News @ M-Media
Month: May 2013
  • ဥက္ကံမြို့ အကြမ်းဖက်ခံရမှု နောက်ခံ အခြေအနေနှင့် ဖြစ်စဉ် (တွေ့ဆုံမေးမြန်းခန်း)
    မေလ-၇၊ ၂၀၁၃
    M-Media
    သတင်း – ဆုံမှတ်
    ဥက္ကံမြို့တွင် အကြမ်းဖက် မခံရမီ အခြေအနေနှင့် အကြမ်းဖက်ခြင်းအားကိုယ်တိုင်တွေ့ ကြုံရသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ ဥက္ကံမြို့နေ ဒေသခံတစ်ဦးနှင့် M-Media မှ ဆက်သွယ်မေးမြန်း ခဲ့ပါသည်။
    4
    ဥက္ကံ အကြမ်းဖက်မှုကြောင့် ဖျက်ဆီးခံရသည့် အစ္စလာမ်ဘာသာဝင်တို့ ၏ နေအိမ်နှင့် ဈေးဆိုင်များ
    “ ကျွန်တော်တို့ ဥက္ကံမြို့လေးဟာ ဒီလိုဆိုးဝါးတဲ့ အဖြစ်အပျက်တွေ မဖြစ်ခင်တုန်းက ဆိုရင် အားလုံး အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင် နေထိုင်လာတဲ့ မြို့လေးပါ။ ကျွန်တော်တို့ မြို့ကို ဒီလို အကြမ်းဖက်မခံရမီ နှစ်ပတ်အလိုက ၉၆၉ တရားပွဲကြီးကို ဘုရားကြီး ကျောင်းဝင်းမှာ (၃)ရက်၊ ၀တ်ကျောင်း ဆွမ်းချက်ရုံမှာ (၃)ရက် တရားဟောကြားခဲ့ပါတယ်။ ဘုရားကြီးကျောင်းဝင်းမှာ ဒုတိယနေ့က ဟောကြားတော်မူတဲ့ ဆရာတော်တစ်ပါးတည်းသာ ၀တ်နည်းနဲ့ အညီ တရားစစ် တရားမှန်သာ ဟောကြားခဲ့တာပါ။ ကျန်တဲ့ နေ့တွေမှာ ဟောကြားခဲ့တဲ့ ဆရာတော်တွေကတော့ သွေးကြွစေတဲ့၊ သွေးပူစေတဲ့၊ ဘာသာတစ်ခုနဲ့ တစ်ခု ရင်းနှီးချစ်ခင်မူကို ပျက်ပြားစေတဲ့ တရားတွေ ဟောကြားခဲ့ပါတယ်၊ တရားပွဲတွေမှာ တရားရေအေးတိုက်ကျွေးတာမျိုး မဟုတ်ဘဲ လက်ခုပ်တွေ တညံညံနဲ့ ဘာသာရေး၊ အမျိုးသားရေး အစွန်းရောက်စေဖို့ သွေးကြွစေတဲ့ သီချင်းတွေက မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်ထားပါတယ်။ လူမျိုးရေး မုန်းတီးစေတဲ့ သီချင်းတွေ၊ DVD တရားခွေတွေကလည်း လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက ၉၆၉ အမည်ခံပြီး အယောက် ၄၀လောက်က လှုံဆော်နေခဲ့တာပါ။
    အဲဒါတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ နှစ်ပေါင်းကြာရှည်စွာ အတူယှဉ်တွဲပြီး တစ်ယောက်ကို တစ်ယောက် ချစ်ခင် စည်းလုံးစွာ နေလာကြတဲ့ သူတွေဟာ အမြင်စောင်းလာကြတယ်၊ အကြမ်းဖက်မူ မဖြစ်ခင်မှာပဲ “ကုလားတွေကို လုပ်ချင်တာ လက်ကို ယားနေတာပဲ” လို့ မကြားတကြားပြောသံတွေ ပြောလာကြပါတယ်၊ အရင်တုန်းက အဲလိုမျိုး မဟုတ်ပါဘူး၊ တိတိကျကျ ပြောရရင် တရားပွဲတွေ အပြီးမှာ ခုလို ပြောင်းလဲလာကြတာပါ။
    oakkan
    ဥက္ကံမြို့ အကြမ်းဖက်မှု ဖြစ်စဉ်မှ မြင်ကွင်တခု (ဓါတ်ပုံ ပဲခူးသတင်း-FB)
    မွတ်စလင်မ်ဆိုင်တွေ၊ အိမ်တွေ ၉၀ရာခိုင်နှုန်း အဖျက်အဆီး ခံရပါတယ်၊ ဥက္ကံမြို့မှာ ဗလီ နှစ်လုံးပဲ ရှိတာပါ၊ ဈေးဗလီ (ဂျာမေလ်ဗလီ)ရယ်၊ လမ်းချိုး ဗလီရယ်ပါ။ ဈေးဗလီကတော့ လုံခြုံရေးတွေ ရောက်လာလို့ မှန်ပဲကွဲသွားပါတယ်၊ လမ်းချိုးဗလီကတော့ အုတ်တံတိုင်းတွေ ပြိုသွားတယ်၊ ဗလီ အတွင်းထဲက ပန်ကာတွေ၊ မီးခွက်တွေ၊ မီတာဗုံးတွေ အတွင်းပစ္စည်းတွေ အကုန် ဖျက်ဆီးသွားပါတယ်။
    မြို့ပေါ်မှာ စပြီးဖျက်တာက ဘူတာနားက ဆိုင်ကနေ စလိုက်တာ တစ်မြို့လုံးမှာ ရှိတဲ့ မွတ်စလင်မ်အိမ်တွေ အကုန်လုံးပဲ၊ ရစရာ မရှိအောင်၊ ကုန်းကောက်စရာ မရှိအောင်ကို စိန်ပြေ နပြေ ဖျက်ဆီးကြတာပါ၊ နေ့ခင်းကြောင်တောင်ကြီးကို အကြမ်းဖက်သူတွေရဲ့ လက်ထဲမှာ သံဒုတ်တွေ၊ ဓားတွေ၊ ပေါက်ဆိန်တွေ၊ သံတွင်းတွေ၊ ရဲဒင်းတွေ၊ ခြောက်ပေါင်တူ၊ ဆယ်ပေါင်တူ တွေကိုယ်စီနဲ့ လိုက်ဖျက်ဆီးခဲ့ကြတာပါ၊ အဲဒီ အကြမ်းဖက်သမား တွေက ရေသိုးရွာ၊ ဇီးပင်ဈေးရွာ၊ သရက်ကုန်းရွာ၊ ငပြေမအင်းရွာ၊ ပါနောအိုင်ရွာ၊ သရက်တောရွာ တွေက လက်လုပ်လက်စား၊ အရက်သမား၊ ဖဲသမား အများစုပါ။ ဥက္ကံမြို့ပေါ်က တချို့လည်းပါတယ်။
    13
    မီးရှို့ဖျက်ဆီးခံလိုက်ရသော ဗလီဝတ်ကျောင်းတော် (ဓါတ်ပုံ AP)
    အဲလို မြို့ပေါ်မှာ လုပ်နေတုန်းမှာပဲ ဖုန်းနဲ့ ရွာတွေဘက်ကို ချိတ်ပါတယ်၊ ဖုန်းတွေနဲ့ ကြိုတင် ချိတ်ကြတယ်လို့ သိရပါတယ်၊ ပနီပင်ရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးတို့ သားအဖ နှစ်ယောက်က ဦးဆောင်ပြီး မွတ်စလင်မ်ရွာတွေ ဖြစ်တဲ့ ကျွဲကုန်း၊ ခြောက်တဲ၊ မီးလောင်စခန်း အဲဒီရွာ သုံးရွာ အကုန်ကုန်တာပဲ မီးရှို့ကြတာ။ ပနီပင်ရွာနဲ့ ၀ံကိုက်ရွာ ကိုလည်း သူတို့ အကြမ်းဖက်သမားတွေက စိတ်တိုင်းကျ မဖျက်ဆီးလိုက်ရလို့ သိပ်မကျေနပ်ကြဘူး၊  ပနီပင်ရွာ က ဗမာပနီပင်ရွာ အပိုင်းရယ်၊ မွတ်စလင် ပနီပင်ရွာ အပိုင်းဆိုပြီး အပိုင်းနှစ်ခုပါ၊ ဗမာ ပနီပင်မှာက အိမ်ခြေ (၂၀)လောက် ရှိပါတယ်၊ မွတ်စလင်မ် ပနီပင် မှာတော့ အိမ်ခြေတစ်ရာကျော် လူဦးရေ (၇၀၀) နီးပါး နေထိုင်တာပါ။ အဲဒီ့ ဗမာပနီ ပင်ရွာ အနီးနားမှာနေတဲ့ မွတ်စလင်မ် တဲအိမ်လေး သုံးတဲ ရှိပါတယ်၊ ဆင်းရဲတဲ့ မိသားစုလေး နေထိုင်တဲ့ တဲအိမ်လေးကိုလည်း ဖျက်ဆီးလိုက်ကြတယ်၊ လူတွေကတော့ ထွက်ပြေးကြတော့ ဘာမှ မဖြစ်သွားပါဘူး၊ မွတ်စလင်မ် ပနီပင်ရွာဘက်ကို ၀င်တော့ ပြန်ခုခံကြပါတယ်။ အဲဒီမှာ ပနီပင်ရွာက ဇော်ဇော်နိုင်က ဗမာ ဦးစိန်ကုလား လင်မယားက သံဒုတ်နဲ့ ရိုက်လိုက်လို့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်၊
    အမှန်တော့ ဥက္ကံမြို့ဟာ ဒီလို အကြမ်းဖက်လုပ်ရပ်တွေ မဖြစ်သင့် မဖြစ်ထိုက်တဲ့ မြို့ပါ၊ အခု ဒီအဖြစ်အပျက်ဟာ လူမျိုးရေး မုန်းတီးရေး၊ အစ္စလာမ် ဘာသာဝင်တွေ တိုးတက်ကြီးပွားတာကို မနာလိုစိတ်ကြောင့် ဖြစ်တာလို့ မြင်ပါတယ်၊ ကျွန်တော်တို့ မြို့လေးဟာ ရန်ကုန်ပြည်သူလူထု စားသောက်ဖို့ အတွက် အသား၊ ငါးတွေကို တင်ပို့နေတဲ့ မြို့လည်း ဖြစ်ပါတယ်၊ ခုဆိုရင် လူမူရေး၊ စီးပွားရေးတွေ ပျက်ဆီးချို့ယွင်းသွားပါပြီ၊ တစ်ဦးနဲ့ တစ်ဦး သံသယစိတ်တွေ ဖြစ်ပေါ်နေပါတယ်။ မနေ့က စပြီး ဖျက်ဆီးခံလိုက်ရတဲ့ ဆိုင်တွေက ရှိတာလေးနဲ့ ပြန်ဖွင့်ကြပါတယ်။ ဒါကို ဟဲ့ ကုလားမတွေက ဒီလောက်လုပ်ခံထားရတာတောင် ဆိုင်ဖွင့်နိုင်သေးတယ်” လို့ပြောကြဆိုကြပါတယ်၊ မွတ်စလင်မ်တွေက သည်းခံခြင်းတရားကို ရင်ဝယ်ပိုက်ပြီး ငြိမ်ခံ နေကြပါတယ်၊ ဘာမှ ပြန်လည် ပြောဆိုခြင်း မလုပ်ကြပါဘူး၊ အဲလောက်ထိကို သူတို့တွေရဲ့ စိတ်ဓာတ်တွေက နိမ့်ပါး၊ နိမ့်ကျ ကုန်ပါပြီ။
    ဥက္ကံမြို့တွင် ဒီအရေးအခင်းကြီး ဖြစ်လာအောင် ဦးဆောင်ပြီး ဖုန်းနှင့် လှုံ့ဆော်သူများနှင့် အကြမ်းဖက်၍ အိမ်များလိုက်လံ ဖျက်ဆီးသူ အချို့၏ အမည်စာရင်းကို M-Media မှ လက်ခံရှိထားပါသည်။
    More Photo
  • မိထ္ထီလာ လူသတ်မှု့တရားစွဲခံ ရသူ သံသယ တရားခံများတွင် မပတ်သက်သူများ ပါဝင်နေ
    မေ-၇-၂၀၁၃
    M-Media
    KK
    1
    လူသတ်မှုဖြင့် တရားစွဲခံထားရသော သံသယရှိသူများအား တရားရုံးအထွက်တွေ့ရစဉ် (ဓါတ်ပုံ RFA)
    မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များအား အကြမ်းဖက်ခံရမှုတွင် ဘုန်းတော်ကြီးတစ်ပါး သေမှုဖြင့် သံသယရှိသူ မွတ်စလင်မ် ၇-ဦးအား ဖမ်းဆီး၍ တရားစွဲဆိုခံခဲ့ရသည်။ ထိုတရားစွဲခံရသူများထဲတွင် ဘုန်းကြီးသေဆုံးမှုနှင့် မပတ်သက်သူ များလည်း ပါဝင်ကြောင်း သိရသည်။
    သံသယရှိသူ ၇ ယောက်တွင် အသက် ၁၈ နှစ်အောက် တယောက်ပါသောကြောင့် ၄င်း အားကလေးသူငယ်အက်ဥပဒေဖြင့် အသစ်ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ကျန် ၆ ယောက်ကို ခရိုင် တရားရုံးတွင် တရားစွဲဆိုနေပြီ ဖြစ်ကြောင်း သိရသည်။
    စွပ်စွဲဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသည့်ထဲမှ ကိုဇော်ထက်နိုင်နှင့် ကိုမျိုးဝင်းတို့ မှာ ဘုန်းကြီး သတ်သော အမှုနှင့် ဘာမှ မပတ်သက်ကြောင်း၊ အခြားနေရာမှ ရဲများရိုက်ထားသည့် ဓာတ်ပုံတွင် ပါသဖြင့် ဖမ်း သွားခြင်းဖြစ်ပါ ယခုအခါ ၆ ယောက်လုံးကို အမှုတွဲ တခုထဲဖြင့် တရားစွဲထားခြင်းဖြစ်သည်။
    တရားစွဲဆိုခြင်းခံရသူများကို  ရှေ့ နေကွန်ရက်မှ  ၇ ဦး  မှတွေ့ဆုံရန် ကြိုးစားခဲ့သောလည်း စစ်ချက်ယူသည့်နေ့ တွင် ရှေ့ နေများအား ၀င်ခွင့်မပေးကြောင်း၊ စွပ်စွဲခံထားရသူများမှာလည်း ရှေ့ နေများနှင့် တိုင်ပင်ခွင့် မရကြောင်း မြို့ ခံတဦးကဆိုသည်။ ထို အပြင် အကျဉ်းခန်းထဲတွင် အဓမ္မ ဖိအားပေးပြီး အပြစ်ရှိကြောင်း ၀န်ခံလက်မှတ် ရေးထိုးခိုင်းကြောင်းလည်းသိရသည်။
    သံသယတရားခံ မွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ်ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
  • မိတ္ထီလာ အကြမ်းဖက်မှု၌ သေဆုံးခဲ့သည့် ရဟန်းတပါး အမှု၏ သံသယ တရားခံများ သေဒဏ် ရင်ဆိုင်ရဖွယ်၊
    M-Media
    မေလ ၈ ရက်၊ ၂၀၁၃
    မိတ္ထီလာ အကြမ်းဖက်မှု၌ သေဆုံးခဲ့သည့် ရဟန်းတပါး အမှု၏ သံသယ တရားခံများ သေဒဏ် ရင်ဆိုင်ရဖွယ်၊ အကြမ်းဖက်ခဲ့သည့် အခြားရဟန်းများ၊ ဗုဒ္ဓဘာသာဝင်များနှင့်စပ်လျဉ်း၍မူ နှုတ်ဆိတ်နေကြဆဲ
    27131_4783306302136_1685146913_n
    အကြမ်းဖက်သတ်ဖြတ် ခံလိုက်ရသော အစ္စလာမ်ဘာသာဝင် တစ်ဦးပုံဖြစ်ပါသည်။
    မိတ္ထီလာ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှု၌ သေဆုံးခဲ့သော ဘုန်းကြီးတစ်ပါးအမှုတွင် ပါဝင်ပတ်သက်နေသည့် သံသယတရားခံ မွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ်ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
    မိတ္ထီလာ၊ ဥက္ကံနှင့် အခြားမြို့နယ်များတွင် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်ကြရာ၌ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ကိုယ်တိုင်ဦးဆောင်ပြီး မွတ်စလင် ကလေးလူကြီးများ အားလုံးကို သတ်ဖြတ်ညှဉ်းစဲ ခဲ့ကြသော်လည်း ထိုတရားခံ ဘုန်းကြီးများနှင့် အကြမ်းဖက်သူ ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သက်၍ သက်ဆိုင်သလို အကြီးမားဆုံး ပြစ်ဒဏ်များ ချမှတ်ရန် ကိစ္စတွင်မူ နိုင်ငံတော်အစိုးရတာဝန်ရှိသူများက နှုတ်ဆိတ်လျက်ပင် ရှိနေသေးသည်။
    သတင်း – AFP
  • နေမျိုးဝေ၊ မွတ်စလင်မ်၊ ကုရ်အာန်နှင့် ကောင်လေးကို ကောင်မလေး ပါးရိုက်ခန်း
    မေ ၇ ၊ ၂၀၁၃
    ရေးသူ- အီစွတ် မာမွတ်
    Ka lay
    ငြိမ်းချမ်းရေးနဲ့  မတူကွဲပြားပါတီ ဥက္ကဌ ဦးနေမျိုးဝေက အစ္စလာမ်ဘာသာရဲ့  ကုရ်အာန်နဲ့ ပတ်သက်ပြီး ပြောနေ တာကို ကြားကြားနေရပါတယ်။ တလောကလည်း ဘုန်းကြီးကျောင်းမှာ သွားပြီး ကုရ်အာန်ကျမ်းစာထဲမှာ ဘယ်အပိုဒ်ကဖြင့် ဘာသာ မတူသူတွေကို သတ်ခိုင်းကြောင်း စသဖြင့် အပိုဒ်တွေကို ထုတ်ပြပြီး ဘုန်းကြီးကို ဖတ်ခိုင်း ဟောခိုင်းသတဲ့။
    ပါတီဥက္ကဌ စွတ်ကျယ်လက်ပြတ်ကုတ်စုတ်စုတ်နဲ့  ကျမ်းပြင်ပေါ်မှာထိုင်ပြီး ကုရ်အာန်စာပိုဒ်တွေကို ပရိုဂျက်တာက တဆင့် တရားနာတဲ့ ပြည်သူတွေမြင်အောင် ဖွင့်ပြနေတယ်။ ဘုန်းကြီးက ထိုင်ခုံမှာထိုင်ပြီး မိုက်တလုံးနဲ့  စာရွက်ကိုကိုင်ပြီး ဖတ်ပြနေတယ်။ ကြမ်းပြင်မှာတော့ တရားနာသူတချို့  တရိုတသေထိုင်ပြီး မျက်နှာသူငယ်လေးတွေနဲ့ ။
    ဘုန်းကြီးက ကုရ်အာန်ကို အာရဗီဘာသာ စကားနဲ့ ဖတ်လိုက် ဗမာလိုဘာသာပြန်ကို ဖတ်လိုက်နဲ့ ။ အာရဗီလိုဖတ်တာမှာ သာမန်အသံနဲ့ မဟုတ်ပဲ ဗလီဆရာတွေဖတ်သလို ဆွဲပြီးဖတ်နေတာပါ။
    မွတ်စလင်မ်မိဘကမွေး၊ မွတ်စလင်မ်လိုမွေး၊ မွတ်စလင်မ်လိုနေ၊ မွတ်စလင်မ်လိုကြီးလာတဲ့ကျနော် (ကုလားပဲဆိုပါတော့) –
    ကုလားဘုန်းကြီးရဲ့ မြေး၊ ကုလားဘုန်းကြီးရဲ့ တူ ကုလားကျနော် ဗုဒ္ဓဘာသာဘုန်းကြီးတပါးက သင်္ကန်းစီးပြီး ကုရ်အာန်ကို ဗလီဆရာတွေလို အသံလိုက်တုပြီး ဆွဲပြီးဖတ်နေတာကြားတော့ ရယ်လိုက်တာ ဗိုက်ပါအောင့်တယ်။ သင်္ကန်းမှအားမနာ၊ ဗမာအသံ ထွက်နဲ့ ရေးထားတဲ့ အာရဗီစာလုံးကို မိုက်ခွက်နဲ့ အသံချဲ့ စက်နဲ့ ပါဖွင့်ပြီး အသံဆွဲပြီးဖတ်ပြနေတာ အတော့်ကို ပြောင်စပ်စပ်နိုင် ပါတယ်။ ဖတ်နေတာတွေကလည်း တလွဲတွေပါ။ တပည့်နေမျိုးဝေမကောင်း ဆရာခေါင်းပေါ့။ ဒါမှမဟုတ် မြောက်ပေးတဲ့လူက ဆရာလား ဆိုတာတော့ သူတို့ ပဲသိမှာပါ။
    အဲ့ဒီမှာဖတ်သွားတာက ဟိုနား တစ်ပိုဒ်တို ဒီနားတစ်ပိုဒ်စ။ စာတစ်ပုဒ်လုံး စဆုံးဖတ်သွားတာလည်းမဟုတ်။ အခန်း (၁) အခန်း (၂) စသဖြင့်လည်းမဟုတ်။ အစ္စလာမ်က လူသတ်ခိုင်းတဲ့ဆိုပြီး လူအမြင်မှားနိုင်လောက်တဲ့
    စာကြောင်းလေးတွေကိုပဲ ဟိုနားတစ်ကြောင်း ဒီနားတစ်ကြောင်းဖတ်ပြသွားတာ။ ဦးနေမျိုးဝေက ဘုန်းကြီးကို ဖတ်ခိုင်းတယ်ဆိုရင် ပိုမှန်မယ်။
    သူတို့ လုပ်ပုံဘာနဲ့ တူလဲဆိုရင် ၀တ္ထုတစ်အုပ်ဖတ်တာမှာ တစ်အုပ်လုံးကို မဖတ်ဘဲ ကောင်မလေးက ကောင်လေးကို ပါးချလိုက်တဲ့ စာကြောင်းလေးပဲဖတ်၊ ပြီးတော့ ကောင်မလေးက ကောင်လေးကိုပါးချတဲ့အ ကြောင်းနေရာတကာ လိုက်ပြောနေသလိုဖြစ်နေတယ်။ ဇာတ်လမ်း အကြောင်းအရာတို့ ၊ ဇာတ်လမ်းအဆုံးမှာ ကောင်မလေးနဲ့  ကောင်လေးညား သွားတာတို့ ဆိုတာမျိုးအထိ မဖတ်တော့ဘူး။
    ဘာသာတခုရဲ့  ကျမ်းစာကို အဲ့လောက် လွယ်လွယ်လေး ဖတ်လို့ ရရင်၊ တစ်ကြောင်းစ နှစ်ကြောင်းစလောက် နဲ့ ဖတ်ရုံနဲ့  နားလည်နိုင်တယ် သဘောပေါက်နိုင်တယ်၊ စာပိုဒ်တပိုဒ်စ နှစ်ပိုဒ်စဖတ်တာနဲ့  နားလည်တယ်ဆိုရင်  အဲ့ဒီကျမ်းစာက ကျမ်းစာရယ်လို့  (Sacred Holy Book) ဖြစ်လာပါ့အုံးမလား။ လူတွေ အသည်းနှလုံးထဲ ထည့်ပြီး အသက်နဲ့ ပါလဲလောက်တဲ့ထိ နက်နဲတဲ့ ကျမ်းစာအုပ်ဖြစ်ပါ့အုံး မလား။ အပေါစား စာအုပ်ပဲဖြစ်မှာပေါ့။
    အပေါ်စားကလေး ကာတွန်းကိုတောင် တစ်ကြောင်းစ နှစ်ကြောင်းစ ဖတ်ရုံနဲ့  ဆိုလိုရင်း မသိနိုင်တာ နှစ်ထောင် ပေါင်းများစွာ ကြာလာတာတောင်  ပုဒ်ထီး ပုဒ်မ တစက်လေးမှ မလွဲတဲ့ကျမ်းစာ၊ မူရင်းအတိုင်း မပျက်မယွင်းဘဲ ကျန်နေသေးတဲ့ တခုတည်းသော ကျမ်းစာ၊ အာရဗီဘာသာ စကားတတ်ရုံနဲ့ တောင် နားမလည်နိုင်တဲ့ ကျမ်းစာ၊ ပညာရှင်တွေတောင်မှ နှစ်ပေါင်းများစွာ အချိန်ပေး သင်ယူရတဲ့ ကျမ်းစာ၊ အမြဲ လေ့လာနေရတဲ့ စာအုပ်ကို ဦးနေမျိုးဝေ ဖတ်သလိုဖတ်လို့  ဘယ်နည်းနဲ့ မှမဖြစ်နိုင်ပါ။
    ဒါမှမဟုတ် ဦးနေမျိုးဝေက ဘုရားလောက်နီးနီးတော်နေလို့ လား။
    သေချာတာကတော့ ကုရ်အာန်ကျမ်းကို ကောင်မလေး ပါးရိုက်တဲ့ အခန်းလောက်ဖတ်တဲ့ အဆင့်နဲ့ ပဲ ဖတ်နေ  (သို့ ) ဖတ်နိုင်လို့ ပါ။
    သတ္တိရှိရင် တကြောင်းစ နှစ်ကြောင်းစမဖတ်ဘဲ ကုရ်အာန် တအုပ်လုံး စ၊ လယ်၊ ဆုံး ဖတ်ကြည့်လိုက်ပါ။ အခန်း ၁၊ ၂၊ ၃ စသဖြင့် ပြီးအောင်ဖတ်ကြည့်ပါ။ အင်ရှာအလ္လာဟ် ခင်ဗျား အမြင်မှန်ရပါလိမ့်မယ်။ အဲ့ဒီနေ့ ကျရင် ကျနော် မောင်ကုလား သက္ကဗီလ်ဆိုပေးပါ့မယ်။
    အီစွတ် မာမွတ်ဆိုတဲ့ ကျနော် မောင်ကုလားက စိမ်ခေါ်နေတာပါ။ သတ္ထိရှိရင် စိမ်လိုက်ပါ။ ဦးနေမျိုးဝေမုန်းတဲ့ ကုလားက ဦးနေမျိုးဝေမုန်းတဲ့ ကျမ်းစာကို စ၊ လယ်၊ ဆုံး ဖတ်ရဲတဲ့သတ္တိရှိရင် ဖတ်လိုက်ပါလို့  စိန်ခေါ်နေတာပါ။ ဦးနေမျိုးဝေ သတ္ထိရှိပါစေ။ အာမီန်း။
    ** ဆောင်းပါးရှင်ရဲ့အမြင်သာဖြစ်သည်။