News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • လ၏ တောင်၀င်ရိုးစွန်းမှ အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည့် တရုတ်

    လ၏ တောင်၀င်ရိုးစွန်းမှ အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည့် တရုတ်

    ဇွန် ၂၅၊ ၂၀၂၄
    M-Media 

    (ဓာတ်ပုံ – လ၏ အမှောင်ဘက်ခြမ်းတွင် တွေ့ရသည့် တရုတ် စူးစမ်းလေ့လာရေးယာဥ်)

    -လရဲ့တောင်၀င်ရိုးစွန်းမှာ စူးစမ်းလေ့လာရေး လုပ်ခဲ့တဲ့ တရုတ်ဂြိုဟ်တု Chang’e 6 က လစူးစမ်းရေးယာဥ်ဟာ ဇွန်လ ၂၅ ရက်နေ့မှာ ကမ္ဘာကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ 

    တရုတ်ဟာ ကမ္ဘာကနေ မမြင်ရတဲ့ လရဲ့အမှောက်ဘက်ခြမ်းကို ပထမဆုံး စူးစမ်းလေ့လာရေးလုပ်နိုင်တဲ့ နိုင်ငံအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့ပါတယ်။ 

    Chang’e 6 ဂြိုဟ်တုရဲ့ လစူးစမ်းရေးယာဥ်ဟာ နှစ်သန်းပေါင်း ၂ ဒဿမ ၅ သန်း သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်တွေ၊ မြေနမူနာတွေကို ကမ္ဘာပေါ် သယ်ဆောင်လာခဲ့ပါတယ်။ 

    သိပ္ပံပညာရှင်တွေဟာ ဒီကျောက်တုံးကျောက်ခဲတွေကို စူးစမ်းပြီး လရဲ့ အလင်းဘက်ခြမ်းနဲ့ အမှောင်ဘက်ခြမ်းမှာရှိနေတဲ့ ပထ၀ီ အနေအထားတွေကို နှိုင်းယှဥ်လေ့လာမှာ ဖြစ်ပါတယ်။ 

    လရဲ့ အလင်းဘက်ခြမ်းဟာ ကမ္ဘာကမြင်ရတဲ့ဘက် ဖြစ်ပြီး အမှောင်ဘက်ခြမ်းကတော့ အာကာသအတွင်းပိုင်းကို မျက်နှာမူနေတဲ့ဘက် ဖြစ်ပါတယ်။ 

    Ref: CNN

  • အစ္စရေးစစ်တပ်မှာ ကျင့်၀တ်မဲ့ပြီး ရာဇ၀တ်မှုအကျူးလွန်ဆုံး စစ်တပ်ဟု ကုလအထူးကိုယ်စားလှယ် ပြော

    အစ္စရေးစစ်တပ်မှာ ကျင့်၀တ်မဲ့ပြီး ရာဇ၀တ်မှုအကျူးလွန်ဆုံး စစ်တပ်ဟု ကုလအထူးကိုယ်စားလှယ် ပြော

    ဇွန် ၂၂၊ ၂၀၂၄
    M-Media 

    -အစ္စရေးစစ်တပ်ဟာ ကျင့်၀တ်သိက္ခာမဲ့ပြီး၊ ကမ္ဘာပေါ်မှာ ရာဇ၀တ်မှုအကျူးလွန်ဆုံး စစ်တပ်တွေထဲက တစ်ခုဖြစ်တယ်လို့ ပါလက်စတိုင်း လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်ဆက်ကာ အလ်ဘန်နီးစ်က ပြောပါတယ်။ 

    ကုလရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့၀င် ခရစ်ဆီဒိုတီကလည်း အစ္စရေးစစ်တပ်ဟာ ရာဇ၀တ်မှုအကျူူးလွန်ဆုံး စစ်တပ်တစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ 

    ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းကလေးငယ်တစ်ဦးရဲ့ ကိုယ်ပေါ်ကို အစ္စရေးစစ်သားတွေက ကျင်ငယ်စွန့်ပြီး၊ ခွေးနဲ့ ရှုးတိုက်ကိုက်ခိုင်း၊ အောက်ပိုင်းသေပြီး မသေမရှင်ဖြစ်အောင်လုပ်တဲ့ သတင်းတစ်ခုကို ကုလအထူးကိုယ်စားလှယ် အလ်ဘန်နီးစ်က X (ယခင် Twitter) စာမျက်နှာမှာ ပြန်လည်မျှ၀ေရာမှာ အစ္စရေးစစ်တပ်ကို ပြင်းပြင်း ထန်ထန် ၀ေဖန်ရှုတ်ချခဲ့ပါတယ်။ 

    “ကမ္ဘာပေါ်မှာ စစ်ရာဇ၀တ်မှုအကျူးလွန်ဆုံး စစ်တပ်ဖြစ်ပြီး၊ ကျင့်၀တ်သိက္ခာလည်း အမဲ့ဆုံးပါ။ ဒီလို ကောက်ချက်ချ ပြောဆိုဖို့အတွက် အကြားအမြင်ရနေစရာ မလိုပါဘူး”

    အသတ်ခံရမှု မြင့်တက်

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၇၅၅၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    အဲဒီအထဲက ၁၅၀၀၀ လောက်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ အပျက်အဆီးတွေကြားမှာ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်ဟာ ၁၀၀၀၀ ကျော်ရှိနေပြီး ဒဏ်ရာရသူက ၈၅၉၁၁ ဦးရှိနေပါတယ်။ 

    အစ္စရေးဟာ ဂါဇာမှာ လူနေအိမ်ယာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦး စတာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး ကုလအဖွဲ့၀င်တွေ၊ လခြမ်းနီအဖွဲ့၀င်နဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့၀င် အမြောက်အများကိုလည်း ပစ်မှတ်ထား အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ကားအခွန်အတွက် ဥရောပမှ၀က်သားတင်ပို့မှုကို အခွန်တန်ပြန်ကောက်မယ့် တရုတ်

    ကားအခွန်အတွက် ဥရောပမှ၀က်သားတင်ပို့မှုကို အခွန်တန်ပြန်ကောက်မယ့် တရုတ်

    ဇွန် ၁၈၊ ၂၀၂၄
    M-Media 

    -ဥရောပနိုင်ငံတွေက ၀က်သားတင်ပို့မှုကို အခွန်ကောက်ဖို့ တရုတ်နိုင်ငံက စီစဥ်နေပြီး၊ တရုတ်ထုတ်ကား တင်သွင်းမှုအပေါ် ဥရောပကော်မရှင်က အခွန်ကောက်တာကို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

    ဥရောပနိုင်ငံတွေဟာ သူတို့တင်သွင်းတဲ့ အေးခဲ၀က်သား၊ လတ်ဆတ်၀က်သား အပါအ၀င် ၀က်သားနဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်အားလုံးရဲ့ တင်သွင်းစျေးကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချစျေးထက် လျော့နည်းအောင် တမင်လုပ်ထားတာသလားဆိုတာကို တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ 

    ဒီလို လုပ်ဆောင်ထားတာတွေ့ရင် တရုတ်က ၀က်သားတင်သွင်းမှုမှာ ‘စျေးကွက်ဖျက်အခွန်’ တပ်မှာ ဖြစ်ပါတယ်။ 

    တရုတ်ရဲ့ ၀က်သားတင်သွင်းမှုတန်ဖိုးဟာ ၂၀၂၃ ခုနှစ်မှာ ကန်ဒေါ်လာ ၆ ဘီလီယံ ရှိခဲ့ပြီး အဒီအထဲက ထက်၀က်ဟာ ဥရောပနိုင်ငံတွေက ဖြစ်ပါတယ်။

    စပိန်က တရုတ်ကို အဓိက ၀က်သားတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ဒေါ်လာ ၁ ဘီလီယံ နီးပါးရှိပါတယ်။ နယ်သာလန်နဲ့ ဒိန်းမတ်တို့ရဲ့ ၀က်သားတင်သွင်းမှုက တစ်နှစ်ကို ဒေါ်လာ သန်း ၆၂၀ နဲ့ သန်း ၅၅၀ အသီးသီး ရှိပါတယ်။ 

    ဥရောပကော်မရှင်ဟာ တရုတ်ကတင်သွင်းလာတဲ့ကားတွေကို ဇူလိုင်လကနေစပြီး ၃၈ ရာခိုင်နှုန်း အခွန်ကောက်ဖို့ စီစဥ်တာကို တရုတ်က ၀က်သားအခွန်နဲ့ ပြန်ပြီးတုန့်ပြန်လိုက်တာပါ။  

    တရုတ်ကားလုပ်ငန်း၊ အထူးသဖြင့် လျှပ်စစ်ကားကုမ္ပဏီတွေကို တရုတ်အစိုးရက ငွေကြေးထောက်ပံ့ကာ ဥရောပလုပ်ငန်းတွေ စျေးကွက်မှာ နေရာမရအောင် လုပ်ဆောင်နေတယ်လို့ ဥရောပကော်မရှင်က စွပ်စွဲကာ အခွန်တပ်တာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • မလေးရှားတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖို့ Tiktok က ရင်းနှီးမြှုပ်နှံမည်

    မလေးရှားတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖို့ Tiktok က ရင်းနှီးမြှုပ်နှံမည်

    ဇွန် ၈၊ ၂၀၂၄

    M-Media


    -မလေးရှားကို ဒေသတွင်း ဉာဏ်ရည်တုနည်းပညာ (AI) အချက်အခြာနေရာ ဖြစ်လာရေး Tiktok ရဲ့ မိခင်ကုမ္ပဏီ ByteDance က ရင်းဂစ် ၁၀ ဘီလီယံဖိုး (ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။ 

    ကမ္ဘာ့နည်းပညာကုမ္ပဏီတွေဟာ အရှေ့တောင်အာရှဒေသအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။ 

    ByteDance ဟာ သီးခြားရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာ ရင်းဂစ် ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိမယ့် ဒေတာစင်တာတွေ တည်ဆောက်ဖို့ အစီအစဥ်တစ်ခုလည်း ရှိနေတယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု၀န်ကြီး တွန်ကူ ဇာဖရူလ် အဇစ်က ပြောပါတယ်။ 

    “၂၀၂၅ ခုနှစ်ရောက်ရင် မလေးရှား ဂျီဒီပီရဲ့ ၂၂ ဒဿမ ၆ ရာခိုင်နှုန်းဟာ ဒစ်ဂျစ်တယ်စီးပွားရေး ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ByteDance ရဲ့ ထပ်တိုးရင်းနှီးမြှုပ်နှံမှုက အကူအညီဖြစ်စေမှာ အသေအချာပါပဲ”

    ဂူးဂဲလ်နဲ့ မိုက်ခရိုဆော့ဖ်တို့ကလည်း ဉာဏ်ရည်တုနဲ့ ဒေတာစင်တာတွေအတွက် မလေးရှားမှာ ဒေါ်လာ ၂ ဘီလီယံကျော်စီ ရင်းနှီးမြှုပ်နှံမယ်လို့ ပြီးခဲ့တဲ့ မေလမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

    Ref: Reuters  

  • စစ်ရှောင်များခိုလှုံနေသည့် ကုလစာသင်ကျောင်းကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    စစ်ရှောင်များခိုလှုံနေသည့် ကုလစာသင်ကျောင်းကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    ဇွန် ၆၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်အလယ်ပိုင်း နူစီရတ် ဒုက္ခသည်စခန်းက စစ်ရှောင်တွေ ခိုလှုံနေတဲ့ ကုလ စာသင်ကျောင်းကို အစ္စရေးက ဇွန်လ ၅ ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

    “စာသင်ကျောင်းထဲမှာ ကျွန်တော်တို့ ရှိနေတဲ့အချိန် ရုတ်တရက် ဗုံးလာကြဲသွားပြီး လူတွေက တစ်စစီ ဖြစ်သွားတယ်။ ဒီကျောင်းထဲမှာ မိသားစုတွေ၊ လူငယ်တွေ နေထိုင်နေကြတာ။ သတိပေးတာမျိုးလည်း မလုပ်ဘဲ ဗုံးကြဲခဲ့တာပါ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ စစ်ရှောင်ပြည်သူ အနက်စ် အလ်-ဒါဟွတ်က ပြောပါတယ်။ 

    ဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ဆန့်ကျင် ရှုတ်ချခဲ့ပါတယ်။ 

    “အစ္စရေးရဲ့ အကြမ်းဖက်၀ါဒကို ဒီမှာတွေ့ရမှာပါ။ အစ္စရေးလောက် အကြမ်းဖက်တာ ကမ္ဘာမှာ တစ်ခြားဘယ်သူမှ မရှိပါဘူး။ ဂါဇာမှာ အစ္စရေးဟာ စည်းတွေ၊ ဘောင်တွေအားလုံးကို ကျော်ပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်”လို့ တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ နအင်း အလ်-ဒါဒါဟ်က ပြောပါတယ်။ 

    နအင်းဟာ ဂါဇာမြောက်ပိုင်း ဂါဇာစီးတီးကဖြစ်ပြီး အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်၊ တောင်ပိုင်း ခန်ယူနစ်မြို့၊ တောင်ဘက်အစွန်း ရာဖာမြို့တွေကို ထွက်ပြေးခဲ့ရကာ အခု ဂါဇာအလယ်ပိုင်းက နူစီရတ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာဖြစ်ပါတယ်။ 

    အစ္စရေးဟာ နေရာတိုင်းကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။ 

    “ကြိုတင်သတိပေး အကြောင်းကြာတာမျိုး မရှိဘဲ အစ္စရေးလေယာဥ်တွေဟာ ကုလစာသင်ကျောင်းကို ဒုံးကျည် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”

    တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ အများပြား ရှိနေပြီး သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဂါဇာ ကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၆၆၅၄ ဦး ရှိလာပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – တိုက်ခိုက်ခံမှုပြီးနောက် တွေ့ရသည့် နူစီရတ်ဒုက္ခသည်စခန်းမှ ကုလစာသင်ကျောင်း)