News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • ဂါဇာတွင် ၈ လအတွင်း လခြမ်းနီအဖွဲ့၀င် ၃၃ ဦးကို အစ္စရေးက သတ်ဖြတ်ထား

    ဂါဇာတွင် ၈ လအတွင်း လခြမ်းနီအဖွဲ့၀င် ၃၃ ဦးကို အစ္စရေးက သတ်ဖြတ်ထား

    ဇွန် ၁၊ ၂၀၂၄

    M-Media


    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း မိမိတို့အဖွဲ့၀င် ၃၃ ဦး အသတ်ခံထားရတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    မေလ ၃၁ ရက်နေ့ည ရာဖာက စစ်ရှောင်စခန်းတွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လခြမ်းနီအဖွဲ့၀င် မိုဟာမက် ဂျီဟတ် အာဘဒ် သေဆုံးခဲ့ပါတယ်။ 

    ဒါဟာ ၈ လအတွင်း အစ္စရေးရဲ့သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ၃၃ ယောက်မြောက် လခြမ်းနီအဖွဲ့၀င် ဖြစ်ပါတယ်။ အဲဒီအထဲက ၁၉ ဦးဟာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေစဥ်မှာ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ၈ လအတွင်း ဂါဇာမှာ အစ္စရေးက လူပေါင်း ၃၆၀၀၀ ကျော် သတ်ဖြတ်ထားပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ရာဖာက စစ်ရှောင်စခန်းတွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    Ref: Aljazeera

  • ဂါဇာပြည်သူတွေ အငတ်ဘေးဆိုက်အောင် အစ္စရေးက တမင်လုပ်ဆောင်နေလား

    ဂါဇာပြည်သူတွေ အငတ်ဘေးဆိုက်အောင် အစ္စရေးက တမင်လုပ်ဆောင်နေလား

    မေ ၂၉၊ ၂၀၂၄

    M-Media 


    -အစ္စရေးရဲ့ လုပ်ရပ်တွေကြောင့် ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်ဒေသဟာ အငတ်ဘေးဆိုက်တဲ့ ဒေသတစ်ခု ဖြစ်လာပြီလို့ ပါလက်စတိုင်း အကူအညီပေးရေးကွန်ယက် PNGO က ပြောပါတယ်။ 

    ဂါဇာကို အငတ်ဘေးဆိုက်ဇုန်အဖြစ် ကြေငြာဖို့ လိုအပ်နေတယ် လို့ ရာမာလာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ PNGO ဒါရိုက်တာ အမ်ဂျဒ် ရှာ၀ါက ပြောပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ပစ်မှတ်ထားကာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေပြီး နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေကို ဂါဇာကမ်းမြှောင်ထဲ ၀င်ခွင့်မပေးပါဘူး။ 

    ဂါဇာမှာ စစ်ရှောင်စခန်းတွေအကြား ရေဆိုးတွေ ပြန့်နှံ့နေပြီး သန့်စင်တဲ့ သောက်သုံးရေလည်း ပြတ်လပ်နေပြီလို့ အမ်ဂျဒ် ရှာ၀ါက ပြောပါတယ်။ 

    အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ မြင်မြင်သမျှ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေဟာ မိနစ်နဲ့အမျှ ဆိုးလာနေတယ်လို့လည်း သူက ဆိုပါတယ်။ 

    ငတ်ပြတ်အောင် လုပ်နေသလား

    အကူအညီပေးရေးအဖွဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မိုဟာမက် အီဒါကလည်း အစ္စရေးဟာ ဂါဇာပြည်သူတွေ ငတ်ပြတ်လာအောင် ရည်ရွက်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။ 

    ဂါဇာပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှု၊ ဆေး၀ါးပြတ်လပ်မှု၊ ကလေးငယ်တွေအကြား အဟာရချို့တဲ့မှု၊ ရေဓာတ်မလုံလောက်မှု၊ ရေဆိုးပြန့်နှံ့မှုကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပွားမှု စတဲ့ အခြေအနေဆိုးတွေကို တွေ့ကြုံ ခံစားနေရတယ်လို့ အီဒါက ပြောပါတယ်။ 

    “ပြိုကျနေတဲ့ အဆောက်အဦးတွေကြားထဲ အလောင်းတော်တော်များများ ပိတ်မိနေတယ်။ တစ်ချို့အလောင်းတွေကလည်း လမ်းပေါ်မှာ ပြန့်ကျဲနေပါတယ်။ ဂါဇာကမ်းမြှောင်က ပြည်သူတွေ ငတ်မွတ်ခေါင်းပါးပြီး နေရပ်စွန့်ခွာသွားအောင် အစ္စရေးက ရည်ရွယ်လုပ်ဆောင်နေတာလား”

    ၁၉၇၇ ခုနှစ် ဂျီနီဗာကွန်ဗန်းရှင်းရဲ့ အပိုဒ် ၁၄ အရ နယ်မြေတစ်ခုကို ကျူးကျော်တိုက်ခိုက်ပြီး ပြည်သူတွေကို ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်တာ၊ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေဟာ ရာဇ၀တ်မှုမြောက်တယ်လို့လည်း  အီဒါက ထောက်ပြပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေးနှင့် ဟားမက်စ်ခေါင်းဆောင်များကို ICC က ဖမ်း၀ရမ်းထုတ်

    အစ္စရေးနှင့် ဟားမက်စ်ခေါင်းဆောင်များကို ICC က ဖမ်း၀ရမ်းထုတ်

    မေ ၁၉၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၀န်ကြီးချုပ် (ယာ) နှင့် ကာကွယ်ရေး၀န်ကြီး ၀ဲ)

    – အစ္စရေးနဲ့ ဟားမက်စ်ခေါင်းဆောင်းတွေကို စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ဖမ်း၀ရမ်းထုတ်မယ်လို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က မေလ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်က အစ္စရေးထဲ ၀င်ရောက်တိုက်ခိုက်မှု၊ အဲဒီနောက်ပိုင်း ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲ စတာတွေမှာ ကျူးလွန်မှုတွေအတွက် ဖြစ်ပါတယ်။ 

    ဖမ်း၀ရမ်းထုတ်ခံရမယ့်သူတွေက အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေး၀န်ကြီး ယိုအက်ဗ် ဂါလန့်၊ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ယာယာ ဆင်၀ါရ်၊ မိုဟာမက် ဒအီဖ်နဲ့ အစ္စမာအီလ် ဟာနီယာတို့ ဖြစ်ပါတယ်။

    ဒီခေါင်းဆောင်တွေဟာ အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေမှာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် တာ၀န်ရှိကြောင်း ယုံကြည်လောက်စရာ သက်သေအခိုင်အမာ ရှိနေတယ်လို့ ICC တရာသူကြီးချုပ် ကရင်မ် ခန်းက ပြောပါတယ်။

    အရပ်သားတွေကို ငတ်ပြတ်အောင်လုပ်တာ၊ ငတ်မွတ်မှုကို စစ်ပွဲရဲ့ လက်နက်အဖြစ် အသုံးပြုတာ၊ လူတွေရဲ့ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေး ထိခိုက်ပျက်ဆီးအောင် ရည်ရွယ်လုပ်ဆောင်တာ၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ၊ ဓားစားခံတွေ ဖမ်းဆီးတာ စတာတွေဟာ စစ်ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ 

    ငတ်မွတ်ပြီး သေဆုံးအောင် လုပ်တာအပါအ၀င် လူအစုလိုက် သတ်ဖြတ်တာ၊ လူအဖွဲ့စည်းတစ်ခုလုံးကို ဖိနှိပ်ညှင်းပမ်းတာ၊ လူမဆန်တဲ့ ညှင်းဆဲသတ်ဖြတ်မှု လုပ်ဆောင်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဥ်မှာ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်တာတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (crimes against humanity) မြောက်ပါတယ်။ 

    နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ ၀ရမ်းထုတ်မှုကို နှစ်ဖက်စလုံးက ရှုတ်ချပါတယ်။ 

    ဟားမက်စ်အဖွဲ့က ဒီ၀ရမ်းထုတ်မှုဟာ ထိခိုက်ခံစားရသူတွေကို၊ ကျူးလွန်သူတွေနဲ့ တန်းညှိလိုက်တာလို့ တုန့်ပြန်ပါတယ်။ 

    အစ္စရေးစစ်ရုံး တာ၀န်ရှိသူ ဘန်နီဂန့်ဇ်က သမိုင်းတွင်မယ့် ရာဇ၀တ်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူအရေအတွက်ဟာ ၃၅၅၆၂ ဦး ရှိလာပြီဖြစ်ပါတယ်။ အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေပါ။ 

    ဒဏ်ရာရသူ အရေအတွက်က ၈ သောင်းနီးပါး ရှိလာပြီး အဆောက်အဦး အပျက်အဆီးတွေကြား ပိတ်မိပျောက်ဆုံးနေသူက ၈ ထောင်နီးပါး ရှိနေပါတယ်။

    Ref: Aljazeera 

  • သြစတေးလျရှိ အထင်ကရနေရာတွင် မိုးကြိုးပစ်၍ လူ ၄ ဦး သေဆုံး

    သြစတေးလျရှိ အထင်ကရနေရာတွင် မိုးကြိုးပစ်၍ လူ ၄ ဦး သေဆုံး

    ဖေဖော်၀ါရီ ၁၉၊ ၂၀၂၄

    M-Media 


    -သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က နာမည်ကျော် အဆောက်အဦး Sydney Opera House နားမှာ မိုးကြိုးပစ်တဲ့အတွက် လူ ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

    ဆစ်ဒနီမှာ ဖေဖော်၀ါရီ ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ မိုးသက်မုန်တိုင်းတွေ ကျရောက်နေတာပါ။ မုန်တိုင်းကြောင့် အိမ်ခြေတစ်သောင်းလောက် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ 

    မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်း ဆစ်ဒနီမှာ မိုးကြိုးပစ်ခတ်မှုပေါင်း ၇၅၀၀၀ လောက် ရှိခဲ့ပါတယ်။ 

    Sydney Opera House နားက ပန်းခြံမှာ မိုးကြိုးပစ်မှုအတွင်း အသက် ၃၆ နှစ်အရွယ် စုံတွဲနဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးတို့အပါအ၀င် ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

    ဒဏ်ရာရသူကတော့ ၄ ဦး ရှိခဲ့ပါတယ်။ 

    Ref: Reuters 

  • မြန်မာစစ်ရှောင်များအတွက် ဘေးကင်းဇုန်တစ်ခုကို ထိုင်းနိုင်ငံက ဖန်တီးပေးမည်

    မြန်မာစစ်ရှောင်များအတွက် ဘေးကင်းဇုန်တစ်ခုကို ထိုင်းနိုင်ငံက ဖန်တီးပေးမည်

    ဖေဖော်၀ါရီ ၇၊ ၂၀၂၄
    M-Media 

    (ဓာတ်ပုံ – မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် စစ်ရှောင်များ)

    -မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးကင်းဇုန်တစ်ခု ဖန်တီးပေးဖို့ ထိုင်းနိုင်ငံက စီစဥ်နေပါတယ်။ 

    မဲဆောက်-မြ၀တီ နယ်စပ်မှာ အခုလနှောင်းပိုင်းက စတင်ပြီး ဆောင်ရွက်သွားမှာပါ။ 

    နယ်စပ်မှာရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ စစ်ရှောင်ဦးရေ ၂ သောင်းလောက်ကို အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေပေးအပ်ဖို့လည်း ရည်ရွယ်ပါတယ်။ 

    အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် လူအန် ပရာဘန်တို့ရဲ့ အကြံပြုချက်နဲ့ အခု ဘေးကင်းဇုန်ကို ဖော်ဆောင်မှာဖြစ်ပါတယ်။ 

    အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီရဲ့ ဦးစီးမှုနဲ့အတူ ထိုင်း၊ မြန်မာ ကြက်ခြေနီအဖွဲ့တွေက အကူအညီတွေ ပေးအပ်မှာပါ။ 

    ဘေးကင်းဇုန်ရဲ့ ရည်ရွယ်ချက်ထဲမှာ အကူအညီတွေ ထောက်ပံ့ပေးမှုအပြင်၊ နောက်ပိုင်း ပဋိပက္ခအတွင်း ပါ၀င်ပတ်သက်သူတွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့အထိ ပါ၀င်ပါတယ်။ 

     Ref : The Star