News @ M-Media

Category: Interview

  • NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    စက်တင်ဘာ ၁၁ ၊ ၂၀၁၆
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။
    .
    Identity Card for National Verification

    (NVC) နှင့် ပတ်သတ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
    .
    M-Media- အရင်ဆုံး NVC ဆိုတာ ဘယ်လိုလူတွေကို ထုတ်ပေးလို့ရလည်းဆိုတာ ရှင်းပြပေးပါလား။
    .
    ဦးခင်မောင်ချို- ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ်-၁၃ (၁) အရ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူတွေကိုသာ အပိုဒ်-၁၃(၄) အရ ယာယီသက်သေခံ လတ်မှတ်သစ်တစ်ခု (NVC) ထုတ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် အားလုံးဟာ ယာယီသက်သေခံလတ်မှတ် ကိုင်ဆောင်ထားတဲ့သူတွေ မဟုတ်ကြတဲ့အတွက် သူတို့ကို အစုလိုက် အပြုံလိုက် NVC တွေ ထုတ်ပေးဖို့ မလိုအပ်ပါဘူး။
    .
    M-Media-  နိုင်ငံသားအထောက်အထား တင်ပြနိုင်မှု အားနည်းရင်ရော ဘယ်လိုလုပ်လို့ရနိုင်မလဲ။
    .
    ဦးခင်မောင်ချို- အထောက်အထားတင်ပြနိုင်မှု အားနည်းရင် (ဒါမှမဟုတ်) မည်သည့်နိုင်ငံသား အမျိုးအစားမှာ အကျုံးဝင်ကြောင်း အတည်ပြုဖို့ ဒိဟဖြစ်နေရင် (ဒါမှမဟုတ်) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ပြဌာန်းချက်တွေနဲ့ အကျုံးမဝင်ဘူး (သို့) NVC ကိုင်ဆောင်သူတွေထဲကမှ လျှောက်ထားလာရင် လျှောက်ထားသူ (အလွှာရှင်) ရဲ့ ဆန္ဒအလျှောက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ လျှောက်ထားဖို့ ညွှန်ပြပါလိမ့်မယ်။ (ပုဒ်မ -၆၅။    ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့ကို လျှောက်ထားနိုင်သည်) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစီစစ်ပေးဖို့ လိုအပ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင်ငံသားအမျိုးအစားအလိုက် ထုတ်ပေးဖို့မှလည်း အချိန်ယူဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် အလွှာရှင်ဟာ အချိန်ကာလကြာမြင့်နိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသွားနိုင်ပါတယ်။
    .
    M-Media- မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံသားဖြစ်ဖို့အတွက် နည်းလမ်းတွေရော ဘယ်လိုမျိုးတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို-     မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်အများစုဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေပဲ ဖြစ်ကြပါတယ်။ ၁၉၄၇ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၀၊ ၁၉၇၄ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၁၄၅(ခ) နဲ့ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ရပ်က ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေကို အသိအမှတ်ပြု အတည်ပြုထားပြီးတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆ ကလည်း ထပ်မံအတည်ပြုထားပါတယ်။
    နောက်ပြီး ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ-၁၄ တွင် “ဥပဒေ ပြဌာန်းချက် တစ်ရပ်ရပ်ကို အခြားဥပဒေတစ်ရပ်ရပ်ဖြင့် ရုပ်သိမ်းရင် (က) ရုပ်သိမ်းခြင်း ခံရသော ပြဌာန်းချက်ရဲ့ အာဏာသက်ရောက်ခြင်းကို မထိခိုက်စေရ။ ထို့ပြင် ယင်းဥပဒေ ပြဌာန်းချက်အရ နည်းလမ်းတကျ ပြုလုပ်ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။(ခ) ရုပ်သိမ်းခြင်းခံရသော ပြဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို မထိခိုက်စေရ” လို့ ပြဌာန်းထားပါတယ်။ အဲ့ဒီအခွင့်အရေးတွေဟာ ဒီနေ့တိုင် တည်မြဲနေတဲ့အတွက် ဒီဥပဒေအရ အစ္စလာမ်ဘာသာဝင် အများအပြားဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေ ဖြစ်ကြပါတယ်။
    .
    M-Media-  အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနေကြတာကိုရော ဆရာ ဘာများပြောချင်ပါသလဲ။
    .
    ဦးခင်မောင်ချို-     သွေးနှောဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သတ်ပြီးတော့ ဒီအသုံးအနှုန်းဟာ နိုင်ငံသား ဥပဒေ၊ နည်းဥပဒေတွေမှာ မပါဝင်တဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းချက် တစ်စုံတစ်ရာ မရှိပဲနဲ့ သွေးနှော လို့ ခေါ်ဝေါ် သုံးနေကြတာဟာ တည်ဆဲ ဥပဒေတွေနဲ့ ညီညွတ်ခြင်း မရှိပါဘူး။ ဥပဒေတစ်ရပ် ပြဌာန်းဖို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့် အသီးသီး ရှိပါတယ်။ ညွှန်ကြားချက် အမိန့်တွေဟာ ဥပဒေ၊ နည်းဥပဒေတွေကို မကျော်လွန်နိုင်ပါဘူး။ အဲ့ဒီတော့ အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနှုန်းနေခြင်းဟာ ဥပဒေနဲ့ မညီညွှတ်ပါဘူး။
    .
    M-Media-  ဘာသာရေးအရ ခွဲခြားဆက်ဆံခံနေရတာတွေလည်း ရှိနေတယ်၊ အဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါလဲ။
    .
    ဦးခင်မောင်ချို-     အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေဟာ ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် ဘွဲ့လတ်မှတ် မထုတ်ယူနိုင်သူတွေ အများအပြား ရှိနေပါတယ်။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်သင်ရှေ့နေတွေ၊ အထက်တန်းရှေ့နေတွေ လိုင်စင်လျှောက်ရာမှာလည်း အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေလည်း သတ်မှတ်ချက်တွေ ပြည့်စုံပါလျှက်နဲ့ နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေတက်ဖို့ ဝင်ခွင့်မရကြပါဘူး။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရူံးမှုတွေလည်း များပြားနေပါတယ်။ ဘာသာရေးအရ ခွဲခြားရာ ရောက်နေတဲ့အတွက် အခုလုပ်ရပ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေပါတယ်။
    .
    M-Media-  နိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရကရော ဘယ်လို တာဝန်အပိုင်းတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၇၄ အရ မြန်မာနိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေန့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေကပဲ တည်ဆဲဥပဒေတွေနဲ့အညီ အဆုံးအဖြတ် ပေးနိုင်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေဟာ နိုင်ငံတော်အစိုးရကို တာဝန်ခံပေးပြီး မြန်မာနိုင်ငံသား လုပ်ငန်းရပ်တွေကို အကောင်အထည်ဖော်ရပါတယ်။ ပုဒ်မ-၇၀(ခ) အရ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာ အပြီးအပြတ် ဖြစ်ပါတယ်။
    .
    M-Media-  ဆရာ့အနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိပေမယ့်လည်း ဒီဥပဒေဟာ တည်ဆဲဖြစ်နေတဲ့အတွက် ဒီဥပဒေအရသာ ဆုံးဖြတ်လို့ ရပါမယ်။ နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်မှာ အစ္စလာမ်ဘာသာဝင်တွေကို တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစစ်ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံ လိုပါတယ်။

  • ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၂)

    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၂)

    ဇူလိုင်၂၅ ၊ ၂၀၁၆
    M-Media
    မိုးစက် ဆက်သွယ်မေးမြန်းသည်။
    .religion_MM-page-016
    ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်လက်များ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြိး ဦးသိန်းဆွေမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားပါတယ်။
    .
    ဗုဒ္ဓဘာသာ-၈၇.၉ %
    ခရစ်ယာန်ဘာသာ- ၆.၂ %
    အစ္စလာမ်- ၄.၃ %
    ဟိန္ဒူ- ၀.၅ %
    နတ်ကိုးကွယ်သူ- ၀.၈%
    အခြား- ၀.၂ %
    ဘာသာမဲ့- ၀.၁ %
    (စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များ ထည့်သွင်းတွက်ချက်ထားသည့် စာရင်းဖြစ်သည်။)
    .
    အဆိုပါ စာရင်း ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာ အဖွဲ့အစည်းတချို့ မှ ခေါင်းဆောင်များကို M-Media မှ ဆက်သွယ်ပြီး ၄င်းတို့ရဲ့ အမြင်များကို မေးမြန်းခဲ့ပါတယ်။ ဇူလိုင်လ (၂၄) ရက်နေ့ က အပိုင်း(၁) အဖြစ် ဖော်ပြခဲ့ပြီး ယခု ကျန်ရှိနေတဲ့ အပိုင်းကို ထပ်မံ၍ ဖော်ပြလိုက်ပါတယ်။
    .
    အလ်ဟဂ်ျ ဦးအေးလွင် (အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး)
    (ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို ထူထောင်သူတွေထဲမှာ ပါဝင်သူတဦး)
    ————————————————————————-

    DSCN5664-1
    အခု ထုတ်ပြန်လိုက်တဲ့ လူဦးရေစာရင်းက တိကျမှန်ကန်မှု မရှိပါဘူး။ အစ္စလာမ် ဘာသာဝင် လူဦးရေ ဒီထက်များတယ်ဆိုတာ အသိအသာကြီးပါ။ ဒါတွေဟာ ဘာကြောင့်လည်း ဆိုရင်တော့ Technical Error လို့ ခေါ်တဲ့ နည်းပညာဆိုင်ရာ ချွတ်ချော်မှုတွေပဲလို့တော့ ထင်ပါတယ်။ တချို့ဟာတွေလည်း ရှိမှာပါ။ သူများတွေကိုတော့ မစွပ်စွဲချင်တော့ပါဘူး။
    .
    အရှိတရားတွေကို အရှိတရားအတိုင်းပဲ ထားစေချင်တယ်။ မဟုတ်ရင် တိုင်းပြည်က ချွတ်ခြုံ ကျနေဦးမှာပဲ။ နိုင်ငံတော်သစ် တည်ထောင်တော့မယ်ဆိုရင် စီမံခန့်ခွဲမှုအပိုင်းတွေလိုတယ်။ တိကျမှုမရှိတဲ့ ကိန်းဂဏန်းတွေနဲ့ ရှေ့ဆက်ပြီး သွားမယ်ဆိုရင်တော့ တိုးတက်ထူးခြားမှုတွေဆိုတာလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

    ..xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    အလ်ဟဂ်ျ  ဦးမြင့်ထွန်း (ဥက္ကဌ၊ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့)
    (သမ္မတဦးသိန်းစိန် လက်ထက်ဖွဲစည်းခဲ့သည့် ရခိုင် ပဋိပက္ခအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်)
    ——————————————————

    U Myint Tun
    ထွက်လာတဲ့ ရာခိုင်နှုန်းက အပြည့်မှန်တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ အားနည်းချက်တွေ ရှိနေတယ်လို့ပဲ ထင်ပါတယ်။ နှစ်ဦးနှစ်ဖက် အားနည်းချက်တွေပေါ့။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်ကည်း သန်းခေါင်းစာရင်း လာကောက်တဲ့အချိန်မှာ နိုင်ငံရပ်ခြားမှာသွားပြီး အလုပ်လုပ်နေတဲ့သူတွေကို ထည့်မပြောတာမျိုးတို့၊ မှတ်ပုံတင်လုပ်ရတာ မလွယ်လို့ လွယ်အောင် အဆင်ပြေတဲ့ ဘာသာနာမည်ပဲ ရေးပြီး လုပ်ထားတာမျိုးတွေ အဲ့ဒါမျိုးတွေတော့ ရှိပါတယ်။ စာရင်းကောက်တဲ့ လူတွေဘက်ကလည်း ရေးမှတ်တာတွေမှားတာ၊ နားလည်မှုတွေ လွဲတာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သဟဇာတဖြစ်မှုတွေက အားနည်းနေတာပါ။
    .
    ကျွန်တော်ထင်တာကတော့ လူဦးရေက ခုထုတ်ပြန်တာထက် တော်တော်ပိုမယ် ထင်ပါတယ်။ ၅ နဲ့ ၆ ကြားလောက် ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကောက်တဲ့စာရင်းကလည်း လ.ဝ.က က ကိုင်ထားတော့ တိတိကျကျ မသိရဘူး။
    .
    ခုလိုမျိုး သန်းခေါင်းစာရင်းကောက်တာတွေကိုသာ (၁၀) နှစ် တစ်ကြိမ်လောက် အစိုးရဘက်က လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဒါမှပဲ စာရင်းကောက်တဲ့လူတွေလည်း အသားကျပြီးတော့ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မယ်။
    .
    ကျွန်တော်တို့ ဘာသာရေးအဖွဲ့အစည်းတွေကလည်း မြေပြင်စာရင်းကောက်ဖို့ကို လုပ်ထားသင့်တယ်ပေါ့။ တခြားအဖွဲ့တွေနဲ့ ဝိုင်းဝန်းတိုင်ပင်ပြီး ဆောင်ရွက်ထားသင့်တယ်လို့ ထင်ပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၁) ဖတ်ရန်
    http://www.m-mediagroup.com/news/58261

  • ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ်  ခေါင်းဆောင်များ၏ သုံးသပ်ချက် (၁)

    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၁)

    ဇူလိုင် ၂၄ ၊ ၂၀၁၆
    M-Media
    မိုးစက်/သူရိန် ဆက်သွယ်မေးမြန်းသည်။
    .religion_MM-page-016
    ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်လက်များ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြိး ဦးသိန်းဆွေမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားပါတယ်။
    .
    ဗုဒ္ဓဘာသာ-၈၇.၉ %
    ခရစ်ယာန်ဘာသာ- ၆.၂ %
    အစ္စလာမ်- ၄.၃ %
    ဟိန္ဒူ- ၀.၅ %
    နတ်ကိုးကွယ်သူ- ၀.၈%
    အခြား- ၀.၂ %
    ဘာသာမဲ့- ၀.၁ %
    (စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များ ထည့်သွင်းတွက်ချက်ထားသည့် စာရင်းဖြစ်သည်။)
    .
    အဆိုပါ စာရင်း ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာ အဖွဲ့အစည်းတချို့ မှ ခေါင်းဆောင်များကို M-Media မှ ဆက်သွယ်ပြီး ၄င်းတို့ရဲ့ အမြင်များကို မေးမြန်းခဲ့ပါတယ်။
    .
    ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)  (သဘာပတိ- မြန်မာမွတ်စလင် ကွန်ရက်)
    =======================

    Dr Myint Thein

    “အခုထွက်လာတဲ့ figure တွေနဲ့ ပတ်သက် လို့ကတော့  သိပ်ဘဝင်မကျဘူးပေါ့။ အားလုံး တပြည်လုံးက (၂.၂)သန်း ဝန်းကျင်လောက် ဆိုတာကတော့ ဘဝင်ကျစရာ အကြောင်း သိပ်မရှိဘူး။ အကြမ်းဖျင်း observation လိုတယ်။ တိတိကျကျ ပြောဖို့ဆိုတာက ကိုယ့်ဘက်က ခိုင်မာတဲ့ survey မျိုး ခိုင်မာတဲ့ဟာမျိုး လိုတယ်လေ။ ဒါကတော့ နံပတ်တစ်ပေါ့။ အဲ့တော့ မွတ်စလင်မ်ထု အနေနဲ့ ဟိုဘက်က ထွက်တဲ့ figure ပေါ်တော့ ဘဝင်မကျဘူး။ ဒါကတော့ ရိုးရိုးသားသား ပြောတာ။ ဒုတိယအချက်က ကိုယ့် မွတ်စလင်မ်တွေ အားနည်းချက်က ရှိနေတယ်။ အဲ့ဒါဘာလဲဆိုတော့ ကိုယ့်စာရင်း ကိုယ့်မှာမရှိဘူး။ ဒါရှိထားရမယ့် ကိစ္စလေ။ ”
    .
    ” အနာဂတ်နိုင်ငံရေးလောကအတွက်လည်း လိုတယ်။ စာရင်းက အနည်းဆုံး ဟဂ်ျ အတွက်တောင် လိုတယ်။ မြန်မာပြည်မှာ မွတ်စလင်မ် လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ လူတိုင်း စိတ်ဝင်စားတဲ့ question။  အဲဒါလေးတစ်ခုကု ဂဏန်းကို ဘဝင်မကျဘူးဆိုရင် ဒါကို မကျေနပ်ဘူးလို့ ပါးစပ်ကပြောနေမယ့်အစား ကိုယ်ကိုတိုင်က ကိုယ့်ဘာသာ စာရင်းကောက်ဖို့လိုတယ်။ ဒီဟာနဲ့ ပတ်သက်လို့ အနာဂတ် ကိစ္စမှာ တကယ် ခိုင်ခိုင်မာမာဖြစ်ဖို့ အခုကတည်းက လုပ်ဖို့လိုတယ်။ပြီးတာတွေ ထားလိုက်တော့။အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ တပြည်လုံး အတိုင်းအတာနဲ့ ဒီစာရင်းတွေထွက်လာဖို့ အကုန်လုပ်ရတော့မယ်။”
    .
    အလ်ဟဂ်ျ ဦးတင်မောင်သန်း (အတွင်းရေးမှူးချူပ်- အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချူပ်)
    —————————————————

    Tin Mg Than
    အခု ထုတ်ပြန်လိုက်တဲ့ စားရင်းက ရာနှုန်းပြည့် ကိုက်ညီမယ်လို့ မထင်ဘူး။
    .
    ဘာကြောင့်လဲ ဆိုတော့ ကောက်ပြိးရလာတဲ့ စာရင်းတွေကို စနစ်တကျ စုစည်းပြီး ခေတ်မှီနည်းစနစ်တွေ သုံးပြိး ကျွမ်းကျင်ပညာရှင်တွေ ကြီးကြပ်ပြီး စာရင်းပြုစုတယ်ဆိုပေမယ့်
    .
    – အချို့နေရာတွေမှာ စာရင်းကောက်တွေ အခြားအချက်အလက်တွေ မေးမြန်းမှတ်သားပြီးရင် ဘာသာနေရာကို အလွယ်တကူပဲ ဗုဒ္ဓဘာသာလို့ မှတ်သွားတာတွေ ရှိတယ်။ နှစ်ပေါင်း ၃၀ ကျော် သန်းခေါင်စာရင်း မကောက်ခဲ့တော့  စာရင်းကောက်တဲ့လုပ်ငန်းကို အထိအတွေ့အလေ့အကျင့် မရှိ ကြတော့ဘူး။  အခုမှ ပြန်ပြီး ကမန်းတတမ်း လေ့ကျင့်သင်ကြား ပြီး ကောက်ခိုင်းတဲ့အတွက် စာရင်းကောက်တွေဆီမှာ အားနည်းချက်တွေ အများကြီးရှိတယ်။
    .
    * မွတ်စလင်မ် ဆိုရင် ကရင်စစ်ပဲ ဖြစ်ဖြစ်၊ ရှမ်းစစ်စစ်ပဲဖြစ်ဖြစ် လ.၀.က က အစ္စလာမ်ဘာသာဝင်ဆိုတာနဲ့ သွေးနှောလို့ တဖက်သတ် သတ်မှတ်ပြီး မြို့နယ် လ.၀.က ရုံးမှာ မှတ်ပုံတင် ထုတ်မပေးတော့ဘဲ ခရိုင်/တိုင်း လ.၀.က ကို ပို့လိုက်ကြတယ်။ ခရိုင်တို့ တိုင်းတို့ကလည်း အချက်အလက်  ဘယ်လောက်မှန်မှန် ပိုက်ဆံ မပေးနိုင်ရင် ထုတ်မပေးကြဘူး။
    .
    *  ငွေမပေးနိုင်တဲ့သူတွေ မှတ်ပုံတင်မရကြဘူး။ ဒါကြောင့်တော်တော်များများနေရာတွေမှာမွတ်စလင်အချို့က  မှတ်ပုံတင်ရဖို့ ဘာသာနေရာမှာ ဗုဒ္ဓဘာသာ လို့ဘဲ ဖြည့်လိုက်ကြတယ်။ အဲဒီ ဖြည့်ထားတဲ့ သူတွေက သန်းခေါင်စာရင်း ကောက်တဲ့ အခါမှာ မှတ်ပုံတင်နဲ့ ကွဲလွဲပြီး ပြောရင် အရေးယူခံရမလား စိုးရိမ်ပြီး မှတ်ပုံတင်ထဲက အတိုင်းပဲ ဖြေကြတော့တယ်။ အဲဒီ အရေအတွက်ကလည်း အတိုင်းအတာ တခုထိ များများစားစားရှိ နေတယ်။
    .
    * နိုင်ငံခြားကို ပုံစံအမျိုးမျိုး နဲ့ ထွက်ခွာသွားသူတွေ ထဲက ပါတ်စ်ပို့နဲ့ သွားတာ မဟုတ်တဲ့ သူတွေရဲ့ မိသားစုအချို့ကလည်း အမျိုးမျိုး စိုးရိမ်ကြပြိး စာရင်း မပေးကြတာတွေ ရှိသလို၊ မိသားစုလိုက် ထွက်သွားကြသူတွေရဲ့ စာရင်းတွေ ကျန်တာလည်း ရှိပါတယ်။ ဒါက တပြည်လုံး အတိုင်းအတာနဲ့ ခြုံပြိး သုံးသပ်တာပါ။
    .
    *  အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်မ် အများစုကို မကောက်ခဲ့ဘဲ ကောက်ဖို့ ကျန်တဲ့လူဦးရေကို တစ်သန်း ကိုးသောင်း လို့ ခန့်မှန်း တွက်ချက်တဲ့ဆီမှာလည်း ကွာဟ ချက်တွေ ရှိနိုင်တယ်။ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူတွေလည်း ထုနဲ့ ထည်နဲ့ ရှိနေတော့ သူတို့ စာရင်းတွေ လည်း ကျန်ခဲ့လိမ့်မယ်။
    .
    အရင် မ.ဆ.လ လက်ထက်မှာ လျော့ပြတာမျိုး ရှိနိုင်ပေမယ့် အခု ကောက်တဲ့စာရင်းမှာတော့ တမင်တကာ လျော့ပြတာမျိုးရှိမယ် မထင်ဘူး။ အနီးစပ်ဆုံး မှန်မယ်လို့ယူဆပါတယ်။
    .
    * ဒီသန်းခေါင်စာရင်းရဲ့အထူးခြားဆုံးအချက်ကတော့  ရခိုင်ပြည်နယ်ကမွတ်စလင်မ်တွေ စာရင်းကို ထည့်မတွက်ရင် (ခိုးဝင်လို့သတ်မှတ်ရင်) ခေတ်အဆက်ဆက်ကောက်ထားတဲ့ မွတ်စလင်မ်ဦးရေနဲ့ ဘယ်လိုမှ လိုက်လျောညီထွေ မဖြစ်တော့ဘူး၊ သူတို့ကိုချန်လပ်ပြီးတွက်ရင်  ယခင့်ယခင်ကကောက်ထားတဲ့ ရလဒ် ရာခိုင်နှုန်းရဲ့ တဝက်လောက်လျှော့သွားမှာမို့ သူတို့တွေဟာ အစဉ်အဆက်ရှိခဲ့တယ်ဆိုတာ ထင်ရှားနေတယ်။ အရင်ကောက်ထားတဲ့ စာရင်းအားလုံးမှာ သူတို့ပါခဲ့တယ်ဆိုတာ  ငြင်းမရအောင် ထင်ရှားနေပါတယ်။
    .
    * နောက်တချက်က မဘသတွေ စွပ်စွဲဝါဒဖြန့် သလို မျိုးဖောက်သာသနာပြုတယ်ဆိုတာတို့ ရာခိုင်နှုန်း ဘယ်လောက်ရှိနေပါပြီ ဆိုတာတွေဟာ တမင်သက်သက် မုန်းတီးရေး လုပ်ကြံဝါဒဖြန့်မှုတွေဆိုတာ ပေါ်လွင်သွားပါတယ်။
    .
    ဒီသန်းခေါင်စာရင်း ကောက်တာနဲ့ ပတ်သက်ပြီး ရေရှည်  ပညာပေးလုပ်သွားဖို့ လိုတယ်။ နောက် ၁၀နှစ် တစ်ခါပေါ့နော် အနည်းဆုံး ပြန်ကောက်ဖို့လိုတယ်။ ဒါမှပဲ လူတွေက သန်းခေါင်စာရင်း လုပ်ထုံးလုပ်နည်းတွေ သဘောပေါက်မယ်။ သန်းခေါင်စာရင်းနဲ့
    .
    ပတ်သက်ပြီးတော့ အသိပညာရှိနေတဲ့ အပေါ်မှာ အခုထက် ပိုမှန်တဲ့ figure တွေရမယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့် သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းကို စိုက်စိုက်မတ်မတ် အစိုးရက လုပ်ပေးဖို့ လိုတယ်လို့ ကျွန်တော်  အကြံပြုပြောကြားလိုပါတယ်။

    ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေ စာရင်း အစီအရင်ခံစာ အပြည်အစုံ ကြည့်ရှုဖို့
    https://www.facebook.com/468226919886450/photos/?tab=album&album_id=1136317186410750

  • မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ တူရကီသံအမတ်ကြီးတို့ နှင့် လျှပ်တပြက် အင်တာဗျူး

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ တူရကီသံအမတ်ကြီးတို့ နှင့် လျှပ်တပြက် အင်တာဗျူး

    ဇူလိုင် ၁၀ ၊ ၂၀၁၆
    M-Media

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် တူရကီသံအမတ်ကြီးတို့ကို ဇူလိုင်လ ၉ ရက်နေ့က အခမ်းအနားတခုမှာ အမ်မီဒီယာမှ ခဏတာ အင်တာဗျူးခွင့်ရရှိရှိခဲ့ပါတယ်။

    အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် မှ နိုင်ငံသားများအကြား သာတူညီမျှ အခွင့်အရေးရရှိရန် အကူအညီပေးရာတွင် မိမိတို့ကိုယ်တိုင် ရုန်းကန်နေရဆဲဖြစ် ပြောကြားခဲ့ပြီး ။ တူရကီသံအမတ်ကြီးကတော့ ကမ္ဘာပေါ်၌ တူရကီသည် နိုင်ငံ့ဝင်ငွေ အလိုက် လူသားချင်းစာနာရေးအထောက်အပံ့ အများဆုံးပေးနေသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    .
    အမေရိကန် သံအမတ် စကော့မာစီရယ်
    —————————————-

    Ambassador Acot Marciel
    M-Media: မတူကွဲပြားတဲ့ လူနည်းစုတွေ၊ ဘာသာ မတူသူ လူနည်းစု အုပ်စုတွေ အကြား သာတူညီမျှ အခွင့်အရေးရစေနိုင်ဖို့နဲ့ စပ်လျဉ်းပြီး (မေးခွန်းတစ်ခု မေးလိုပါတယ်။) အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် လက်ရှိကျင့်သုံးနေတဲ့ wait-and-see approach ခေါ် စိတ်ရှည်လက်ရှည် စောင့်ကြည့် လေ့လာရေး နည်းလမ်းက ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိပါသလဲ။
    .
    အမေရိကန် သံအမတ် စကော့မာစီရယ်: ကျနော်တို့ အမေရိကန်အစိုးရက မြန်မာနိုင်ငံသား အားလုံးကို အောင်မြင်စေလိုတယ်၊ နိုင်ငံသား အားလုံး အခွင့်အရေးကိုယ်စီရကြဖို့ ဆန္ဒထားပါတယ်။ အခု လက်ရှိမြန်မာအစိုးရနဲ့ တခြားအဖွဲ့တွေကလည်း သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီးတော့ လူတိုင်းကိုယ်စီ အခွင့်အရေး ညီတူညီမျှရရှဖို့ ကြိုးစားနေကြတယ်၊ ကျွန်တော်တို့ အမေရိကန် အစိုးရကလည်း အဲဒီကြိုးစားမှုကို ကူညီနေပါတယ်။ ဒီလို သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့က အချိန်ယူရမယ်ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ အမေရိကန်နိုင်ငံ ကိုယ်တိုင်ကလည်း (သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့ ကူညီရာမှာ) ရုန်းကန်နေရပါသေးတယ်။ ကျွန်တော် တို့ကတော့ မြန်မာပြည်က လူတိုင်းကို ကူညီထောက်ပံ့နိုင်ဖို့ မျှော်လင့်ပါတယ်။
    .
    M-Media : ခင်ဗျားက အင်ဒိုနီးရှား ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်အဖြစ်လည်း တာဝန်ထမ်းခဲ့ဖူးတယ်နော်။ အင်ဒိုနဲ့ မြန်မာနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ လူနည်းစုတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေက တူညီတာတွေရှိနေတယ်ဆိုပြီး တချို့က ထင်နေကြပါတယ်။ အကယ်၍ ခင်ဗျားကလည်း အဲဒီနိုင်ငံ နှစ်နိုင်ငံအကြားမှာ လူနည်းစုတွေကို ဖိနှိပ်တဲ့နေရာမှာ တူညီတာတွေရှိနေတယ်လို့ ထင်ပါသလား။ ထင်တယ်ဆိုရင် ကျွန်တော်တို့ကို နည်းနည်းပြောပြနိုင်ပါသလား။
    .
    အမေရိကန် သံအမတ် စကော့မာစီရယ်: အင်ဒိုရော မြန်မာကပါ အမေရိကန်နိုင်ငံလိုပဲ အသွင်ကွဲပြားတဲ့ လူမျိုးများစွာရှိနေသလို၊ ဒီမိုကရေစီစတင်ကျင့်သုံးတာကလည်း မကြာသေးဘူး။ လူအားလုံးနဲ့ လက်တွဲညီညီလုပ်ကိုင်နိုင်တဲ့ လူကောင်းတွေရှိသလို ပြဿနာ အနည်းအကျဉ်းကလည်း အမြဲတစေရှိနေတတ်စမြဲပါပဲ။ ပြဿနာဆိုရာမှာ လည်း မြန်မာနဲ့ အင်ဒိုက ခြားနားမှုတွေ ရှိပါတယ်၊ ပြဿနာရဲ့ အသေးစိတ်အချက်အလက်တွေမှာလည်း ကွဲပြားနေပါတယ်။ ဒါပေမယ့် ပြဿနာရှိနေတတ်တာက မထူးဆန်းပါဘူး၊ ဒီပြဿနာကို အချိန်ယူကျော်ဖြတ်ကြရမှာပါပဲ။

    တူရကီသံအမတ်ကြီး H.E Murat Yavuz Ates
    ————————————————–

    Murat Yavuz Ates, Ambassador
    M-Media : တူရကီအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အထောက်အပံ့တွေဟာ မြန်မာလူထုအကြား သိပ်ပြီး မထင်ပေါ်လှဘူး။ ခင်ဗျားတို့ရဲ့ အထောက်အပံ့ နဲ့ပတ်သတ်တဲ့ သတင်းတွေဟာ သတင်းမှားတွေ၊ ဒါမှမဟုတ် အိုအိုင်စီရဲ့ အစ္စလာမ်မိုင်ဇေးရှင်း စီမံကိန်းကလာတဲ့ အကူအညီတွေဆိုတဲ့ပုံစံမျိုး ပုံဖျက်ပြီးမှ ပြည်သူလူထုအကြားကို ရောက်ရှိလာတတ်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ မြန်မာအစိုးရနဲ့ ရှင်းလင်းတဲ့ အဆက်အဆံထားရမယ်၊ ပိုမိုထိရောက်တဲ့နည်းကိုသုံးပြီး ပူပေါင်းဆောင်ရွက်စရာလည်းလိုတယ်၊ အဲဒါတွေလုပ်ဖို့ တူရကီအစိုးရက ဘယ်လိုများ စီစဉ်ထားပါသလဲ။

    တူရကီသံအမတ် Mr H.E Murat Yavuz Ates: ကျွန်တော်တို့ တူရကီအစိုးရက မြန်မာအစိုးရနဲ့အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို ပြည်နယ် အစိုးရအဖွဲ့တွေနဲ့သော် လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့သော် လည်းကောင်း ပူးပေါင်းပြီးတော့ လူမျိုးဘာသာ ဒါမဟုတ် အခြားသော အကြောင်းပြချက်တစ်စုံတစ်ရာအားဖြင့် ခွဲခြားတာမျိုး မရှိဘဲ ဆက်လက်ထောက်ပံ့နေပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ၊ တူရကီနိုင်ငံက ကမ္ဘာပေါ်မှာ လူသားချင်းစာနာထောက်ထားပြီး အကူအညီ အထောက်အပံ့ပေးတဲ့နေရာ မှာ ထိပ်တန်းနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံ့ဝင်ငွေနဲ့ ယှဉ်ပြီး လူသားချင်းစာနာထောက်ထားရေး အတွက် သုံးစွဲကြတဲ့ နိုင်ငံတွေထဲမှာတော့ တူရကီက နံပါတ် ၁ နေရာက ရပ်တည်နေပါတယ်။ ကျွန်တော်တို့က ကမ္ဘာနေရာအနှံ့အပြားမှာ လူသားချင်းစာနာထောက်ပံ့ပေးလုပ်ငန်းတွေကို တက်ကြွစွာ ဆောင်ရွက်နေပါတယ်။ လက်တင်အမေရိက၊ အာဖရိက နဲ့ အရှေ့တောင်အာရှတွေမှာလည်း တက်ကြွစွာဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူလူထု တူရကီနဲ့ပတ်သတ်ပြီး ပိုပြီးသိလာအောင် ကျွန်တော်တို့ အခုထက်ပိုပြီး ကြိုးစားလုပ်ဆောင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။

  • တပ်မတော်ဟာ နိုင်ငံထဲမှာကို သူက သီးခြားနိုင်ငံဖြစ်နေတယ် (အင်တာဗျူး)

    တပ်မတော်ဟာ နိုင်ငံထဲမှာကို သူက သီးခြားနိုင်ငံဖြစ်နေတယ် (အင်တာဗျူး)

    “အယူအဆနဲ့ ခံယူချက်ကတော့ မပြင်နိုင်ကြသေးဘူး”

    တပ်မတော် အပါအဝင် အစိုးရဌာနဆိုင်ရာအရာရှိကြီးများ  သတင်းမီဒီယာအပေါ် အမြင်ပြောင်းသင့်ကြောင်း သတင်းစာဆရာရဲနိုင်မိုးက တိုက်တွန်းလိုက်သည်

    ထက်ခေါင်လင်း

    ye naing moe

    ရန်ကုန် (Myanmar Now) – တပ်မတော် အပါအဝင် အစိုးရဌာနဆိုင်ရာအရာရှိကြီးများက  သတင်းမီဒီယာအပေါ် အမြင်ပြောင်းလဲနိုင်ခြင်းမရှိသေးကြောင်း ထင်ရှားသည့် သတင်းစာဆရာတစ်ဦးဖြစ်သည့် ရဲနိုင်မိုးက ဝေဖန်လိုက်သည်။  7DAY  သတင်းစာတွင် “စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်းတိုက်တွန်း” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော သတင်းကြောင့် တပ်မတော်က 7DAY ကို အမှုဖွင့်သည်အထိ တုန့်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိုသို့ ဝေဖန်လိုက်ခြင်း ဖြစ်သည်။
    Yangon Journalism School အမည်ရှိ  စာနယ်ဇင်းသင်တန်းကျောင်း တည်ထောင်သူ  သတင်းစာဆရာ ရဲနိုင်မိုးသည် 7DAY သတင်းစာ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။  အင်္ဂါနေ့က Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့် တွေ့ဆုံစဉ်  သတင်းစာဆရာ ရဲနိုင်မိုးက 7DAY သတင်းစာ အမှုဖွင့်ခံရခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍ၊ သတင်းသမား၏ ရပ်တည်ချက် တို့အကြောင်း ပြောပြထားသည်။

    မေး  –  တပ်မတော်က  7DAY သတင်းစာ အယ်ဒီတာချုပ်၊ သတင်းထောက်တို့ကို အမှုဖွင့်တာနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆပါသလဲ။
    ဖြေ  –  တပ်မတော်က 7DAY ကို တရားစွဲတဲ့ကိစ္စဟာ တကယ်တော့ 7DAY တစ်ခုထဲကို တရားစွဲတဲ့ အနက်အဓိပ္ပာယ်မဟုတ်ဘဲနဲ့  ဒီလိုပြောင်းလဲနေတဲ့အချိန်မှာတောင်မှ တပ်ကိုမထိနဲ့၊ မတို့နဲ့ဆိုတဲ့ အရင်အစိုးရအဆက်ဆက်က အယူအဆကိုပဲ ကိုင်တွယ်ထားနေတာကို ပြတယ်လို့ပဲ မြင်တယ်။ ဒီအပြောင်းအလဲမှာ တပ်ဟာ သူ့ရဲ့အခွင့်အရေးတွေနဲ့ သူ့ရဲ့ ရှိထားပြီးသား နေရာကို အဆုံးရှုံးခံမှာမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ကိုပြတာလို့ မြင်တယ်။

    မေး  –   ဒီဖြစ်ရပ်မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတဆင့် ညှိနှိုင်းရမယ့်အစား တိုက်ရိုက် အမှုဖွင့်လိုက်တာ တွေ့ရတယ်။
    ဖြေ  –  ကောင်စီကို ဖွဲ့စည်းထားတာ၊ သတင်းမီဒီယာဥပဒေတွေကို ပြဋ္ဌာန်းထားတာကို တပ်ဘက်က မူအားဖြင့် လက်ခံတယ်ဆိုတာကို ဟန်ပြလုပ်နေတဲ့သဘောဖြစ်နေတယ်။ ဥပမာ ကာကွယ်ရေးဦးစီးချုပ်က ကောင်စီကို ခေါ်တွေ့တာမျိုးပေါ့။ ဒါပေမဲ့  မကျေနပ်လို့ အရေးယူဆောင်ရွက်မယ်ဆိုတာကျတော့ ကောင်စီကို အသိ မပေးဘူး၊ မီဒီယာဥပဒေမှာ အကြံဥာဏ်ပေးထားတဲ့ အဆင့်တွေကိုလည်း မလိုက်နာဘဲနဲ့ ချက်ချင်း တရားစွဲဆိုတဲ့ကိစ္စ ဖြစ်တဲ့အတွက် ဦးသိန်းစိန်အစိုးရ လက်ထက်က ပြုပြင်ပြောင်းလဲမှုတချို့ကိုရော NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုကိုရော မူအားဖြင့်သာ လက်ခံရာပြပြီးတော့ အတွင်းသဘောမှာ လက်ခံဘူးဆိုတဲ့ ပုံစံမျိုး တွေ့ရတယ်။ မီဒီယာဥပဒေကိုလည်း ကျင့်သုံးဖို့ သူတို့ပျက်ကွက်တယ်။

    မေး  –  စာနယ်ဇင်းကောင်စီ လို့ လူသိများတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ရော ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ။
    ဖြေ  –  သတင်းမီဒီယာတွေက မှန်မှန်ကန်ကန် ရပ်တည်မယ်ဆိုရင်၊  သတင်းမီဒီယာတွေ အမြဲတမ်း မှန်တယ်လို့ပြောတာ မဟုတ်ဘူး၊ သတင်းမီဒီယာတွေက လွတ်လွတ်လပ်လပ် အမှီအခိုကင်းပြီးတော့ လုပ်နိုင်ခဲ့မယ်ဆိုရင်၊ စာနယ်ဇင်းကောင်စီအနေနဲ့ တကယ်ဖြစ်တဲ့ ပြဿနာတွေအပေါ်မှာ သက်ဆိုင်ရာ တပ်မတော်ဖြစ်ဖြစ်၊ ဝန်ကြီးဌာန ဖြစ်ဖြစ် သူတို့ကို အသိအမှတ်မပြုဘဲနဲ့ တရားစွဲဆိုမှုတွေ ရှိသည့်တိုင် လျင်လျင်မြန်မြန်၊ ထက်ထက်မြက်မြက်နဲ့ ဝန်ဆောင်မှု ပေးမယ် ဆိုရင် တဖြည်းဖြည်းနဲ့တော့ သတင်းမီဒီယာတွေက ယုံကြည်လာမှာပဲလို့ ထင်တယ်။

    မေး  –  သတင်းလောကမှာ ကောင်စီကို   အလေးမထားကြတာမျိုး ဖြစ်လာနိုင်သလား။
    ဖြေ  –  တကယ်လို့ သတင်းမီဒီယာအသိုင်းအဝိုင်းက ကောင်စီအပေါ်မှာ ယုံကြည်မှု၊ အားကိုးမှုသာ မရှိဘူးဆိုရင်တော့ ဒီ ကောင်စီဟာ ရှိသည့်တိုင် မရှိသလိုဖြစ်နေမှာပဲ။ စက္ကူပေါ်မှာ ရေးထားတဲ့ ကျားလိုပဲ ဖြစ်နေမယ်။ ဥပဒေမှာကိုက သူတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အခန်းကဏ္ဍကို ပေးထား၊ ပြဋ္ဌာန်းထားတယ်။ ဒါကိုမှ အစိုးရတို့၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတို့က သူတို့ကို အလေးမထားဘူးဆိုရင် ကောင်စီအနေနဲ့ တစ်ခုတည်းသောနည်းလမ်းက သတင်းမီဒီယာတွေနဲ့ လက်တွဲပြီးတော့ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့ပဲ သူတို့ကိုယ်တိုင် တိုက်ပွဲဝင်ရမယ်။ ဒါမှ သူတို့အခန်းကဏ္ဍကို ကာကွယ်နိုင်မယ်၊ တည်ဆောက်နိုင်မယ်။

    မေး  –     မီဒီယာသမားတွေကို တရားစွဲတဲ့ဖြစ်စဉ်တိုင်းလိုလိုက ရာဇဝတ်နဲ့ဆိုင်တဲ့ ဥပဒေတွေနဲ့ပဲ တရားစွဲနေကြတယ်။ မီဒီယာဥပဒေနဲ့ တရားစွဲတာကို  မတွေ့ရသေးဘူး။
    ဖြေ  –  မီဒီယာဥပဒေက အသက်ဝင်နေပေမယ့် ကျင့်သုံးတာ မရှိသေးဘူး။ ဒါဆိုရင် ဒီဥပဒေရှိနေတာ အလကားပဲလေ။ ဥပဒေထဲမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သတင်းမီဒီယာကို စကားပြောဖို့၊ သတင်းအချက်အလက်တွေကို ဘယ်လိုပေးပါတို့က ပြဋ္ဌာန်းပြီးသား။ ဒါကို မကျင့်သုံးရင်တော့ ဒီဥပဒေတွေ၊ လုပ်သင့်တဲ့ကိစ္စက လက်ရှိ တက်လာတဲ့ အစိုးရအဖွဲ့အနေနဲ့ တပ်မတော်ကို ထိန်းချုပ်မှု၊ ဖိအားပေးမှု မလုပ်နိုင်ရင်တောင်မှ အခြားဝန်ကြီးဌာနတွေက သတင်းမီဒီယာက အချက်အလက်တောင်းရင် မပေးတာ၊ ဖုန်းမကိုင်တာ၊ စာမပြန်တာတွေ အများကြီးကို ဖိအားပေးသင့်တယ်။ လွှတ်တော်ကလည်း သူတို့ အတည်ပြုထားတဲ့ ဥပဒေနဲ့ ပတ်သက်ရင် ဖိအားပေးဖို့ လိုမယ်ထင်တယ်။ သတင်းမီဒီယာတွေကလည်း အရင်လို သတင်းရင်းမြစ်တွေကို ဖုန်းဆက်သွယ်ရုံထက်မကပဲ မီဒီယာဥပဒေနဲ့ နည်းဥပဒေက ညွှန်ကြားထားတဲ့အတိုင်း စာတင်၊ အကြိမ်ကြိမ်တောင်းခံ၊ မရဘူးဆိုရင် သတင်းထဲမှာ ပြည်သူသိအောင် ဖော်ပြပေးရင်းနဲ့ ဖိအားပေးရမယ်။ ကျွန်တော်တို့ မီဒီယာသမားတွေကိုယ်တိုင်က မီဒီယာဥပဒေရဲ့ အကျိုးကို ခံစားချင်တယ်ဆိုရင် အဲ့ဒီမှာ ဖော်ပြထားတဲ့အတိုင်း ဆောင်ရွက်ဖို့တော့ လိုမယ်။ ဒီလိုလုပ်လို့မှ မရဘူးဆိုရင် ဥပဒေကို မလိုက်နာတာဘဲဆိုပြီး စာနယ်ဇင်းကောင်စီကိုလည်း တစ်ခုခုတော့ ပြောသင့်တယ်။ နောက်ပြီး ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဦးဖေမြင့်ကနေတဆင့်လည်း   ပြောသင့်တယ်။ ဒီလိုဖိအားပေးလို့ လိုချင်တာတွေ ရချင်မှရမယ်၊ ဒါပေမဲ့ ဖိအားကတော့ ပေးရမှာပဲ။

    မေး  –  တပ်မတော်ဆိုတာလည်း အစိုးရအဖွဲ့ထဲမှာပါတဲ့ အဖွဲ့အစည်းတစ်ခုပဲ။    မီဒီယာနဲ့ ဆက်ဆံရေးမှာ ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ယူဆလဲ။
    ဖြေ  –  ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် တခြားဝန်ကြီးဌာနအားလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မီဒီယာဆက်ဆံရေးသင်တန်းပေးတာမျိုး ရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကနေ တာဝန်အရ ကိုယ်စားလှယ် တစ်ဦး၊ နှစ်ဦး လာတက်တယ်။ ဒါပေမဲ့ သူ့ရဲ့သတင်းထုတ်ပြန်တဲ့ပုံစံ၊ မီဒီယာနဲ့ဆက်ဆံတဲ့ပုံစံသည် အရပ်သားအစိုးရအဖွဲ့က ဖြစ်စေချင်တဲ့ပုံစံကို မသွားဘူး။ ဘာကိုပြလဲဆိုတော့ လူ့အဖွဲ့အစည်းထဲမှာ တပ်မတော်ဟာ နိုင်ငံထဲမှာကို သူက သီးခြားနိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။   ပြီးတော့ အစိုးရအဖွဲ့ထဲမှာပဲ သူက သီးခြားအစိုးရအဖွဲ့တစ်ခုဖြစ်နေတာကို မြင်နေရတယ်။

    မေး  –  ဒါဆို အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးကဏ္ဍအားးလျော့သွားနိုင်သလား။
    ဖြေ  –  တပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ၊ ကိစ္စတွေမှာတော့ လက်ရှိအစိုးရမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရင်ဆိုင်ရမှာပဲ။ အစိုးရသစ်တက်လာပြီး လပိုင်းတွေကိုပြန်ကြည့်ရင် တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို  ပါးပါးနပ်နပ် ရှောင်တိမ်းဆက်ဆံနေတယ်ဆိုတာကို သွားတွေ့ရတယ်။ ရှေ့မှာ ရင်ဆိုင်လာရနိုင်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်မျိုး တွေ၊ အခု 7DAY မှာဖြစ်တဲ့ ကိစ္စရပ်ကိုကြည့်မယ်ဆိုရင်လည်း (အင်တာနက်) လူမှုကွန်ရက်တွေမှာရော၊ အပြင်မှာရော ပြောကြတာက အရပ်သားအစိုးရအဖွဲ့က ဘာလုပ်ပေးမလဲပေါ့။ အခု စေ့စပ်ပြေငြိမ်းသွားတယ်၊ စာနယ်ဇင်းကောင်စီက အထိုင်အလျောက် ဝင်ပါခဲ့လို့ ပြီးသွားတယ်ဆိုပေမယ့် တကယ်တမ်းသာ မပြီးဘဲ ဆက်သွားမယ်ဆိုရင် အရပ်သား အစိုးရအဖွဲ့က ဘာလုပ်နိုင်မလဲ၊ တရားစီရင်ရေးဘက်က ဘာလုပ်နိုင်မလဲဆိုတာ တော်တော် သံသယဖြစ်စရာရှိတယ်။

    မေး  –  တပ်မတော်လို အင်မတန် အားကောင်းတဲ့ အဖွဲ့အစည်းက ဖိအားပေးတာဟာ တက်ကြွနေတဲ့ လူငယ်သတင်းထောက်တွေ လုပ်ကိုင်ချင်တဲ့စိတ်ကို ရိုက်ချိုးသလိုရော မဖြစ်သွားဘူးလား။
    ဖြေ  –  ဒီလိုတရားစွဲဆိုတာက တပ်မတော်အရာရှိကြီးတွေအနေနဲ့ သတင်းမီဒီယာဆိုတာကို ပြဿနာရှာသူတွေအဖြစ် မပြောင်းလဲနိုင်တဲ့ သူတို့ရဲ့အမြင်ကိုထင်ဟပ်ပြတာပဲ။ ဒါဟာ အယူအဆပြဿနာပဲ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ဝန်းကျင်ကလည်း ကင်မရာကောက်ကိုင်တာနဲ့ လုံခြုံရေးတွေက ကောက်ဖမ်းဖို့ အဆင်သင့်ဖြစ်နေတယ်။ အဲ့ဒီပုံစံဟာ အသွင်သဏ္ဌာန်တော့ ပြောင်းလာပေမယ့် အတွင်းက အယူအဆနဲ့ ခံယူချက်ကတော့ မပြင်နိုင်ကြသေးဘူး။ ဒီခံယူချက်တွေ ဆက်ရှိနေဦးမယ်ဆိုရင်တော့ သတင်းမီဒီယာနဲ့ တိုးတိုက်နေဦးမှာပဲ။ တကယ်တော့ သတင်းမီဒီယာက သတင်းကို ဖော်ပြတယ်ဆိုတာ အဲ့ဒီပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုပဲဖြစ်ဖြစ် တိုက်ခိုက်ဖို့ရည်ရွယ်ချက် မဟုတ်ဘူး။ ပြည်သူလူထုက သိပိုင်ခွင့်ရှိတဲ့အတွက် လူထုကို အသိပေးတာ။ အစိုးရအဖွဲ့အစည်း၊ တပ်မတော်တို့နဲ့ ပြည်သူကြားက ရှိရမယ့် ဆက်သွယ်ရေးကို သတင်းမီဒီယာက ဝန်ဆောင်မှုပေးတာ။

    မေး  –  ဝန်ကြီးဌာနတွေရဲ့ ပြန်ကြားရေးလုပ်ငန်းတွေ တိုးတက်ဖြစ်ထွန်းမှု ဘယ်လောက် ရှိသလဲ။
    ဖြေ  – ဦးသိန်းစိန်အစိုးရလက်ထက်ရော အခုအစိုးရလက်ထက်မှာပါ ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတွေကို သတင်းမီဒီယာနဲ့ ဆက်ဆံရေး သင်တန်းကို ကျွန်တော် လုပ်ခဲ့ဖူးပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေဟာ မအောင်မြင်ဘူးလို့ မှတ်ချက်ချချင်တယ်။ ဘာ့ကြောင့်လဲဆိုရင် သတင်းမီဒီယာပေါ်မှာမြင်တဲ့ အယူအဆကို မပြောင်းလဲနိုင်ကြလို့ပဲ။ တကယ်တော့ သတင်းစာဆရာတစ်ယောက်အနေနဲ့ ကျွန်တော် အဲ့ဒီအလုပ်တွေကို မလုပ်ချင်ဘူး။   သူတို့တွေ သတင်းမီဒီယာကို အင်တာဗျူးတွေ၊ အချက်အလက်တွေ ပေးမှ ဒီအကျိုးကျေးဇူးကို ပြည်သူက ခံစားရမှာ။ ဒါ့ကြောင့်   ဒီအရွေ့ကို ဝိုင်းတွန်းတဲ့နေရာမှာ ကျွန်တော်ပါခဲ့တာ။ ဒါပေမဲ့ မအောင်မြင်သေးဘူး။ အစိုးရပြန်ကြားရေးဌာနမှာ ပါခဲ့တာကလည်း အစိုးရပိုင်သတင်းဌာနတွေကို ပုဂ္ဂလိကပေးပြီး လွတ်လွတ်လပ်လပ် လုပ်လာမယ်လို့ ကျွန်တော်မျှော်လင့်ပြီး ပါခဲ့တာ။ အဲဒါတွေ အခုထိ မလုပ်သေးတော့ ကျွန်တော် နောက်ပြန်ဆုတ်လိုက်တယ်။ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို သင်တန်းတွေ ပေးခဲ့တာကလည်း အခုချိန်ထိတော့ အကျိုးသက်ရောက်မှု မမြင်သေးဘူး။ ဒီကိစ္စတွေက နည်းစနစ်ကိစ္စတွေထက် အယူအဆနဲ့ အမြင်ကို ပြောင်းလဲနိုင်ဖို့လိုတယ်။

    မေး  –  ဒီမိုကရေစီဖော်ဆောင်တဲ့ကာလမှာ အစိုးရနှစ်ဆက်ဖြစ်လာပြီ။ မီဒီယာ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်လာပြီလဲ။
    ဖြေ  –   ဒုတိယအစိုးရလက်ထက်ရောက်လာတယ်ဆိုပေမယ့် နှစ်အနေနဲ့ပြန်ကြည့်ရင် သိပ်မများသေးဘူး။ ၂ဝ၁၂ ခုနှစ် နှစ်လယ်လောက်ကမှ စတာလေ။ ပုဂ္ဂလိက သတင်းစာတွေဆိုလည်း အခုမှ ၅ နှစ်လောက်ပဲ ရှိသေးတယ်။ အင်မတန်နည်းပါးတဲ့လစာနဲ့ အခွင့်အရေးအပေါ်မှာ သတင်းထောက် လူငယ်တွေကလည်း အင်မတန်အန္တရာယ်ကြီး၊ တာဝန်ကြီးတဲ့ အလုပ်တွေကို လုပ်နေကြတာ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျွမ်းကျင်မှုတွေ အထိုက်အလျောက် ရှိလာတဲ့တိုင်အောင် အချိန်မရွေး (7DAY သတင်းစာကို အမှုဖွင့်ရာမှာ သုံးတဲ့) ပုဒ်မ ၁၃၁ လို အင်မတန် ခြောက်ခြားစရာကောင်းတဲ့ ပုဒ်မကြီးတွေနဲ့ ကြောက်ရွံ့မှုတွေကလည်း ပျံ့နှံ့နေနိုင်တယ်။ ဒီအချက်တွေ ရှိနေဦးမယ်ဆိုရင် ရှေ့မှာ နောက်တဆင့်သွားနေတဲ့ လူ့အဖွဲ့အစည်းအတွက် သတင်းစုံစမ်းထောက်လှမ်းမှုတွေမှာ အဟန့်အတား ဖြစ်နေဦးမှာပဲ။ ကျွမ်းကျင်မှုတွေ ဒီထက် ပိုကောင်းလာဖို့လိုတယ်၊ သတင်းအတတ်ပညာနဲ့ ပတ်သက်တဲ့ ကျောင်းတွေ၊ သင်တန်းတွေ ဒီထက် ပိုလိုအပ်တယ်၊ နိုင်ငံတကာထွက်သင်တဲ့ အခွင့်အရေးတွေလည်း လိုအပ်ပါတယ်။

    မေး  –  သတင်းမီဒီယာတွေနဲ့ ဆက်ဆံတဲ့ အစိုးရအရာရှိတွေက ဘာတွေ စိုးရိမ်နေတယ်လို့ မြင်သလဲ။
    ဖြေ  –  (မီဒီယာသမားတွေလက်ထဲ) သူတို့ပေးလိုက်တဲ့ သတင်းအချက်အလက်တွေကြောင့် အထက်က ကျေနပ်ပါ့မလား၊ အရေးယူမလားဆိုတဲ့ အကြောက်တရားက တော်တော် သက်ရောက်မှုရှိတယ်။ ပြောရေးဆိုခွင့်ရှိသူတွေဟာ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့အခါတိုင်းမှာ ဒီအရေးကို တော်တော်ညည်းညူကြပါတယ်။  ကျွန်တော်တို့ သတင်းမီဒီယာတွေဘက်က တချို့သောသူတွေရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုတွေကလည်း သူတို့က သတင်းမီဒီယာတွေအပေါ် စိမ်းကားချင်အောင် တွန်းပို့ရာရောက်ပါတယ်။ သတင်းမီဒီယာသမားတွေကလည်း တကယ့်ကို ကျွမ်းကျင်တဲ့သူအဖြစ် လုပ်ကိုင်ဖို့တော့ လိုပါတယ်။ ဒါကို သတင်းဌာနတစ်ခုချင်းစီက ထိန်းသိမ်းသင့်တာပေါ့။ သတင်းသမားတွေကို အကြံပေးချင်တာကတော့ ကျွမ်းကျင်တဲ့သူအဖြစ် လုပ်ဖို့ပါပဲ။ ဒီလိုဖြစ်ဖို့ကလည်း သတင်းစာပညာရဲ့ အခြေခံတွေကို လိုက်နာတာပါပဲ၊ သိပ်ထူးခြားဆန်းကျယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သတင်းတွေကို ဟန်ချက်ညီအောင်လုပ်ဖို့ လိုမယ်၊ မျှတဖို့ လိုမယ်၊ တိကျမှန်ကန်ဖို့ လိုမယ်၊ လူတစ်ဦးချင်းစီရဲ့ သူတို့အပေါ် စွတ်စွဲမှု၊ အပြင်တင်မှု အပေါ်မှာ ပြန်လည်ဖြေရှင်းခွင့်ကိုလည်း လေးစားဖို့ လိုပါတယ်။     ။

    Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြသည်။