန်သူဟာ အသက် ၂၀ အရွယ် သောမတ်စ် မက်သယူး ကရွတ်ဖြစ်ပြီး သူတစ်ယောက်တည်းကျူးလွန်တာလို့ FBI က ပြောပါတယ်။ ကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။

    သောမတ်စ်ဟာ အထက်တန်းကျောင်းမှာ သူငယ်ချင်းအပေါင်းအသင်းမရှိဘဲ အမြဲတမ်း အနိုင်ကျင့်ခံနေရသူ ဖြစ်တယ်လို့ ကျောင်းသားဟောင်းတွေက ပြောပါတယ်။

    ရဲတပ်ဖွဲ့ဟာ ထရမ့်ကို လုပ်ကြံရာမှာ အသုံးပြုတဲ့ AR-style ရိုင်ဖယ်ကို သိမ်းဆည်းရမိထားပြီး၊ သောမတ်စ်ရဲ့ အိမ်နဲ့ ကားမှာလည်း သံသယဖြစ်ဖွယ်ပစ္စည်းတွေ တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီပစ်ခတ်မှုမှာ ထရမ့်ဟာ ညာဘက်နားရွက် အပေါ်ယံကိုသာ ရှပ်ထိခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

    Ref: CNN


  • စစ်ခေါင်းဆောင်ကို သမ္မတက နားချပြီး ဖမ်းဆီးနိုင်ခဲ့တဲ့ ဘိုလီဗီးယားက ထူးဆန်းသည့် စစ်အာဏာသိမ်းမှု

    စစ်ခေါင်းဆောင်ကို သမ္မတက နားချပြီး ဖမ်းဆီးနိုင်ခဲ့တဲ့ ဘိုလီဗီးယားက ထူးဆန်းသည့် စစ်အာဏာသိမ်းမှု

    ဇွန် ၂၈၊ ၂၀၂၄
    M-Media 

    (ပုံ ၁ – အာဏာသိမ်းမှုကို တားဆီးနိုင်ခဲ့ကြောင်း လက်သီးလက်မောင်းတန်း ပြောကြားနေသည့် သမ္မတအာခီ) 

    -တောင်အမေရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဘိုလီဗီးယားမှာ ဇွန်လ ၂၆ ရက်နေ့က မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ 

    သမ္မတအိမ်တော်ထဲ အင်အားအပြည့်နဲ့ ၀င်လာတဲ့ ဗိုလ်ချုပ် ၀ှမ် ဟိုဆေး ဇူနီဂါကို သမ္မတ လူး၀စ် အာခီက မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး “မင်းတပ်တွေ ချက်ခြင်းဆုတ်ပေးပါ”လို့ ပြောဆိုကာ တားဆီးနိုင်ခဲ့တာပါ။ 

    ထူးထူးဆန်းဆန်း ဒီအဖြစ်အပျက်ဟာ ကမ္ဘာတစ်၀ှမ်း ချက်ခြင်းဆိုသလို ပြန့်နှံ့သွားပါတယ်။ 

    စစ်အာဏာသိမ်းဖို့ကြိုးစားတဲ့ ဗိုလ်ချုပ် ဇူနီဂါကို နောက်ပိုင်းမှာ ဘိုလီဗီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ 

    ဘိုလီဗီယားဟာ နိုင်ငံရေးမတည်ငြိမ်တဲ့ တိုင်းပြည်တစ်ခုပါ။ ၁၉၄၆ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုပေါင်း ၄၀ လောက်ရှိခဲ့ပြီး အောင်မြင်တာတွေရှိသလို၊ မအောင်မြင်တာတွေလည်း ရှိခဲ့ပါတယ်။ 

    တိုင်းပြည်စီးပွားရေးကျဆင်းနေတာ၊ နိုင်ငံခြားအရန်ငွေ လျော့နည်းလာတာ၊ လောင်စာဆီ၊ အခြေခံစားသောက်ကုန် ရှားပါးလာတွေကြောင့် လူထုက လက်ရှိအစိုးရအပေါ် ၀ေဖန်မှုတွေ မြင့်တက်နေပြီး ရွေးကောက်ပွဲလည်း ရှိနေတဲ့အချိန် အခုလို မအောင်မြင်တဲ့ အာဏာသိမ်းမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

    အာဏာသိမ်းဖို့ကြိုးစားတဲ့ ဗိုလ်ချုပ်ဇူနီဂါဟာ စစ်တပ်အကြီးအကဲဟောင်းဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့ကမှ ရာထူးကနေ ဖယ်ရှားခံထားရသူ ဖြစ်ပါတယ်။ 

    ဖမ်းဆီးမခံရခင် အာဏာသိမ်းဖို့ကြိုးစားမှု အကြောင်းအရင်းကို ဇူနီဂါက သတင်းထောက်တွေကို ပြောကြားရာမှာ ဒီမိုကရေစီကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

    “ပြည်သူတွေမှာ အနာဂတ်မရှိဘူး။ ကျွန်တော်တို့ကလေးတွေရဲ့ အနာဂတ်၊ ကောင်းရာကောင်းကျိုးနဲ့ တိုးတက်မှုတွေအတွက် စစ်တပ်က လူမိုက်ထွက်လုပ်ရတာ ဖြစ်ပါတယ်”

    အာဏာသိမ်းပြီးရင် အကျဥ်းချခံထားရတဲ့ သမ္မဟောင်း ဂျီနင်း အေနက်ဇ်အပါအ၀င် နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ဇူနီဂါက ကတိပြုခဲ့ပါတယ်။ 

    ဇူနီဂါဟာ လက်၀ဲယိမ်းသမ္မတဟောင်း အီဗို မိုရာလက်စ် လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်မှာကို မနှစ်မြို့ပါဘူး။ မိုရာလက်စ် ရွေးကောက်ပွဲမ၀င်နိုင်အောင် တားဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုအတွက် စစ်ခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရတာလို့ သတင်းထွက်ခဲ့ပါတယ်။ 

    ဘိုလီဗီးယား ရှေ့နေချုပ်ရုံးက အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပါ၀င်ပတ်သက်နေတဲ့သူတွေကို ရာဇ၀တ်မှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

    လုပ်ဇာတ်လား


    (ပုံ ၂ – ဖမ်းဆီးခံလိုက်ရသည့် ဗိုလ်ချုပ်ဟောင်း ဇူနီဂါ)

    ဗိုလ်ချုပ်ဇူနီဂါက သူဟာ သမ္မတအာခီရဲ့ ခိုင်းစေမှုအတိုင်း အာဏာသိမ်းမယ့်ပုံစံမျိုး ဖန်တီးရတာလို့ အဖမ်းခံရပြီးနောက်ပိုင်း ထုတ်ပြောလာပါတယ်။ 

    “တနင်္ဂနွေနေ့က သမ္မတနဲ့တွေ့တော့ သူက အခြေအနေတွေ မကောင်းတော့ဘူး။ ဒီတစ်ပတ် ပိုဆိုးမယ်ထင်တယ်။ ငါ့ကို လူကြိုက်များလာအောင် လုပ်ဖို့လိုတယ်။ စစ်ကားတွေ ထုတ်သုံးလို့ရတယ်မှတ်လား”လို့ ပြောခဲ့ပါတယ်။

    အာခီအစိုးရရဲ့ တရားရေး၀န်ကြီး အိုင်ဗန်လီမာက ဇူနီဂါရဲ့ ဒီပြောကြားမှုကို ငြင်းဆိုခဲ့ပြီ ဒီအတွက် တရားဥပဒေရှေ့မှောက်မှာ အဖြေပေးရလိမ့်မယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    အစိုးရအတိုက်အခံ နိုင်ငံရေးသမားတွေကလည် ဒီစစ်အာဏာသိမ်းမှုဟာ သမ္မတအာခီတို့အဖွဲ့ ပေါင်းကြံတာလို့ မှတ်ချက်ပေးပါတယ်။ 

    “ဒီကနေ့ ဘိုလီဗီးယားမှာ ဖြစ်သွားခဲ့တာက တော်တော်လေး ထူးဆန်းနေပါတယ်။ လူး၀စ်အာခီအစိုးရက စီစဥ်တဲ့ လုပ်ကြံအာဏာသိမ်းမှုဆိုတာ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်”လို့ အတိုက်အခံ Civic Community ပါတီက လွှတ်တော်အမတ် အန်ဒရီယာ ဘာရီယန်တို့စ်က ပြောကြားခဲ့ပါတယ်။ 

    Ref: CNN 

  • ပစ္စည်းဆန်းတွေ ထုတ်မယ့် ကမ္ဘာ့ပထမဆုံး အာကာသ ကုန်ထုတ်စက်ရုံကို

    ပစ္စည်းဆန်းတွေ ထုတ်မယ့် ကမ္ဘာ့ပထမဆုံး အာကာသ ကုန်ထုတ်စက်ရုံကို

    ဇွန် ၄၊ ၂၀၂၄

    M-Media


    -လူသားသမိုင်းမှာ ပထမဆုံးဖြစ်လာမယ့် အာကာသ ကုန်ထုတ်စက်ရုံကို အမေရိကန်အခြေစိုက် Varda Space Industries ကုမ္ပဏီက ကမ္ဘာပတ်လမ်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ 

    W-Series 1 လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုဟာ ကမ္ဘာမြေပေါ်မှာ ထုတ်လုပ်ဖို့ အဆင်မပြေမယ့် ပစ္စည်းတွေ၊ ဆွဲအားကင်းတဲ့ နေရာမှာ မြန်မြန်ဆန်ဆန်နဲ့ ကွာလတီကောင်းကောင်း ရနိုင်မယ့် ပစ္စည်းတွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ 

    Varda Space Industries ကုမ္ပဏီကို တည်ထောင်သူဟာ နာမည်ကျော် Space X ကုမ္ပဏီက လေကြောင်းအင်ဂျင်နီယာ ၀ီလ် ဘရူ၀ေးဖြစ်ပါတယ်။

    “အရည်အသွေးပိုကောင်းတဲ့ ဖိုက်ဖာအော့ပတစ် ကြိုးတွေကနေ၊ လူ့အသက်တွေကယ်နိုင်မယ့် ဆေး၀ါးပစ္စည်း အသစ်တွေအထိ ကမ္ဘာပေါ်မှာ သုံးနေပြီး အာကာသမှာထုတ်နိုင်တဲ့ ပစ္စည်းမှန်သမျှ ထုတ်လုပ်သွားမှာပါ” လို့ ကုမ္ပဏီရဲ့ ၀ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ 

    ဆေးဘက်ဆိုင်ရာမှာ အရေးပါတဲ့ ပရိုတိန်းခရစ္စတယ်လို ပစ္စည်းမျိုးဟာ ကမ္ဘာပေါ်မှာ ထုတ်တာထက်၊ အာကာသမှာ ထုတ်လုပ်တာက ပိုမိုပြည့်စုံတဲ့ ထုတ်ကုန်မျိုးကို ရရှိနိုင်တယ်ဆိုတာ သုတေသန ရလဒ်တွေမှာ တွေ့ရပါတယ်။ 

    အခု အာကာသကုန်ထုတ်စက်ရုံ W-Series 1 ရဲ့ ပထမဆုံး ထုတ်လုပ်မှုဟာ HIV လူနာတွေကို ကုရာမှာ အသုံးပြုတဲ့ ritonavir ဆေး ဖြစ်ပါတယ်။ ဒီဆေးကို Covid-19 ကာကွယ်ဆေး Paxlovid ထုတ်လုပ်ရာမှာလည်း အသုံးပြုပါတယ်။ 

    ထုတ်ကုန်တွေ ကမ္ဘာမြေထဲ ပြန်လည်ပေးပို့တဲ့အခါမှာ အသံထက်မြန်တဲ့ ဒုံးပျံတွေကို စမ်းသပ်အသုံးပြုဖို့အတွက်လည်း Varda Space Industries ကုမ္ပဏီက အမေရိကန်လေတပ်နဲ့ သဘောတူထားပါတယ်။ 

    Ref: Interesting Engineering 

  • ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်းတွေ့ရတဲ့ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ၀င်ပြိုင်နိုင်မလား

    ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်းတွေ့ရတဲ့ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ၀င်ပြိုင်နိုင်မလား

    မေ ၃၁၊ ၂၀၂၄

    M-Media 


    -အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်း တွေ့ရတယ်လို့ နယူးယောက်ပြည်နယ် တရားရုံးက မေလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ 

    အပြာမယ်ကို ငွေပေးပြီး သူ့အကြောင်းတွေ မပြောအောင် နှုတ်ပိတ်ခဲ့မှု မပေါ်လာစေဖို့အတွက် စာရွက်စာတမ်းအတုလုပ်ကာ ဖုံးကွယ်မှု၊ ၂၀၁၆ ရွေးကောက်ပွဲမှာ သြဇာလွှမ်းမိုးနိုင်ရေး ငွေပေးကြိုးစားမှု အပါအ၀င် စုစုပေါင်း ၃၄ မှုဖြစ်ပါတယ်။ 

    ဒီအမှုတွေအတွက် ပြစ်ဒဏ်အမိန့်ကို ဇူလိုင် ၁၁ ရက်နေ့မှာ ချမှတ်မှာဖြစ်ပါတယ်။ အမှုတစ်ခုစီအတွက် ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ အမြင့်ဆုံး ချမှတ်ခံရနိုင်ပါတယ်။ 

    ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ အပြစ်ပေးခံရမယ့် ပထမဆုံးသမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    ထရမ့်ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ခြစားနေတဲ့ တရားသူကြီးတွေလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ထရမ့်ရဲ့ ရှေ့နေအဖွဲ့က ဆုံးဖြတ်ချက်ကို ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ပေမယ့် နယူးယောက်တရားရုံးက ပယ်ချခဲ့ပါတယ်။

    သမ္မတရွေးပွဲကို ထိခိုက်မလား

    ထရမ့်ဟာ လာမယ့်နိုင်၀င်ဘာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်နဲ့အတူ သမ္မတအဖြစ် ၀င်ရောက်အရွေးခံမှာဖြစ်ပါတယ်။

    ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေပညာရှင် ပရော်ဖက်ဆာ ရစ်ချက် အလ် ဟာဆန်က ရာဇ၀တ်သားတစ်ယောက် သမ္မတ၀င်ရွေးခွင့်မရှိဘူးလို့ အခြေခံဥပဒေမှာ တားမြစ်ထားတာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

    “ဥပဒေအရတော့ ထရမ့်ရဲ့ သမ္မတလောင်းအဆင့်ဟာ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အခြေခံဥပဒေမှာက ကန့်သတ်ချက်တွေ (အသက် ၃၅ နှစ်နဲ့ အထက်ရှိရမယ်။ အမေရိကန်မြေမှာမွေးရမယ်။ အနည်ဆုံး ၁၄ နှစ် နိုင်ငံအတွင်း နေထိုင်ရမယ်)  ပါ၀င်ပြီးဖြစ်ပါတယ်” 

    ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ကြောင်း တွေ့ရတယ်လို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ပြပြီး ရွေးကောက်ပွဲမပါနိုင်အောင် ပြည်နယ်တရားရုံးတွေက တားမြစ်ပိုင်ခွင့် မရှိဘူးလို့လည်း အလ်ဟာဆန်က ပြောပါတယ်။ 

    ထရမ့်ကို ထောက်ခံတဲ့ ပြည်နယ်တွေက ယခင် စစ်တမ်းတွေအရ ပြစ်မှုထင်ရှားစီရင်ခံရရင် ထရမ့်ကို မဲထည့်မှာမဟုတ်ဘူးလို့ မဲဆန္ဒရှင်တွေရဲ့ ၅၃ ရာခိုင်နှုန်းက ဖြေကြားထားပါတယ်။ 

    Ref: CNN