News @ M-Media

Category: ဥေရာပ

  • ယူကေရွေးကောက်ပွဲတွင် လေဘာပါတီက အံ့အားသင့်ဖွယ် အပြတ်အသတ် အနိုင်ရ

    ယူကေရွေးကောက်ပွဲတွင် လေဘာပါတီက အံ့အားသင့်ဖွယ် အပြတ်အသတ် အနိုင်ရ

    ဇူလိုင် ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ယူကေ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ဆာ ကီယာ စတာမာ)

    -ဇူလိုင်လ ၄ ရက်နေ့က ကျင်းပတဲ့ ယူကေရွေးကောက်ပွဲမှာ လေဘာပါတီဟာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲအပြတ်အသတ်ရပြီး အနိုင်ရရှိခဲ့ပါတယ်။

    ပါတီခေါင်းဆောင် ဆာ ကီယာ စတာမာဟာ ယူကေရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာမှာဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့မှာ အစိုးရသစ်ကို ဖွဲ့စည်းကြေငြာမှာ ဖြစ်ပါတယ်။

    “အပြောင်းအလဲတွေ အခုအချိန်ကနေ စတင်ပါပြီ။ ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် ကျေနပ်မိပါတယ်” လို့ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာပြီးနောက် လန်ဒန်မြို့လယ်ကောင်မှာ လေဘာပါတီ ထောက်ခံသူတွေကို စတာမာက ပြောကြားခဲ့ပါတယ်။

    ခေါင်းဆောင်ဟောင်း ဂျယ်ရီမီ ကောရ်ဘန်လက်ထက် ၂၀၁၉ ခုနှစ်က ရွေးကောက်ပွဲမှာ သမိုင်းတစ်လျှောက် အနည်းဆုံးအဖြစ် အမတ်နေရာ ၂၀၂ နေရာသာ နိုင်ခဲ့တဲ့ လေဘာပါတီဟာ အခုရွေးကောက်ပွဲမှာ ၄၁၁ နေရာအထိ အနိုင်ရခဲ့ပါတယ်။

    လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီက ၁၁၉ နေရာသာ အနိုင်ရရှိထားပါတယ်။

    ကတိက၀တ်

    မဲဆွယ်ပွဲတွေမှာ လေဘာပါတီဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျဆင်းခဲ့တဲ့ ယူကေစီးပွားရေး ဦးမော့အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ စီမံကိန်းစနစ်ကို ပြုပြင်ပြောင်းလဲဖို့၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို၀င်လာစေဖို့လည်း လေဘာပါတီက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    လေပါတီက ဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ အလုပ်သမားဥပဒေကို ပြင်ဆင်ရေးဆွဲတာ၊ ရထားပို့ဆောင်ရေးကဏ္ဍ အားလုံးနီးပါးကို နိုင်ငံပိုင်အဖြစ် ပြန်လည်လုပ်ဆောင်တာ၊ နိုင်ငံပိုင် စွမ်းအင် လုပ်ငန်းတွေ ထူထောင်တာ၊ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတာတွေလည်း ပါ၀င်မှာ ဖြစ်ပါတယ်။

    Ref : BBC


  • အပြန်အလှန် စစ်ရေးဖြင့် ကာကွယ်ပေးရေး သဘောတူညီချက် ရခဲ့သည့် ရုရှားနှင့် မြောက်ကိုရီးယား

    အပြန်အလှန် စစ်ရေးဖြင့် ကာကွယ်ပေးရေး သဘောတူညီချက် ရခဲ့သည့် ရုရှားနှင့် မြောက်ကိုရီးယား

    ဇွန် ၂၁၊ ၂၀၂၄
    M-Media 

    -တိုက်ခိုက်မှုတွေနဲ့ ကြုံလာရတဲ့အခါ အပြန်အလှန် စစ်ရေးနဲ့ ကူညီပေးဖို့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ သဘောတူညီခဲ့ကြပါတယ်။

    ရုရှားသမ္မတပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဥ်အတွင်း ဇွန်လ ၁၉ ရက်နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ 

    ရုရှားဟာ မြောက်ကိုရီးယားကို လက်နက်တွေ ထောက်ပံ့ပေးသွားနိုင်တယ်လို့လည်း သမ္မတပူတင်က ဇွန်လ ၂၀ ရက်နေ့ ဗီယက်နမ်နိုင်ငံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးပြီး ရုရှားကိုတိုက်ခိုက်ဖို့ ခွင့်ပြုတဲ့အတွက် တုန့်ပြန်တာလို့လည်း သူက ဆိုပါတယ်။ 

    အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ရန်ဖက်တိုင်းပြည်တွေကို လက်နက်တွေ ထောက်ပံ့ပေးသွားနိုင်တယ်လို့ ပူတင်က ဇွန်လအစောပိုင်းမှာ ပြောကြားထားပါတယ်။ 

    မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနောက်နိုင်ငံတွေကို တားဆီးရေး ဖြစ်လာမယ်လို့လည်း ပူတင်က ဆိုပါတယ်။ မြောက်ကိုရီးယားစစ်သားတွေကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုမယ်ဆိုတဲ့ သတင်းတွေကိုတော့ ပူတင်က ငြင်းဆိုပါတယ်။ 

    ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲမှာ မြောက်ကိုရီးယားက ရုရှားကို လက်နက်ခဲယမ်းတွေ အမြောက်အများ ထောက်ပံ့ပေးထားတယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားကြပြီး ရုရှားနဲ့ မြောက်ကိုရီးယားက ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: Reuters 

  • တစ်ချက် ၁၃ ဒေါ်လာသာ ကျမယ့် ယူကေရဲ့ စွမ်းအားမြင့် လေဆာလက်နက်

    တစ်ချက် ၁၃ ဒေါ်လာသာ ကျမယ့် ယူကေရဲ့ စွမ်းအားမြင့် လေဆာလက်နက်

    ဇွန် ၁၀၊ ၂၀၂၄

    M-Media 


    -DragonFire လို့ အမည်ပေးထားတဲ့ ယူကေရဲ့ ပထမဆုံး လေဆာလက်နက်နဲ့ ကောင်းကင်က ပစ်မှတ်တွေကို စမ်းသပ် ပစ်ခတ်ရာမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 

    စတာလင်ပေါင် သန်း ၁၀၀ တန်ဖိုးရှိတဲ့ DragonFire စီမံကိန်းကို ယူကေ ကာကွယ်ရေး၀န်ကြီးဌာနက ၂၀၁၇ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာပါ။ 

    လက်ရှိ စမ်းသပ်ဆဲအဆင့်မှာ ကြည်း၊ ရေ၊ လေ ပစ်မှတ်တွေကို တိတိကျကျ ထိမှန်အောင် ပစ်ခတ်နိုင်တာကို တွေ့ရပါတယ်။ DragonFire က ၁၀ မိနစ်တာထွက်တဲ့ အပူချိန်ဟာ လေပူပေးစက်က တစ်နာရီထွက်တဲ့ အပူချိန်နဲ့ ညီမျှပါတယ်။

    DragonFire နဲ့ တစ်ချက်ပစ်ခတ်မှုဟာ ကုန်ကျစားရိတ် ၁၀ ပေါင် (၁၃ ဒေါ်လာ) သာ ကျသင့်မှာဖြစ်ပြီး ဒါဟာ ဒုံးကျည်အခြေပြု လေကြောင်းရန် ကာကွယ်ရေးစနစ်တွေထက် ကုန်ကျစားရိတ် ပိုမို သက်သာစေပါတယ်။ 

    “စျေးကြီးတဲ့ လက်နက်ခဲယမ်းတွေကို မှီခိုနေရမှု၊ ဘေးထွက်ပျက်ဆီးဆုံးရှုံးမှုတွေကို လျှော့ချနိုင်တာကြောင့် ဒီ နောက်ဆုံးပေါ်လက်နက်ဟာ စစ်ပွဲတွေကို ပြောင်းလဲပစ်နိုင်မှာပါ” လို့ ယူကေ ကာကွယ်ရေး၀န်ကြီး ဂရန့်ရှပ်က ပြောပါတယ်။ 

    ယူကရဲ့ DragonFire လေဆာလက်နက်ဟာ လက်ရှိ သုသေသနအဆင့်မှာသာ ရှိနေသေးပြီး လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့အတွက် စတာလင်ပေါင်သန်းရာချီ ကုန်ကျမှာ ဖြစ်ပါတယ်။ 

    static high-power လေဆာရောင်ခြည်ကို ပထမဆုံး အသုံးပြုနိုင်မှု၊ ကုန်းမြေနဲ့ ရေပြင်မှာ ရွေ့လျားပစ်မှတ်တွေကို တိတိကျကျနဲ့ ပစ်ခတ်နိုင်မှု စတဲ့ မှတ်တမ်းကောင်းတွေကို DragonFire က ပိုင်ဆိုင်ထားပါတယ်။ 

    Ref: Interesting Engineering

  • အမေရိကန် ဂြိုဟ်တုတွေကို ရုရှားက တိုက်ခိုက်တော့မှာလား

    အမေရိကန် ဂြိုဟ်တုတွေကို ရုရှားက တိုက်ခိုက်တော့မှာလား

    မေ ၂၃၊ ၂၀၂၄

    M-Media


    -မေလ ၂၃ ရက်နေ့ ရုရှားရဲ့ ဂြိုဟ်တုလွှတ်တင်မှုမှာ အာကာသထဲရှိနေတဲ့ ဂြိုဟ်တုတွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်မျိုး ပါ၀င်တယ်လို့ ယုံကြည်ကြောင်း အမေရိကန်က ထုတ်ပြန်လာပါတယ်။ 

    ဆိုယုဇ်ဒုံးပျံနဲ့ ကမ္ဘာပတ်လမ်းထဲ ရုရှားကလွှတ်တင်မှုမှာ ဂြိုဟ်တု အနည်းဆုံး ၉ လုံး တင်ဆောင်သွားပါတယ် အဲဒီအထဲမှာ COSMOS 2576 အမည်နဲ့ ဂြိုဟ်တုလည်း ပါ၀င်ပါတယ်။ 

    COSMOS 2576 ဂြိုဟ်တုဟာ အာကာသထဲက အခြားဂြိုဟ်တုတွေကို ထောက်လှမ်း တိုက်ခိုက်နိုင်တဲ့ လက်နက်တစ်မျိုးဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပြီး အရင်ကတည်းက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ 

    အမေရိကန် အာကာသဆိုင်ရာ စစ်ဌာနချုပ်ရဲ့ ထုတ်ပြတ်ချက်မှာ ရုရှားဟာ COSMOS 2576 ဂြိုဟ်တုကို အမေရိကန် ဂြိုဟ်တုတွေ ရှိနေတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ခဲ့တာဖြစ်ပြီး ဒါကို ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။ 

    ရုရှားရဲ့ ဒီလွှတ်တင်မှုကို အမေရိကန်ထောက်လှမ်းရေးက ကြိုတင်ခန့်မှန်းထားပြီး၊ မဟာမိတ်နိုင်ငံတွေကိုလည်း သတင်းအချက်အလက်တွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။ 

    ရုရှားရဲ့ ဒုတိယနိုင်ငံခြားရေး၀န်ကြီး ဆာဂျီ ရှဘ်ကော့ဗ်က အမေရိကန်ရဲ့ စွပ်စွဲမှုကို ပယ်ချခဲ့ပြီး ရုရှားဟာ ကမ္ဘာပတ်လမ်းမှာ လက်နက်တွေ ချထားမှုကို ဆန့်ကျင်တယ်လို့ တုန့်ပြန်ပါတယ်။ 

    “၀ါရှင်တန်ကလာတဲ့ သတင်းမှားတွေကို တုန့်ပြန်စရာ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်”

    Ref: Reuters 

  • နှစ် ၁၀၀ ကျော်မှ ရောင်းချခွင့်ရသည့် ရှေးဟောင်းဒင်္ဂါးများ

    နှစ် ၁၀၀ ကျော်မှ ရောင်းချခွင့်ရသည့် ရှေးဟောင်းဒင်္ဂါးများ

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -ဒိန်းမတ်နိုင်ငံက ထောပတ်လုပ်ငန်းရှင် သူဌေး လာစ်အီမီလ် ဘရွန် စုဆောင်းထားခဲ့တဲ့ ရှေးဟောင်ဒင်္ဂါးတွေကို အခုနှစ်နွေရာသီမှာ လေလံပစ်တော့မယ်လို့ သိရပါတယ်။ 

    ဘရွန်ရဲ့ စုဆောင်းမှုမှာ ဒင်္ဂါးပေါင်း ၂ သောင်း ပါ၀င်ပြီး လက်ရှိကာလပေါက်စျေးအရ ကန်ဒေါ်လာ ၇၅ သန်းလောက် တန်ကြေးရှိပါတယ်။ 

    ရှေးဟောင်းဒင်္ဂါး စုဆောင်းမှုသမိုင်းမှာ တန်ကြေးအများဆုံး စုဆောင်းမှုလည်း ဖြစ်ပါတယ်။ 

    ဘရွန်ကို ၁၈၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ထောပတ်လုပ်ငန်းနဲ့ ချမ်းသာပြီးနောက်ပိုင်း ဒိန်းမတ်၊ နော်၀ေနဲ့ ဆွီဒင်တို့က ရှေးဟောင်းဒင်္ဂါးတွေကို ရှာဖွေ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ 

    ပထမကမ္ဘာစစ်ပြီးနောက်ပိုင်း သူရေးသားခဲ့တဲ့ သေတမ်းစာမှာ သူ့ရဲ့စုဆောင်းမှုကို နှစ်ပေါင်း ၁၀၀ တိတိ သိမ်းထားပြီးမှ ရောင်းချဖို့ ဖော်ပြထားပါတယ်။ 

    သူစုဆောင်းထားတဲ့ ရှေးဟောင်းဒင်္ဂါးတွေထဲက တစ်ချို့ဟာ တစ်ပြားကို ဒေါလာ တစ်သန်းလောက်အထိ တန်ကြေးရှိပါတယ်။ 

    အများပြည်သူကို လေလံမပစ်ခင် ဒိန်းမတ်အမျိုးသားပြတိုက်က ရှေးဟောင်း ရွှေဒင်္ဂါး ၆ ပြားနဲ့ ငွေဒင်္ဂါးတစ်ပြားကို စုစုပေါင်း ဒေါ်လာ ၁ သန်းကျော်နဲ့ ၀ယ်ယူခဲ့ပါတယ်။ 

    Ref: Sky News