News @ M-Media

Category: အမေရိက

  • အိုဘားမား လက်ထက် ၆ နှစ် အတွင်း ၇ ခုမြောက် မွတ်စလင်နိုင်ငံကို ဗုံးကြဲ တိုက်ခိုက်

    အိုဘားမား လက်ထက် ၆ နှစ် အတွင်း ၇ ခုမြောက် မွတ်စလင်နိုင်ငံကို ဗုံးကြဲ တိုက်ခိုက်

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media

    us
    ဆီးရီးယားမှာ IS အဖွဲ့ နေရာဟု ယူဆထားသည့် အဆောက်အဦအား လေကြောင်းမှ မတိုက်ခိုက်ခင်နှင့် တိုက်ခိုက်ပြီးတွေ့ရပုံ

    လွန်ခဲ့တဲ့ရက်သတ္တပတ်အင်္ဂါနေ့၌ IS ဆန့်ကျင်ရေး အမေရိကန် ဦးဆောင်တိုက်ပွဲတွင်  အမေရိကန်တိုက်လေယာဉ်များက ဆီးရီးယားနိုင်ငံထဲမှ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။  ၁၉၄၂ ခုနှစ်ကတည်းက အမေရိကန်သည် စစ်ကြေငြာခြင်း မပြုခဲ့သော်လည်း   ယခု ဆီးရီးယားမှာ  ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘားရက်အိုဘားမားမှ ဗုံးကြဲလိုက်သော ၇ နိုင်ငံမြောက် တိုင်းပြည်ဖြစ်၏။

    ဆီးရီးယားသည် အမေရိကန်မှ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထားတိုက်ခိုက်သော နောက်ဆုံးနိုင်ငံ ဖြစ်သည်။ ဆီးရီးယားသမ္မတ ဘရှားရ် အဆဒ်၏ သဘောတူညီမှုကို မယူဘဲ ၀ါရှင်တန်မှ ဆုံးဖြတ်ခဲ့ဟန်ရှိသည်။

    ဆီးရီးယားတောင်ပိုင်းနှင့်အရှေ့ပိုင်းတွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့မှ IS စစ်သွေးကြွများကို ပြီးခဲ့သည်အင်္ဂါနေ့၌ ဗုံးကြဲစစ်ဆင်ရေး စတင်ခဲ့သည်။ ဆီးရီးယားဆိုင်ရာ လူ့အခွင့်လေ့လာရေးအဖွဲ့အဆိုအရ လူ ၇၀ သေဆုံးသွားသော်လည်း သေဆုံးသူအရေအတွက် ယခုထက်မြင့်မားဖို့ရှိနေပြီး အရပ်သား ၈ ဦး အသက်ဆုံးရှုံးခဲ့သည်။

    ဆီးရီးယားရှိ ပဋိပက္ခကို ဖြေရှင်းရန် နှစ်များစွာ အချိန်ယူရဖွယ်ရှိသည် ဟု ပင်တဂွန်မှ ဆိုသည်။ အိုဘားမားအစိုးရ လက်ထက်အတွင်း ၀ါရှင်တန်၏ စစ်ရေးစွက်ဖက်မှု အကြိမ်ရေကို လေ့လာကြည့်လျှင် ၎င်းမှာ အပြောင်အပျက်မဟုတ်ကြောင်း သိသာပေသည်။

    အာဖဂန်နစ္စတန် (၂၀၀၁ ခုနှစ်မှ ယနေ့တိုင်)
    ——————————————–

    afghanistan
    အမေရိကန်ပေါ် အကြမ်းဖက်တိုက်ခိုက်မှု ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်အရေးအခင်းပြီးနောက်၊ အလ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား တာလီဘန်အဖွဲ့မှ လက်လွှဲပေးရန် ငြင်းဆန်လိုက်ရာဝယ် အာဖဂန်နစ္စတန်သည် ၂၁ ရာစုအတွင်း အမေရိကန်နိုင်ငံက ပထမဆုံးဗုံးကြဲတိုက်ခိုက်သော နိုင်ငံဖြစ်ခဲ့သည်။

    အမေရိကန်နှင့်၎င်း၏မဟာမိတ်တို့သည် ကဘူးလ်၊ ကန်ဒါဟာ၊ ဂျလာလဘတ် စသော အာဖဂန်မြို့ကြီးများနှင့် ဇာတ်လမ်းဖွင့်လိုက်ပြီး မပြီးဆုံးနိုင်တော့သည့် ပဋိပက္ခအတွင်း လက်ဝင်လျှိုခဲ့သည်။ လူအများ သောင်းနှင့်ချီ ထိခိုက်ဒဏ်ရာရစေခဲ့ကြောင်း တွေ့ရသည်။ ၂၀၁၁ ဇွန်လမှစ၍  တပ်ဖွဲ့များကို အလုံးအရင်းနှင့် ရုပ်သိမ်းခဲ့ပြီး၂၀၁၄ နှစ်ကုန်တွင် အဆုံးသတ်ကာ အာဖဂန်ပြည်တွင်းတပ်ဖွဲ့များကို မူဝါဒနှင့်လုံခြုံရေးအား လွှဲပြောင်းပေးမည်ဟု ဆိုထားသည်။ သို့သော်လည်း လေကြောင်းတိုက်ခိုက်မှုများကတော့ ပြုလုပ်နေဆဲ။

    နိုင်ငံတွင်းလုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်ပေးရန်၊ ပြည်တွင်းအခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ပေးရန်အတွက် ၂၀၀၁ ခုနှစ်မှစပြီး အာဖဂန်အရေးတွင် အမေရိကန်သည် ဒေါ်လာ သန်းတစ်ရာအထက် သုံးစွဲထားပြီးဖြစ်သည်။ အာဖဂန်၌ ကျဆုံးခဲ့သည့် အမေရိကန် တပ်ဖွဲ့ဝင် ၂၂၀၀၊ ဒဏ်ရာရသူ ၂၀၀၀၀ ၀န်းကျင်ရှိသည်ဟု အေပီက ဆိုသည်။

    အမေရိကန်၏ဗုံးကြဲစစ်ဆင်ရေးက အရပ်သားများစွာကို သေဆုံးစေခဲ့သဖြင့် အာဖဂန်နစ္စတန်ခေါင်းဆောင်များနှင့် အချေအတင်ဆိုရသော ပြဿနာဖြစ်နေသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်ကပင် နိုင်ငံအရှေ့ပိုင်း၌ အမေရိကန်ဒုံးကျည်ကြောင့် သေဆုံးသူ အရပ်သား ၁၁ ဦး ရှိခဲ့သည်။

    “အမေရိကနဲ့ ပါကစ္စတန်သာ တကယ်ဆန္ဒရှိရင် အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေး ဖြစ်တည်လာပါလိမ့်မယ်။ အာဖဂန်စစ်ပွဲဟာ တိုင်းတစ်ပါးသားတွေရဲ့ ရည်မှန်းချက်တွေပေါ် အခြေတည်နေသလို သူတို့အတွက်သာ အကျိုးဖြစ်ထွန်းစေပါတယ်။ အာဖဂန်တွေက နှစ်ဖက်စလုံးရဲ့ ချကျွေးမှုကို ခံလိုက်ရတယ်၊ စစ်မက်ရဲ့သားကောင်တွေ ဖြစ်သွားရပါတယ်” ဟု သမ္မတရာထူးမှ အနားယူတော့မည်ဖြစ်သော ဟာမစ်ကာဇိုင်း(ဟာမစ် ကာဇာအီ)က ဆိုသည်။

    ယီမင် (၂၀၀၂ ခုနှစ်မှ ယနေ့တိုင်)
    ——————————–
    ၂၀၀၀ ခုနှစ် အောက်တိုဘာလ ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်းတွင် အလ်ကိုင်ဒါက USS Cole  သင်္ဘောကိုတိုက်ခိုက်မှုကြောင့် အမေရိကန်ရေတပ်သား ၁၇ ဦး သေဆုံးသည်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာတွင် ယီမင်အစိုးရ၏မီးစိမ်းပြမှုဖြင့် ယီမင်နယ်အတွင်း အမေရိကန်မှ ဗုံးစတင်ကြဲရာမှ အကန့်အသတ်မရှိ ထင်တိုင်းကြဲခွင့် ရသွားသည်။

    ယီမင်နိုင်ငံတွင်း စစ်ဆင်ရေးခေါင်းဆောင်၊ ၎င်းပြင် USS Cole သင်္ဘောဗုံးထောင်မှု၌ ၀ါရှင်တန်မှ သံသယနေသူ Qaed Salim Sinan al-Harethi အား ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းသူသည် ကားမောင်းခရီးသွားနေစဉ် မောင်းသူမဲ့လေယာဉ်၏ ထိန်းချုပ်ဒုံးကျည်တို့ဖြင့် သေဆုံးခဲ့သည်။ ထိုစဉ်က အမေရိကန် ကာကွယ်ရေး ဒုဝန်ကြီး Paul Wolfowitz က အလွန်အောင်မြင်သော နည်းဗျူဟာစစ်ဆင်ရေးတစ်ရပ်ဖြစ်ပြီး ယင်းသို့လေကြောင်းတိုက်ခိုက်မှုသည် အကြမ်းဖက်များကိုချေမှုန်းခြင်းသာမက အလ်ကိုင်ဒါ၏နည်းဗျူဟာများကိုပါ ဖရိုဖရဲဖြစ်စေသည်ဟု မှတ်ချက်ပြုခဲ့သည်။

    yemen
    အမေရိကန် ရဲ့ လေကြောင်းမှ တိုက်ခိုက်မှုကို ဆန့်ကျင်ဆန္ဒပြနေကြသော ယီမင်နိုင်ငံသားများ

    သမ္မတ ဂျော့ဂ်ျဘုရှ်အစိုးရလက်အောက်မှ အမေရိကန်၏ ကြိုကြားဗုံးခွင်းစစ်ဆင်ရေးသည် သမ္မတ အိုဘားမားအာဏာရလာပြီးချိန်မှစပြီး အရှိန်မြင့်တက်လာခဲ့သည်။ သံသယ၀င်ဖွယ် အလ်ကိုင်ဒါစစ်သွေးကြွများအပေါ် အမေရိကန်လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ရန် ယီမင်အစိုးရက ခွင့်ပြုခဲ့သည်ဟု ၀ီကီလိခ်မှ ဖော်ပြခဲ့သည်။

    ယီမင်၌ အမေရိကန်၏ ဗုံးခွင်းစီးနင်းမှုကို မောင်းသူမဲ့လေယာဉ်များဖြင့်သာ ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိနှစ်များအတွင်း ပိုမိုပြင်းထန်များပြားလာသည်။ အမေရိကန်၏ အမည်ခံ War on Terror  အကြမ်းဖက်တန်ပြန်စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူအများအပြားမှာ အရပ်သားများသာ ဖြစ်နေသဖြင့် လူ့အခွင့်အရေးအဖွဲ့များမှ စိုးရိမ်ပူပန်လျက်ရှိနေသည်။ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ ၂၀၁၃ ခုနှစ်အစီရင်ခံစာတစ်ရပ်တွင် ၂၀၀၉ ခုနှစ်မှစ၍ ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ရှိခဲ့ကြောင်း သုတေသနပြုဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုများအတွင်း လူ ၈၂ ဦးသေဆုံးပြီး ၎င်းတို့အနက် ၅၇ ဦးမှာ အရပ်သားများ ဖြစ်နေသည်။

    အီရတ် (၂၀၀၃ မှ ၂၀၁၁ ခုနှစ်ထိ)
    ———————————–
    ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် နျူးယော့ခ်ရှိ ကုလသမဂ္ဂတွင် အမေရိကန်ဝန်ကြီးချုပ် Colin Powell က မိန့်ခွန်းပြောကြားရာ အီရတ်၌ အစုလိုက်အပြုံလိုက်သေကြေစေနိုင်သည့် လက်နက်များ ရှိနေကြောင်း ဆိုခဲ့သည်။ အာဖဂန်နစ္စတန်သို့ ထောင်နှင့်ချီသော တပ်ဖွဲ့များ စေလွှတ်ရန် ပြင်ဆင်ထားသည်ကိုပင် အားမရသေးဘဲ နောက်ထပ် စစ်ရေးပဋိပက္ခတစ်ရပ်ထဲ ပါဝင်ရန် အကြောင်းပြချက်ခင်းလိုက်သည်။

    ၂၀၀၃ ခုနှစ် မတ်လ ၂၀ ရက်တွင် အီရတ်ကို လေကြောင်းတိုက်ပွဲ ဆင်နွှဲတော့သည်။ သုံးပတ်အတွင်း အီရတ်အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။ သို့သော် အာဖဂန်နစ္စတန်နိုင်ငံမှာလိုပင် အမေရိကန်နှင့်အပေါင်းအပါတို့မှာ အပြင်းအထန်ခုခံမှုကို ကြုံလိုက်ရသည်။ သမ္မတ ဆက်ဒမ်ဟူစိန်ကို အားပေးထောက်ခံသူများမှ အစ၊ စွန္နီနှင့် ရှီအိုက် ခုခံရေးအုပ်စုများအလယ်၊ အလ်ကိုင်ဒါနှင့်၎င်း၏ထောက်ခံသူများအဆုံး ဆန့်ကျင်ကြတော့သည်။

    ယင်းပဋိပက္ခနှင့် အမေရိကန်ဗုံးခွင်း စစ်ဆင်ရေးများက အီရတ်ပြည်သူများ အတွက် ကပ်ဆိုးသင့်ခဲ့ရသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ အေအက်ဖ်ပီ မှဖော်ပြသော ဆောင်းပါးတစ်ပုဒ်တွင် အမေရိကန်၏လက်ဆော့မှုကြောင့် သေဆုံးသူ သန်းတစ်ဝက်ခန့်ရှိကြောင်း ဖော်ပြသည်။ ၂၀၀၃ မှ ၂၀၁၁ ခုနှစ်အတွင်း ၇၀ ရာခိုင်နှုန်းဝန်းကျင်မှာ သမရိုးကျစစ်ပွဲ၌ ကျည်သင့်သေဆုံးကြောင်း၊ ကျန်သည့်အများစုမှာ ကားဗုံးခွဲခြင်းနှင့် အခြားပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်း သုတေသီများက ထောက်ပြထား၏။ ဤအကြမ်းဖက်တိုက်ခိုက်မှု၏ ၃၅ ရာခိုင်နှုန်း(သေဆုံးသူဦးရေ ၁၂၅,၀၀၀ ပမာဏ)တွင် မဟာမိတ်တပ်များ ပါဝင်ပတ်သက်ခဲ့သည်ဟုလည်း ဆိုသည်။

    ပါကစ္စတန် (၂၀၀၄ မှ လက်ရှိတိုင်)
    ————————————-
    George W. Bush လက်ထက်မှပင် စတင်လာသော ပါကစ္စတန်၌ မောင်သူမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများမှာ အိုဘားမားအစိုးရလက်ထက်၌ မကြုံဖူးလောက်အောင် တိုးမြင့်သွားသည်။ The Bureau of Investigative Journalism ၀က်ဘ်ဆိုဒ်အဆိုအရ ၂၀၀၄ ခုနှစ်ကတည်းက မောင်းသူမဲ့လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေ ၃၉၀ ရှိခဲ့ရာ ၎င်းအနက် ၃၃၉ ကြိမ်သည် အိုဘားမားအာဏာ ရပြီးနောက်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း လေးထောင်နီးပါး သေကြေပြီး ၎င်း၏ လေးပုံတစ်ပုံမှာ အရပ်သားများ ဖြစ်နေသည်။

    ထုံးစံအတိုင်း အမေရိကန် ဦးဆောင်သော မောင်းသူမဲ့လေယာဉ်သုံး လေကြောင်း တိုက်ခိုက်မှုများအပေါ် ပါကစ္စတန် အစိုးရလည်း မနှစ်မြို့မှု ပြသလာခဲ့သည်။

    “ဒရုန်း(မောင်းသူမဲ့တိုက်လေယာဉ်)အသုံးပြုခြင်းဟာ ကျွန်တော်တို့ တိုင်းပြည်ထဲက အကြမ်းဖက်ဝါဒကို ထိထိရောက်ရောက် ချေမှုန်းနိုင်ပေမယ့်လည်း ပိုင်နက်ကျူးလွန်မှု ကိုတော့ ဖြစ်စေပါတယ်။ ပါကစ္စတန်-အမေရိကန် ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်လာစေမယ့် ပြဿနာ ဖြစ်လာနိုင်ပါတယ်” ဟု ပါကစ္စတန် ၀န်ကြီးချုပ် Nawaz Sharif က ၂၀၁၃ အောက်တိုဘာလအတွင်း အိုဘားမားနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    pakistan
    အမေရိကန် ရဲ့ လေကြောင်းမှ တိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံသားများ ဆန္ဒပြနေစဉ်

    အမေရိကန်၏ ဒရုန်းအသုံးပြုကို ဆန့်ကျင်ဆန္ဒပြမှုများကို ပါကစ္စတန်၌ အမြဲလိုလို တွေ့လာရသည်။ ၂၀၁၃ ဒီဇင်ဘာတွင် ဆန္ဒပြသူပေါင်း ငါးထောင်မှ ဒရုန်းအသုံးပြု၍ တိုင်းပြည်အားစော်ကားနေမှုများကို ချက်ခြင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ ယင်းဆန္ဒပြမှုကို ပါကစ္စတန်ကာကွယ်ရေးကောင်စီမှ ကြီးမှူးစီစဉ်၍ ဘာသာရေးနှင့်နိုင်ငံရေး အစုအဖွဲ့ပေါင်း ၄၀ ပါဝင်ခဲ့သည်ဟု အေပီသတင်းက ဆိုသည်။ ပါကစ္စတန်မှတဆင့် အာဖဂန်သို့ နေတိုးရိက္ခာပို့လမ်းကြောင်းအား ပိတ်ဆို့ရန်ကိုလည်း ဆန္ဒပြသူများက ဆန္ဒဖော်ထုတ်ကြွေးကြော်ခဲ့ကြောင်းလည်း သိရသည်။

    ၎င်းမတိုင်မီ တစ်လက ပါကစ္စတန် ခရစ်ကက်အားကစားအကျော်အမော် Imran Khan ဦးဆောင်သော Pakistan Tehreek-e-Insaaf (PTI) ပါတီမှ  စီအိုင်အေ၏ ဒရုန်းအသုံးပြု “နယ်ကျော် အမြတ်ထုတ်မှု”ကို တားဆီးရန် ပါကစ္စတန်အနောက်မြောက်ပိုင်း၊ ဟန်ဂူးခရိုင်၊ Tal ရဲဌာနသို့ ပစ်စာပို့ခဲ့သည်။ မီဒီယာများတွင် အဆိုပါစာကို ဖော်ပြခဲ့သော်လည်း အစစ်အမှန် ဟုတ်မဟုတ်ကိုမူ အတည်မပြုနိုင်ခဲ့။

    ၎င်းစာအတွင်း PTI ၏ ဒုပြန်ကြားရေးမှူး Shireen Mazarisaid က “အစ္စလာမဘတ်မှာ ရှိတဲ့ စီအိုင်အေလျှို့ဝှက်ဌာနခေါင်းဆောင်၊ စီအိုင်အေဒါရိုက်တာ John O. Brennan တို့ကို နယ်ကျော်အမြတ်ထုတ်ပြီး လူသတ်မှု၊ ပါကစ္စတန်အပေါ်စစ်ဆင်မှုအတွက် တရားခံစာရင်း သွင်းလိုပါတယ်။ စီအိုင်အေဌာနအကြီးအကဲဆိုတာ သံတမန်ရာထူး မဟုတ်ပါဘူး။ ဒါကြောင့် သူ့အနေနဲ့ သံတမန်အရေမခြုံအပ်ပါဘူး။ ပါကစ္စတန်ရဲ့ ပြည်တွင်းဥပဒေဘောင်အတွင်းမှာပဲ နေထိုင်ရမှာဖြစ်ပါတယ်” ဟု ရေးသားထားသည်။

    ဆိုမားလီးယား (၂၀၀၇ မှ ယနေ့တိုင်)
    ————————————-
    ကင်ညာနှင့် တန်ဇန်နီးယားရှိ အမေရိကန်သံရုံးများကို ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၀၀ သေဆုံးမှုတွင် တာဝန်ရှိသည်ဟုယူဆသော ဆိုမားလီးယားမှ ၀ါရှင်တန်၏သံသယရှိသူ အလ်ကိုင်ဒါခေါင်းဆောင်များအား ၂၀၀၇ ဇန္န၀ါရီလ၌ အမေရိကန်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို ဆိုမားလီးယားသမ္မတ Abdullahi Yusuf Ahmed မှ အပြည့်အ၀ ထောက်ခံရပ်တည်ခဲ့သည်။

    ဆိုမားလီးယားတွင် ၀ါရှင်တန်၏ “အကြမ်းဖက်တန်ပြန်စစ်ဆင်ရေး”ခေါင်းစဉ်တပ် အမေရိကန်ပါဝင်စွက်ဖက်မှုကို ကမ္ဘာ့အသိုင်းအ၀ိုင်းက စိတ်ဝင်စားမှု နည်းပါးခဲ့သည်။

    သို့သော် အလ်ကိုင်ဒါနှင့်အချိတ်အဆက်ရှိနေသော Al-Shabaab အုပ်စုမှ ဆိုမာလစ်ဂျိဟာ့ဒ် သမားတို့သည် မိမိတို့ခေါင်းဆောင် Ahmed Godane မှာ လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ကြောင်း စက်တင်ဘာလအစောပိုင်းက အတည်ပြုခဲ့သည်။ ၎င်းနောက် လက်စားချေတိုက်ခိုက်မှုကို လုပ်ဆောင်မည်ဟု ကြေငြာလိုက်ကြသည်။ ဆိုမားလီးယား ဗဟိုတောင်ပိုင်းရှိ Godane ၏ ယာယီစခန်းများသို့ အမေရိကန်တပ်ဖွဲ့များက ဒုံးကျည်များ၊ လေဆာရောင်ခြည်သုံး လက်နက်များဖြင့် ဖြိုခွင်းခဲ့သည်ဟု ရိုက်တာမှ သတင်းဖော်ပြသည်။ ခုနှစ်လတာ အတွင်း ဆိုမားလီးယား၌ ပထမဆုံးအကြိမ် ဖြစ်သည်။

    လစ်ဗျား
    ———
    လစ်ဗျားသည် ဥရောပနှင့် နေတိုးတပ်ဖွဲ့တို့၏ ဗုံးခွင်းစစ်ဆင်ရေးများမှ ခြွင်းချက်ပေးခံထားရခြင်း ဖြစ်နိုင်ပေသည်။ သို့သော် အမေရိကန်က ယင်းသို့ပြုလုပ်ရန် အချက်ပေးခဲ့ပြီး လစ်ဗျားခေါင်းဆောင်ဟောင်း Muammar Gaddafi ကို ၂၀၁၁ မတ်လတွင် ဖြုတ်ချရန် ကြိုးစားခဲ့သည်။ “နေရာကဆင်း၊ မဆင်းရင် ဗုံးကြဲရလိမ့်မယ်” ကဲ့သို့ ရည်ညွန်းသော ရာဇသံကို ဘားရက်အိုဘားမားက ပေးပို့ရာ ကဒါဖီမှ ၀ါရှင်တန်၏ တောင်းဆိုချက်ကို ငြင်းပယ်သဖြင့် များမကြာမီ စစ်ရေးအရအရေးယူမှု စတင်တော့သည်။

    ပြည်တွင်းစစ်မှာ ၈ လအတွင်း ပြီးဆုံးခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ အုပ်စုကွဲတို့အကြား ဖရိုဖရဲဖြစ်ခြင်းနှင့် တိုက်ပွဲများကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ နှစ်ဖက်အုပ်စုမှ လစ်ဗျားပြည်သူတို့ ထောင်နှင့်ချီ၍ သေဆုံးကြရပြီး ၎င်းအတွင်း အရပ်သား အများအပြား ပါဝင်ခဲ့ပေသည်။

    xxxxxxxxxxxxxxxxxxxxxx

    ပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
    Ref : Obama bombs 7th country in 6 years (RT)

  • အစ္စလာမ်က ငြိမ်းချမ်းရေးကို သင်ကြားပေးသည့် သာသနာဖြစ်ကြောင်း  အိုဘာမား ကုလ မိန့်ခွန်းမှာ ထည့်ပြော

    အစ္စလာမ်က ငြိမ်းချမ်းရေးကို သင်ကြားပေးသည့် သာသနာဖြစ်ကြောင်း အိုဘာမား ကုလ မိန့်ခွန်းမှာ ထည့်ပြော

    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media

    အစ္စလာမ်မှာ ငြိမ်းချမ်းရေးကို သင်ကြားပြီး အကြမ်းဖက် အဖွဲ့များမှာ အစ္စလာမ်သာသနာနှင့် ဘာမှမဆိုင်ဟု အမေရိကန်သမ္မတ အိုဘားမား ကုလ မိန့်ခွန်းတွင်ထည့်ပြော

    25-09-14_Islam-Teaches-Peace-Obama-to-UN

    – အစ္စလာမ်သာသနာမှာ ငြိမ်းချမ်းရေးကို သင်ကြားသည့် သာသနာဖြစ်ပြီး မိမိတို့မှာ အစ္စလာမ်သာသနာအပေါ် စစ်ဆင်နွှဲခြင်းမဟုတ်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကုသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားသောမိန့်ခွန်း၌ ထည့်သွင်း ပြောဆိုသွားခဲ့သည်။

    “အမေရိကန်ပြည်ထောင်စုဟာ အစ္စလာမ်သာသနာနဲ့ စစ်ဖြစ်နေတာမဟုတ်ဘဲ ဘယ်တော့မှလည်း စစ်ဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ အစ္စလာမ်ဟာ ငြိမ်းချမ်းမှုကို သင်ကြားပြီး ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေဟာ ဂုဏ်သိက္ခာရှိစွာနဲ့ တရားမျှတမှုအောက်မှာ နေထိုင်ဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ အမေရိကကို အစ္စလာမ်သာသနာ ရောက်လာတဲ့အခါမှာလည်း “သူတို့နဲ့ ငါတို့” ဆိုတာမျိုး မရှိပါဘူး။ (ခွဲခြားတာမျိုး မရှိပါဘူး) “ငါတို့” ဆိုတာပဲရှိပါတယ်။ သန်းပေါင်းများစွာသော အမေရိကန် မွတ်စလင်တွေဟာ ကျွန်တော်တို့တိုင်းပြည် လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းတွေ ဖြစ်နေတာကြောင့်ပါ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် အိုဘားမားမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေများကို သိမ်းယူကာ အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် ISIL အဖွဲ့၏ အိုင်ဒီယာမှာ အစ္စလာမ်သာသနာ၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေသည်ဟု ကျော်ကြားသည့် မွတ်စလင် ဓမ္မပညာရှင် ဘင်ဘိုင်ယဟ်၏ ဖသ်ဝါ ဓမ္မသတ်ကို ထောက်ပြ၍ ပြောဆိုခဲ့သည်။

    ထို့ပြင် ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စလင်များက ISIL ၏ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချမှုများနှင့် ပတ်သက်၍လည်း အိုဘားမားက ချီးကျူးခဲ့သည်။

    “ ‘notinmyname’  လှုပ်ရှားမှုကို စတင်ပြီး အကြမ်းဖက်သမားရဲ့ ၀ါဒဖြန့်မှုကို တုံ့ပြန်တဲ့ ဗြိတိန် မွတ်စလင်တွေကိုကြည့်ပါ” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    ISIL အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်မှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက လက်နပ်တပ်ဆင်လေ့ကျင့်ပေးထားသည့် ဆီးရီးယားသူပုန်အများစု ပါဝင်သည်ဟု အနောက်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    အီရန်သမ္မတ ရူဟာနီကမူ အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မဟာဗျူဟာအမှားများက အကြမ်းဖက်ဝါဒကို ဖြစ်ပေါ်စေသည်ဟု ကုလ၌ ကြာသာပတေးနေ့က ပြောကြားသောမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

  • သမီးနှင့် မြေး ၆ ယောက်အား သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေမှု အမေရိကန်တွင်ဖြစ်ပွား

    သမီးနှင့် မြေး ၆ ယောက်အား သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေမှု အမေရိကန်တွင်ဖြစ်ပွား

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media

    1411088384234_Image_galleryImage_BELL_Gilchrist_County_She
    စပီးရစ်

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ မြို့ငယ်တစ်ခုတွင် မိမိကိုယ်ကို သတ်သေမှုဟု ယူဆရသည့် သေနတ်ဖြင့် ပတ်ခတ်မှုကြောင့် မိသားစုတစ်ခုအတွင်းမှ ကလေးငယ် ၆ ဦးအပါအ၀င် လူ ၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပြည်နယ်မြောက်ဘက် လူ ၃၅၀ ခန့်သာ နေထိုင်သည့် ဘဲလ်မြို့တွင်ယမန်နေ့က ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၁ နှစ်အရွယ်ရှိ ဒွန် စပီးရစ်ဆိုသူက အသက် ၂၈ နှစ်အရွယ် သမီးဖြစ်သူ ဆာရာ စပီးရစ်နှင့်အတူ မြေး ၆ ယောက်အား ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ဒွန် စပီးရစ်ကိုယ်တိုင်က မိမိမှာ ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်အောင် ဆောင်ရွက်တော့မည်ဟု ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သောကြောင့် တာဝန်ရှိသူများက စပီးရစ်၏ အိမ်သို့ လာရောက်ကြည့်ရှုခဲ့ရာမှာ စပီးရစ် အပါဝင် လူ ၈ ဦးသေဆုံးနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    မြေးများမှာ အသက် ၃ လမှ ၁၀ နှစ်အရွယ်အထိရှိကြပြီး ထိုသတ်ဖြတ်မှုမှာ မိမိကိုယ်ကို အဆုံးစီရင်သည့် လူသတ်မှုဖြစ်နိုင်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    စပီးရစ်မှာ၂၀၀၁ ခုနှစ်ကလည်း အမဲလိုက်ရင်း ထိုစဉ်က အသက် ၈ နှစ်အရွယ် သားဖြစ်သူကို မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိခဲ့ပြီး လူသတ်မှုဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသူဖြစ်သည်။

    ref_ Daily Mail