News @ M-Media

Category: ဥေရာပ

  • ရုရှား ကာကွယ်ရေး၀န်ကြီးနေရာ အပြောင်းအလဲဖြစ်

    ရုရှား ကာကွယ်ရေး၀န်ကြီးနေရာ အပြောင်းအလဲဖြစ်

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -ရုရှားသမ္မတ ပူတင်ဟာ နှစ်အကြာကြီး တွဲလာတဲ့ လူယုံတစ်ဦးဖြစ်သူ ကာကွယ်ရေး၀န်ကြီး ဆာဂျီ ရှိုဂူကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

    ၂၀၁၂ ခုနှစ်ကတည်းက ကာကွယ်ရေး၀န်ကြီးတာ၀န် ထမ်းဆောင်လာတဲ့ အသက် ၆၈ နှစ်အရွယ် ရှီုဂူဟာ ရုရှားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူး ဖြစ်လာမှာ ဖြစ်ပါတယ်။ 

    ရုရှားသမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ကာကွယ်ရေး၀န်ကြီးဌာနဟာ ဆန်းသစ်တဲ့ အတွေးအခေါ်ရှိသူကို လိုအပ်နေပြီး ဒုတိယ၀န်ကြီးချုပ် အန်ဒရေ ဘယ်လူဆော့ဗ်က ကာကွယ်ရေး၀န်ကြီးတာ၀န် ယူသွားမယ်လို့ ဖော်ပြပါတယ်။ 

    ရှိုဂီဟာ သမ္မတပူတင်နဲ့ ပုဂ္ဂိုလ်ရေးအရပါ အလွန်ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။ ရုရှားထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ စစ်ဖက်ကလာတာမဟုတ်ဘဲနဲ့ ကာကွယ်ရေး၀န်ကြီးရာထူး ပေးအပ်ခံရတဲ့အထိ ပူတင်ရဲ့ ယုံကြည်မှုကို ရရှိထားသူပါ။ 

    ကာကွယ်ရေး၀န်ကြီးသစ်ဖြစ်လာမယ့် ဘယ်လူဆော့ဗ်ဟာ ရှိုဂီလိုပဲ စစ်ဖက်ကျောထောက်နောက်ခံမရှိဘဲ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်ပါတယ်။ 

    Ref: BBC  

    (ငါးဖမ်းခရီးတစ်ခုတွင် သမ္မတပူတင်နှင့်အတူ တွေ့ရသည့် ရှိုဂီ)

  • ဂျာမနီတွင် ခပတ်(Kebab)ဟင်းလျာ စျေးတက်မှု အစိုးရက ဖြေရှင်းပေးမလား

    ဂျာမနီတွင် ခပတ်(Kebab)ဟင်းလျာ စျေးတက်မှု အစိုးရက ဖြေရှင်းပေးမလား

    မေ ၁၂၊ ၂၀၂၄

    M-Media 


    -ဂျာမနီမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ Kebab ဟင်းလျာ စျေးတက်မှုကို အစိုးရက ၀င်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ 

    လက်ရှိ ဂျာမနီမှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့အတူ Kebab စျေးနှုန်းဟာ ၁၀ ယူရိုကျော်လာတော့မယ့် အန္တရာယ် ရှိနေတာပါ။ Kebab ဟင်းလျာ စျေးတက်မှုနဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံရေးသမားတွေကြား ပြောကြားမှုတွေလည်း ရှိလာပါတယ်။

    ဂျာမနီအဓိပတိ အိုလက်ဖ်စကော့ဇ်က သူသွားတဲ့နေရာတိုင်းမှာ Kebab စျေးနှုန်းတက်လာမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုမှု ရှိနေတယ်လို့ ပြောပါတယ်။ 

    ဂျာမန်လက်၀ဲပါတီ Left Party က Kebab စျေးကျရေး အစိုးရရန်ပုံငွေနဲ့ ထောက်ပံ့ကူညီပေးဖို့ လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။  

    Kebab တစ်ပွဲကို ပုံမှန် ၄ ဒဿမ ၉၀ ယူရို၊ ကျောင်းသားတွေအတွက် ၂ ဒဿမ ၅၀ ယူရိုနဲ့ ရောင်းချပေးနိုင်ရေး အစိုးရက ကြား၀င်ဆောင်ရွက်ဖို့ လက်၀ဲပါတီက အကြံပြုပါတယ်။ 

    “လူငယ်တွေက ဒီကိစ္စအကြောင်း ပြောလာပြီဆိုရင် အိုလက်ဖ် အနေနဲ့ Kebab စျေးကျအောင် ဆောင်ရွက်ပေးရပါမယ်။ ဒီကိစ္စဟာ အွန်လိုင်းပေါ်က ရယ်စရာမျိုး မဟုတ်တော့ပါဘူး။ အကူအညီပေးဖို့ တောင်းဆိုနေတာပါ။ Kebab ဟင်းလျာ လူတိုင်းစားနိုင်တဲ့ အစားအစာမျိုးဖြစ်အောင် အစိုးရက ကြား၀င် ဆောင်ရွက်ပေးရပါမယ်” လို့ လက်၀ဲပါတီ အမှုဆောင်ကော်မတီအဖွဲ့၀င် ကာသီ ဂယ်ဘဲလ်က ပြောပါတယ်။ 

    ဂျာမနီမှာ တစ်နှစ်ကို Kebab ဟင်းပွဲ သန်းပေါင်း ၁၃၀၀ ကျော် စားသုံးနေကြပါတယ်။ 

    Ref: Sky News 

  • အကောင် ၂ သန်းတွင် တစ်ကောင်သာရှိသည့် အပြာရောင် ကျောက်ပုဇွန်

    အကောင် ၂ သန်းတွင် တစ်ကောင်သာရှိသည့် အပြာရောင် ကျောက်ပုဇွန်

    မေ ၁၀၊ ၂၀၂၄

    M-Media 


    -အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းက ကွန်း၀ေါ်လ် ကမ်းရိုးတန်းမှာ ရှားပါး အပြာရောင်ကျောက်ပုဇွန်တစ်ကောင်ကို တံငါသည်တစ်ဦးက တွေ့ရှိခဲ့ပါတယ်။ 

    မျိုးရိုးဗီဇ ချို့ယွင်းမှုတစ်ခုကြောင့် ခန္ဓာကိုယ်တွင်း ပရိုတိန်းတစ်မျိုး အထွက်များပြီး အပြာရောင် ဖြစ်နေတာလို့ အောက်စဖို့ဒ်တက္ကသိုလ် သတ္တဗေဒဌာနက ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ 

    ဒီလို အပြာရောက်ကျောက်ပုဇွန်မျိုးကို အကောင် ၂ သန်းမှာ တစ်ကောင်လောက်သာ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ 

    ကျောက်ပုဇွန်ကို ရခဲ့တဲ့ ငါးဖမ်းသမား ဇနီးမောင်နှံက ဒီပုဇွန်ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ဖို့အတွက် ဒေသတွင်း အဏ္ဏ၀ါဗေဒ စောင့်ရှောက်ရေးစင်တာကို လွှဲပြောင်းပေးခဲ့ပါတယ်။ 

    ကျောက်ပုဇွန်ရဲ့ အရှည်ဟာ ၈၇ မီလီမီတာ ရှိတဲ့အတွက် အင်္ဂလိပ်ဥပဒေအရ ပင်လယ်ထဲ ပြန်လွှတ်ပေးဖို့ မလိုအပ်ပါဘူး။ 

    Ref: BBC 

  • နျူလက်နက်ပါ၀င်မည့် စစ်ရေးလေ့ကျင်မှုတစ်ခု ရုရှားက ပြုလုပ်မည်

    နျူလက်နက်ပါ၀င်မည့် စစ်ရေးလေ့ကျင်မှုတစ်ခု ရုရှားက ပြုလုပ်မည်

    မေ ၆၊ ၂၀၂၄

    M-Media 


    -နျူလက်နက်ပစ်ခတ်မှု ပါ၀င်မယ့် စစ်ရေးလေ့ကျင့်မှုတစ်ခု မကြာခင် ပြုလုပ်သွားမယ်လို့ ရုရှားနိုင်ငံက မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

    အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်သားစေလွှတ်မှု အပါအ၀င် စစ်ရေးထောက်ပံ့မှု ပိုလုပ်သွားမယ်ဆိုတဲ့ ကတိပေးပြီး တစ်ရက်အကြာမှာ ရုရှားရဲ့ ဒီထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။ 

    ရုရှား ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အနောက်နိုင်ငံတွေရဲ့ ရန်လိုတဲ့ ခြိမ်းခြောက်ထုတ်ပြန်မှုတွေ ပေါ်ထွက်လာတဲ့အတွက် နျူလက်နက်အဆင်သင့်ဖြစ်ရေးကို ရည်ရွယ်ပြီး စစ်ရေးလေ့ကျင်မှု လုပ်ဆောင်ရတာလို့ ဖော်ပြပါတယ်။ 

    စစ်ရေးလေ့ကျင့်မှုမှာ ရုရှားရဲ့ တောင်းပိုင်းစစ်ဌာဒေသ ဒုံးကျည်တပ်ဖွဲ့နဲ့ ရေတပ်တို့ ပူးပေါင်းပါ၀င်သွားမှာ ဖြစ်ပါတယ်။ လေ့ကျင့်မှုလုပ်မယ့် အချိန်အတိအကျကို မထုတ်ပြန်ပါဘူး။ 

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်တာ ၂ နှစ်ကျော် ရှိလာပြီဖြစ်ပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက ယူကရိန်းထံ စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးပို့မှုတွေ ပိုမို လုပ်ဆောင်လာပါတယ်။ 

    အခုနောက်ပိုင်းမှာတော့ ဥရောပနိုင်ငံတစ်ချို့က ယူကရိန်းဖက်က တောင်းခံလာရင် စစ်သားတွေ စေလွှတ်ဖို့အထိ စဥ်စားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

    Ref: Reuters 

  • ဂါဇာအကြမ်းဖက်မှုကြောင့် တူရကီက အစ္စရေးနှင့် ကုန်သွယ်ရေး အဆက်အသွယ်ဖြတ်

    ဂါဇာအကြမ်းဖက်မှုကြောင့် တူရကီက အစ္စရေးနှင့် ကုန်သွယ်ရေး အဆက်အသွယ်ဖြတ်

    မေ ၃၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ- အစ္စရေးလက်ချက်ကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်း ကလေးငယ်များ)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်မချင်း ကုန်သွယ်ရေးရပ်ဆိုင်းသွားမယ်လို့ တူရကီက ထုတ်ပြန်ကြေငြာပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၅၀၀၀ နီးပါး ရှိလာပါပြီ။

    တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပါလက်စတိုင်းပြည်သူ ၂ သန်းကျော်ကို နိုင်ငံတကာက ပေးပို့တဲ့ အထောက်အပံ့တွေကိုလည်း မရအောင် အစ္စရေးက တားဆီးဟန့်တားမှုတွေ ပြုလုပ်နေပါတယ်။ 

    ဂါဇာမှာ အစ္စရေးက အပြည့်အ၀ အပစ်ရပ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ၀င်ခွင့်ပြုတဲ့အချိန်အထိ နှစ်နိုင်ငံကုန်သွယ်ရေးကို ရပ်ဆိုင်းထားမယ်လို့ တူရကီ ကုန်သွယ်ရေး၀န်ကြီး အိုမာရ် ဘိုလတ်က ပြောပါတယ်။ 

    ၂၀၂၃ ခုနှစ် စာရင်းတွေအရ တူရကီနဲ့ အစ္စရေးတို့အကြား ကုန်သွယ်ရေးတန်ဖိုးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၆ ဒဿမ ၈ ဘီလီယံဖိုး ရှိပါတယ်။ 

    သွင်းကုန်၊ ပို့ကုန်အားလုံးကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ဒါဟာ ဂါဇာမှာ အစ္စရေးရဲ့ စက်ဆုပ်ဖွယ် အပြုအမူတွေကို တုန့်ပြန်တာလို့လည်း ဘိုလတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဂါဇာက အတိဒုက္ခရောက်နေသူတွေကို လေကြောင်းကနေ အကူအညီတွေ ချပေးရေးမှာ တူရကီပါ၀င်ဖို့ အစ္စရေးက ခွင့်မပြုခဲ့တာကြောင့် ပြီးခဲ့တဲ့လကစပြီး တူရကီက ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Reuters