News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • အစ္စရေးနိုင်ငံသား အာရပ်များ အစ္စလာမ်ဆန့်ကျင်ရေး ဗီဒီယို ဖယ်ရှားရန် Google အားတရားစွဲ

    အစ္စရေးနိုင်ငံသား အာရပ်များ အစ္စလာမ်ဆန့်ကျင်ရေး ဗီဒီယို ဖယ်ရှားရန် Google အားတရားစွဲ

    စက်တင်ဘာ၊ ၂၀၊ ၂၀၁၂

    M-Media

    ဂျေရုဆလင်(ဆင်ဟွာ)။  အစ္စရေးပါလီမန်အမတ်တစ်ယောက် ဦးဆောင်ပြီး အစ္စရေးနိုင်ငံသား အာရပ် အရာရှိများနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေပါဝင်တဲ့အဖွဲ့တစ်ခုဟာ ဗုဒ္ဓဟူးနေ့မှာ ဂူဂဲလ်(Google) ကပိုင်ဆိုင်သည့် ယူကျူ့(YouTube)ဆိုဒ်တင်ထားတဲ့  ပြဿနာဖြစ်စေတဲ့ ဗီဒီယိုကို ဖယ်ရှားပေးဖို့တရားစွဲဆိုခဲ့ပါတယ်။ အဆိုပါဗီဒီယိုကို အမေရိကန်နိုင်ငံသား တယောက်ဖန်တီးခဲ့ပြီး တမန်တော် မုဟမ္မဒ်ကို လှောင်ပြောင်ထားသည့် ဗီဒီယိုဖြစ်ပါတယ်။

    အဲဒီလိုတရားစွဲဖို့တင်သွင်းသူတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ပါလီမန်အမတ် Taleb a-Sanaa ကလည်း Innocence of Muslims လို့ အမည်ရတဲ့ ဗီဒီယိုကို အစ္စရေးနိုင်ငံမှာ ကြည့်ရှုခြင်းနှင့် Download လုပ်ခြင်းစတာတွေကို ပိတ်ပင်တားမြစ်ဖို့တောင်းဆိုခဲ့တာပါ။ စွဲချက် တင်တာကတော့.. အဲဒီဗီဒီယိုဟာ လူမျိုးရေးခွဲခြားမှုနှင့် အသေရေပျက်ပျားစေရန် လှုံဆော်ပြီး ဘာသာရေး အဖွဲ့အစည်းတစ်ခုကိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြုလုပ်ခြင်းစတဲ့ အစ္စရေးနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်မှုတွေနဲ့ စွဲချက် တင်ခဲ့တာဖြစ်တယ်လို့ ဂျေရုဆလင်ပိုစ် (Jerusalem Post) သတင်းမှာဖော်ပြထားပါတယ်။

    အဲဒီဗီဒီယိုအပေါ်မှာ နိုင်ငံပေါင်း ၃၀ လောက်က မွတ်စလင်မ်တွေကြားမှာ အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒါဇင်နဲ့ပေါင်းများစွာအသေအပျောက်ရှိခဲ့တယ်။  အီဂျစ်၊အိန္ဒိယ၊အင်ဒိုနီးရှားနဲ့ လစ်ဗျားနိုင်ငံတွေမှာတော့ ဂူဂဲလ်(Google) ဗီဒီယိုကိုပိတ်ပင်ထားဆဲပါ။ မည်သို့ပင်ဆိုစေကာမူ ဂူဂဲလ်(Google) ကတော့ အိမ်ဖြူတော်ရဲ့ ဗီဒီယိုကိုဖယ်ရှားပေးဖို့ မေတ္တာရပ်ခံချက်ကိုငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

    လွန်ခဲ့တဲ့အပတ်က တီအဲဗစ်မြို့ရဲ့ အမေရိကန်သံရုံးရှေ့မှာ အစ္စရေးနိုင်ငံသား အာရပ်တွေ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပေမယ့် အေးအေးချမ်းချမ်းနဲ့ပဲ ဆန္ဒပြပွဲတစ်ခုကိုလုပ်ခဲ့ပါသေးတယ်။ ပါလက်စတိုင်း အာရပ်တွေကလည်း အဲဒီဗီဒီယိုကိုဆန့်ကျင်ခဲ့ကြပါတယ်။

    electric

    Source: http://news.xinhuanet.com/english/world/2012-09/20/c_131861230.htmကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

  • တမန်တော် မုဟမ္မဒ်(ဆွ) အား အသရေဖျက်ထားသည့် ဗီဒီယိုအား ဘန်ကီမွန်း ရှုတ်ချ

    တမန်တော် မုဟမ္မဒ်(ဆွ) အား အသရေဖျက်ထားသည့် ဗီဒီယိုအား ဘန်ကီမွန်း ရှုတ်ချ

    စက်တင်ဘာ၊ ၂၀ ၊ ၂၀၁၂

    M-Media

    Source: OnIslam

    နယူးယောက်။ ။ ကုလသမ္မဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က အမေရိကန်နိုင်ငံမှရိုက်ကူးသော တမန်တော်မုဟမ္မဒ် (ဆွ) ကို အသရေဖျက်ထားသည့် ရုပ်ရှင်အား ရှုပ်ချလိုက်ပြီး ထိုကဲ့သို့ စော်ကားမှုသည် လွတ်လပ်စွာဖော်ပြမှုအခွင့်အရေးကို အလွဲသုံးစားပြုခြင်းသာဖြစ်သည်ဟု ပြောကြားလိုက်သည်။

    “တဦးတစ်ယောက်အနေနဲ့ လွတ်လပ်စွာဖော်ပြမှုကို တလွဲသုံးတာမျိုး မဖြစ်သင့်ပါဘူး။ တစ်ချို့လူတွေက ဒီလိုလွတ်လပ်မှုကို အလွဲသုံးစားပြုကြပါတယ်။ ဘာသာအယူ ယုံကြည်သက်ဝင်မှုကို အသုံးချပြီး တခြားသူတွေကို ရန်စတာမျိုး၊ အရှက်တကွဲဖြစ်စေတာမျိုးတွေကို ဒီလိုနည်းလမ်းမျိုး (လွတ်လပ်စွာဖော်ပြမှုဆိုတာ)နဲ့ ကာကွယ်လို့မရပါဘူး။ ” ဟု Reuters သတင်းဌာနသို့ပြောကြားသည်။

    တမန်တော် မုဟမ္မဒ် (ဆွ) အား အသရေဖျက်ထားသည့် “Innocence of Muslims” အမည်ရှိသည့်  ဗီဒီယိုကို အစ္စရေး-အမေရိကန် တစ်ဦးက ထုတ်လုပ်ခြင်းဖြစ်ပြီး YouTube တွင် ပြီးခဲ့သည် ဂျွန်လကတည်းက လွှင့်တင်ခဲ့လေသည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက အဆိုပါ ဗီဒီယိုကို ကန့်ကွက်ခဲ့ကြပြီး ဆန္ဒပြပွဲများအတွင်း အနည်းဆုံး လူ ၁၀ ဦးခန့် သေဆုံးခဲ့သည်။

    “လွတ်လပ်စွာဖော်ပြခွင့်ဆိုတာ အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပေမယ့် လူတွေက ဒီလို သိက္ခာမဲ့တဲ့၊ ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်မျိုးတွေနဲ့ အလွဲသုံးစားမလုပ်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။” ဟု ဘန်ကီမွန်က ဆိုသည်။

    ကန့်သတ်ချတ်ရှိ။

    လွတ်လပ်စွာဖော်ပြမှုသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော်လည်း ကန့်သတ်ချက်ရှိသည်ဟု ဘန်ကဆိုသည်။

    “အများနဲ့ဆိုင်တဲ့ တရားမျှတမှု၊ ရည်ရွယ်ချက်တွေအတွက် လွတ်လပ်စွာဖော်ပြခွင့်ကို သုံးတဲ့အခါ တာဝန်ယူတာ၊ အာမခံတာမျိုး ရှိသင့်၊ ရှိရပါမယ်။ တချို့လူတွေက အခြားသူတွေရဲ့ဂုဏ်သိက္ခာနဲ့ အယူဝါဒကို ရန်စဖို့၊ အရှက်ရစေဖို့ ဒီအခွင့်အရေးကို အသုံးချကြပါတယ်။ အဲဒီအခါ ဒီလိုနည်းလမ်းမျိုး(လွပ်လပ်စွာဖော်ပြခွင့်ဆိုတာမျိုး)နဲ့ ကာကွယ်လို့မရပါဘူး။” ဟု ပြောဆိုခဲ့ပြီး လူတစ်ချို့က ဘာသာတရားများအားစော်ကားရန် လွတ်လပ်စွာဖော်ပြမှုကို အသုံးချကြသည်ဟု ညည်းညူပြောဆိုသွားသည်။

    “အခြားသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အယူဝါဒကို ရန်စနေတာမျိုးဟာ အင်မတန် ရှက်စရာကောင်းတဲ့၊ သိက္ခာမဲ့တဲ့လုပ်ရပ်မျိုးဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုးတွေကို ရပ်တန့်ပစ်ရပါမယ်။ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေအနေနဲ့ အခြားသူတွေ၊ အခြားလူ့အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာ၊ ယုံကြည်သက်ဝင်မှု၊ ရိုးရာဓလေ့ထုံးတမ်း၊ သမိုင်း စတာတွေကို လေးစားမှုပေးဖို့၊ နက်နက်ရှိုင်းရှိုင်းနားလည်ဖို့  သိပ်ကိုအရေးကြီးပါတယ်။ ” ဟု ဘန်ကီမွန်က ဆိုသည်။

    ယခင်က ဖြစ်ပေါ်ခဲ့သည် ရုပ်ပြောင်ရေးဆွဲစော်ကားမှုများကို အစိုးရအရာရှိများ၊ တရားဟောဆရာများ၊ မွတ်စလင်များနှင့် ခရစ်ယာန်များက ဆန္ဒပြ ရှုတ်ချခဲ့ကြလေသည်။

    ဤကဲ့သို့သော (လွတ်လပ်စွာထုတ်ဖော်ပြမှု) အခွင့်အရေးအား အသုံးချ၍ သည်းမခံနိုင်မှုနှင့် အမုန်းမီးတောက်ကို ကြီးထွားစေသည့် သူများအား အသိဉာဏ်မဲ့သူများဟု ကုလအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။

    ဝေဇင်

    Source: http://www.onislam.net

  • ဘာသာတရားများကို အသေရေဖျက်မှုအပေါ် ဥပဒေထုတ်ပြန်ရန် ကုလသမဂ္ဂအား အင်ဒို သမ္မတ တိုက်တွန်း

    ဘာသာတရားများကို အသေရေဖျက်မှုအပေါ် ဥပဒေထုတ်ပြန်ရန် ကုလသမဂ္ဂအား အင်ဒို သမ္မတ တိုက်တွန်း

    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂

    M-Media

    အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို

    ဂျကာတာ(ဆင်ဟွာ)။             ။ အင်ဒိုသမ္မတယူဒိုယိုနို (Susilo Bambang Yudhoyono)က ကုလသမဂ္ဂနှင့် OIC တို့အား တမန်တော်မုဟမ္မဒ်ကို အသေရေဖျက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့တဲ့ အတွက်ဘာသာရေး အသေရေဖျက်မှုကို စည်းမျဉ်းထုတ်ပြန်ဖို့ အလေးအနက် တိုက်တွန်းလိုက်တယ် လို့အင်္ဂါနေ့ကသတင်းမှာ ဖေါ်ပြပါရှိပါတယ်။

    အနောက်ဂျာဗားရှိ စီရီဘွန်းမြို့(Cirebon) မှာ နာ့လာ့ဟ်တူအိုလမာ(Nahdlatul Ulama) အမျိုးသားတွေ့ဆုံပွဲ မတိုင်ခင်မိန့်ခွန်းတစ်ခုမှာ ယူဒိုယိုနိုက `ကျွန်တော် OIC နဲ့ UN ကို အခုလိုကိစ္စမျိုးတွေ နောက်ထပ်ဖြစ်ပွားမှုမှ ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း ဥပဒေထုတ်ပြန်ဖို့ အလေးအနက်ထား စဉ်းစားဖို့ မေတ္တာရပ်ခံထားပါတယ်´ လို့ The Innocence of Muslims လို့ အမည်ရတဲ့အစ္စလာမ့် ဆန့်ကျင်ရေး ဗီဒီယိုကို ရည်ညွှန်းပြီးပြောဆိုသွားပါတယ်။

    ဘာသာတရားအသရေဖျက်မှုဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေရဲ့ နှလုံးသားကိုထိခိုက်စေတယ်၊ ငြိမ်းချမ်းရေးကိုပျက်ပြားစေပြီး ဆိုးဝါးတဲ့ ပဋိပက္ခတွေကို စတင်စေနိုင်တယ်လို့ ဂျကာတာဂလိုဘယ် သတင်းက ယူဒိုယိုနိုရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြသွားပါတယ်။

    အဲဒီဗီဒီယိုဖိုင်ကို အင်ဒိုအစိုးရရဲ့အမိန့်နဲ့ အင်ဒိုနီးရှားမှာ ပိတ်ပင်ထားပြီးဖြစ်ပါတယ်။ ကောပ့်တစ်အမေရိကန်ခရစ်ယာန်တစ်ယောက်ဖြစ်သူတစ်ယောက်က ထုတ်လုပ်လိုက်တဲ့ ဗီဒီယိုဖိုင်ကြောင့် အမေရိကန်ဆန့်ကျင်ရေးဟာ အရှေ့အလယ်ပိုင်းနဲ့အင်ဒိုနီရှားတစ်လျှောက်မှာ ဖြစ်ပွားခဲ့ပြီး လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခရစ်စတိုဖာ စတီဖင် (Christopher Stevens)နဲ့ အခြားအမေရိကန်သုံးဦး အသတ်ခံရတဲ့ အထိဖြစ်ပွားခဲ့ပါတယ်။

    electric
    http://news.xinhuanet.com/english/world/2012-09/18/c_131857657.htm မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။

  • ဓာတ်အားလိုင်း ဖျက်ဆီးခံရကြောင်း အီရန်ပြောကြား

    ဓာတ်အားလိုင်း ဖျက်ဆီးခံရကြောင်း အီရန်ပြောကြား

    စက်တင်ဘာ၊ ၁၇၊ ၂၀၁၂

    M-Media

    Source:http://www.dw.de

    လွန်ခဲ့တဲ့လက ပေါက်ကွဲမှုကြောင့် အီရန်နျူကလီးယားစက်ရုံကိုပေးပို့တဲ့ ဓာတ်အားလိုင်းပျက်တောက်သွားတယ်လို့ အီရန်အနုမြူအေဂျင်စီအကြီးအကဲ အဗ္ဗာစီ (Fereydoun Abbasi)က အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီမှာ ပြောကြားလိုက်ပါတယ်။ ဒီလို ဖျက်ဆီးခံရတာကို တီဟီရန်အနေနဲ သံသယ၀င်မိတယ်လို့ တနင်္လာနေ့မှာ သူကပြောလိုက်တာဖြစ်ပါတယ်။ ဒီလိုဖျက်ဆီးမှုရဲ့ နောက်ကွယ်က ဘယ်သူရှိတယ်ဆိုတာကိုတော့ အဗ္ဗာစီကပြောကြားသွားခြင်း မရှိပါဘူး။ မြေအောက်စက်ရုံကိုသွားတဲ့ ပါဝါဓာတ်အားလိုင်း ဖျက်ဆီးခံရပြီး ပြတ်တောက်သွားတာဖြစ်တယ်ဆိုတာ ကိုတော့ အသေအချာပြောလိုက်တာပါ။

    “၂၀၁၂ သြဂုတ်လ ၁၇ ရက်မှာ ကွမ်မြို့ကနေ ဖော်ဒို(Fordo complex)ကို သွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း မိုင်းထောင်ပြီး ဖျက်ဆီးခံလိုက်ရပါတယ်။ နောက်တစ်နေ့ မနက်စောစောမှာ အိုင်အေအီးအေရဲ့ စုံစမ်းစစ်ဆေးရေးမှူးက ကြေငြာခြင်းမပြုဘဲစစ်ဆေးမှုပြုလုပ်ဖို့ သွားရောက်ခွင့် တောင်းဆိုလာတယ် ဒီလိုသွားရတာဟာ မိုင်းထောင်တဲ့ကိစ္စနဲ့မှားဆက်စပ်မှုရှိမလား?”

    လို့ အဗ္ဗာစီက အိုင်အေအီးအေမှာမေးခွန်းထုတ်လိုက်ပါတယ်။

    “ဒါဟာဗဟိုခွာအားစက်တွေကို ဖျက်ဆီးဖို့နည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ အမှတ်ရစရာရှိပါတယ်”

    လို့ယူရေနီယံသန့်စင်မှုမှာ အသုံးပြုတဲ့စက်တွေကို ညွှန်းဆိုပြီး အဗ္ဗာစီက ပြောကြားသွားပါသေးတယ်။

    ဖော်ဒို နျူကလီးယားစက်ရုံဟာလေကြောင်းရန် ကာကွယ်ဖို့အတွက် တောင်တွေကြားမှာ နက်နက်ရှိုင်းရှိုင်း တည်ဆောက် ထားတာဖြစ်ပါတယ်။ ယူရေနီယံ သန့်စင်မှုပမာဏ ၂၀ ရာခိုင်နှုန်းမှ နျူဗုံးထုတ်နိုင်တဲ့ ၉၀ ရာခိုင်နှုန်းကို အချိန်တိုအတွင်းမှာ ရနိုင်တယ်လို့လည်းယုံကြည်ရပါတယ်။

    အီရန်ကတော့ နျူကလီးယားအစီအစဉ်ကအနုမြူစွမ်းအင်အတွက်လို့ပြောနေပေမယ့် နိုင်ငံအများအပြား အထူးသဖြင့် အစ္စရေးကတော့ အီရန်ဟာနျူကလီးယား လက်နက်ထုတ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
    အီရန်ဟာနောက်ခြောက်လခုနှစ်လအတွင်းမှာနျူကလီးယားဗုံး ထုတ်နိုင်တော့မယ်လို့ မိမိတို့အစိုးရအနေနဲ့ ထင်မြင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ဟာဟုက တနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်။

    အီရန်ဟာ ဖျက်ဆီးခံရတဲ့သာဓကတွေနဲ့ အီရန်တို့ရဲ့နျူသိပ္ပံပညာရှင်တွေ ဇန်န၀ါရီလက လုပ်ကြံခံရတာကိုလည်း မကြာသေးမီက အိုင်အေအီးအေမှာ တင်ပြခဲ့ပါသေးတယ်။

    အဗ္ဗာစီကအိုင်အေအီးအေအကြီးအကဲ အာမာနို (Yukiya Amano)နဲ့လည်း တနင်္လာနေ့နောက်ပိုင်းမှာ တွေ့ဆုံခဲ့ပါသေးတယ်။ အိုင်အေအီးအေ၊ အီရန်နဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဒီပြသနာကိုနှစ်နဲ့ချီအောင် ပြောဆိုဆွေးနွေးခဲ့ပေမယ့် တိုးတက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ အာမာနိုက တီဟီရန်ကို  မေလမှာလာပြီးပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။

    ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး ဂါတီလော့ဗ် (Gennady Gatilov)က ရုရှား၊ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ တရုတ်တို့ ပါဝင်တဲ့ဆွေးနွေးမှုအသစ်ကို အစီအစဉ်လုပ်ပြီးဖြစ်ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မချရသေးပါဘူးလို့ Interfax သတင်းအေဂျင်စီကို ပြောကြားလိုက်ပါတယ်။

    electric

    http://www.dw.de/dw/article/0,,16246797,00.html မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။

  • သံရုံးများအား တိုက်ခိုက် ဖျက်ဆီးမှုများသည် အစ္စလာမ့် လမ်းစဉ်မဟုတ်ဟု ဆော်ဒီဆို

    စက်တင်ဘာ၊ ၁၆၊ ၂၀၁၂

    M-Media

    Soure: OnIslam

    ရီယာဒ်။ ။ ဆော်ဒီအာရေဗျနိုင်ငံ၏ သာသနာရေးဆိုင်ရာ အကြီးအကဲက တမန်တော် မုဟမ္မဒ်သခင်အား အသရေဖျက်ထားသည့် ဗီဒီယိုကို ကန့်ကွက်ရှုတ်ချသော ဆန္ဒပြပွဲများအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံခြားသံရုံးများအား တိုက်ခိုက်ခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး ထိုကဲ့သို့သော လုပ်ရပ်များသည် အစ္စလာမ်သာသနာတော်၏ သင်ကြားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ပြောဆိုလိုက်သည်။

    “သာသနာတော်ကို ထိခိုက်စေတဲ့ ဒီလိုလုပ်ရပ်မျိုးတွေကို အလ္လာဟ်အရှင်မြတ်က ခွင့်မပြုပါဘူး။ ကိုယ်တော်မြတ်ရဲ့ သြ၀ါဒတော်တွေနဲ့လည်း သဟဇာတ မဖြစ်ပါဘူး။ စက်ဆုပ်ဖို့ကောင်းတဲ့ ပြစ်မှုအတွက် အပြစ်မဲ့တဲ့သူကို အပြစ်ပေးတာ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့်သူတွေကို တိုက်ခိုက်တာ၊ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမီးရှို့တာမျိုးတွေကို (အစ္စလာမ်သာသနာက) ပိတ်ပင်တားမြစ်ထားပါတယ်။” ဟု Sheikh Abdulaziz bin Abdullah Al-Sheikh က ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် SPA မှ ထုတ်လွှင့်သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံမှထုတ်လုပ်သော တမန်တော့်မုဟမ္မဒ်အား အသရေဖျက်ထားသည့် ဗီဒီယိုကြောင့် မွတ်စလင်ကမ္ဘာတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့လေသည်။

    အီဂျစ်နိုင်ငံတွင် အမေရိကန်သံရုံးအား စီးနင်းတိုက်ခိုက်ရန် ကြိုးစားသောဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ခဲ့ကြပြီး အနည်းဆုံး ၂ ဦးသေဆုံးခဲ့သည်။ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဆန္ဒပြသူများက ၀င်ရောက်စီးနင်းခဲ့ကြပြီး အမေရိကန်သံအမတ်အပါအ၀င် ရုံးဝန်ထမ်းသုံးဦး သေဆုံးခဲ့ရသည်။  ယီမင်နိုင်ငံ ဆန်နာမြို့ ဆန္ဒပြမှုတွင်လည်း ယီမင်လူငယ်တစ်ဦး သေဆုံးခဲ့သည်။

    ဆော်ဒီရှိ မွဖ်သီ (ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ သြ၀ါဒတော်များနှင့် မဆန့်ကျင်ဘဲ အစ္စလာမ့်ဓမ္မသတ်ဥပဒေပြဌာန်းနိုင်ခွင့်ရှိသူ) တစ်ဦး က “တကယ်လို့ မွတ်စလင်တွေဟာ ဒေါသပေါက်ကွဲလိုက်မယ်ဆိုရင် ဒီဗီဒီယိုနောက်ကွယ်က ထုတ်လုပ်တဲ့သူတွေရဲ့ ရည်ရွယ်ချက်တွေအောင်မြင်သွားပါလိမ့်မယ်။ အပြစ်မဲ့တဲ့သူတွေကိုသတ်ဖြတ်တာမျိုးတွေ၊ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးထိအောင် ဒေါသတွေကို မပေါက်ကွဲသင့်ပါဘူး။” ဟု ပြောကြားခဲ့ပြီး၊ အဆိုပါ ဗီဒီယိုအားကန့်ကွက် ရှုတ်ချရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ သတ်မှတ်ထားသော ဘောင်အတွင်းတွင်သာရှိသင့်သည်ဟု ဆိုသည်။

    ဆော်ဒီနိုင်ငံရှိ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက အဆိုပါဗီဒီယိုကို ရာဇ၀တ်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ကာ တမန်တော်များနှင့် ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားရာများကို စော်ကားမှုများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းရန် ဆော်သြလိုက်သည်။

    တိုင်းကျိုးပြည်ပြုလုပ်ငန်းများဆောင်ရွက်နေကြသော၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်နေကြသော၊ ဖွံဖြိုးတိုးတက်မှုများကို ရှာဖွေနေကြသော မွတ်စလင်များ၏ ရည်မှန်းချက်ပန်းတိုင်များကို လွင့်ပျောက်သွားစေရန် အဆိုပါ ဗီဒီယိုအား ထုတ်လွှင့်ခြင်းဖြစ်သည်ဟုဆိုသည်။

    “မွတ်စလင်တွေရဲ့အကောင်းဆုံးတုံ့ပြန်မှုကတော့ တိုင်ကျိုးပြည်ပြုလုပ်ငန်းတွေ၊ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။”

    ဆော်ဒီအာရေဗျနိုင်ငံက အဆိုပါဗီဒီယိုကို ပြစ်တင်ပြောဆိုခဲ့ပြီး ၎င်းဗီဒီယိုကို ဆန့်ကျင်သူများ၏ တိုက်ခိုက်မှုများကိုလည်း ရှုတ်ချကြောင်း၊ ဘန်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများအတွက် ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း ကြာသာပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    ဝေဇင်

    Source:http://www.onislam.net/ မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။