News @ M-Media

Month: September 2011

  • ကျောက်ဆည်နယ် (သို့မဟုတ်) လူမျိုးစုံ အခြေစိုက်နယ်

    ၆၂။ ပုဂံပြည့်ရှင် အနော်ရထာမင်းကောင်းစွာ အစပြုခဲ့သော ဆည်တော်မြောင်းတော်တို့နှင့် လယ်တွင်းဒေသကြီးသည် စီးပွားတော်ကြီးနယ်မြေဟူ၍ အမင်းမင်းတို့၏ အရေးတယူပြုခြင်းခံခဲ့ရသည်။ လူဦးရေနှင့်နှိုင်းစာလျှင် မြေဧရိယာအလွန်ကျယ်ဝန်းသည်ဟု ဆိုနိုင်သည်။ မင်းနေပြည်တော်တို့နှင့်လည်း အနီးဝန်းကျင်ဖြစ်ရကား ပြည်တွင်းပြည်ပ စစ်မက်ရေးရာတို့မှ အနိုင်ရဖမ်းဆီးခဲ့သမျှနှင့် ခိုဝင်ရောက်ရှိလာသမျှ စုလိုက်အုပ်လိုက် သုံ့ပန်းလူသူတို့ကို နေမြေလုပ်မြေပေး၍ အမှုတော်ကို ထမ်းရွက်နိုင်ကြစေရန် ဤလယ်တွင်းဒေသသို့ အမြောက်အမြား ပို့ဆောင်ချထားခဲ့သည်။

    ၆၃။ အနော်ရထာမင်းစောသည် သထုံအောင်ပွဲမှ မွန်သုံ့ပန်းများစွာကို ခေါ်ဆောင်ခဲ့ပြီးလျှင် ဧရာဝတီမြစ်ရိုးတလျှောက်၌ နေရာချထားခဲ့သည်။ နောင်အခါသည် ဆည်မြောင်းတို့ဖြင့် လယ်တွင်းနယ်ကြီး ပေါ်ပေါက်လာရာ အဆိုပါမြစ်ရိုးတလျှောက် မွန်သုံ့ပန်းတို့သည် လယ်တွင်းနယ်သို့ ရွေှ့ပြောင်းခဲ့ကြ၏။ အနော်ရထာမင်းစောသည် မြန်မာနိုင်ငံမြောက်ဘက်စွန်းဒေသသို့ထိတိုင် တိုင်းခန်းလှည့်လည်၍အပြန်တွင် အမှုတော်ထမ်းရန်လိုက်ပါလာကြသော တရုတ်နှင့်ရှမ်းလူမျိုးတို့ကို နေမြေလုပ်မြေပေး၍ ရွာတည်နေကြသည်ကိုလည်း တရုတ်ကုန်းနှင့် ရှမ်းတောင်ဦးရွာတို့အကြောင်းဖြင့် သိရှိနိုင်ပေသည်။
    ၆၄။ အလောင်းမင်းတရားသည် ဟံသာဝတီ မွန်တို့ကို ၁၇၅၆-ခုနှစ်၌ အောင်မြင်စွာတိုက်ခိုက်ပြီး မွန်သုံ့ပန်းများကို ခေါ်ဆောင်ခဲ့၍ လယ်တွင်းနယ်တွင် ချထားပြန်သည်။ ထိုသုံ့ပန်းထဲမှ ရွေးလက်ယာ ရွေးလက်ဝဲတပ်များလည်း ဖွဲ့စည်းသောအခါ တပ်သားပေါင်း (၁၅၇၀)ရရှိခဲ့သည့်အပြင် ရိုးရိုးလက်ယာကြောင်း (၁၀၃၂)ယောက်နှင့် လက်ဝဲကြောင်း (၁၈၄၈)ယောက်တို့ကိုလည်း ဖွဲ့စည်းရရှိခဲ့သည်။
    ၆၅။ အလောင်းဘုရား၏သားတော် ဆင်ဖြူရှင်လက်ထက်တွင်လည်း ယိုးဒယား လင်းဇင်း ရှမ်းတရုတ်နှင့် အာသံမဏိပူရစသည်ဖြင့် သုံ့ပန်းမျိုးစုံတို့ကို အစုအ၀န်းအလိုက် အမှုထမ်းတပ်များဖွဲ့၍ နေရာချထားခြင်း ပြုပြန်သည်။
    ၆၆။ ကုန်းဘောင်ခေတ် ဘိုးတော်ဦးဝိုင်းလက်ထက်၌ အိမ်ရှေ့မင်းသားကြီးဦးဆောင်၍ မြန်မာတပ်များက ရခိုင်သို့ချီတက်တိုက်ခိုက်အောင်မြင်ရာ ရခိုင်သုံ့ပန်းများစွာ ခေါ်ဆောင်ခဲ့ပြန်သည်။ ယင်းတို့ကို ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာ ခွဲခြား၍ ဤလယ်တွင်းဒေသတွင် နေမြေလုပ်မြေပေးပြီး ချထားခဲ့ပြန်သည်။
    ၆၇။ ဘကြီးတော် မှန်နန်းရှင်လက်ထက်၌ မဟာဗန္ဓုလ၏တပ်များက မဏိပူရ ကသည်းပြည်သို့ စစ်ချီ၍ တိုက်ခိုက်အောင်မြင်သည်နှင့် သုံ့ပန်းများခေါ်ဆောင်ခဲ့ပြန်ရာ ကသည်းမြင်းတပ်စုဖွဲ့၍ လယ်တွင်းနယ်တွင်ပင် နေထိုင်စေခဲ့သည်။
    ၆၈။ ဤသည်တို့ကား သမိုင်းစဉ်တလျှောက်ဝယ် လူမျိုးစုံသုံ့ပန်းတို့ကို မင်းမှုလည်းထမ်းကြစေ နေမြေလုပ်မြေလည်း မခဲမငြံ့ရကြစေဟူ၍ လယ်တွင်း လယ်တွင်းရိက္ခာနယ်မြေဒေသကြီးသို့ နေရာပေးခဲ့ကြပုံ သာဓကများဖြစ်၏။ ယုတ်စွအဆုံးဆိုရလျှင် ခရစ်နှစ် ၁၈၈၅-ခုနှစ်၌ မန္တလေးနေပြည်တော်ကို အပြီးသတ် သိမ်း၍ မြန်မာတနိုင်ငံလုံးကို ကျွန်ပြုရေး တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအတွက် လိုက်ပါခဲ့ကြသည့် အစ္စလာမ်စစ်သားအချို့တို့သည် ကျောက်ဆည်နယ်ရှိ အစ္စလာမ်ကျေးရွာများသို့ လာရောက်ပူးပေါင်း အခြေချနေထိုင်ခဲ့ကြသည်။
    ၆၉။ လယ်တွင်းဒေသအတွင်းရှိ ကျေးရွာအသီးသီး၏ ရှေးဇစ်မြစ်တို့ကို လေ့လာသောအခါ အထက်ပါ အကြောင်းချင်းရာကိုထောက်ခံသည့် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသော ဖြစ်ရပ်များကို သိရှိလာရပေသည်။ သမိုင်းစဉ်တလျှောက်လူမျိုးအသီးသီးတို့ နေမြေလုပ်မြေမှီ၍ ရောက်လာအခြေစိုက်နေထိုင်ခဲ့ကြရာ ကာလကြာသည့်အလျောက် ကိုးကွယ်သည့်အယူဝါဒတူရာ ပေါင်းနှောသွားကြခြင်းအားဖြင့် ယခုအခါတွင်မူ မြန်မာဗုဒ္ဓဘာသာနှင့် မြန်မာမွတ်စလင်ဟူ၍ နှစ်မျိုးသာ သိသာခြားနားတော့သည်။

    ======================================================================

    ၁၉၈၂-ခု၊ စက်တင်ဘာလ (၁၅)ရက် နေ့စွဲဖြင့် ထုတ်ဝေထားသည့် “မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ မြို့နယ်မှတ်တမ်း၊ (စာမျက်နှာ ၂၇-၂၈)” မှ ကူးယူဖော်ပြပါသည်။

    News@MMSY

  • စစ်တွေမြို့နယ် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် သဲချောင်းကျေးရွာတွင် စစ်ကျန်ဗုံးကွဲ၊၇ ဦးသေ

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ သဲချောင်းကျေးရွာ၌ သြဂုတ်လ ၃၁ ရက်နေ့က ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတလုံး ပေါက်ကွဲမှုဖြစ်ပွားရာ ကလေး ၂ ဦးနှင့် လူကြီး ၅ ဦး သေဆုံးသွားသည်။

    စစ်တွေမြို့နှင့် ၅ မိုင်ခန့်ဝေးသော၊ အစ္စလမ်ဘာသာဝင်များ နေထိုင်သည့် သဲချောင်းကျေးရွာတွင် ဗုံးပေါက်ကွဲခဲ့ရာ အသက် ၁၀ နှစ်အရွယ် မောင်ချမ်းသာ နှင့် ၁၂ နှစ်အရွယ် ယာဇာမူဆာတို့အပါအ၀င် ၇ ဦးသေဆုံးခဲ့သည်။

    ဗုံးပေါက်ကွဲရခြင်းအကြောင်းမှာ ယင်းအရာဝတ္ထုကို ဗုံးမှန်းမသိကြဘဲ အလေးချိန်ဖြင့် ရောင်းချရန် ထုခွဲရာမှ ပေါက်ကွဲသေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသူများကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

    ဒုတိယကမ္ဘာစစ်အတွင်းမှ ကျန်ရှိခဲ့သော ဗုံးများသည် ရခိုင်ပြည်နယ်ရှိ တခြားသော မြို့နယ်၊ ကျေးရွာများတွင်လည်း ရှိကြောင်း၊ ပြီးခဲ့သည့် နှစ်အနည်းငယ်ကလည်း မြောက်ဦးမြို့နယ်၌ ပေါက်ကွဲခဲ့သေးကြောင်း သိရသည်။
    ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့အမှတ် (၁) ရဲစခန်းကို ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်းဖြေဆိုခြင်း မရှိပေ။

    ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတလုံး (ဓာတ်ပုံ – london2012)

    ဒီက ကူးတင်ပါတယ်