News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • သမီး၀န်ကြီးချုပ်ဖြစ်ပြီးနောက် ဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့် ထပ်ရခဲ့သည့် သက်ဆင်

    သမီး၀န်ကြီးချုပ်ဖြစ်ပြီးနောက် ဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့် ထပ်ရခဲ့သည့် သက်ဆင်

    သြဂုတ် ၁၇၊ ၂၀၂၄
    M-Media

    -အာဏာရှိစဥ်က ခြစားမှုနဲ့ ထောင်ဒဏ် ချမှတ်ခြင်း ခံထားရတဲ့ ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာဟာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထိပ်မံ ရရှိခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။

    ၂၀၀၆ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံရပြီးတဲ့နောက် သက်ဆင်ဟာ နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ပြည်တော်ပြန်လာတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအပြီး သက်ဆင်ရဲ့သမီး ဖေထုံတန် ရှင်နာ၀ပ်ထရာ ဦးဆောင်တဲ့ ဖွေထိုင်းပါတီနဲ့ စစ်တပ်တို့အကြား သဘောတူညီချက်ကြောင့် ပြန်လာနိုင်ခဲ့တာပါ။

    အဲဒီနောက် ခြစားမှုနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရပြီး၊ ဘုရင်ရဲ့ ပထမတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာ ထောင်ဒဏ် ၁ နှစ်သာ ကျခံဖို့ လျှော့ပေါ့ပေးခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ် ထပ်ရခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့မှာ ထောင်ဒဏ်က လွတ်မြောက်မှာပါ။

    သမီးဖြစ်သူ ဖေထုံတန် ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခံရအပြီး ၂ ရက်အကြာမှာပဲ တတိယအကြိမ် ဘုရင်ရဲ့ လွတ်လပ်ငြိမ်းချမ်းသာခွင့် ထပ်ရခဲ့ကာ သြဂုတ်လ ၁၈ ရက်နေ့ကျရင် လုံး၀ လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။

    သက်ဆင်ဟာ ထောင်ဒဏ်ကျခံနေရစဥ်အတွင်း ဆေးရုံမှာပဲ နေခဲ့ရတာ ဖြစ်ပါတယ်။

    Ref: The Star

  • မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးက ထပ်မံရှုတ်ချ

    မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးက ထပ်မံရှုတ်ချ

    ဇူလိုင် ၂၅၊ ၂၀၂၄
    M-Media

    -အာဆီယံအဖွဲ့က အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီစဥ်ကို လက်မခံတဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ၀ေဖန်ရှုတ်ချလိုက်ပါတယ်။

    လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးအပြီး စင်ကာပူနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံစဥ်မှာ မာဆူဒီက ဒီလို ၀ေဖန်လိုက်တာပါ။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ဟာ အာဆီယံအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အဖွဲ့ကတင်ပြတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီသဘောတူညီချက်တွေကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါဘူး။

    “ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်လိုစိတ် မရှိဘူးဆိုတဲ့အကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်”

    စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ဟာ အာဆီယံအဖွဲ့ထဲမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

    အာဆီယံ သံတမန်အသိုင်းအ၀ိုင်းရဲ့ အမည်မဖော်လိုသူတစ်ဦးက အာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိ အားနည်းလာတဲ့ အနေအထားကြောင့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရေးကို ပြန်လည်စဥ်းစားလာတယ်လို့ ပြောပါတယ်။

    ဗီယန်ကျင်းက အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာ့အရေး အားလုံးပါ၀င်တဲ့ သဘောတူညီချက် မရခဲ့ဘူးလို့ သံတမန်ရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။

    အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့က စစ်ကောင်စီကို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ လိုလားနေကြပြီး ထိုင်းနိုင်ငံကတော့ သူတို့ လတ်တလောလုပ်ဆောင်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုကိုသာ ဆက်လက်လုပ်ဆောင်ချင်နေပါတယ်။

    Ref: The Star

  • ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခံရ

    ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခံရ

    ဇူလိုင် ၁၄၊ ၂၀၂၄
    M-Media

    -ဇူလိုင်လ ၁၃ ရက်နေ့ ပင်ဆဲလ်ဗားနီးယားပြည်နယ် ဘက်တလာမြို့မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲအတွင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

    ပစ်ခတ်မှုမှာ ထရမ့်ဟာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ထရမ့်ဟာ အခုနှစ် နို၀င်ဘာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘိုင်ဒန်ကို အဓိက ယှဥ်ပြိုင်မယ့်သူလည်း ဖြစ်ပါတယ်။

    သေနတ်သမားကို လုံခြုံရေးတွေက အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး၊ ဒီအဖြစ်အပျက်အတွင်း မဲဆွယ်ပွဲလာသူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

    သေနတ်သမားဟာ စနိုက်ပါဖြစ်ပြီး မဲဆွယ်ပွဲကျင်းပရာနေရာဘေးက အဆောက်အဦးခေါင်းမိုးပေါ်မှာ ရှိနေခဲ့တာလို့ လုံခြုံရေးအဖွဲ့တွေရဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ကန်ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ပစ်ခတ်မှုကို လုပ်ကြံရန်ကြံစည်မှု ခေါင်းစဥ်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒီလိုအကြမ်းဖက်မှုအတွက် အမေရိကန်မှာ နေရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “စက်ဆုပ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့တိုင်းပြည် ညီကိုညီညွတ်ရမယ်ဆိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုး ဆက်ဖြစ်မှာကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး”

    ထရမ့်ပစ်ခတ်ခံရမှုအတွက် အခြားအမေရိကန်ခေါင်းဆောင်တွေ၊ ကမ္ဘာတစ်၀ှမ်းက ခေါင်းဆောင်တွေလည်း ရှုတ်ချပြောဆိုခဲ့ကြပါတယ်။

    Ref: CNN

  • ၉ လအတွင်း ဂါဇာတွင် ကလေးငယ် ၁၆၀၀၀ ကျော် အသတ်ခံရ

    ၉ လအတွင်း ဂါဇာတွင် ကလေးငယ် ၁၆၀၀၀ ကျော် အသတ်ခံရ

    ဇူလိုင် ၁၃၊ ၂၀၂၄
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်းကလေးငယ် အရေအတွက်ဟာ ၁၆၀၅၄ ဦး ရှိလာပြီလို့ သိရပါတယ်။

    အဲဒီအထဲမှာ ၃၄ ဦးက အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရတာပါ။ ၉ လအတွင်း ဂါဇာမှာ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ အနည်းဆုံး ၁၀၇၀၀ ဦး ရှိပါတယ်။

    ၄ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်းမှာဖြစ်ပွားတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေမှာ သေဆုံးတဲ့ ကလေးအရေအတွက်ထက် ၉ လအတွင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရတဲ့ ကလေးငယ်အရေအတွက်က ပိုမိုများပြားပါတယ်။

    ဂါဇာမှာ စုစုပေါင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကိုခံရသူအရေအတွက်ဟာ ၉ လအတွင်း ၃၈၃၄၅ ဦး ရှိပါတယ်။ ပျက်ဆီးပြိုကျနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က ၁၀၀၀၀ လောက် ရှိနေပါတယ်။

    Ref: Aljazeera

  • မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖယ်ရှားရေး ဦးသိန်းစိန်ကို အကြံပေးခဲ့တဲ့ တရုတ်

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖယ်ရှားရေး ဦးသိန်းစိန်ကို အကြံပေးခဲ့တဲ့ တရုတ်

    ဇူလိုင် ၁၀၊ ၂၀၂၄
    M-Media

    -ဇွန်လအတွင်း သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဥ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ရာထူးကဆင်းရေး စည်းရုံးပြောဆိုပေးဖို့ တရုတ်က ပြောကြားခဲ့တယ်လို့ စင်ကာပူအခြေစိုက် CNA သတင်းဌာနက ဖော်ပြပါတယ်။

    အချက် ၅ ချက်ပါ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးမူ၀ါဒ နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံဟာ သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာပြီး နှစ်ပေါင်းများစွာ အာဏာဆုပ်ကိုင်ထားတဲ့ စစ်တပ် အားနည်းလာချိန် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးကို တရုတ်က ပွဲထုတ်လာမှုအတွက် နိုင်ငံရေး လေ့လာသူတွေက သတိထားစောင့်ကြည့်ခဲ့ကြပါတယ်။

    နှစ် ၇၀ ပြည့်အခမ်းအနားပြင်ပ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီနဲ့ တွေ့ဆုံချိန်မှာ ၀မ်ယီက ကြားဖြတ်အစိုးရတစ်ခုဖွဲ့ပြီး အာဏာလွှဲပေးကာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စည်းရုံးပေးဖို့ ဦးသိန်းစိန်ကို ပြောကြားခဲ့ကြောင်း တရုတ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CNA သတင်းဌာနရဲ့ ဆောင်းပါမှာ ဖော်ပြထားပါတယ်။

    တရုတ်အစိုးရဟာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ထောက်ခံပေမယ့် နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေကို မနှစ်မြို့ကြောင်း သဘေထားကို လူသိရှင်ကြား ထုတ်ပြထားပါတယ်။

    တရုတ်ဟာ စစ်ခေါင်းဆောင်နဲ့ သဘောထားချင်း မတိုက်ဆိုင်ဘူးလို့ သတင်းထွက်နေတဲ့ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုး၀င်းကိုလည်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဇူလိုင်လ အစပိုင်းမှာ လုပ်ခဲ့တဲ့ ဖိုရမ်တစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

    ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်အစိုးရက လူသိရှင်ကြား ဖိတ်ကြားတာမျိုး မရှိသေးပါဘူး။

    လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်ကို မနှစ်မြို့ပေမယ့် စစ်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီးစိုး၀င်းတို့ကို ဖိတ်ကြားမှုကိုကြည့်ရင် မြန်မာ့အရေးမှာ တရုတ်ဟာ ဗဟိုချုပ်ကိုင်တဲ့ အစိုးရမျိုးကိုသာ အလိုရှိတယ်ဆိုတာ ထင်ရှားနေကြောင်း နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Ref : CNA