News @ M-Media

Category: အေမရိက

  • ပါလက်စတိုင်း ထောက်ခံသူများကို နှိမ်နှင်းရန် ကန်အာဏာပိုင်များအား ငွေကြေးဖြင့် ဂျူးသူဌေးများက ဖိအားပေးခဲ့

    ပါလက်စတိုင်း ထောက်ခံသူများကို နှိမ်နှင်းရန် ကန်အာဏာပိုင်များအား ငွေကြေးဖြင့် ဂျူးသူဌေးများက ဖိအားပေးခဲ့

    မေ ၁၇၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဆန္ဒပြမှုကို နှိမ်နှင်းသည့် မြင်ကွင်းတစ်ခု)

    -ဂါဇာမှာ အစ္စရေးရဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားတွေကို နှိမ်နှင်းရေး ဂျူးသူဌေးတွေက အမေရိကန် အာဏာပိုင်တွေကို ငွေကြေးနဲ့ ဖိအားပေးခဲ့ကြတယ်လို့ Washington Post သတင်းစာက ဖော်ပြပါတယ်။ 

    WhatsApp မှာ ဂျူးသူဌေးတွေ ဒီကိစ္စအတွက် တိုင်ပင်ဆွေးနွေးမှု မှတ်တမ်းတွေ ပေါက်ကြားလာပြီး Washington Post သတင်းဌာနက ရရှိခဲ့တာ ဖြစ်ပါတယ်။ 

    ပါလက်စတိုင်းတွေကို စာနာရေး ကျောင်းသားလှုပ်ရှားမှု စတင်ခဲ့တဲ့ ကိုလံဘီယာ တက္ကသိုလ်က ကျောင်းသားတွေကို နှိမ်နှင်းဖို့ အတွက် နယူးယောက်မြို့တော်၀န် အဲရစ် အဒမ်ကို ငွေကြေးလှူဒါန်းဖို့၊ ပုဂ္ဂလိက ထောက်လှမ်းရေးတွေကို ငွေပေးငှားပြီး ကျောင်းသားတွေကို ရှင်းလင်းဖို့ ဂျူးသူဌေးတွေက စီစဥ်ခဲ့ကြတာပါ။ 

    ဆွေးနွေးမှုမှာ ပါ၀င်တဲ့ ဂျူးသူဌေးတစ်ယောက်က မြို့တော်၀န် အဒမ်ကို ကန်ဒေါ်လာ ၂၁၀၀ လှူဒါန်းခဲ့တယ်လို့ ၀ါရှင်တန်ပို့စ် သတင်းဌာနကို ပြောပါတယ်။ အမေရိကန်ဥပဒေအရ နိုင်ငံရေးသမားတစ်ယောက်ကို အများဆုံး လှူဒါန်းနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ 

    အခြားဂျူးသူဌေးတွေကလည်း ကျောင်းသားတွေကို နယူးယောက် ရဲတပ်ဖွဲ့က ရင်ဆိုင်ရာမှာ ကူညီနိုင်ဖို့အတွက် ပုဂ္ဂလိက ထောက်လှမ်းရေးအဖွဲ့တွေကို သူတို့ငွေကြေးနဲ့ ငှားရမ်းအသုံးပြုဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ 

    ဒီကမ်းလှမ်းမှုကို မြို့တော်၀န် အဒမ်က လက်ခံခဲ့တယ်လို့ ဆွေးနွေးမှုမှာ ပါ၀င်သူ ဂျူးသူဌေးတစ်ယောက်က ၀ါရှင်တန်ပို့စ်ကို ပြောပါတယ်။ ကျောင်းသားလှုပ်ရှားမှုကို ကိုင်တွယ်ရာမှာ ပြင်ပ လက်နက်ကိုင်အဖွဲ့တွေကို အသုံးပြုခြင်း မရှိဘူးလို့ နယူးယောက်အာဏာပိုင်တွေက ထုတ်ပြန်ထားတာပါ။ 

    ဂျူးသူဌေးတွေက တက္ကသိုလ်ဥက္ကဌနဲ့ နယူးယောက်အာဏာပိုင်တွေကို အခြားနည်းလမ်းတွေနဲ့ ဖိအားပေးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ 

    ကိုလံဘီယာတက္ကသိုလ်မှာ အစ္စရေးရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီတက္ကသိုလ်က စတင်ခဲ့တဲ့ လှုပ်ရှားမှုဟာ အမေရိကန်နိုင်ငံတစ်၀ှမ်းက တက္ကသိုလ်တွေဆီ ပြန့်နှံ့သွားခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း အင်အားသုံး နှိမ်နှင်းမှု၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    တက္ကသိုလ်တစ်ချို့မှာတော့ ဆန္ဒပြမှုတွေ အခုအချိန်အထိ ရှိနေပါသေးတယ်။ 

    ပါလက်စတိုင်းထောက်ခံသူ ကျောင်းသားတွေကို နှိမ်နှင်းဖို့ အမေရိကန်အာဏာပိုင်တွေကို ငွေးကြေးနဲ့ ဖိအားပေးရေး ကြိုးပမ်းခဲ့ကြတဲ့ သူဌေးတွေထဲမှာ Starbucks စီအီးအိုဟောင်း Howard Schultz၊ Dell ကုမ္ပဏီကိုတည်ထောင်သူ စီအီးအို Michael Dell၊ Pershing Square Capital Management ကုမ္ပဏီကို တည်ထောင်သူ Bill Ackman၊ Thrive Capital လုပ်ငန်းတည်ထောင်သူ Joshua Kushner၊ အမေရိကန်သမ္မတဟောင်း ထရမ့်ရဲ့ သားမက်နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေး Jared Kushner တို့ ပါ၀င်ပါတယ်။ 

    မုန့်လုပ်ငန်း Kind LLC ကို တည်ထောင်သူ Daniel Lubetzky၊ Third Point ငွေကြေးလုပ်ငန်းကို တည်ထောင်သူ Daniel Loeb၊ ဘီလီယံနာသူဌေး Len Blavatnik နဲ့ အိမ်ခြံမြေသူဌေး Joseph Sitt တို့ကလည်း ဧပြီလ ၂၆ ရက်နေ့ နယူးယောက်မြို့တော်၀န် အဒမ်နဲ့ အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ အစည်းအ၀ေးကို သူတို့ တက်ရောက်ခဲ့တယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာကို ပြောကြားခဲ့ပါတယ်။ 

    Ref: Washington Post

  • GPS လွတ် AI ဖိုက်တာဂျက် ထုတ်လုပ်ရေးတွင် တရုတ်ထက်သာရန် အမေရိကန် ကြိုးပမ်းနေ

    GPS လွတ် AI ဖိုက်တာဂျက် ထုတ်လုပ်ရေးတွင် တရုတ်ထက်သာရန် အမေရိကန် ကြိုးပမ်းနေ

    မေ ၁၄၊ ၂၀၂၄

    M-Media 


    – GPS လွတ် AI ဖိုက်တာဂျက်တွေ ဖန်တီးထုတ်လုပ်ရာမှာ တရုတ်လို ပြိုင်ဘက်နိုင်ငံတွေထက် ရှေ့ကိုရောက်နေအောင် အမေရိကန်က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ 

    အမေရိကန် လေတပ်ဟာ AI အခြေပြု F-16 တိုက်လေယာဥ်နဲ့ လူမောင်း F-16 တိုက်လေယာဥ်တို့ စီးချင်းထိုးမှုကို မေလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ 

    ဒါဟာ အမေရိကန်လေတပ်ရဲ့ ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုမှာ သမိုင်းမှတ်တိုက်သစ် စိုက်ထူလိုက်နိုင်တာပါ။ 

    F-16 တိုက်လေယာဥ်မှာ အသုံးပြုမယ့် ဉာဏ်ရည်တုစနစ်ကို မြေပြင်မှာ အရင်ဖန်တီးတာဖြစ်ပြီး၊ ပြည့်စုံသွားမှ တိုက်လေယာဥ်ထဲ ထည့်သွင်း အသုံးပြုတာဖြစ်ပါတယ်။ အသုံးပြုပြီးတဲ့အခါမှာ ဒီစနစ်ကို လေယာဥ်ကနေ ဖယ်ရှားခဲ့ပါတယ်။ 

    ဉာဏ်ရည်တုနည်းပညာကို တိုက်ခိုက်ရေးအပြင်၊ လမ်းပြစနစ်မှာလည်း အသုံးပြုဖို့ အမေရိကန်လေတပ်က ကြိုးပမ်းနေပါတယ်။ GPS အစားထိုး AI လမ်းပြစနစ်သစ် ဖြစ်ပါတယ်။ 

    GPS ဟာ ဂြိုဟ်တုအခြေပြု လမ်းပြစနစ်ပါ။ ဂြိုဟ်တုတွေ တိုက်ခိုက်ခံရတာ၊ ဒါမှမဟုတ် နှောက်ယှက်ခံရတာမျိုးမှာ ဆက်သွယ်ရေး မပြတ်တောက်စေဖို့အတွက်ရည်ရွယ်ပြီး AI လမ်းပြစနစ်ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ 

    အမေရိကန်ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်မှာ တရုတ်နဲ့ အဓိက ယှဥ်ပြိုင်နေရတာ ဖြစ်ပါတယ်။ AI ကို စစ်ပွဲတွေမှာ အသုံးပြုလာရင် လူသားတွေ ထိခိုက်သေဆုံးမှုတွေ များပြားလာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ 

    အမေရိကန် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ခရစ္စတိုဖာ ဂရာဒီက ဉာဏ်ရည်တုနည်းပညာမှာ တရုတ်နဲ့ ယှဥ်ပြိုင်နေရတာကို အတည်ပြု ပြောဆိုပါတယ်။ 

    “ပြိုင်ဆိုင်မှုလို့ ခေါ်ချင်ခေါ်လို့ရပါတယ်။ တကယ်လည်း ပြိုင်ဆိုင်နေရတာပါ။ အနာဂတ်စစ်မြေပြင်မှာ AI ဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ နှစ်နိုင်ငံစလုံး သိထားကြပါတယ်။ ဒီအတွက် တရုတ်က အားထုတ်ကြိုးပမ်းနေသလို၊ ကျွန်တော်တို့လည်း အတူတူပါပဲ”

    Ref: Interesting Engineering

  • Crypto ဘုရင်ဟောင်း လိမ်လည်မှုဖြင့် ထောင် ၂၅ နှစ် ချမှတ်ခံရ

    Crypto ဘုရင်ဟောင်း လိမ်လည်မှုဖြင့် ထောင် ၂၅ နှစ် ချမှတ်ခံရ

    မတ် ၂၉၊ ၂၀၂၄

    M-Media 

    -နာမည်ကျော် ဒစ်ဂျစ်တယ်ငွေကြေး(Crypto) အိတ်ချိန်း (FTX) ကို တည်ထောင်သူ ဆမ် ဘန့်မန်းဖရိုင်းဟာ ဒေါ်လာဘီလီယံချီ လိမ်လည်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။ 

    ဖရိုင်းတည်ထောင်ခဲ့တဲ့ FTX ဟာ ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး အကြီးအကျယ် အောင်မြင်ခဲ့တာပါ။ 

    ဒါပေမယ့် ၂၀၂၂ ခုနှစ် စျေးကွက်အလှုပ်အခတ်မှာ ဖရိုင်းရဲ့လုပ်ငန်းဟာ ဒေ၀ါလီခံခဲ့ရပါတယ်။ ကုမ္ပဏီမပျက်ခင်မှာ ဖရိုင်းတစ်ယောက် ဖောက်သည်တွေထံကနေ ဒေါ်လာ ၈ ဘီလီယံကျော် အလွဲသုံးစားလုပ် ရယူခဲ့ပါတယ်။ 

    ဒီငွေတွေနဲ့ ဖရိုင်းဟာ အိမ်ယာအဆောက်အဦးတွေ၀ယ်တာ၊ နိုင်ငံရေးအသင်းအဖွဲ့တွေကို လှူဒါန်းတာနဲ့ အခြားရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

    လိမ်လည်မှုတွေနဲ့ ဖရိုင်းမှာ အပြစ်ရှိကြောင်း တွေ့ရတယ်လို့ အမှုကိုစစ်ဆေးနေတဲ့ နယူးယောက်တရားရုံးက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပြီး ပြစ်ဒဏ် ၂၅ နှစ်ကို မတ်လ ၂၈ ရက်နေ့မှာ ချမှတ်ခဲ့တာပါ။ 

    တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖရိုင်းက ဒီကိစ္စတွေအတွက် ဘာမှမသိကြောင်း၊ နောက်ဆုံးအချိန်ကျမှသိရတာဖြစ်ကြောင်း လိမ်လည်ထွက်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

    ငွေကြေးလိမ်လည်သူတစ်ယောက်အတွက် ထောင်ဒဏ် ၂၅ နှစ်ဟာ အမေရိကန်မှာ ပြင်းထန်တဲ့ အပြစ်ပေးမှုဖြစ်ပါတယ်။ ဒါပေမယ့် ဖရိုင်ကျူးလွန်ခဲ့တဲ့ လိမ်လည်မှုတစ်ခုစီတိုင်းအတွက် ဥပဒေပါသတ်မှတ်ချက်အတိုင်း အပြည့်အ၀ အပြစ်ပေးမယ်ဆိုရင် ထောင်ဒဏ် နှစ် ၁၀၀ ကျော် ကျခံရမှာ ဖြစ်ပါတယ်။ 

    Ref: BBC 

  • တိုက်တန်းနစ်ဖြစ်ရပ်ဆိုးမှ သမိုင်း၀င်သစ်သားပြား ဒေါ်လာ ၇ သိန်းကျော်ဖြင့် လေလံအောင်

    တိုက်တန်းနစ်ဖြစ်ရပ်ဆိုးမှ သမိုင်း၀င်သစ်သားပြား ဒေါ်လာ ၇ သိန်းကျော်ဖြင့် လေလံအောင်

    မတ် ၂၈၊ ၂၀၂၄

    M-Media 


    -ကမ္ဘာကျော် တိုက်တန်းနစ်ရုပ်ရှင်ထဲက နာမည်ကြီးသစ်သားပြားကို ပြီးခဲ့တဲ့တစ်ပတ် လေလံတင်ရောင်းချရမှာ ဒေါ်လာ ၇၁၈၇၅၀ ရရှိခဲ့ပါတယ်။ 

    မင်းသမီးရို့စ် အသက်ရှင်သန်ရေးအတွက် အရေးပါတဲ့ သစ်သားပြား ဖြစ်ပါတယ်။ တိုက်တန်းနစ်သင်္ဘော တိမ်းမှောက်ပြီး လူတွေ ရေပေါ် မျောနေစဥ်မှာ မင်းသားဂျက်က ရေထဲမှာ မျောလာတဲ့ သစ်သားပြားကို ယူပြီး မင်းသမီးရို့စ်ကို တင်ပေးခဲ့တာပါ။ 

    အဲဒီသစ်သားပြားကြောင့်ပဲ ရို့စ်ဟာ အသက်ရှင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒီသစ်သားပြားဟာ တကယ့် တိုက်တန်းနစ်သင်္ဘောက ပျက်ဆီးနေတဲ့ သစ်သားပြားကို နမူနာယူကာ အသေးစိတ် ဖန်တီးထားတာ ဖြစ်ပါတယ်။ 

    အငြင်းပွားဖွယ်သစ်သားပြား 

    မင်းသားဂျက် သေဆုံးသွားခဲ့တဲ့ ဒီဇာတ်၀င်ခန်းအတွက် ပရိတ်သတ်တွေထံက ၀ေဖန်မှုတွေ ရခဲ့တယ်လို့ တိုက်တန်းနစ်ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်းက ပြောပါတယ်။ 

    ရို့စ်ဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး ဂျက်ကလည်း ငပိန်းတစ်ယောက်ဖြစ်တယ်လို့ ပရိတ်သတ်တွေက ဆိုပါတယ်။ ဒီသစ်သားပြားဟာ ၂ ယောက်စလုံး တက်နေနိုင်တဲ့ အနေအထား ရှိတယ်လို့ စောဒက တက်ခဲ့ကြတာပါ။ 

    အလျား ၈ ပေ၊ အနံ ၃ ပေကျော်ရှိတဲ့ အဲဒီသစ်သားပြားမှာ လူနှစ်ယောက် တက်နေနိုင်တယ်ဆိုတဲ့ အငြင်းပွားမှုတွေ ရှိပေမယ့် ဇာတ်လမ်းအရ မင်းသားဂျက်ဟာ သေဆုံးရမှာဖြစ်တယ်လို့ ဒါရိုက်တာ ကင်မရွန်းက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ 

    Ref: BBC

  • ဘာလ်တီမိုးတံတားကျိုးကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    ဘာလ်တီမိုးတံတားကျိုးကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    မတ် ၂၇၊ ၂၀၂၄

    M-Media 


    -အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့က Francis Scott Key တံတား ကျိုးကျမှုအတွင်း အနည်းဆုံး လူ ၆ ဦးသေဆုံးဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    မတ်လ ၂၆ ရက်နေ့မနက်ပိုင်းက တံတားတိုင်တစ်ခုကို  ကွန်တိန်နာသင်္ဘောကြီး ၀င်တိုက်ခဲ့တာကြောင့် ကျိုးကျခဲ့တာပါ။ အခင်းဖြစ်ပွားစဥ် တံတားပေါ်မှာ လူ ၈ ဦး ရှိခဲ့ပြီး ၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ 

    ရှာမတွေသေးတဲ့ အခြား ၆ ဦးကို သေဆုံးသွားပြီလို့ ယူဆကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အန္တရာယ်ရှိတဲ့ အနေအထားကြောင့် ရှာဖွေကယ်ဆယ်မှုတွေကို မတ်လ ၂၈ ရက်နေ့မှ ပြန်လည်လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ 

    သေဆုံးသွားပြီလို့ ယူဆရသူ ၆ ဦးဟာ ဂွါတီမာလာ၊ အလ်ဆာဗေဒိုးနဲ့ မက္ကဆီကိုတို့က ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်ပါတယ်။

    တံတားကို ၀င်တိုက်ခဲ့တဲ့ ကွန်တိန်နာသင်္ဘော Dali ဟာ စင်ကာပူအလံလွှင့်ထားတဲ့ သင်္ဘောပါ။ တံတားကိုမတိုက်ခင်မှာ ကမ်းခြေစောင့်အဖွဲ့ကို အန္တရာယ်ရှိနေကြောင်း သတင်းပေးပို့ခဲ့ပြီး တံတားက ကားအသွားအလာကို ရှင်းလင်းထားဖို့ အကြောင်းကြားခဲ့ပါတယ်။ 

    တံတားကို၀င်မတိုက်ခင် Dali သင်္ဘောဟာ အင်ဂျင်ရော၊ လျှပ်စစ်စနစ်အားလုံး ပြတ်တောက်သွားကြောင်း ကနဦးစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။ 

    ဒီသင်္ဘောဟာ ပြီးခဲ့တဲ့နှစ်က အင်ဂျင်ပိုင်းနဲ့ စက်ကိရိယာပိုင်းဆိုင်ရာ ပြဿနာကြောင့် ချီလီနိုင်ငံမှာ တစ်ထောက်နား ပြင်ဆင်ခဲ့ရဖူးပါတယ်။ 

    Francis Scott Key တံတား ကျိုးကျမှုကြောင့် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းက ကုန်သွယ်ရေးကို ထိခိုက်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: CNN