News @ M-Media

Month: March 2013

  • ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနဲ့ မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ

    ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနဲ့ မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ

    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    ကြို့ပင်ကောက် ။ ။ ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများကို ၂၅-ရက်ည (၁၁)နာရီခွဲခန့်မှစ၍ ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

    ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများက ၀င်ရောက်ဖျက်ဆီး နေကြောင်း၊ မွတ်စလင်မ်အိမ်(၃)အိမ်နှင့် ဈေးရှိ မွတ်စလင်မ်ဆိုင်များကို ဖျက်ဆီးနေကြောင်းသိရသည်။

    “မွတ်စလင်မ်အိမ် (၃)အိမ်ကို ဖျက်ဆီးပြီးလို့ ဈေးဘက်က မွတ်စလင်မ်ပိုင်ဆိုင်တွေကို ဖျက်ဆီးပါတယ်။ အခုတော့ ဗလီကို ဖျက်နေပါတယ်။ အသံတွေကြားနေရပါတယ်။ ကျွန်တော်ကတော့ အခု ဗုဒ္ဓဘာသာဝင် တစ်ယောက်အိမ်မှာ လာရောက်ပုန်းနေပါတယ်။ ကြို့ပင်ကောက်မှာက ဒီဗလီတစ်လုံးတည်းရှိတာပါ။ ဘာသာရေးစာသင်ကျောင်းကလည်း ဗလီအတွင်းမှာရှိပါတယ်။ မွတ်စလင်မ် အိမ်ခြေ(၁၅၀)နဲ့ လူဦးရေ (၄၀၀)၀န်းကျင်လောက် သာရှိပါတယ်။”လို့ ပြောပြလာပါတယ်။

    “နေ့လည် (၃)နာရီလောက်ကတည်းက သတင်းလွှင့်ထားတယ်။ ဒီညကို ၀င်မယ်။ မီးမရှို့ဘူး ဖျက်ပဲဖျက်မှာဆိုတာကို။ ထန်းကုန်းဘက်နေ လူအင်အား (၆၀)လောက်စုပြီး လာနေတယ်လို့ ထန်းကုန်းဘက်က သတင်းပို့ထားတယ်။ အခုဖျက်နေတာက တစ်ခြားက လူစိမ်းတွေပါသလို ကြို့ပင်ကောက်က တချို့လည်းပါတယ်။ ကျွန်တော်ကတော့ အိမ်နဲ့အဝေးမှာ တိမ်းရှောင်နေပါတယ်။”လို့ M-Media ကို ပြောပြလာပါတယ်။

  • သာယာဝတီခရိုင် အုတ်ဖိုတွင် ဗလီနှင့် မွတ်စလင်မ် အိမ်များအား အကြမ်းဖက် ဖျက်ဆီးနေ

    သာယာဝတီခရိုင် အုတ်ဖိုတွင် ဗလီနှင့် မွတ်စလင်မ် အိမ်များအား အကြမ်းဖက် ဖျက်ဆီးနေ

    မတ်လ ၂၆၊ ၂၀၁၃  (ည ၁၂:၃၀)
    M-Media
    ဇာဏီ

    ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက် ဖျက်ဆီးနေ

    ပဲခူး ။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို လွန်ခဲ့သော ၄၅-မိနစ်ခန့်မှစ၍ ဖျက်ဆီးနေကြာင်းသတင်းရရှိသည်။

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုရွာရှိ ဗလီ၊ ဘာသာရေးစာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းသမားများက ၀ိုင်းဝန်း ဖျက်ဆီးနေကြောင်းသိရသည်။

    အုတ်ဖိုရွာတွင် ယခုအချိန်အတွင်း ဗလီကို ဖျက်ဆီးနေကြောင်း၊ ဗလီဘေးရှိ မွတ်စလင်မ်အိမ်နှင့်၊ ယင်းအိမ်ဘေးရှိ ဘာသာရေးစာသင်ကျောင်းအားလည်း ဖျက်ဆီးကြကြောင်း၊ ဗလီနှင့် အလှမ်းဝေးကွာသည့် အခြား မွတ်စလင်မ်အိမ်များကိုလည်း လိုက်လံဖျက်ဆီးနေကြောင်း သိရသည်။

    “လာဖျက်နေတာ အနီးအနားက ရွာကလူတွေတက်လာပြီး ဖျက်ကြတာပါ။ လာဖျက်နေကြတဲ့ အကြမ်းဖက်အုပ်စုက လူအင်အား ၁၀၀၀-လောက်ရှိတယ်။ ရဲနှင့် စစ်တပ်ရောက်လာပြီး စစ်တပ်က ပစ်မိန့်ရလို့ ပစ်နေပါတယ်။ ဒါပေမယ့် လူအင်အား များလွန်းတာကြောင့် စစ်တပ်လည်း မနိုင်လို့ နောက်ဆုတ်သွားတယ်။ ဗလီ၊ စာသင်ကျောင်း၊ အိမ် အားလုံးက အုတ်တိုက်တွေဖြစ်တယ်။ ဖျက်နေတဲ့အိမ်မှန်သမျှက မွတ်စလင်မ် ပိုက်ဆံရှိတဲ့အိမ်တွေဖြစ်တယ်။”လို့ အုတ်ဖိုရွာမှ အခြေအနေကို မျက်မြင်တွေ့ရသူတစ်ဦးမှ ပြောပြလာပါတယ်။

    အုတ်ဖိုတွင် မွတ်စလင်မ်အိမ်ခြေ (၇၀)၀န်းကျင်၊ လူဦးရေ (၂၀၀)ကျော်ရှိပြီး ဗလီ(၁)လုံးနှင့် ဘာသာရေးစာသင်ကျောင်း(၁)ကျောင်းသာ တည်ရှိကြောင်းလည်း သိရသည်။

  • တပ်ကုန်း၊ ရွေးစုရွာတွင် ဗလီကို စတင်ဖျက်ဆီးနေ

    တပ်ကုန်း၊ ရွေးစုရွာတွင် ဗလီကို စတင်ဖျက်ဆီးနေ

    မတ်လ ၂၅၊ ၂၀၁၃ (ည ၁၀နာရီ)
    M-Media
    ဇာဏီ

    တပ်ကုန်း ။ ။ တပ်ကုန်း၊ ရွေးစုရွာရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များကို စတင် ဖျက်ဆီးနေကြောင်းသတင်းရရှိပါသည်

    တပ်ကုန်း၊ ရွေးစုရွာတွင် မွတ်စလင်မ်အိမ်ခြေ(၂၀)နှင့် မွတ်စလင်မ်ဦးရေ(၈၇)ယောက်သာရှိပြီး ဗလီတစ်လုံးလည်းရှိသော ရွာဖြစ်ပါသည်။

    ယခုအချိန်တွင် ရွေးစုရွာ၌ မွတ်စလင်မ်များမရှိတော့ပဲ အခြားရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

    “နေ့လည်ကတည်းက သတင်းရလို့ ကျွန်မတို့ ထွက်ပြေးတိမ်းရှောင်နေကြတာပါ”လို့ ရွေးစုရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

  • မှတစ်ပါး အခြား မရှိတော့ပြီလား ………… ?

    မတ်လ ၂၅ ၊ ၂၀၁၃
    ရေးသူ-ဝိုင်း

     

    ants-red-ants

    ၂၀၁၃-ခု မတ်လမှာ မိတ္ထီလာက မွတ်စလင်မ်တွေကို အကြမ်းဖက်ခံရတဲ့ ကိစ္စကစပြီး မြန်မာ တစ်နိုင်ငံလုံး နေရာတော်တော်များများမှာ စိုးရိမ်ထိတ်လန့်မှုတွေ ခံစားလာနေကြတယ်။

    “ဘယ်မြို့မှာ ဘာဖြစ်နေပြန်ပြီ။ ဘယ်နေရာမှာ ဘာဇာတ်လမ်းစနေပြီ။ ဘယ်ဒေသမှာတော့ ဘယ်သူတွေဝင်လာနေပြီ။”စတဲ့ သတင်းပေး/သတိပေးတာတွေလည်း နေရာအနှံ့အပြားကနေ ပေါ်ထွက်လာနေတယ်။ တချို့ဒေသအကြောင်းအရာတွေက အမှန်တကယ် ပြဿနာစဖြစ်ပွားနေတာမျိုးရှိသလို တချို့ဒေသကလည်း စိုးရိမ်ပူပန်မှုတွေကနေ ထွက်ပေါ်လာတဲ့စကားသံတွေ၊ တချို့ဒေသကလည်း ပြဿနာမဖြစ် ဖြစ်အောင် မှိုင်းတိုက်ဝါဒဖြန့်နေတာမျိုးတွေ ဖြစ်နေပါတယ်။

    ဒါကြောင့် ပြောချင်တာက ကိုယ်သိလိုက်တဲ့၊ ကိုယ်ရရှိလိုက်တဲ့ information တစ်ခုခုဆို အွန်လိုင်း မှာ ချက်ချင်းဖြန့်ဝေလိုက်တာမျိုးမဟုတ်ပဲ အဲဒီသတင်း၊ အဲဒီကိစ္စရပ် မှန်မမှန်ဆိုတာကို လေ့လာသုံးသပ်ပြီး သေချာပြီဆိုမှ ပြောပြစေချင်ပါတယ်။

    မနေ့ညက ရန်ကုန်မှာဖြစ်ပေါ်ခဲ့တဲ့ ဆူပူအောင်လှုံ့ဆော်နေမှုနဲ့ပတ်သက်ပြီး ကျွန်မ မျက်မြင်တွေ့နေရတာတွေကို တော်တော်လေးလည်း စိတ်ညစ်ပါတယ်။ မနေ့ည ၈-နာရီကျော်ကျော်လောက်မှာ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ် လမ်း ၁၁၉ လမ်းနားမှာ ပြဿနာဖြစ်နေတယ်လို့ကြားတယ်၊ နောက်တစ်ယောက်က လမ်း ၁၂၀ နားက ဗလီနားမှာ၊ နောက် လမ်းကျယ်မှာ၊ မင်္ဂလာဈေးနားမှာ သတိထားနေပါဦးဆိုပြီး ဖုန်းတွေဆက်တိုက်ခေါ်ပြီး ပြောလာကြတယ်။ ကျွန်မလည်း သတိတော့ထားပါမယ်။ အခုတော့ ဒီနားမှာဘာမှ မဖြစ်နေပါဘူးလို့ပြောပြီး ကိုယ်လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်။

    နောက် ည ၉-နာရီကျော်လောက်ကြတော့ အိမ်ရှေ့လမ်းမကနေ အသံစူးစူးဝါးဝါးကြီးအော်လိုက်သံကြားလိုက်တယ်။ အသံကြားရတာ တော်တော်လေးတော့ လန့်သွားတယ်။ ဘာကို အော်မှန်းသိပေမယ့် အသံစူးစူးကြီးက တော်တော်ကို လန့်စရာကောင်းတယ်။ ဒါနဲ့ ကြည့်လိုက်တော့ လူ ၂-ယောက် ၃-ယောက် ထွက်ပြေးနေတယ်။ ဘာဖြစ်တာလဲ မသိဘူး။ တစ်ခြားသူတွေကလည်း အဲဒီပြေးတဲ့လူတွေကို ရပ်ကြည့်နေတာတွေ့တာ သြော် ဘာမှ မဟုတ်ပါဘူးဆိုပြီးနေလိုက်တယ်။ သတိတော့ထားကြည့်နေမိတယ်။ ဒါပေမယ့် ခဏနေတော့ ဖုန်းတွေဝင်လာပြန်ရော လမ်းကျယ်မှာ ပြဿနာဖြစ်နေပြီဆိုပြီးတော့။ အဲဒီအချိန်မှာ တကယ်ဖြစ်နေတာက လမ်းကျယ်ထဲကို ဟိုင်းလတ်တစ်စီး ဒိုင်နာတစ်စီးမောင်းဝင်လာတယ်။ လမ်းထဲမှာ လျှောက်အော်ပြီး ရပ်ကွက်အတွင်းနေသူတွေကို အထိတ်တလန့်ဖြစ်အောင် လုပ်ကြတော့။ ရပ်ကွက်ထဲက မွတ်စလင်မ်တွေကလည်း ထွက်လာပြီးစုရုံးလာကြတယ်။ ပြီးတော့ အလ္လာဟ်အရှင်မြတ်နာမတော်ကို တသပြီး ဘုရားစာကို တစ်ညီတစ်ညွတ်တည်း သံပြိုင်ရွတ်ရင်း လမ်းပေါ်ထွက်လာကြတယ်။ အဲလို မွတ်စလင်မ်တွေ စုရုံးလာလိုက်တော့ ခုနက ကားနဲ့လူတွေက ထွက်ပြေးသွားကြတယ်။ အဲဒီကနေတဆင့် မင်္ဂလာတောင်ညွန့်တ၀ိုက်မှာ တော်တော်လေး ဆူညံပွက်လောရိုက်သွားတယ်။

    တချို့ညီမတွေ ကျွန်မကို ဖုန်းဆက်တဲ့အချိန် သူတို့အသံတွေ တုန်နေတယ်။ တချို့ကလည်း ဖုန်းတောင် ဆုံးအောင် မပြောနိုင်ဘူး။ ကျွန်မလည်း အဲဒီအချိန်မှာ စိတ်က တော်တော်လေး ထွေပြားသွားပြီ။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း ဘာဆက်လုပ်သင့်သလဲဆိုတာကို စဉ်းစားနေတယ်။ တဆက်တည်းမှာပဲ ဖုန်းတွေလည်း ဆက်တိုက်ပြောနေရတယ်။ အစ်ကိုတစ်ယောက်ဆိုလည်း တစ်ချိန်လုံးဖုန်းခေါ်ပြီး ညီမ အခုဘယ်လိုလဲ၊ ဘယ်လို အခြေအနေရှိလဲဆိုတာ လှမ်းမေးနေတယ်။ တချို့လည်း အခုလက်ရှိအခြေအနေတွေကို လှမ်းမေးကြတယ်။ ကျွန်မလည်း မေးလာတဲ့သူတွေ ပိုပြီးစိတ်မပူရအောင် တတ်နိုင်သမျှထိန်းသိမ်းပြီး ပြန်ဖြေပေးနေရတယ်။ ဒါပေမယ့် ကိုယ်တိုင်မှာလည်း စိတ်ပူပင်မှုတွေ အပြည့်နဲ့ပါ။ ခဏနေတော့ ၁၀၁-လမ်း ဘက်က ရောင်နသ်ဗလီနားကို အကြမ်းဖက်လူစုရောက်လာပြီး အော်ဟစ်ကာကားမောင်းပြေးပါတယ်။ အဲဒီအချိန်မှာပဲ အဲဒီအနီးတ၀ိုက်က မွတ်စလင်မ်တွေက ခုနကလို အလ္လာဟ်နာ့မတော်ကိုတသ ဘုရားစာကို သံပြိုင်ရွတ်ပြီး ထွက်လာကြတယ်။ ခုနက အကြမ်းဖက်လူစု ထွက်ပြေးသွားတယ်။ ညီမတစ်ယောက်က ဖုန်းခေါ်လာတယ် ကျွန်မတို့တွေ အိမ်ချင်းနီးနေပေမယ့် ဖုန်းနဲ့ပဲ ဆက်သွယ်နေကြရတယ်။ သူလည်း အသံတွေတုန်ပြီး ငိုတော့မလိုဖြစ်နေတယ်။ ကျွန်မလည်း သူ့ကို အားမပေးနိုင်ပါဘူး။ ဒါဆို ဒါပဲနော်ဆိုပြီး ဖုန်းချလိုက်ရတယ်။ ခဏနေတော့ ဆက်တိုက်ဆိုသလို ဆူညံသံတွေကြားရတယ်။ နောက် light truck ကား ၃-စီးက လမ်းကျယ်ဘက်ကို မောင်းသွားတယ်။ ကြည့်ရတာ ရဲ ဒါမှမဟုတ် စစ်တပ်လို့ ယူဆရတယ်။ ခဏနေကျတော့ ခုနက ကား ၃-စီးထဲက ကား ၂-စီးက ပြန်ထွက်သွားတာ တွေ့ရတယ်။

    မအူကုန်း၊ မင်္ဂလာတောင်ညွန့်စတဲ့ မွတ်စလင်မ်ရပ်ကွက်တွေက လမ်းတွေမှာ မွတ်စလင်မ်တွေလည်း စုရုံးနေကြတယ်။ ပါးစပ်က ဘုရားစာတွေလည်း သံပြိုင်ရွတ်နေကြတယ်။ အဲဒီ မွတ်စလင်မ်တွေတွေ အားလုံးကလည်း တစ်ညီတညွတ်တည်း ပြောလာကြတယ်။ “ငါတို့ကစပြီး ဘာမှ မလုပ်ဘူး။ တကယ်လို့ တဘက်က လုပ်လာခဲ့ရင်တော့ ငါတို့အားလုံး ပြန်လည်ခုခံကြမယ်။”ဆိုပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် ပြင်ဆင်လာကြပါတော့တယ်။ အဲဒီ ကား၂-စီးက မအူကုန်း၊ မင်္ဂလာတောင်ညွန့်တ၀ိုက်သာမကပဲ ရန်ကုန်မြို့ မွတ်စလင်မ်ရပ်ကွက်တော်တော်များမှာ လိုက်ပတ်ပြီး ဆူပူအုံကြွအောင် လုပ်ဆောင်ပါတယ်။ ကျွန်မစဉ်းစားတာက အဲဒီ ကား ၂-စီးရဲ့ ကားနံပါတ်တွေကို ဘာကြောင့် မမှတ်နိုင်လိုက်ကြတာလဲ။ ကျွန်မကိုယ်တိုင် အပါအ၀င်ပေါ့။ ပြီးတော့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူထားရသူတွေရော ဘာလို့ အဲဒီ ကား ၂-စီးကို ဖမ်းဆီးထိန်းသိမ်းမှု မလုပ်နိုင်ရတာလဲ။

    မနေ့ညက ရန်ကုန်မှာ တကယ်တမ်း ဘာပြဿနာမှ ကြီးကြီးမားမား မဖြစ်သွားခဲ့ဘူး။ ဒါပေမယ့် အေးချမ်းစွာနေနေတဲ့ ပြည်သူလူထုတွေကြားထဲတော့ မအေးချမ်းမှုတွေဖြစ်သွားတာ အမှန်ပဲ …. ။ လူတွေအားလုံးဟာ ကျီးလန့်စာစားဖြစ်ကုန်ကြတယ်။ သေချာတာကတော့ မွတ်စလင်မ်တွေအားလုံးလည်း စိတ်သောကတွေဖြစ်သွားရသလို ရပ်ကွက်ထဲနေ ဘာသာခြားတချို့လည်း စိုးရိမ်မှုတွေ ဖြစ်လာကြတာပါပဲ။ ရပ်ကွက်တစ်ခုမှာ ပြဿနာဖြစ်လာရင် ရပ်ကွက်နေ သူသူကိုယ်ကိုယ် ထိခိုက်နစ်နာမှုကရှိစမြဲပဲလေ။ ကျွန်မအပါအ၀င် ရပ်ကွက်သားတော်တော်များများလည်း တစ်ညလုံးနီးပါး အိပ်မပျော်ကြတော့ပါဘူး။ တကယ်တမ်းဖြစ်လာရင် အားလုံး နစ်နာကြရပါတယ်။ မွတ်စလင်မ်တွေအနေနဲ့ ဘယ်သူ့ကိုမှစပြီး စော်ကားရန်စမှာ မဟုတ်ပဲ မိမိကိုယ်ကို လုံခြုံရေးကြောင့် စုရုံးစောင့်ကြည့်နေကြရတာသာဖြစ်တယ်။ ဒါကြောင့် မဟုတ်တမ်းတရား တလွဲလျှောက်ရေး၊ လျှောက်ပြောနေတာတွေကို မလုပ်ပဲ အမှန်တရားကိုသာ ဖော်ထုတ်ရေးသား ပြောဆိုကြပါလို့ ပြောချင်ပါတယ်။

    နိုင်ငံတော်က တာဝန်ရှိသူတွေ(အောက်ခြေမှ ဗဟိုအဆင့်ထိ)ကလည်း အခုလို ပြဿနာရပ်တွေ ထပ်မံမဖြစ်ပွားဖို့ အမြန်ဆုံးထိန်းသိမ်းဆောင်ရွက်သင့်ပါပြီ။ အခုအချိန်မှာမှ မထိန်းသိမ်းသိမ်းနိုင်ရင် မြန်မာနိုင်ငံအရေးက ပိုပြီး ပိုပြီး ရင်လေးဖွယ်ရာအတိပါပဲ ….. ။

    အဲဒါကတော့မနေ့ညက ကြုံရတဲ့ အခြေအနေပါ ……….
    ဒီနေ့လည်း မနက်ပိုင်းကတည်းက အခုအချိန်ထိ စိတ်မချမ်းသာစရာပဲ ဆက်တိုက်ကြားနေရတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးဘယ်မှာလဲ။ ဒီလောက်နဲ့ပဲ ရပ်တန့်သင့်ကြပါပြီ။

    အဲလိုမှ မဟုတ်ရင် ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ ဘ၀အခြေအနေတွေဟာ မှတစ်ပါး အခြားမရှိတော့ပြီလား ………… ?

    နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးကို တမင်အကွက်ချ ဖျက်ဆီးနေတဲ့လူတွေရှိနေတာ အသေအချာပါပဲ။ ဒါကြောင့် ဒီလို လှုံ့ဆော်နေမှုတွေကို အခုချိန်မှာ လူမျိုးဘာသာမခွဲခြားပဲ အတူတကွ လက်တွဲတွန်းလှန်သွားဖို့လိုပါတယ်။

  • မတ်လ ၂၄ – ၂၅ ရန်ကုန်မြို့ ဆူညံမှုဖြစ်စဉ်

    မတ်လ ၂၄ – ၂၅ ရန်ကုန်မြို့ ဆူညံမှုဖြစ်စဉ်

    M-Media
    March 25, 2013

    မတ်လ ၂၄ ည ၁၀ နာရီခန့် မှစ၍ အကြမ်းဖက်လူရမ်းကားတစ်စုသည် ရန်ကုန်မြို့ မွတ်စလင်မ်အ များစုနေ ထိုင်ရာ ရပ်ကွက်များသို့  ကား ၂-စီးဖြင့် လှည့်ပတ်သွားလာ အော်ဟစ်နေပြီး တိုက်ခိုက်ရန် ညာသံပေးကြိုးစား ရာ ဒေသခံမွတ်စလင်မ်များက ဟန့်တားကာကွယ်ရန်ဆိုင်းပြင်းသဖြင့် ထွက်ပြေးသွားသည်။

    ထိုသို့ အကြိမ်ကြိမ်ကြိုးစားရာ မွတ်စလင်မ်များက ခေါင်းငုံမခံပဲ ပြန်လည်ဟန့်တားခုခံသဖြင့် တိုက်ခိုက်မှုမအောင်မြင်ခဲ့ကြောင်း မျက်မြင်တဦးကပြောသည်။

    မတ်လ ၂၅ ရက်နေ့  ၁ နာရီ ၃၀ မိနစ်ခန့်  တွင် M-Media မှ ဖုန်းနှင့် ဆက်သွယ်မေးမြန်းနေချိန်အတွင်း ကား နှစ်စီးခန့် ဖြင့် ၀င်ရောက်လာပြီး အော်သံများထွက်လာကြောင်း မွတ်စလင်မ်အမျိုးသမီးကပြောသည်။

    “အလ္လာဟ်၊ ဒီမှာလာနေပြီ၊ ၁၀၁ လမ်းထိပ်က ရောင်နက်ပလီကို၊ ဒိုအာလုပ်ပါ (ဆုတောင်းပါ)။ လမ်းထိပ်မှာ ရောင်နက်ဗလီရှိတယ်။ အသံတွေ ဆူဆူညံညံကြားတယ်။ မွတ်စလင်မ်တွေကလည်း သက္ကဘီရ် (ဘုရားစာ) ရွတ်နေကြတယ်။”

    အဆိုပါ အကြမ်းဖက်သမားများသည် ကားနှစ်စီးဖြင့် တမြို့ လုံး ပတ်သွားလျက်ပြီး မအူကုန်းမြို့နယ် လမ်းကျယ်၊ မင်္ဂလာတောင်ညွန်မြို့နယ် လမ်း-၁၂၀ ဗလီအနီးနှင့် တ၀ိုက်လမ်းများနှင့် ပန်းပဲတန်းတွင် ရန်စမှုများ ကြိုးစားပြီး ရောင်နက် ဗလီကိုလည်း ခဲများဖြင့် ပစ်ပေါက်သွားကြောင်း မျက်မြင်တဦးက M-Media ကို ပြောပြလာသည်။