News @ M-Media
Month: May 2013
  • ပင်လောင်းမြို့တွင် လင်မယားချင်း ရန်ဖြစ်ပြီး သေဆုံးသည့် ကိစ္စ ဒေသခံ မွတ်စလင်များအပေါ်ရိုက်ခတ်
    မေ-၃-၂၀၁၃
    M-Media
    ကျောက်ခဲ
    Pin Laung, Shan, Burma
    ဒီနေ့  သောကြာနေ့ မှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ နယ်အတွင်းမှာ ပအိုဝ့် တိုင်းရင်းသား လင်မယားနှစ်ဦး အချင်းချင်း ရန်ဖြစ်ပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။
    ယင်းသို့ သေဆုံးမှုအပေါ် အချို့ မွတ်စလင် မုန်းတီးရေးပြုလုပ်သူများက မွတ်စလင်များ၏ လက်ချက်သဖွယ် ပြောဆိုခဲ့ခြင်းကြောင့် ပင်လောင်းမြို့ မှာ ဒီနေ့ လူထုကြားမှာ အနည်းငယ်တင်းမာမှုဖြစ်ပွားခဲ့ပါတယ်။
    ဒီနေ့  သောကြာနေ့  ၀တ်ပြုမှုကိုပင် ဗလီမှာမပြုလုပ်နိုင်သေးပဲ ပြဿနာများ ဇစ်မြစ်ကိုရှာဖွေစုံစမ်းခဲ့ကျပါတယ်။
    လက်ရှိအခြေအနေမှာ လုံခြုံရေးများ ချထားပေးပြီး ပအိုဝ့်အဖွဲ့ လူကြီး တစ်ယောက်က တာဝန်ခံကာ ယင်းကိစ္စကို မှုခင်း ဖွင့်ထားပေးတယ်လို့ သိရပါတယ်။
    “ဒီကိစ္စကဗျာ… လင်မယားချင်း အချင်းများပြီး မိန်းမဖြစ်သူက လည်ပင်းဓါးဒဏ်ရာနဲ့ သေဆုံးနေတာ နောက်ပြီး လင်ယောင်္ကျားဖြစ်သူကလည်း မိမိကိုယ်ကိုယ်ကြိုးဆွဲချသွားတာပါ။ ကျွန်တော်ကတော့ အဲဒီလိုသိရတယ်” လို့ အောင်ပန်းက ပုဂ္ဂိုလ်တစ်ဦးက M Media ကို့ပြောပြပါတယ်။
    ” ဒီလို ထင်ယောင်ထင်မှားနဲ့  ပြည်သူလူထုကြား အမုန်းတရားကြီးထွားပြီးပြဿနာတွေဖြစ်အောင်လုပ်တာက ၉၆၉လေဗျာ။ အောင်ပန်း၊ ပင်လောင်းတစ်ဝိုက်မှာ တရားပွဲတွေလုပ် ၉၆၉ အခွေတွေရောင်း၊ ရိုးသားတဲ့ တိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ မွတ်စလင်တွေနဲ့ အမုန်းစိတ်ဝင်အောင် သွေးခွဲ ဖျက်ဆီး သွားတာတွေပေါ့ဗျာ” လို့ လည်းပြောကြားသွားပါတယ်။
    အဆိုပါသတင်းနှင့် ပတ်သက်ပြီး အင်တာနက်လူမှု့ရေး ကွန်ရက် စာမျက်နှာများတွင် သွေးထိုးလှုံဆော် ရေးသားမှုများ ဖြစ်ပေါ်ခဲ့ပြီး မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေရဲ့ FaceBook လူမှုရေးကွန်ရက် စာမျက်နှာတွင်လည်း မွတ်စလင်မ်များမှ သတ်ဖြတ်ခဲ့သည့် ပုံစံရောက်စေမည့် လှုံဆော်ရေးသားမှုများ ပြုလုပ်ခဲ့ပြိး ယခုအခါ အဆိုပါရေးသားချက်ကို ပြန်လည် ဖျက်သိမ်းသွားကြောင်း တွေ့ရှိရပါသည်။
    ဦးနေမျိုးဝေမှာ နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းများဖြစ်သည့် ပုဒ်မ ၆(ဃ) လူမျိုးရေး (သို့) ဘာသာရေး(သို့) လူတစ်ဦးချင်း (သို့) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်ေ၇းသားမှု့ ဟောပြောမှု့ (သို့) စည်းရုံးမှု့မပြုလုပ်ရ (င) ဘာသာေ၇းကို နိုင်ငံေ၇းအတွက် အလွဲသုံးစားမပြုလုပ်ရ .. အဆိုပါအချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အခြေခံဥပဒေမှာ တရားဝင် အသိအမှတ်ပြူထားသော အစ္စလာမ်သာသနာနှင့် အစ္စလာမ် ဘာသာဝင်များ အပေါ် စော်ကားရိုင်းစိုင်းမှုများနှင့် ဘာသာရေး အဓိကရုဏ်းများ ဖြစ်စေနိုင်သည့် လှုံ့ဆော်မှုများ ရေးသားလက်ရှိပေသည်။ အဆိုပါ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မည်သည့် အရေးယူ ဆောင်ရွက်မှု့မျှ ပြုလုပ်ခြင်း အလျဉ်းမရှိသေးသည်ကို တွေ့ရှိရပါသည်။
  • အကြမ်းဖက် မီးရှို့ခံရသည့် ဥက္ကံမှ ဒုက္ခသည်များ နောက်ဆုံး အခြေအနေ
    မေလ ၃၊ ၂၀၁၃
    M-Media
    သုတ
    ဥက္ကံ ။ ။ ပြီးခဲ့သည့် ဧပြီလ ၃၀-ရက်နေ့က ဥက္ကံမြို့တွင် ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ဆိုင်ခန်းများ၊ အိမ်များ အကြမ်းဖက် ဖျက်ဆီးခံခဲ့ရမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ဥက္ကံမြို့ခံများထံ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
    “အခြေအနေကတော့ နည်းနည်းတည်ငြိမ်သွားပါပြီ။ ပြန်လည်ထူထောင်ရေးအခြေအနေအတွက် ဘယ်လိုရှိနေလဲဆိုတော့ ပြန်လည်ထူထောင်မှုတော့ မလုပ်နိုင်သေးဘူး။ ကူညီမှု တချို့တော့ လာတယ်။ မနေ့ကတော့ အိုလမာအဖွဲ့တွေကလာတယ်။ မီးရှို့ခံရလို့ ပြာဖြစ်သွားတဲ့ မွတ်စလင်မ်အိမ်တွေကို တာလပတ်(ပလပ်စတစ်မိုးကာ)တွေပေးသွားတယ်။ နောက်ထပ် တစ်ခြားတော့ ဘာမှ မထူးခြားသေးဘူး။ မွတ်စလင်မ်အဖွဲ့ တချို့ လာရောက် ကူညီသွားတာပဲရှိတယ်။ ပုဂ္ဂလိကလာရောက် ကူညီတာမျိုးတော့ မရှိဘူး။ တစ်ခြားတော့ မလာဘူး။ တစ်ခြားအဖွဲ့တွေ နာမည်တွေတော့ ကျွန်တော် မသိဘူးဗျ။ မနေ့က ကား ၄-၅-၆ စီးတော့ လာသွားတယ်။ တစ်ခြား တော့ ကျွန်တော်တို့ ဘာမှ ပြန်မလုပ်နိုင်သေးပါဘူး။ မြို့ပေါ်မှာလည်း တစ်ခြားတော့ ထူးထူးခြားခြား မရှိပါဘူး။ နည်းနည်းတည်ငြိမ်နေပြီလို့ပဲ ပြောရမှာပါ။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    10
    ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN) ၏ သတင်းထုတ်ပြန်ချက်များအရ  ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ကယ်ဆယ် အကူညီပေးရေးကိစ္စရပ်များကို ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ရှိ ဥက္ကံမြို့ အနီးတဝိုက်ရှိ ရွာ ၃ရွာဖြစ်သည့် ပနီပင် ရွာတွင် အိမ်ခြေ (၆လုံး) လူဦးရေ ၂၀ကျော်၊ ချောင်းသဲရွာတွင် အိမ်ခြေ (၁၆လုံး) လူဦးရေ ၉၀၊ ကျွဲပုန်းရွာတွင် အိမ်ခြေ (၄၉လုံး) လူဦးရေ ၂၃၅ဦး မီးရှို့ ဖျက်ဆီးခံခဲ့ရမှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၃၄၅ဦး စားသောက် နေထိုင်ရေးများ အခက်အခဲဖြစ်ပေါ်နေကြောင်း၊ PCN နှင့် အတူ ရွှေဝါရောင်သံဃာတော်များ ကွန်ရက်မှ လိုက်ပါ ခဲ့ပြီး အကူညီပေးရေး ကိစ္စရပ်များကို တိုက်ကြီး BD သွေးကူညီပေးရေးအဖွဲ့၊ ဂျိုးဖြူ ပရဟိတ အဖွဲ့ နှင့် တိုက်ကြီး NLD အဖွဲ့ဝင်များမှ အပြည့်အဝ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါသည်။
    11
    အရှင်ပဏ္ဍဝံသ (ဦးပြည်ကျော်) ရွှေဝါရောင်သံဃာတော်များကွန်ရက်
    9
    PCN မှနေ၍ လက်ရှိ ဒုက္ခသည်များအတွက် သောက်ရေသန့်၊ စောင်၊ ခြင်ထောင်၊ အခင်း၊ အကာ တာပေါ်လင်၊ နို့မှုန့်၊ ကြာဇံခြောက်၊ ခေါက်ဆွဲခြောက်၊ မုန့်ခြောက်၊ မုန့်စို၊ အချိုရည် အမျိုးမျိုး၊ အိုး၊ခွက်၊ ပန်းကန်များ၊ အမျိုးသမီးအသုံးအဆောင်၊ ကျားဝတ်၊ မဝတ်၊ ကလေးဝတ် အဝတ်အထည်များ အစရှိသည်တို့ကို လက်ရောက် လှူဒါန်းခဲ့ကြောင်း၊ ကမ်းမြှောင်အုပ်စု၊ မီးလောင်စခန်းရွာတွင် လည်း အိမ်ခြေ ၁၀လုံးမီးရှို့ခံခဲ့ရပြီး၊ ၂၄လုံးဖျက်ဆီးခံခဲ့ရသည်။ ဂုံညင်းတန်း သကြားစက်တွင်လည်း အိမ်ခြေ (၇)လုံး စုစုပေါင်း လူဦးရေ ၁၉၆ဦး ဒုက္ခရောက်နေကြပြီး ၄င်းတို့အတွက် အရေးပေါ် လိုအပ်ချက်များမှာ- ရေ အဓိကဖြစ်ကြောင်း၊  အနီးရှိ ဗလီဝတ်ကျောင်းနှင့် စာသင်ကျောင်းမှ ရေတွင်းရေကန်များပါ ဖျက်ဆီးခံခဲ့ရသဖြင့်၊ PCN သည် တိုက်ကြီး BD သွေး အကူညီပေးရေး အဖွဲ့ အကူအညီဖြင့် ရေရရှိရေး အတွက် ရေတွင်းတုံကင် တပ်ဆင်ခဲ့ပြီး ရေရရှိ အသုံးပြုနိုင်ရေးအတွက် အရေးပေါ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က အမျိုးသမီးနှင့် တိုက်မိခဲ့သည့် အလံတိုင်ကျောင်းမှ ကိုရင်လေးထံ လူကိုယ်တိုင်တွေ့ဆုံ စကားပြောကြားဆွေးနွေးခဲ့ကြောင်း၊ ကိုရင်လေးနှင့် ကျောင်းမှလည်း အဆိုပါ ကိစ္စရပ်များဖြစ်ပေါ်မှုကို လိုလားခဲ့ခြင်းမရှိခဲ့၊ တိုက်မိသူနှင့်လည်း အဓိကပြသနာတက်ခဲ့ခြင်းမရှိဘဲ အဆိုပါ ကိစ္စကို အခွင့်ကောင်းယူ၍ လူစု၊ အကြမ်းဖက်၊ လုယက် မီးရှို့ခြင်းများကို ပြုလုပ်သူများက ကျူးလွန်ခဲ့ကြခြင်းဖြစ်သည် ဟု  လို့ PCN သတင်းထုတ်ပြချက်မှာ ဖော်ပြထားပါသည်။
    ကိုးကား- PCN သတင်းထုတ်ပြန်ချက်
  • သန်လျင်တွင် မေ ၁ မှ ၆ ရက်ထိ ၉၆၉ တရားပွဲပြုလုပ်မည်၊ အကြမ်းဖက်မည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေ
    သန်လျင်တွင် မေ ၁ မှ ၆ ရက်ထိ ၉၆၉ တရားပွဲပြုလုပ်မည်၊ အကြမ်းဖက်မည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေ
    မေလ ၃၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    သန်လျှင်မြို့။`    ။ ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် အကြမ်းဖက်ဖျက်ဆီးမှုများ စတင်ဖြစ်ပေါ်နေပြီဟူသော သတင်းများ ယနေ့တစ်နေကုန် အင်တာနက်စာမျက်နှာများနှင့် ရန်ကုန်မြို့တွင်းတစ်ဝိုက်တွင် ထွက်ပေါ်နေပါသည်။
    ထိုသတင်းအား သန်လျင်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ သန်လျင်မှာ ယခုအချိန်ထိ အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသေးသော်လည်း လူစုလူဝေးပြုလုပ်နေမှုများရှိနေသည်။
    မြို့မ မြောက်ရပ်ကွက် ၊ ဟံသာဝတီလမ်း ရှိ ကျူလီယာဗလီ အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ယောက် ရောက်လာကာ ဗလီဂေါပက အား ဗလီမှာ ဘယ်သူတွေ အိပ်လဲ၊ လူဘယ်နှစ်ယောက်အိပ်လဲလို့မေးကာ ဗလီမှာ လူမအိပ်ပါနဲ့ ဟု သတိပေး စကားပြောကြားခဲ့ကြောင်း မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။
    သန်လျင်မြို့တွင် မေလ ၁-ရက်နေ့မှ မေလ ၆-ရက်နေ့အထိ ၉၆၉ တရားပွဲ ပြုလုပ်မည်ဟုသိရသည်။  မေလ ၅-ရက်နေ့တွင် ဦးပညာဝရနှင့် မေလ ၆-ရက်နေ့တွင် ဦးဝီရသူမှ ဟောကြားမည်ဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်မည့် သတင်းများ ထွက်ပေါ်လာခြင်းကို သန်လျင်မြို့ခံများမှ အလွန်အမင်း စိုးရိမ်နေကြသည်။
    ယမန်နေ့က ဟောကြားခဲ့သော ဆရာတော်သည်လည်း ဘာသာခြား မုန်းတီးရေးကို ထည့်သွင်းလှုံ့ဆော် ဟောကြားခဲ့ပြီးနောက်ပိုင်း အချိန်မှစ၍ အကြမ်းဖက်မည့်လူစုသည် နေရာတချို့တွင် လူစုနေကြပြီဖြစ်ကြောင်း သတင်းများဖြစ်ပေါ်လာသည်။
    အဆိုပါ သန်လျှင်မြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က ကားနှစ်စီးဖြင့် မိုက်နဲ့အော်ကာ အစ္စလာမ့်မုန်းတီးရေး စာရွက်၊ စာတမ်းများ၊ တရားခွေများ လိုက်လံဝေဌ ခဲ့ကြောင်း သတင်းရရှိသည်။
    ယမန်နေ့ညပိုင်းကလည်း အောင်ချမ်းသာရပ်ကွက်နှင့် သန်လျင် မင်းကျောင်းရှေ့တွင် လူစုလူဝေးပြုလုပ်ခဲ့ပြီး ကုလားများ၏ဆိုင်များ၏ ဖျက်ဆီးမည်ဟု ပြောဆိုနေကြကြောင်းနှင့် မကြာခင် ရဲများရောက်ရှိပြီးနောက်တွင် လူစုကွဲသွားသည်ဟု သိရသည်။
    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သပ်၍ သန်လျှင်မြို့နေ ဒေသခံတစ်ဦးနှင့် M-Media  မှ ဆက်သွယ်မေးမြန်းရာတွင် -“ ဒီမှာ ၉၆၉ တရားပွဲတွေ ကျင်းပတာ ဒီနေ့နဲ့ဆို သုံးည ရှိပါပြီ၊ ဒီနေ့ည ၉၆၉က အကြမ်းဖက် သမားတွေက ဒီည ၀င်မယ် ဆိုပြီး ကောလဟလတွေ ဖြန့်ထားပါတယ်၊ တချို့ မွတ်စလင်တွေ အိမ်မှာ ယောက်ကျာင်္းသား မရှိတဲ့ အိမ်က ရန်ကုန်ထဲက ဆွေမျိုးသားချင်း အိမ်တွေကို ပြောင်းနေကြရတယ်၊ ဒီလို အသံတွေ ကြားနေရတော့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းမာ ဖြစ်နေတဲ့ သူတွေမှာ စိတ်သောက ရောက်နေရတယ်၊ အားလုံး အထိတ်အလန့် ဖြစ်နေရတယ် ” ဟု M-Media သို့ပြောသည်။
    ယနေ့ညပိုင်း ၇း၃၀ နာရီအချိန်တိုင် သန်လျင်မြို့တွင် အကြမ်းဖက်မှု တစ်စုံတစ်ရာဖြစ်ပွားမှု မပေါ်ပေါက်သေးကြောင်း သိရသည်
  • အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ ပြစ်တင်ဝေဖန် ဆန္ဒပြ
    ဧပြီလ ၂၉ရက် ၂၀၁၃
    M-Media
    OLYMPUS DIGITAL CAMERA
    သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် တနင်္ဂနွေက လူသုံးရာကျော် စုစည်းကာ ယခုလများအတွင်းဖြစ်ပွားခဲ့သည့် မွတ်စလင်များနှင့် အခြားလူနည်းစု ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုလှိုင်းများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။
    ဆန္ဒပြသူများတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လူမှုရေးလှုပ်ရှားသူများပါဝင်ကာ `သီရိလင်္ကာတွင် အမုန်းတရားအတွက် နေရာမရှိ´ ဆိုသည့် ပိုစတာများကိုင်ဆွဲခဲ့ကြပြီး ဘာသာရေး အမှန်းပွားမှုနှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ပါဝင်ပတ်သက်နေသူများနှင့် အစိုးရကို တိုက်တွန်းလိုက်သည်။
    “အစွန်းရောက် အုပ်စုတွေက လူမျိုးရေးခွဲခြားမှုနဲ့ ဘာသာရေးမုန်းတီးမှုတွေကို လှုံ့ဆော်နေကြတယ်။ အခု သူတို့တွေက လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြပြီး ဒီအဖွဲ့အစည်းတွေကို ပြောမယ့် တားမယ့်သူ ဘယ်သူမှ မရှိကြဘူး။”ဟု ဗုဒ္ဓရဟန်းတော် ဘဒ္ဒေဂမ သမိထ ထိရောမှ မိန့်တော်မူခဲ့သည်။
    “သူတို့ရဲ့ လှုပ်ရှားမှုတွေက ဘာသာတရားတွေအကြား ညီညွတ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်”ဟု ဘုန်းဘုန်းက ဆက်မိန့်သည်။
    လူမှုရေးလှုပ်ရှားသူများက နိုင်ငံတွင်းမှ ဗုဒ္ဓဘာသာအဖွဲ့နှစ်ခုဖြစ်ကြသော ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ကို ဗုဒ္ဓဘာသာပွဲတော် နောက်ဆုံးလအတွင်း ဟလလ်အသားများကို ထိန်းချုပ်မှုနှင့် မကြာသေးမီက မွတ်စလင်မ်တို့၏ ၀တ်စားဆင်ယင်မှုကို အစိုးရမှ ကန့်သတ်ချုပ်ချယ်ရန် ဆော်သြ အားထုတ်ဆောင်ရွက်မှုများအတွက် အမည်တပ်ပြောကြားလိုက်ကြသည်။
    ထိုအဖွဲ့များသည် မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ကိုးကွယ်ဝတ်ပြုရာ အဆောက်အဦးများကို တိုက်ခိုက်ခဲ့သော ဖြစ်စဉ်များအတွက်လည်း အပြစ်တင်ဝေဖန်ခံခဲ့ကြရသည်။ ဧ၀ံဂေလိ ခရစ်ယာန်သင်းအုပ်ဆရာ Rohan de S. Ekanayake နှင့် မွတ်စလင် လူ့အခွင့်အရေး လှုပ်ရှားသူ Arshad Nizamdeeတို့၏အဆိုအရ ယခုနှစ် ဇန်န၀ါရီလမှ စတင်က အကြိမ်ပေါင်း ၆၀ ကျော် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
    ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ နှစ်ဖွဲ့စလုံးမှ ဘာသာရေးအမုန်းပွားမှုများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုကို ငြင်းဆိုလိုက်ပြီး ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်နေသည့် ခရစ်ယာန်နှင့် မွတ်စလင်မ် အခြေခံဝါဒီအဖွဲ့များကို ထောက်ပံ့ပေးနေသာ အမည်မဖော် နိုင်ငံခြားတိုင်းပြည်များကို ထိုတိုက်ခိုက်မှုများဖြစ်ပေါ်ရခြင်းအတွက် ပြန်အပြစ်တင်ကြသည်။
    သို့သော်လည်း ယခုလအစောပိုင်းတွင် ပြည်တွင်း မီဒီယာများက  ဗောဓု ဗလ သေနအဖွဲ့ဝင်များမှ တောင်ပိုင်းပြည်နုယ် Mataraခရိုင်၌ မွတ်စလင်မ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း ဖော်ပြခဲ့သည်။
    မကြသေးမီက တိုင်းပြည်သို့ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် သမ္မတ Mahinda Rajapaksaက သူ၏ အစိုးရအနေဖြင့် တိုင်းပြည်အတွင်း လူမျိုးရေးခွဲခြားမှုနှင့် ဘာသာရေးအစွန်းရောက်မှုများကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင် လူများစုကြီးကို အခြားသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် မေတ္တာရပ်ခံလိုက်သည်။
    “သီရိလင်္ကာဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက် သာတူညီမျှ အခွင့်အရေးနဲ့ လွတ်လပ်မှုများရှိပါတယ်”ဟု သမ္မတမှ ဆက်လက်ပြောကြားခဲ့သည်။
    ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုးများသည် သီရိလင်္ကာ၏ သန်း ၂၀ လူဦးရေတွင် လေးပုံသုံးပုံခန့်ရှိပြီး မွတ်စင်လင်များမှာ ၁၀ရာခိုင်နှုန်းခန့်သာလျှင် ပါဝင်သည်။
    Ref: www.ucanews.com
  • ဂျကာတာမြို့ရှိ မြန်မာ သံရုံးအား ဖောက်ခွဲရန် ကြံစည်သည် ဟု ယူဆရသူ လေးဦး အဖမ်းခံရ
    မေ ၂- ၂၀၁၃
    Myanmar Embassy in jakarta
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ကြသူဟု ယူဆရသူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ကြာသပတေးနေ့က ဖမ်းဆီးခဲ့သည်။
    မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်မ်များအား ဆက်ဆံမှုအတွက် တုန့်ပြန် လက်စားခြေသည့်အနေဖြင့် သံသယရှိသူ အမျိုးသားသုံးဦး အမျိုးသမီး တစ်ဦးသည် သံရုံးအဆောက်အဦးအား လက်လုပ် ဗုံးများ ၅လုံးဖြင့် ဖောက်ခွဲရန်ကြိုးစားခဲ့ကြကြောင်း အင်ဒိုနီးရှား နိုင်ငံတော် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ် Boy Rafli ကပြောကြားသွားသည်ဟု ABC News သတင်းဌာနမှ ကြေညာထားသည်။
    ထို့နောက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့သည် ဂျကာတာတောင်ပိုင်းရှိ ဖောက်ခွဲရေးစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ထပ်မံဖမ်းဆီးရခဲ့ကြောင်း ABC News သတင်းဌာနက တင်ပြထားသည်။
    အကြမ်းဖက်သမားတို့သည် အဖွဲ့အစည်း ကွန်ယက်ကြီးတစ်ခုခု၏ တစ်စိတ် တစ်ပိုင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ သုံးသပ်ကြောင်း ABC News သတင်းဌာနက ကြေညာသွားပါသည်။
    The Washington Times
    By Jessica Chasmar
    (ငြိမ်းအေး ဘာသာပြန်သည်။)