News @ M-Media
Month: May 2013
  • ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒလိုင်းလားမားနှင့် ဝီရသူ
    မေ-၂၅၊၂၀၁၃
    M-Media
    မောင်သမာဓိ
    vesak2013
    ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။
    ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံ၌ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ မေတ္တာသုတ်ရွတ်ဆိုပွဲတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သံဃာတော်များနှင့် ထိုသံဃာတော် များထံ ရေသန့်ဘူး ကပ်လှူခဲ့သော အစ္စလာမ် ဘာသာဝင်များကို သာသနာ ညစ်နွမ်းစေမှု ပုဒ်မ တတ်၍ ထောင်ဒဏ် ၂ နှစ် လျှော့ရက်မရှိ ချ၏။ ထိုသံဃာတော်တို့သည် သံဃာအတုအယောင်များဖြစ်သည်ဟု န.အ.ဖ အစိုးရက သမုတ်၏။
    ရခိုင်၊ မိတ္ထီလာ၊ ပဲခူး အနောက်ခြမ်း ဘာသာရေး ပဋိပက္ခများတွင် တုတ် ဓါး လက်နက် ကိုင်ဆွဲ၍ ပါနာတိပါတာကျူးလွန်ခြင်းဖြင့် ပါရာဇိတကံ ကျရောက်နေသော သံဃာတော်များကို ပြုပြင်ပြောင်းလဲရေး အမည်ခံ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကာ အကွယ်  ပေး၏။
    ကမ္ဘာတွင် နာဇီလက်သစ်ဟု နာမည်ဆိုးနှင့် ကြော်ကြားနေသော ၉၆၉ ဂိုဏ်း စတစ်ကာကို ခွာသူများ အား သာသနာ ညစ်နွမ်းစေမှု ပုဒ်မဖြင့် ထောင်ဒဏ် ၂နှစ် အပြစ်ပေးသောကြောင့် ထိုပုဒ်မဖြင့် အပြစ်ပေးခံရသူ များကို နိုင်ငံရေး သမားအဖြစ် သတ်မှတ်သင့်၏။
    `        ထိုသို့သော အခြေ အနေတွင် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေသည့် တရားခံ အစစ်အမှန်ကို သိသော ကုလသမဂ္ဂသည် အလွန် အဓိပ္ပါယ် ပြည့်ဝသော ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို ချမှတ် ပြဌာန်းလိုက်ပါသည်။
    TGR_6932
    သာဓု သုံးကြိမ်ခေါ်ပါသည်။   
    ၂၀၁၃ ခုနှစ်၊ ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ (Education and Global Citizenship: A Buddhist Perspective) ဟူ၍ဖြစ်သည်။ လူသားတွေကို မှား မှန်၊ ဆိုးကောင်း၊ ချင့်ချိန်နိုင်ဖို့ ပညာဥာဏ် ဖွံ့ဖြိုး ခြင်း (Education) နှင့် ဇာတိဒေသပထဝီဝင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင်၊ ရာထူး၊ ဆင်းရဲ ချမ်းသာ စသည် ဖြင့် မခွဲခြားဘဲလူသားအားလုံး ကမ္ဘာ့ မိသားစု တစ်ခုတည်းအဖြစ် ချစ်ချစ်ခင်ခင် အတူတကွ နေထိုင် ခြင်း (Global Citizenship) တို့သည် ခွဲခြားမရဘဲ တစ်သားတည်း ဒွန်တွဲနေပါသည်ဆိုသော အယူအဆသည် ဂေါတမဗုဒ္ဓ၏ အမြင်၊ ဗုဒ္ဓ၏ ဒဿန၊ ဗုဒ္ဓ၏ တရား​ဓမ္မ တစ်ခုသာ ဖြစ်သည် ဟုဆောင်ပုဒ်က ဆိုလေသည်။
    ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။
    ထိုဆောင်ပုဒ်ကိုဖတ်ရှုပြီးသောအခါ ဥာဏ်ပညာအားဖြင့်သာ မတူကွဲပြားသူများအကြား ယှဉ်တွဲနေထိုင် နိုင်မည်ဟုနားလည်ပါသည်။ ပညာဥာဏ် မရင့်သန်သော၊ တနည်းအားဖြင့် ဥာဏ်ပညာအမြှော်အမြင်(Wisdom) မလွှမ်းမိုးသော ပတ်ဝန်းကျင်တွင် ကမ္ဘာ့လူသား တို့သည် မိသားစုတစ်ခုတည်းအသွင် ဖွဲ့ရန် မဖြစ်နိုင်ဟုအဓိပွါယ် ရသော ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လောဂျစ်နည်းဖြင့် အနုလုံ ပဋိလုံ အပြန်အလှန် စဉ်းစားတွေးခေါ်ကြည့်သော် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခများမကြာခဏ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသည် မည်သို့သော နိုင်ငံမျိုးအဖြစ် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားနေမည်နည်း။
    ဒေါက်တာစိုင်းမောက်ခမ်း ပြောသောဗုဒ္ဓ၏ မေတ္တာပမာဏ အတိုင်းအတာ။
    TGR_6676
    ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် မေ ၂၂ နံနက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ရုံး၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက် မိန့်ခွန်းပြော ကြားရာတွင် လူသားအားလုံးသည် တစ်ခုတည်းသော ကမ္ဘာသူ ကမ္ဘာသား မိသားစု အမြင်များ ရှိလာကြရန် အမှန် တကယ်လိုအပ်ပါကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမများမှာ အတ္တကိုပယ်ဖျောက်ရန် သွန်သင်ဆုံးမထားပါကြောင်း မိမိတို့ နှင့်အတူအမြဲရှိနေသော ဒုက္ခကိုလည်း ရှုမြင်ရမည်ဖြစ်ပါကြောင်း၊ အသေအချာ ဆန်းစစ်ကြည့်လျှင် ဗုဒ္ဓ၏ အဆုံး အမများသည် အသားအရောင်၊ ကျား မ၊ ယုံကြည်မှုနှင့် လူမှု အဆင့်အတန်းမရွေး ကမ္ဘာ့လူသားအားလုံးအပေါ် တူညီစွာ လွှမ်းခြုံထားသည့် မေတ္တာတရားများပင် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
    မည်သည့်ဘာသာဝင်မျှ ငြင်းဆိုရန် မရှိသောဒဿန (Universal Truth) နှစ်ခု။
    သင်ယူပါ၊ သင်ပေးပါ၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ပါဟု အဓိပ္ပါယ်ရသော ပရိယတ္တိ၊ ပရိပ္ပတ်၊ ပရိဝေဒ သာသနာ့တာဝန်ကြီး သုံးရပ် ပြဌာန်းထားသည့်အတွက်လည်းကောင်း၊ ပညာ၊ သဒ္ဒါ၊ သမ္မာ၊ ဝိရိ ဟူသော သုတ္တံ တရားများအရလည်းကောင်း၊ ဗုဒ္ဓသည် ပညာရေး (Education) ကိုလိုလားသူ၊ အားပေးသူဖြစ်ကြောင်း လေ့လာ ဘူးသူတိုင်း သိရှိပြီးဖြစ်၍ တစ်စုံတစ်ရာ ငြင်းဆိုရန် မရှိပါ။
    ဤနေရာတွင် ပညာဆိုသည်မှာ အမှား အမှန်၊ အကောင်းအဆိုးကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ (Wisdom) ကိုဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဘာသာရေးပညာ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဥပဒေပညာ၊ လူ့အခွင့်အရေး ပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ စီးပွားရေးပညာ၊ ပထဝီ သမိုင်းစသည် ပညာရပ် အသီးသီးကိုဆိုလိုသည်ဟု နားလည်ပါသည်။
    လူ့ဘုံ ၁ ခုတည်းကိုသာမက ငရဲ ၄ ဘုံ၊ နတ်ပြည် ၆ ဘုံ၊ ဗြဟ္မ ဘုံ၂၀ ရှိ နတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ထည့်သွင်းစဉ်းစားသော ဗုဒ္ဓသည် လူသားအားလုံးအပေါ် မခွဲမခြား မေတ္တာထား သည် ဆိုသည့် အချက်ကိုလည်း မည်သူမျှ ငြင်းရန်၊ သံသယဝင်ရန် အကြောင်း မရှိပါ။
    သံသယဝင်သည်မှာ ဗုဒ္ဓဘာသာ အမည်ခံ ၉၆၉ ဂိုဏ်းသား နာဇီ သံဃာတို့၏ လူသားတို့ အပေါ်တွင် ထားရှိပါသည် ဆိုသည့် မေတ္တာ တရားကိုသာ ဖြစ်၏။
    မည်သူမပြု မိမိမှု။
    ဗုဒ္ဓ၏ ကမ္ဘာ့မိသားစုတစ်ခုဝါဒ (Global Citizenship) ကိုဆန့်ကျင်၍ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အငှားယာဉ်များတွင် စီးပွားရေးပိတ်ဆို့လိုသော၊ ကမ္ဘာ့မိသားစုအကြား ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက် ဖြင့် စတစ်ကာများ လိုက်လံကပ်နေကြသော ဝီရသူနှင့် အပေါင်းအပါများ တည်ထောင်ထားသည့် ၉၆၉ ဂိုဏ်းသား များသည် ဗုဒ္ဓဘာသာဝင်များ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ သင်ပြလမ်းညွှန်ခဲ့သော ဥာဏ်ပညာမျိုး မရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ လက်တွေ့တွင် ထိုအုပ်စုသည် ကမ္ဘာပေါ်၌ ပေါ် ထွန်းသမျှ ဘာသာတရားများအကြား ဗုဒ္ဓဘာသာ၏ ပုံရိပ် (Image) ကိုကျဆင်းစေသည် အထိ ဗုဒ္ဓဝါဒကို ဆန့် ကျင် နေသူများ ဖြစ်ပေသည်။
    ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်တွင် ဥာဏ်ပညာအခြေခံဖြင့်သာ လူသားအားလုံးသည် ကမ္ဘာ့မိသားစု တစ်ခု တည်း အသွင် ဖေါ်ဆောင်နိုင် မည် ဟုဆို၏။
    ပညာဥာဏ် မရှိသောဝီရသူ၏ ဘာသာရေးလူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ပေါ်ပေါ်ထင်ထင် လှုံ့ ဆော်နေမှုကို မသိချင်ယောင် ဆောင်နေကြသော အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ပညာဥာဏ် အဆင့်အတန်းသည် မည်သို့ရှိမည်ကို စာရှုသူ အနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။ ထိုမှတဖန် ထိုသူတို့ အုပ်ချုပ်သော မြန်မာနိုင်ငံ၏ အနာဂတ်ကို မှန်းဆ ကြည့်ပါက တိုးတက်မှုဗလာနှင့် ဆုတ်ယုတ်မှု အန​န္တ ကိုသာ တွေ့ရပါလိမ့်မည်။
    ခရိုနီတို့၏ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို လက်မခံဘဲလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိသည့် ဈေးကွက် စီးပွား စနစ် ကျင့်သုံးနေပါသည် ဆိုသော မြန်မာနိုင်ငံတွင် ၉၆၉ ဂိုဏ်းသားများသည် စီးပွားရေး ပိတ်ဆို့မှုများကို တရား ဝင် လုပ်ဆောင်ခွင့် ရကြ၏။
    အသေဝနာစ ဘာလနံ၊ ပူစာစ ပူဇနေယနံ၊ ပါရာဇိတကံ၊
    အကြမ်းဖက်မှုများတွင် တုတ် ဓါး လက်နက်ကိုင်ဆွဲ၍ လုယက်သတ်ဖြတ် ခဲ့ကြသည့် မြန်မာ သံဃာ တော်များကို တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ဝေဖန် ရှုံ့ချသော အင်တာနက် သတင်းများ အောက် တွင် ဗုဒ္ဓဘာသာ အစွန်းရောက်တို့၏ မဖွယ်မရာ ကော်မန့်များသည် ဗုဒ္ဓဟောကြားခဲ့သော (ပူစာစ ပူဇနေယနံ) ကိုးကွယ် ဆည်းကပ် ပူဇော်ထိုက်သူကို ပူဇော်ရ၏ ဟူသည့် မေတ္တာ သုတ်နှင့် အကြီးအကျယ် လွဲချော်နေ၏။
    နာဇီလက်သစ် ဂိုဏ်းဖွဲ့ကာ ခိုးဆိုး လုယက် သတ်ဖြတ်မှုများကို ဦးဆောင်နေသော ဝီရသူနှင့် ဘာသာ ရေး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရန် လှုံ့ဆော်ခြင်းဖြင့် ဗုဒ္ဓနေ့ဆောင်ပုဒ် (Global Citizenship) ကို ဆန့်ကျင် နေသော မွန်ပြည်နယ်ပေါင်မြို့နယ် မုတ္တမမြို့ မြစေတီနန်းဦးစာသင်တိုက် ဆရာတော်တို့အား ဗုဒ္ဓဘာသာကို စောင့်ရှောက် ကာကွယ်သူ မျိုးချစ် များအဖြစ် ကိုးကွယ် ဆည်းကပ် ထောက်ပံ့ ကာကွယ်ပေးနေသူများသည် ဗုဒ္ဓ ဟောကြားခဲ့သော (အသေဝနာစ ဘာလနံ) လူမိုက်တို့နှင့် မပေါင်းအပ်ဟူသော ဗုဒ္ဓ၏ မေတ္တာသုတ်ကို ဖေါက်ဖျက် ကျူးလွန်သူများသာ ဖြစ်ကုန်၏။ ပါရာဇိတကံ ကျရောက်ပြီးသူတို့သည် ရဟန်း မဟုတ်တော့ပါ။
    ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လေးလေးနက်နက် အကောင်အထည် ဖေါ်ကြပါစို့။
    ဒေါက်တာစိုင်းမောက်ခမ်း၏ မိန့်ခွန်းနိဂုံးတွင် ယခုနှစ် ကုလသမဂ္ဂဗုဒ္ဓနေ့၏ ဆောင်ပုဒ်အပေါ် ဆွေးနွေး ချက်များသည် ဗုဒ္ဓဘာသာဝင် မိသားစုများကိုသာမက တစ်ကမ္ဘာလုံးကို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါ ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
    ကြုံကြိုက်သည့် အခိုက် အာဏာပိုင်များကို မေးလိုသည်မှာ ကုလသမဂ္ဂဗုဒ္ဓနေ့ ဆောင်ပုဒ် (Education and Global Citizenship) ကို ဆန့်ကျင်နေသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်ဆလင် တစ်ဦး တစ်လေ တွေ့မိပါသလား ခင်ဗျား။
    ဗုဒ္ဓနေ့ ဆောင်ပုဒ်အတိုင်းလိုက်နာသော နိုင်ငံများတွင် အကျိုးဖြစ်ထွန်းမည်မှာ မြေကြီး လက်ခတ် မလွဲ သေချာသော် လည်း မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များ၏ အကျိုးကို အမှန်တကယ် လိုလား ပါက ပညာဥာဏ် နုံနည်း လှသော ဘာလနံ ဝီရသူနှင့် အပေါင်းအပါတစ်သိုက်ကို ဦးစွာပထမ ဖမ်းဆီး ဟန့်တား မှသာလျှင် ကုလသမဂ္ဂ ဗုဒ္ဓနေ့ဆောင်ပုဒ်ကို လိုက်နာရာနှင့် အကောင်အထည်ဖေါ်ရာ ကျမည် ဖြစ် ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည် ခင်ဗျား။
    မောင်သမာဓိ
    ၁၃၇၅ ခု ကဆုန်လပြည့် (ဗုဒ္ဓနေ့)
  • Prof Dr အောင်ထွန်းသက်၏ “နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ နှင့် အမေးအဖြေကဏ္ဍ အသံဖိုင်
    Prof Dr အောင်ထွန်းသက်၏ “နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ နှင့် အမေးအဖြေကဏ္ဍ အသံဖိုင်
    မေ-၂၅၊၂၀၁၃
    M-Media
    ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်တွင် ရန်ကုန်မြို့ YMCA ခန်းမတွင် Unity For Peace Network မှဦးစီးကျင်းပသော ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အသံဖိုင် နှင့် အမေးအဖြေကဏ္ဍ အသံဖိုင်များကို နားဆင်နိုင်ပါပြီ။
     ဟောပြောပွဲ အသံဖိုင်
    အင်တာနက် Connection အခက်အခဲရှိသူများအတွက် အောက်ဖော်ပြပါ လင်ခ်များတွင် Download လုပ်ယူနိုင်ပါပြီ။
    File Size 58 MB
     အမေးအဖြေ ကဏ္ဍ နားဆင်ရန်။
    အင်တာနက် Connection အခက်အခဲရှိသူများအတွက် အောက်ဖော်ပြပါ လင်ခ်များတွင် Download လုပ်ယူနိုင်ပါပြီ။
    File Size 33 MB
  • ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ
    မေ-၂၅၊၂၀၁၃
    M-Media
    ဆူးထက်
    Unity For Peace Network မှဦးစီးကျင်းပသော ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အခမ်းအနားတစ်ရပ် ကျင်းပ
    P8210200
    Unity For Peace Network မှဦးစီးကျင်းပသော ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အခမ်းအနားတစ်ရပ်ကို မေလ၂၄ရက်နေ့က ညနေ့ (၃)နာရီတွင် YMCA ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားတွင် ဒေါက်တာ မင်းသူနှင့် မသီတာလတ်တို့မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ Unity For Peace Network မှတာဝန်ရှိသူ တစ်ဦးဖြစ်သော ဆရာဦးကျော်ဝင်းမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
    ဆက်လက်၍ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ ကိုယ်ရေးအချက်အလက်များကို ဒေါ်ရွှေစင်ကြူမှ ဖတ်ကြား တင်ပြပြီးနောက် နိုင်ငံသားခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက် ဟောပြောတင်ပြခဲ့သည်။
    အခမ်းအနားကို Unity For Peace Network မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဒေါက်တာဦးကျော်သိန်းမှ နက်ဝက် ကိုယ်စား ပါမောက္ခဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားသို့ ဧည်သည်တော် အယောက် (၂၅၀) ခန့် တက်ရောက်ခဲ့ပြီး အဖွဲ့ပေါင်းစုံ၊ မီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
    ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ ဟောပြောမှု နားဆင်ရန်။
    အင်တာနက် Connection အခက်အခဲရှိသူများအတွက် အောက်ဖော်ပြပါ လင်ခ်များတွင် Download လုပ်ယူနိုင်ပါပြီ။
    File Size 58 MB
    5
    P8210190
    ဓါတ်ပုံများကြည့်ရန်။
  • Woolwich မြို့ လူသတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှု မရှိဟု ဗြိတိန် ဝန်ကြီးချူပ် ပြော
    မေ-၂၃၊၂၀၁၃
    M-Media
    Cameron
    လန်ဒန်။ ။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှုမရှိဟု ဗြိတိသျှ အာဏာပိုင်များမှ မေလ ၂၃ ရက် ကြာသာပတေးနေ့က ပြောကြားလိုက်သည်။
    “ဒါဟာ ဗြိတိန်နဲ့ ဗြိတိသျှ လူမှုဘ၀တွေကို တိုက်ခိုက်ရုံတင်မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာနဲ့ ကျနော်တို့တိုင်းပြည်အတွက် အများကြီးပေးဆပ်ခဲ့ကြတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းကို သစ္စာဖောက်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ တကယ့်ကို သွေးပျက်ဖွယ်ကောင်းတဲ့ ဒီလိုလုပ်ရပ်ကို အားပေးတာမျိုး အစ္စလာမ်သာသနာမှာ လုံးဝ မရှိပါဘူး။” ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း(David Cameron)က ကတ်ဘိနတ်ဝန်ကြီးများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးနောက် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
    လန်ဒန်မြို့တောင်ဘက် ၀ူးလ်ဝစ်ခ်ျ(Woolwich) ဒေသရှိ စစ်တန်းလျားအနီးတွင် ဗိုလ်လောင်းတစ်ဦးအား တောခုတ်ဓား ကိုင်ဆောင်ထားသည့် လူနှစ်ဦးမှ တိုက်ခိုက်သတ်ဖြတ်မှု တစ်ခု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။
    ဗီဒီယိုတစ်ခု လူသတ်သမားနှစ်ဦးက ၎င်းတို့၏သတ်ဖြတ်မှုအတွက် ဗြိတိသျှရဲတပ်ဖွဲ့ကို ပြစ်တင်ပြောဆိုခဲ့ပြီး၊ အစိုးရအားဖြုတ်ချရန် ဗြိတိန်ပြည်သူများကို တိုက်တွန်းခဲ့သည်။
    “ငါတို့ကို သူတို့ တိုက်ခိုက်သလို ငါတို့ကလည်း သူတို့ကို ပြန်တိုက်ခိုက်ရမယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ။ ငါတို့ သေနတ်နဲ့ပစ်တဲ့အခါ ဒေဗစ်ကင်းမရွန်းက ဖမ်းလိမ့်မယ်လို့ ခင်ဗျားတို့ ထင်သလား။ နိုင်ငံရေးသမားတွေ သေတော့မယ်လို့ ခင်ဗျားတို့ထင်သလား” ဟု ထိုဗီဒီယိုတွင် ပြောဆိုထားသည်။
    တိုက်ခိုက်ခဲ့သူနှစ်ဦးအနက် တစ်ဦးမှာ နိုက်ဂျီးရီးယားနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။ ဒေသတွင်း မီဒီယာကလည်း ၎င်းတို့အနက် တစ်ဦးမှာ အသက် ၂၈ နှစ်အရွယ်ရှိ မိုက်ကယ် အဒီဘိုလာဂျို(Michael Adebolajo)ဆိုသူဖြစ်ပြီး လန်ဒန်အရှေ့ပိုင်း လင်ကွန်းမြို့ရှိ ၎င်း၏ မိသားစုနေထိုင်သည့်အိမ်ကို ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။
    ထိုသူနှစ်ဦးစလုံးမှာ နိုက်ဂျီးရီးယားနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများဖြစ်ပြီး ခရစ်ယာန်ဘာသာမှ အစ္စလာမ်ဘာသာသို့ ပြောင်းလဲထားကြသူများဖြစ်သည်ဟု မီဒီယာများကဆိုသည်။
    “အကြမ်းဖက်တိုက်ခိုက်မှု ဒါမှမဟုတ် အကြမ်းဖက်ဝါဒရဲ့ ဘယ်လိုပုံစံမျိုးကိုမှ ကျနော်တို့ လက်လျှော့အရှုံးပေးသွားမှာမဟုတ်ပါဘူး။” ဟု သူက ပြောကြားခဲ့ပြီး အကြမ်းဖက်ဝါဒအား တိုက်ခိုက်ရန် အကောင်းဆုံးနည်းလမ်းမှာ ပုံမှန်အတိုင်း နေထိုင်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၀၅ခုနှစ် ဇူလိုင်လက လန်ဒန်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး၊ ထိုစဉ်က ခရီးသည် ပို့ဆောင်ရေးယာဉ်များကို ပစ်မှတ်ထားသည့် လူငယ်လေးဦး၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅၂ ဦးသေဆုံးခဲ့သည်။
    ၂၀၀၉ ခုနှစ်ကလည်း မြောက်အိုင်ယာလန်ရှိ စစ်တန်းလျားအပြင်ဘက်တွင် စစ်သားနှစ်းဦအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အိုင်ယာလန်ခွဲထွက်ရေးလှုပ်ရှုားသူများက ၎င်းတို့၏ လက်ချက်ဟု ကြေညာခဲ့သည်။
    အစ္စလာမ်နှင့် မသက်ဆိုင်
    အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပက်သက်ခြင်းမရှိဟု လန်ဒန်မြို့တော်ဝန် ဘောရစ် ဂျွန်ဆင်(Boris Johnson) ကပြောဆိုခဲ့သည်။
    “ထင်ရှားတဲ့အချက်တစ်ချက်ကိုပြောရရင်၊ ဒီသတ်ဖြတ်မှုနဲ့ ပက်သက်ပြီး အစ္စလာမ်သာသနာကို ပြစ်တင်ပြောဆိုတာဟာ လုံးဝမှားယွင်းပါတယ်။ နောက်ပြီး ဗြိတိန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီနဲ့ ဒီသတ်ဖြတ်မှုအကြား ဆွဲယူချိတ်ဆက် ပြောဆိုတာတွေဟာလည်း မှားယွင်းပါတယ်။
    ကျူးလွန်ခဲ့တဲ့သူတွေရဲ့ အတွေးအခေါ် မှားယွင်းမှုကြောင့်သာ ဒါတွေဖြစ်လာတာပါ။ သတ်ဖြတ်ခံရတဲ့သူနဲ့ သူရဲ့ မိသားစုအတွက် တရားခံကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာဖို့ လိုအပ်ပါတယ်။” ဟု ဂျွန်ဆင်က အရေးပေါ် အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။
    ထိုအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုနှင့်ပက်သက်၍ ဗြိတိန်တ၀ှမ်းရှိ မွတ်စလင်များက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြပြီး အစ္စလာမ်၏ သွန်သင်ချက်များနှင့် ဆန့်ကျင်နေသည်ဟု ပြောဆိုခဲ့ကြသည်။
    “ဒါဟာ အစ္စလာမ်ကမသွန်သင်တဲ့ တကယ့်ကို ရိုင်းစိုင်းတဲ့လုပ်ရပ်ပါ။ ဒီလုပ်ရပ်ကို ကျနော်တို့ လုံးလုံးလျားလျား ဆန့်ကျင်ရှုတ်ချပါတယ်။ မွတ်စလင်တွေဟာ နှစ်ပေါင်းများစွာကတည်းက ဒီနိုင်ငံရဲ့စစ်တပ်ထဲမှာ ဂုဏ်ယူစွာနဲ့ အမှုထမ်းခဲ့ကြပါတယ်။ ” ဟု ဗြိတိသျှ မွတ်စလင်ကောင်စီ(MCB)က ဆိုသည်။
    ၎င်းအပြင် အစွန်းရောက်ဝါဒအား နှိမ်နင်းရန် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအပါဝင် ဗြိတိန်နိုင်ငံသားများအားလုံး စည်းလုံးညီညွတ်ကြရန် ဆော်အော်ခဲ့သည်။
    “ဒီလုပ်ရပ်ကြောင့် ယူကေရဲ့လမ်းမတွေပေါ်မှာ တင်းမာမှုတွေ မြင့်တက်လာမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ စည်းစည်းလုံးလုံးနဲ့ အမုန်းတရားတွေ ဆက်လက်ပြန့်နှံ့မသွားအောင်လုပ်ဖို့ လူ့အဖွဲ့အစည်းအားလုံးကို တိုက်တွန်းပါတယ်။” ဟု MCB မှ ပြောကြားခဲ့သည်။
  • မွန်ပြည်နယ်တွင် “၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ” လှုပ်ရှားမှု ၉၆၉ အဖွဲ့ပြုလုပ်လာ
    မေ-၂၄-၂၀၁၃
    M-Media
    အောင်ကျော်
    မွန်ပြည်နယ်တွင် 969 အဖွဲ့မှ ၂၅-၈-၂၀၁၃ နေ့နံနက်ပိုင်းတွင် နိုင်ငံတော်ဘာသာနေ့ အမည်ဖြစ် သာသနာအလံများ လွှင့်ထူရန် နှိုးဆော်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
    mm1
    မွန်ပြည်နယ် တွင် မော်လမြိုင် မြို့မှအစ ပြည်နယ်တစ်ခုလုံးနှင့် မြန်မာနိုင်ငံအချို့မြို့ကြီးများတွင် ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည် ဟူသော ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့   အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန်နှင့် ဗုဒ္ခဘာသာဝင် အိမ်တိုင်းတွင် သာသနာအလံတော်များ လွှင့်ထူရန်  နှိုးဆော်လျက်ရှိကြောင်း သိရသည်။
    ထိုသို့နှိုးဆော်မှုတွင် မွန်ပြည်နယ်ပေါင်မြို့နယ်မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင် ၂၄-၅-၂၀၁၃  နေ့နံနက်အချိန်းမှ စပြီး မြစေတီ နန်းဦးစာသင်တိုက်တွင် ( ဘာသာသွေးနွေး ခေါင်စဉ်ဖြစ် ) ခေတ်မှီတီးဝိုင်းကြီးများဖြစ်  အစ္စလာမ်သာသနာနှင့် ဘာသာဝင်များကို ထိခိုက်စော်ကားထားသော သီချင်းများကို  သီဆိုခဲ့ကြပြီး လူငယ်များကို ဘာသာ သွေးနွေးပေသည်ဟု ခေါင်စဉ်ဖြစ်  လှုံဆော်ပေးလျှက် ရှိကြောင်းသိရသည်။ ။ မြစေတီနန်းဦး စာသင်တိုက်သို့ မော်လမြိုင်၊ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဇင်းကျိုက် ၊ အစရှိသည် မြို့များမှ ၉၆၉ အဖွဲ့အင်အား ၅၀၀၀ ခန့် စုရုံးပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ပါသည် ။
    ထိုအခမ်းအနားတွင် အစ္စလာမ်ဆန့်ကျင်ရေး တရာခွေများ စာရွက်များကိုဝေငှပေးပြီ  ဗုဒ္ခဘာသာဝင်များ ၏ နိုင်ငံတော် ဘာသာနေ့ ကိုကြိုဆိုရန် ဗုဒ္ခဘာသာဝင်များ အိမ်တိုင်းတွင် သာသနာ အလံတော်များ တင်ရမည်ဖြစ်ကြောင်းကို  မြစေတီနန်းဦ စာသင်တိုက်ဆရာတော်မှ ညွန်ကြားခဲ့ကြောင်းသိရှိပါသည်။
    mm