မေလ- ၆ ၊ ၂၀၁၃
M-Media
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များအပေါ် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ကြေငြာလိုက်သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


မေ-၆၊ ၂၀၁၃
M-Media
ဆောင်းပါးရှင်- အောင်တင်
နိုင်ငံရေးလုပ်ခြင်းဆိုတာ နိုင်ငံသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်ဖြစ်ပါတယ်။
မွတ်စလင်တွေကို နိုင်ငံရေးကင်းရှင်းကြဖို့ ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီရဲ့ ထုတ်ပြန်ကြေငြာချက်မှာ စဉ်းစားစရာ အကြောင်းအချက်တွေ၊ စေတနာတွေ ပါနေတာကို လေးစားစွာ အသိအမှတ်ပြုပါတယ်။ သို့သော် မြန်မာမွတ်စလင်တွေ ဘာလုပ်သင့်တယ်။ ဘာကို မလုပ်သင့်ဘူးဆိုတာက တရားဥပဒေရှုဒေါင့်၊ လူ့အခွင့်အရေးရှုဒေါင့်၊ နိုင်ငံသားပိုင်ခွင့်ရှုဒေါင့်၊ လူ့အဖွဲ့အစည်း အေးချမ်းသာယာရေးရှုဒေါင့် စသဖြင့် ရှုဒေါင့်ပေါင်းစုံကကြည့်ပြီး ရေရှည်စဉ်းစားမှ မှန်ကန်ပါမယ်။ ရေတို အကျပ်အတည်းကြောင့် မိမိတို့ရဲ့ မူလရပိုင်ခွင့်တွေကို စွန့်လွှတ်စရာ အကြောင်းမရှိပါဘူး။ စွန့်လည်း မစွန့်လွှတ်သင့်ဘူး။ စွန့်လွှတ်ပါလို့ တိုက်တွန်းခွင့်လည်း မရှိပါဘူး။
အပြစ်ရှာလိုသူ၊ ဖိနှိပ်လိုသူ၊ ဥပဒေမဲ့ ပြုကျင့်လိုသူတွေ စိတ်ကြိုက် (Appeasement Policy) လုပ်ပေးကြမယ်ဆိုရင် ဒီအပြစ်ရှာလိုသူတွေရဲ့ မူလရည်ရွယ်ချက်က အပြစ်မဟုတ်တာကို အပြစ်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်နေလေတော့ ဒီလိုလိုက်လုပ်ပေးပြီးရင် ဟိုလိုလုပ်ပေးဖို့ တောင်းဆိုရင်း နောက်ဆုံး ဘယ်လိုမှ လိုက်မလုပ်နိုင်တဲ့အဆင့် ရောက်သွားပြီး ဒုံရင်းဘဲ ဖြစ်သွားမှာပါ။ ဥပမာအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် သဟဇာတမဖြစ်ဘူးဆိုပြီး မုတ်ဆိတ်ထားတာတွေ၊ အင်္ကျီရှည်ဝတ်တာတွေ၊ ပုဝါပေါင်းတာတွေကို အပြစ်တင်နေတာကို ကျေနပ်သွားအောင် ကျနော်တို့တွေက မုတ်ဆိတ်တွေကို ရိပ်ပစ်လိုက်လို့၊ တိုက်ပုံနဲ့ တောင်ရှည်တွေ ဝတ်၊ ပုဝါတွေချွတ်ပြလိုက်လို့လည်း ပြသနာတွေ ပျောက်သွားမယ်လို့ မထင်ပါဘူး။ အရှက်လုံတဲ့ အင်္ကျီရှည်တွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး အပြစ်တင်နေသူတွေဟာ သူတို့ရဲ့ အမ၊ နှမတွေ ဖင်ပေါ်ခေါင်းပေါ် အရှက်ကင်းမဲ့စွာ ဝတ်ဆင်နေတာကို မသိချင်ယောင်ဆောင်နေကြတာကို ကြည့်ခြင်းအားဖြင့်လည်း သူတို့ရဲ့ တမင်အပြစ်ရှာတတ်တဲ့အမြင် (Double Standards) ကိုလည်း သိနိုင်ပါတယ်။ လူတိုင်းမှာ အရှက်လုံပြီဆိုရင် လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့် ရှိပါတယ်။ သို့သော် အစ္စလာမ်သည် အာရဗ်အတွက်၊ အိန္ဒိယအတွက်၊ တရုပ်အတွက်ဘဲ မဟုတ်။ လူသားအားလုံး အတွက်ဖြစ်တဲ့အတွက် ယဉ်ကျေးမှုပေါင်းစုံအတွက်လည်း ဖြစ်ပါတယ်။ မြန်မာပြည်က မွတ်စလင်များသည် မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသင့်တယ်။ ကျင့်သုံးသင့်တယ်။ ကျနော်တို့ မြန်မာမွတ်စလင်တွေဟာ အစဉ်အဆက်က မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးကျင့်သုံးသူများလည်း ဖြစ်ပါတယ်။
ယနေ့ရင်ဆိုင်နေရတဲ့ ပြသနာတွေကို အကောင်းဆုံးနှင့် အမှန်ဆုံး ဖြေရှင်းနည်းက ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံရေး၊ လူမှုရေးစတဲ့ နယ်ပယ်အားလုံးမှာ တက်တက်ကြွကြွ ပိုမိုပါဝင် ပူးပေါင်းဆောင်ရွက်တဲ့ နည်းဘဲ ဖြစ်ပါတယ်။ ထွက်ပြေးတဲ့ နည်းလမ်း မဟုတ်ဘူး။ ခက်ခဲကောင်း ခက်ခဲမယ်။ ကြာကောင်း ကြာမယ်။ သို့သော် အခြားနည်းလမ်း မရှိပါဘူး။
အထူးသဖြင့် နိုင်ငံရေးကို ပိုလုပ်ကြပါ။ ကိုယ်မလုပ်နိုင်ရင်တောင် လုပ်နိုင်သူတွေကို အားပေးပါ။ ထောက်ခံပါ။ ထောက်ပံ့ပါ။
ကျနော်တို့မှာ ဘာမှ ဖုံးကွယ်ထားတာ (Hidden Agenda) မရှိဘူး။ လျှို့ဝှက်ချက်လည်း မရှိဘူး။ မြန်မာ မွတ်စလင်တွေကြားမှာ ဆွေးနွေးနေတာနှင့် မွတ်စလင် မဟုတ်သူ မြန်မာများနှင့် ဆွေးနွေးတာတွေကလည်း အတူတူဘဲ။ နှစ်ယောက် တည်းပြောလည်း ဒီစကားဘဲ။ တစ်နိုင်ငံလုံးသိအောင် အော်ပြောလည်း ဒီစကားဘဲ။ မြန်မာမွတ်စလင် (မြန်မာပြည်က မွတ်စလင်ကို ဆိုလိုသည်။)တွေဟာ ခေတ်အဆက်ဆက် ကတည်းက သမိုင်းနဲ့ချီပြီး နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွါးရး၊ အနုပညာ၊ ဂီတ၊ စာပေ၊ အားကစားစတဲ့ နယ်ပယ်အသီးသီးမှာ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ ပြည်သူလူထုနဲ့ ဒိုးတူဘောင်ဖက် ရင်ဘောင်တန်း လုပ်ဆောင်ခဲ့ကြသူတွေဖြစ်တယ်။
တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု၏ အကျိုးစီးပွါးသည် မြန်မာမွတ်စလင်များ၏ အကျိုးစီးပွါးဖြစ်ပြီး၊ မြန်မာမွတ်စလင်များ၏ အကျိုးစီးပွါးသည်လည်း တိုင်းရင်းသားပေါင်းစုံ အကျိုးစီးပွါးတွင် ပါဝင်ပြီးဖြစ်သည်ဟု အစဉ်အဆက် ယုံကြည် ကျင့်သုံးသူများဖြစ်ပါတယ်။
ဒါကြောင့်လည်း အင်အယ်လ်ဒီပါတီ နာယကကြီး ဦးတင်ဦးက
၁။ မြန်မာမွတ်စလင်တွေဟာ မြန်မာတိုင်းရင်းသားတွေဖြစ်တယ်။
၂။ မြန်မာမွတ်စလင်တွေကို ဘယ်တုန်းကမှ လက်တွဲခေါ်ဖို့ မလိုခဲ့ဘူး။ မြန်မာမွတ်စလင်တွေဟာ သမိုင်းအစဉ်အလာအရ တိုင်းကျိုးပြည်ကျိုးကို ဒိုးတူဘောင်ဖက် ထမ်းဆောင်ခဲ့သူများဖြစ်တယ်”လို့ စက်တင်္ဘာလ(၉)ရက်၊ ၂၀၁၂ ရန်ကုန်မှာ ကျင်းပတဲ့ အိးဒ် မိတ်ဆုံစားပွဲ အခမ်းအနား မှာ ရှင်းရှင်းပြတ်ပြတ် မိန့်ကြားခဲ့တယ်။
ဒါကြောင့် ကျနော်တို့ မြန်မာမွတ်စလင်တွေဟာ မိမိရဲ့ ပိုင်ခွင့်တွေကို တောင်းဆိုရဲသူတွေဖြစ်သလို တာဝန်တွေကိုလည်း ခေါင်းမရှောင် တတ်သူ နိုင်ငံသားကောင်းတွေ ဖြစ်ရပါမယ်။ ကျနော်တို့ဟာ လိုအပ်ချက်အရ ခေါင်းပျော့ပေးနိုင်သူများဖြစ်ပေမဲ့ ဒူးမပျော့တတ်သူများဖြစ်ရမယ်။ ကျနော်တို့ဟာ ဘယ်သောအခါမှ အကြမ်းဖက် သမားများ မဟုတ်သလို၊ ဒူးထောက် တတ်သူများလည်း မဟုတ်ပါ။
SURRENDER IS NOT THE OPTION.
http://www.m-mediagroup.com/news/13312
ဆောင်းပါးရှင်ရဲ့ အာဘော်သာဖြစ်ပါသည်။
မေ-၄၊၂၀၁၃
M-Media
ဂျပန်နိုင်ငံသည် တူရကီနိုင်ငံနှင့် ဒေါ်လာ ၂၂ ဘီယံ (၁ဘီလီယံ= သန်း ၁ထောင်)နှင့် တန်ဖိုးရှိ နျူးကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ ၄င်း စာချုပ်သည် ၂၀၁၁ ခုနှစ်တွင် ဂျပန် နိုင်ငံတွင် ဖြစ်ခဲ့သော Fukushima ဓာတ်ပေါင်းဖို ပျက်ဆီးဆုံးရှုံးမှု အပြီးတွင် ပထမဆုံး ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ကြောင်း သိရသည်။
တူရကီ နိုင်ငံ ၏ ရေနက်ဆိပ်ကမ်းတွင် နျူးကလီးယားဓာတ်ပေါင်းဖိုကို ဆောက်လုပ်မည် ဖြစ်ပြီး၊ ဂျပန်နိုင်ငံအတွက် Fukushima ပျက်ဆီးမှု အပြီးတွင် ပြန်လည် နလံထူနိုင်စေမည့် လုပ်ဆောင်မှု တစ်ရပ် ဖြစ်သည်ဟု သိရသည်။
သောကြာနေ့တွင် တူရကီနိုင်ငံ ၀န်ကြီးချုပ် Recep Tayyip Erdogan က ဒေါ်လာ၂၂ ဘီလီယံ တန် စာချုပ်သည် တူရကီနိုင်ငံအတွက် “အရေးကြီးသော ခြေလှမ်း” တစ်ခု ဖြစ်ကြောင်း နှင့် ဂျပန်နိုင်ငံနှင့် နှစ်ဦးအကျိုးတူပူးပေါင်း လုပ်ဆောင်မှုသည် နိုင်ငံ နှစ်နိုင်ငံအား ရေရှည်တွင် လုပ်ဖော်ကိုင်ဖက်များ အဖြစ် အတူတကွ ပူးပေါင်းစေရန် လုပ်ဆောင်ချက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တူရကီ နိုင်ငံ၏ ဒုတိယမြောက် နျူးကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်မှုကို လေလံတင်ခဲ့ရာ ဂျပန် နှင့် ပြင်သစ် အကျိုးတူ ပူးပေါင်းထားသော အဖွဲ့စည်းမှ အနိုင်ရရှိခဲ့သည်။ ဆူနာမီတိုက်ခတ်မှုဖြင့် Fukushima ဓာတ်ပေါင်းဖို ပျက်ဆီးခဲ့ပြီး နောက်ပိုင်းတွင် ဂျပန် နိုင်ငံအတွက် ပထမဆုံးသော ပြည်ပတွင် အနိုင်ရရှိခဲ့သော လေလံပွဲဖြစ်သည်။
“Fukushima တွင်ဖြစ်ပျက်ခဲ့သော ပျက်ဆီးမှုအတွက် ကျွန်တော်တို့အားလုံး ၀မ်းနည်းကြေကွဲ ရပါကြောင်း” နှင့် “ယခုအခါတွင် တိုးတက်လာသော သိပ္ပံနည်းစနစ် များစွာရှိကြောင်း ကျွန်တော်တို့၏ အောင်မြင်သော ခြေလှမ်းကို အဆိုပါ နည်းစနစ်များ အသုံးပြု၍ စတင်လှမ်းရမည်ဖြစ်ကြောင်း” ဂျပန်ဝန်ကြီးချူပ်က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံနှင့် အလားတူ တူရကီနိုင်ငံသည်လည်း သဘာဝဘေးအန္တာရယ်များစွာကို ရင်ဆိုင်ရသော နိုင်ငံဖြစ်ကြောင်းနှင့် ထိုအန္တာရယ်များကို ခုခံနိုင်စွမ်းရှိသော နျူကလီးယား ဓာတ်ပေါင်းဖိုအား ဆောက်လုပ်ရန်လိုအပ်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း ခရီးစဉ်ဖြင့် ဂျပန် ၀န်ကြီးချုပ် Shinzo Abe သည် တူရကီနိုင်ငံသို့ ရောက်ရှိနေပြီး သူကပြောကြားသည်မှာ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ပျက်ဆီးဆုံးရှုံးမှုသည် ဂျပန်နိုင်ငံအတွက် အရေးကြီးသောသင်ခန်းစာဖြစ်ကြောင်း။
“ဂျပန်နိုင်ငံသည် သူ၏တွေ့ကြုံမှုနှင့် သင်ခန်းစာ ပေါ်အခြေခံပြီး လုံခြုံမှု အမြင့်ဆုံး နျူးကလီးယား ဓာတ်ပေါင်းဖိုအား အဆင့်မြင့်ဆုံး ဆောက်လုပ်မည်ဖြစ်ကြောင်း” Shinzo Abe ကသူ၏ ရည်ရွယ်ချက်ကို တူရကီဘာသာဖြင့် ဘာသာပြန်ဆိုကာ တင်ပြခဲ့သည်။
ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Abe နှင့် တူရကီနိုင်ငံ ၀န်ကြီးချုပ် Erogan သည် နျူးကလီးယား စွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုမည်ဖြစ်ကြောင်း ကိုလည်း စာချုပ်ချုပ်ဆိုခဲ့သည် ဟုသိရသည်။
Ref:Aljazeera
M-Media
မေလ ၅ ရက်၊ ၂၀၁၃
ဆောင်းပါးရှင် – ဗြတ်ဝိ

ကျီးလန့်စာ
ယနေ့ မြန်မာမွတ်စလင်တွေကတော့ နယ်ဒေသတွေမှာသာမက မိတ္ထီလာနဲ့ ဥက္ကံမြို့တွေကနေတဆင့် ပျံ့ပွားလာတဲ့မီးကြောင့် စီးပွားရေးအချက် အချာ မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးတို့မှာပါ ကျီးလန့်စာ စားနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါတယ်။
အခြေအနေကို ၀င့်ရောက်ဟန့်တားပေးဖို့၊ ပြဿနာရဲ့ အဓိကအရင်းအမြစ်ကို တိုက်ရိုက်တင်ပြပေးဖို့ ဆိုတာတွေက ဘယ်သူ့ဘယ်သူမှရဲ့ တာဝန် မဟုတ်လို့ လူကြီးတွေကိုယ်တိုင် ခံယူထားကြသလိုပါပဲ။
ဟိုမှာ မီးရှို့တော့မယ်၊ ဒီမှာအကြမ်းဖက်တော့မယ်စတဲ့သတင်းတွေကို အချိန်အတော်ကြာ ကြားနေရတော့ တရားဥပဒေဆို တာ ဘာလဲ၊ အခွန် ထမ်း နိုင်ငံသားတစ်ယောက်အတွက် လုံခြုံငြိမ်းချမ်းရေးဆိုတာဘာလဲ စတာတွေက မှုန်ဝါးလာသလို နှလုံးသည်း ပွတ်တွေလည်း နာကျည်းခက်ထန်ပြီး အမာရွတ်တွေ တက်စပြုလာပါပြီ။
ကန်မုန်းတီးရေးကို ဖြစ်စေတာ ကန်အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီကြောင့်လား (ဘယ်သူမပြုမိမိမှု)
အမေရိကန်ကို မုန်းတီးတဲ့ လူတွေ ဘာကြောင့် မုန်းကြသလဲ။ အဲဒီအမေးကို ရုရှတူဒေးရဲ့ labeling terrorists ဆိုတဲ့ cross talk မှာ အမေရိကန်စာရေးဆရာ ၀ီလျံဘားမ် ကတော့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကြောင့် လို့ ဆိုပါတယ်။
သူ့ရဲ့ ဥပမာက ဒီကနေ့ အမေရိကန်ဒုံးပျံတိုက်ခိုက်ရေးစနစ်က အကြမ်းဖက်သမားတွေကို ရည်ရွယ်ပြီးပြစ်လွှတ်တာပါလို့ ဆိုတယ်၊ အဲဒီဒုံးကြောင့် အရပ်သားအများအပြား သေကြရတယ်၊ အမေရိကန် က တောင်းပန်လိုက်တယ်။ နောက်နေ့ ကျတော့ ထပ်ပြစ်တယ်၊ အရပ်သားထပ်သေတယ်၊ အဲဒီလို နေ့စဉ်ရက်စက်ဖြစ်နေရင်တော့ နိုင်ငံတနိုင်ငံရဲ့ အစိုးရကိုယ်တိုင် လုပ်ဆောင်နေတဲ့ ကိစ္စဖြစ်ပေမယ့်၊ အရပ်ဘက်အပြစ်မဲ့တွေ ဓားစာခံနေရ တာကြောင့် “အကြမ်းဖက်မှု” လို့ ခေါင်းစဉ်တပ်နိုင်လောက် တဲ့ အဆင့် ရောက်သွားပြီလို့ ဆိုပါတယ်။ ဒီလိုကိစ္စတွေကပဲ အမေရိကန်ကို မုန်းတီးတဲ့ အကြမ်းဖက်ဝါဒီတွေ မွေးထုတ်ပေးနေတာဖြစ်ပါတယ်တဲ့။
နုတ်ဆိတ်နေတဲ့ သတင်းလွတ်လပ်ခွင့်အရေး လှုပ်ရှားကြသူ မြန်မာ့မီဒီယာကြီးများ
အထက်မှာ အမေရိကန်အဖြစ်ကို ဥပမာပေးဖော်ပြခဲ့သလိုပါ။ အပြစ်မဲ့မြန်မာမွတ်စလင် ၁၀ ဦး အသတ်ခံရတဲ့ တောင်ကုတ် အရေးအခင်းကနေ စတယ်၊ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေကို တစထက်တစ တိုးလို့သာ လှုံဆော်လာကြတယ်။ အမုန်းတရားကြီးထွားစေမယ့် “ဆွ” ပေးတဲ့ မမှန်သတင်းဟော ဘုန်းကြီးတရားတွေ ပျံ့နှံ့သထက်ပျံ့လာတယ်။
အင်တာနက်လူမှုကွန်ယက်ကနေလည်း အစ္စလာမ်ဆန့်ကျင်ရေးဗန်းပြပြီး နိုင်ငံရေးကို အကြီးအကျယ်အမြတ်ထုတ်ကြတယ်။
ဖြစ်ပျက်နေတာကြာခဲ့ပါပြီ။ သွေးစွန်းပြီးမှအော်လံထောင်ကြတယ်။ ဘာကြောင့်လဲ။ ဓားစာခံတွေက မြန်မာ့မီဒီယာသမားကြီးတွေနဲ့ ဘာသာမတူလို့များလား။
မြေစာပင်
မြေစာပင်ရွေးတိုင်း မြန်မာပြည်ဖွား မွတ်စလင်တွေချည့်ဖြစ်နေတာဘာကြောင့်လဲ။ အရင်းစစ်တော့ အမြစ်မြေကဆိုသလို အိမ်တိုင်းအိမ်တိုင်းရဲ့ အမိအဘတွေ ကိုယ်နှိုက်က ကုလား၊ ကုလားရယ်လို့ ပုတ်ခတ်ပြီး အမုန်းတရားတွေ သွတ်သွင်းပေးနေမှတော့ မျိုးဆက်တွေအလိုက် ကုလားမုန်းသမားတွေထွက် လာတော့တာပါပဲ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထောက်ပြခဲ့ဖူးပါပြီ။
ဒီတော့ လွယ်ရာလိုက်ပြီး ကုလားကို ထိုးကျွေးရင် အချိန်တိုအတွင်း ပေါ်ပြူလာဖြစ်နိုင်တယ်ဆိုတာ လူတိုင်းရဲ့ ရင်ထဲမှာ အရိုးစွဲနေပြီပေါ့။
တဖက်နဲ့တဖက်၊ တစ်အုပ်စုနဲ့ တစ်အုပ်စု အာဏာပြိုင်ကြတဲ့အထဲ မြေစာပင်တွေက အစုလိုက်အပြုံလိုက် သေကြ၊ အိုးအိမ်မဲ့ ခိုကိုးရာမဲ့ဖြစ်နေပါပြီ။
နိုင်ငံခြားခြိမ်းခြောက်မှုနဲ့ မြန်မာမွတ်စလင်
မြန်မာမွတ်စလင်တွေဟာ အကြမ်းဖက်နည်းစနစ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ဖို့နေနေ၊ အားပေးအားမြှောက်လည်း ဘယ်တုန်းကမှ မပြုလုပ်ကြပါဘူး။ ဒါဟာ မှတ်ကျောက်တင် စစ်ဆေးစရာမလိုတဲ့အမှန်တရားပါ။
နိုင်ငံခြားခြိမ်းခြောက်မှုတွေကြောင့် မြန်မာ့မွတ်စလင်ခေါင်းဆောင်တွေ သဘောထားထုတ်ပြန်ဖို့လိုရင် လက်ရှိဖြစ်ပျက်နေတဲ့ ပြည်တွင်း အကြမ်းဖက် မှုတွေကိုလည်း နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ဖို့လိုပါတယ်။
ခေတ်သစ်ငရဲခွေးကြီး ခုမှလွတ်?
မေလ ၅ ရက် ဒီနေ့မှာတော့ ဒေါက်တာဆိတ်ဖွားအမှုမှာ ခေါ်ယူမေးမြန်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးက “မောင်ကာဠု” ဆိုတဲ့ ငရဲခွေးကြီးလွတ်နေ တဲ့အကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါကိုအလဲဗင်းမီဒီယာဂရုကဆောင်းပါးကဏ္ဍကနေဖော်ပြပေးခဲ့ပါတယ်။
အပိုဒ် နံပါတ်စဉ် ၅ မှာ “မြန်မာမွတ်စလင်” ဆိုတဲ့အသုံးအနှုံးကို တွေ့ရသလို အပိုဒ် နံပါတ်စဉ် ၇ မှာတော့ “မတရားမှုတွေကို ခံစားခဲ့ရတဲ့ မြန်မာ မွတ်စလင်တွေအတွက် ” ဆိုတဲ့ အရေးအသားကိုလည်း တွေ့မြင်ဖတ်ရှုရပါတယ်။ ကြိုဆိုပါတယ် မီဒီယာသမားကြီးများခင်ဗျား။
သို့သော် သမ္မာဒိဌိတရားထူးက မြန်မာမွတ်စလင်တွေရဲ့ သွေးစွန်းနေတာ ကြာပါပြီ၊ ငရဲခွေးကြီး ခုမှ လွတ်တာမဟုတ်ပါ။
နောက်တချက်က – ခင်ဗျားတို့ထောက်ပြ ပြောဆိုတော့မှပဲ အာဏာပါဝါရှိတဲ့ လူတွေကိုယ်တိုင် မောင်ကာဠုဝင်စားထားတယ်ဆိုတာ သိရသလို အဲဒီအာဏာပါဝါရှိသူတွေကတော့ အန်အဲလ်ဒီမုန်းတီးရေး သမားတွေ ဖြစ်နေတယ်ဆိုတာပါ သိလိုက်ရပါတယ်။
အာဏာပါဝါအရသာကို ကောင်းကောင်းကြီး သိကြတာ ဘယ်သူတွေလဲ၊ အဲဒီသူတွေအကြောင်းကို မြန်မာပြည်သူလူထု၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်အများ စုကြီးကို ပြောပြပြီး ဒါက ဒီလိုရှိတယ်၊ ဒီလိုကြောင့် ဒီလိုတွေ ဖြစ်နေတယ်၊ လုပ်နေတယ် စသဖြင့် မျက်စိဖွင့်နားဖွင့် လုပ်ပေးဖို့ရာ “ခေါင်းဆောင်မီဒီယာ” ကြီးတွေမှာ တာဝန်ရှိတာ မဟုတ်ဖူးလားခင်ဗျာ။ ခုမှထလုပ်တော့ သွေးစွန်းခဲ့တဲ့အမှုတွေထဲက အသက်ဇီဝိန်တွေ ပြန်ရှင်လာမှာမှ မဟုတ်တာ။
၉၆၉ နဲ့ ဦးဝီရသူ
အလဲဗင်းမီဒီယာကြီး တင်ပေးခဲ့တဲ့ ” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးမှာ ဦးဝီရသူနဲ့ သူ့ဝါဒ ကိုးခြောက်ကိုးကို အကာအ ကွယ်ပေး ဖော်ပြသွားတာကတော့ စိတ်ပျက်ဖွယ်ပါပဲ။ တောက်လျှောက် ကောင်းလာ တဲ့ ဆောင်းပါးတပုဒ်ဟာ အဆုံးသတ်ခါနီးကျမှ နို့မလိုင်ထဲ မစင် တစက်ကျတဲ့အဖြစ် ရောက်မှန်းမသိ ရောက်သွားရပါတယ်။
” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးရှင်သည်လည်း ထဲထဲဝင်ဝင်တယောက်တော့ ဖြစ်နေမှာ မလွဲဧကန်ပါပဲ။ သူထောက်ပြ တဲ့ ဒေါက် တာဆိတ်ဖွား = စစ်အောင် = မောင်ကာဠုသည် ယခင်စစ်အစိုးရလက်ထက် သုံးစွဲလာတဲ့ အမည်တူ၊ စကားပြေအရေးအသားတူလူစုဖြစ်နေရင် ကုလားမုန်းတီးရေးမှာ ယခင်ကတည်းက အညှာလွယ်တဲ့ ဦးဝီရသူလို လူမျိုးကို သာသနာဗန်းပြပြီး ကောင်းကောင်းကြီးစည်းရုံးစေ ခိုင်းထားတာ မျိုးရော၊ မဖြစ်နိုင်ဘူးလားခင်ဗျာ။
ဦးဝီရသူရဲ့ တရားတွေကို နားထောင်ကြည့်တော့၊ သူ့ဟန်ပန်က ရဟန်းတပါးရဲ့ ဟန်ပန်မျိုးမဟုတ်ပါ။ ဥပမာ – နှာခေါင်းလေး တရှုံ့ရှုံ့ လုပ်တတ်တဲ့ ဓမ္မဓူတ အရှင်ဆေကိန္ဒ နဲ့ သြဇာသံပိုင်ရှင် သီတဂူဆရာတော်တွေရဲ့ ပါဠိတော်ကိုးကားပြီး ချပြပြောဆို ဝေဖန်ပြတဲ့တရားတော်များနဲ့ ဘုရားဟော ပါဠိနတ္ထိဖြစ်နေတဲ့ ဦးဝီရသူရဲ့ ၉၆၉ အမည်ခံ အမုန်းတရားတွေဟာ အရှေ့နဲ့အနောက်လို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အဖြစ်မျိုးပါ။
ဒါကိုလည်း သမ္မာဒိဌိအမြင်မှန်နဲ့ကြည့်ပြီး လေ့လာစုံစမ်းသင့်ပါတယ်။ မဟုတ်တန်းတရားတွေ ရပ်တန့်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ၉၆၉ တရားပွဲကျင်းပတဲ့နေရာတိုင်းမှာ တရားပွဲအပြီး ပြဿနာတွေ ပေါ်ပေါက်ခဲ့တဲ့ သာဓက တွေ ရှိနေလို့ပါပဲ။
၉၆၉ လှုပ်ရှားမှု ကိစ္စနဲ့ စပ်လျဉ်းပြီးတော့ ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တိုင် ရှင်းလင်းပြောပြတဲ့အခါ ၉၆၉ ဆိုတာ ဘယ်လိုအဓိပ္ပါယ် မျိုးဆို တာတွေပါဝင်ခဲ့သလို အကြမ်းဖက်ခံခဲ့ရတဲ့ မွတ်စလင်တွေအတွက်လည်း ၀မ်းနည်းပါတယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ ဒါကို မြန်မာတိုင်းမ်စ် အင်္ဂလိပ် ပိုင်းက ဖော်ပြခဲ့ပါတယ်။
မြန်မာတိုင်မ်းစ် ဖော်ပြတဲ့ အဲဒီဆောင်းပါးမှာပဲ မကွေးမြို့က ဆရာတော် ဦးကုန္ဒလ ကုမာရရဲ့ အဆိုကို လေ့လာနိုင်ပါတယ်။ ဦးကုန္ဒလကုမာရကတော့ ၉၆၉ စတစ်ကာတွေ အများအပြား ပျံ့နှံ့နေတဲ့ မိတ္ထီလာနဲ့ ပဲခူးဒေသတ၀ိုက်မှာတော့ အကြမ်းဖက်မှုပြဿ နာက လျင်လျင်မြန်မြန် ကူးစက်သွားတယ်လို့ ဆိုပါတယ်။
အမုန်းတရားကြီးထွားရေးအတွက် ပါဠိတော်မပါတဲ့ ဟောပြောမှုတွေမှာ ၉၆၉ ဆိုတဲ့စကားလုံး အသုံးချခံနေရသလို ၉၆၉ သည် မွတ်စလင်တိုက် ခိုက်ရေး ရဟန်းဟောတရားတွေမှာ ( motivation ) စိတ်ဓာတ်စစ်ဆင်ရေး စကားလုံးတစ်လုံးဖြစ်နေတာ မြေကြီးလက်ခတ်မလွဲဘူး ဆိုတာ အထက်က ရဟန်းတော်တွေရဲ့ ထွက်ဆိုချက်တွေက သက်သေပါပဲ။
ဒါ့ပြင် မြန်မာနိုင်ငံတော်အစိုးရက မေလ ၄ ရက်နောက်ဆုံးထားပြီး လှိုင်းဘွဲ့ကနေ ထွက်သွားခိုင်းထားတဲ့ လက်နက်ကိုင် ဒီကေဘီအေ ဆက်စပ်အဖွဲ့ အစည်းတွေနဲ့ အဆက်အဆံရှိနေတဲ့ ဦးဝီရသူကို ” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးရှင်က ဘယ်လိုမှ သဘောမထားတဲ့အပြင် အကာအကွယ်ပေးထားတာကတော့ အန္တရာယ်တစ်ခုကို အဖွဲ့အစည်းတစ်ခုဆီ အရောက်ပို့နေသလိုပါပဲ။

အင်ဒိုအဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုက အလှမ်းကွာနေပေမယ့် ဦးဝီရသူနဲ့ ဒီကေဘီအေအဖွဲ့တွေ တွဲရိုက်ထားတဲ့ဓာတ်ပုံကတော့ လက်တကမ်း အကွာမှာရှိနေသလို အဲဒီဓာတ်ပုံကရော မြန်မာမွတ်စလင်တွေကို ဘယ်လောက်ထိ စိတ်သောကအဟုန် ပူပန်စိုးရိမ်မှုတွေ ဖြစ်စေခဲ့၊ ဖြစ်နေစေသလဲ ဆိုတာကိုတော့ တရေးတယူလုပ်သူ မရှိသေးပါခင်ဗျား။
ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု
ဒီလိုဆက်တိုက်ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေကို မဖြစ်ခင်ကာကွယ်နိုင်တဲ့အနေအထားတွေ ရှိပေမယ့် မကာကွယ်ဘဲ ဖြစ်ပြီးမှ နာမည်ကောင်း ခံကြတာတွေ၊ မဖြစ်စလောက်ဖမ်းဆီးပြတာ၊ ပြစ်ဒဏ်ချပြတာတွေ လုပ်နေတာဟာ စိတ်ပျက်စရာပါပဲ။
ပြဿနာရဲ့ အရင်းအမြစ်ကို စစ်ရပါမယ်။ မောင်ကာဠု (ခ) ဒေါက်တာဆိတ်ဖွားသည် စစ်ဘက်ဆိုင်ရာတွေနဲ့ အဆက်အဆံရှိတယ်ဆိုတာကိုတော့ အလဲဗင်းဆရာကြီးတွေက ဖွင့်ချပြပြီးသွားပါပြီ။ ” ဦးသိန်းစိန်အစိုးရအနေနဲ့ မိမိကိုယ်တိုင်ရဲ့ အာဏာစက်မထိရောက်တဲ့ အဖွဲ့စည်းတခုကို ဒီအတိုင်းလွှတ် ထားနေရတယ်ဆိုတဲ့ သံသယ” ကိုရော ဟုတ်မဟုတ်ဆိုတာ ဘယ်နေ့ဘယ်အချိန်များမှ ဖွင့်ချနိုင်မလဲဆိုတာ…..
မေ-၅၊၂၀၁၃
M-Media
ဧရာဝတီတိုင်းအတွင်း အစ္စလာမ်ဘာသာဝင်များ ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပြီး မိမိတို့၏ ပညာရေး၊ စီးပွားရေး လုပ်ငန်းများကိုသာ အာရုံစိုက်ဆောင်ရွက်ရန်နှင့် ပါတီနိုင်ငံရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်းနေကြရန် ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်သာသနာရေးရာကောင်စီ မှ တိုက်တွန်းမေတ္တာရပ်ခံသည့်စာကို ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။