News @ M-Media

Tag: russia

  • သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဆိုက်ဘာတိုက်ခိုက်မှု ရုရှားလက်ချက်ဟု ကန်စွပ်စွဲ

    သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဆိုက်ဘာတိုက်ခိုက်မှု ရုရှားလက်ချက်ဟု ကန်စွပ်စွဲ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈
    M-Media

    – ပြီးခဲ့တဲ့နှစ်က ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တဲ့ NotPetya ဆိုက်ဘာတိုက်ခိုက်မှုအတွက် အမေရိကန်က ဒီကနေ့မှာ ရုရှားကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရဲ့ အစိုးရလုပ်ငန်းတွေ တော်တော်လေး ထိခိုက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ကွန်ပျူတာတွေလည်း ဒီတိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။

    အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တိုက်ခိုက်မှုကြောင့် ဥရောပ၊ အာရှနဲ့ အမေရိကတို့အပါအ၀င် ကမ္ဘာတစ်ဝှမ်း ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

    “၂၀၁၇ ခုနှစ် ဇွန်လမှာ ရုရှားစစ်တပ်ဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးနဲ့ ဆုံးရှုံးမှုအများဆုံး ဆိုက်ဘာတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ ယူကရိန်း မတည်မငြိမ်ဖြစ်ဖို့အတွက် ရုရှားရဲ့ ဆောင်ရွက်မှုတွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လက်ရှိ ပြဿနာတွေမှာ ရုရှားရဲ့ပါဝင်မှုကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့စေဖို့ တမင်ရည်ရွယ်လုပ်ဆောင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီတိုက်ခိုက်မှုအတွက် ယူကေအစိုးရကလည်း ရုရှားကို အပြစ်တင်ခဲ့ပြီး ရုရှားစစ်တပ်က လုပ်ခဲ့တယ်လို့ ဒီနေ့မနက်ပိုင်းမှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက သူတို့အနေနဲ့ ဒီကိစ္စကို တုန့်ပြန်ဖို့ နည်းလမ်းတွေကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒီ NotPetya တိုက်ခိုက်မှုဟာ ယူကရိန်းမှာ စတင်ခဲ့ပြီး အစိုးနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကွန်ပျူတာတွေ ထိခိုက်ခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျ၊ ၇၁ ဦး သေဆုံး

    ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျ၊ ၇၁ ဦး သေဆုံး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
    M-Media

    လေယာဉ်အပိုင်းအစတစ်ခု

    – ရုရှား ခရီးသည်တင်လေယာဉ်တစ်စီး ယနေ့မနက်ပိုင်းတွင် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်ဟု သိရသည်။

    Saratov Airlines လေကြောင်းလိုင်းမှ လေယာဉ်ဖြစ်ပြီး မော်စကိုမြို့ရှိ ဒိုမိုဒီဒိုဗိုလေဆိပ်မှ ပျံတက်ပြီး ၆ မိနစ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

    အဆိုပါလေယာဉ်မှာ မော်စကိုမှ အော့စ်မြို့သို့ ပျံသန်းခြင်းဖြစ်ပြီး ခရီးသည် ၆၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၇၁ ဦး လိုက်ပါသွားသည်။ လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်သူမရှိဟု ကယ်ဆယ်ရေး တာဝန်ရှိသူများကို ကိုးကား၍ ရုရှားမီဒီယာများက ဖော်ပြကြသည်။

    လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို တိတိကျကျ မသိရှိသေးဘဲ၊ ရာသီဥတုအခြေအနေ ဆိုးရွားခြင်း၊ လေယာဉ်မှူး အမှားလုပ်ခြင်း အပါအ၀င် ဖြစ်နိုင်ဖွယ် အကြောင်းအရင်းအားလုံးကို ရုရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ထည့်သွင်းစဉ်းစားနေသည်ဟု Interfax သတင်းဌာနက ဖော်ပြခဲ့သည်။

    မျက်မြင်သက်သေများကမူ လေယာဉ်မှာ ကောင်းကင်မှ မီးလောင်၍ ထိုးဆင်းလာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    ရုရှားတွင် လေယာဉ်ပျက်ကျမှုမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် တပ်နီတော်၏ ကွိုင်ယာအဖွဲ့ကို တင်ဆောင်သွားသော စစ်တပ်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လေယာဉ်ပေါ် လိုက်ပါသွားသူ ၉၂ ဦးစလုံး သေဆုံးခဲ့သည်။ အဆိုပါလေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအမှားကြောင့်ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။

    Ref: Aljazeera

  • ရုရှားခြိမ်းခြောက်မှုကြောင့် နျူလက်နက်အင်အား တိုးချဲ့မည်ဟု အမေရိကန်ပြော

    ရုရှားခြိမ်းခြောက်မှုကြောင့် နျူလက်နက်အင်အား တိုးချဲ့မည်ဟု အမေရိကန်ပြော

    ဖေဖော်ဝါရီ ၃၊ ၂၀၁၈
    M-Media

    – ရုရှား၏ နျူလက်နက်အင်အား မြင့်တက်လာမှုကြောင့် မိမိတို့ကလည်း နျူလက်နက် ပိုင်ဆိုင်မှုကို တိုးချဲ့သွားမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အမေရိကန်၏ ကာကွယ်ရေးပေါ်လစီ စာတမ်းတွင် ဖော်ပြထားသည်။

    ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ကာ မြောက်ကိုရီးယားအား ထိန်းချုပ်ရန် အမေရိကန်က ကြိုစားနေသော်လည်း ယခု ပေါ်လစီစာတမ်းတွင် ရုရား၏ စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ ထရမ့်အစိုးရက ပိုမိုအားထည့်မည့် လက္ခဏာကို မြင်နေရသည်။

    Nuclear Posture Review ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အမေရိကန်ကာကွယ်ရေးပေါ်လစီတွင် အစ္စလာမ့်မစ် စစ်သွေးကြွများအား တိုက်ဖျက်ရေးမှ တရုတ်၊ ရုရှားတို့နှင့် ပါဝါယှဉ်ပြိုင်ရေး ပိုမိုဦးစားပေးမည့် ပေါ်လစီအပြောင်းအလဲကို အဓိကထား ဖော်ပြထားသည်။

    “နျူလက်နက်ကို အကန့်အသတ်နဲ့ အသုံးပြုတာကိုတောင်မှ လက်မခံဘူးဆိုတဲ့ မိမိတို့ရဲ့ မဟာဗျူဟာကို ရုရှားက သိထားရမှာ ဖြစ်ပါတယ်” ဟု စာတမ်းက ဆိုသည်။

    မိမိတို့ နျူလက်နက်စွမ်အား ထပ်မံတိုးချဲ့ရန် စီစဉ်မှု အကြောင်းအရင်းမှာ ရုရှား အမေရိကန်၏ နျူလက်နက်စွမ်းအားမှာ မလုံလောက်ဟု ရှုမြင်သောကြောင့်ဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ရုရှား နိုင်ငံခြားရေးဝန်ကြီးကမူ စာတမ်းတွင် ပါဝင်သည့် အကြောင်းအရာများအတွက် အလွန်မင်း စိတ်ပျက်ရကြောင်း၊ ရုရှားဆန့်ကျင်ရေးကို ရှေ့ရှုသော၊ ရန်လိုသော သဘောထားဖြစ်သည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် စာတမ်းတွင်ပါဝင်သော စွပ်စွဲချက်များမှာ မဟုတ်မှန်ဘဲ မိမိတို့အနေဖြင့် အမေရိကန်နှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အဆင်သင့်ရှိနေသည်ဟုလည်း ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: CNA

  • အီရန်ဆန္ဒပြမှုကို အမေရိကန်က အမြတ်ထုတ်နေသည်ဟု ရုရှားစွပ်စွဲ

    အီရန်ဆန္ဒပြမှုကို အမေရိကန်က အမြတ်ထုတ်နေသည်ဟု ရုရှားစွပ်စွဲ

    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media

    – အီရန်တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို အမြတ်ထုတ်ကာ နျူသဘောတူညီချက်ကို ဖျက်သိမ်းရန် အမေရိကန်က ဆောင်ရွက်နေသည်ဟု ကုလဆိုင်ရာ ရုရှားသံအမတ်က စွပ်စွဲပြောကြားလိုက်သည်။

    ဒီဇင်ဘာနှောင်ပိုင်းကတည်းက အီရန်နိုင်ငံတွင် စတင်ခဲ့သည့် လူထုအုံကြွမှုနှင့် ပတ်သက်၍ အမေရိကန်၏ ဆော်သြမှုဖြင့် ယမန်နေ့က လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်စဉ် ရုရှားသံအမတ် ဗာဆီလီ နီဘန်ဇီယာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လုံခြုံရေးကောင်စီဆိုတာကို အမေရိကန်က အလွဲသုံးစားလုပ်နေတာပါ။ အီရန်က သူ့ပြဿနာကို သူဖြေရှင်းပါစေ။ ဒီကနေ့လုပ်တဲ့ အစည်းအဝေးဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ အီရန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မဟုတ်ဘဲ အီရန်ရဲ့ နျူသဘောတူညီချက်ကို ပျက်ပြားစေဖို့ တစ်ဖက်လှည့် ကြိုးပမ်းမှုပါ”

    ဗီတိုအာဏာကိုင်ထားသော တရုတ်၊ မျက်နှာသစ်နိုင်ငံ အီကွေတိုရီယဲလ်ဂီနီတို့ကလည်း လုံခြုံရေးကောင်စီအနေဖြင့် အီရန်ကိစ္စ ဆွေးနွေးမှုအတွက် မေးခွန်းထုတ်ခဲ့ကြသည်။

    ကုန်ဈေးမှုကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့ များပြားခြင်းတို့ကို မကျေနပ်၍ အီရန်ပြည်သူများ၏ ဆန္ဒပြမှုမှာ တစ်ပတ်နီးပါး ရှိလာပြီဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်။

    အီရန်ကမူ ထိုဆန္ဒပြမှုမှာ အမေရိကန်၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောကြားထားသည်။

    Ref : Aljazeera

  • ကိုရီးယားကျွန်းဆွယ် စစ်ဖြစ်လျှင် အမေရိကန် ၂ သိန်းကျော် သေဆုံးမည်ဟု ရုရှားသတိပေး

    ကိုရီးယားကျွန်းဆွယ် စစ်ဖြစ်လျှင် အမေရိကန် ၂ သိန်းကျော် သေဆုံးမည်ဟု ရုရှားသတိပေး

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ကိုရီးယားကျွန်းဆွယ်မှာ အင်အားအပြည့်နဲ့ စစ်ပွဲဖြစ်ရင် တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသား သိန်းချီ သေဆုံးနိုင်တယ်လို့ ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲ နီကိုလိုင်း ပက်ထရူရှက်ဗ်က သတိပေးလိုက်ပါတယ်။

    မြောက်ကိုရီးယားက တိုက်လာရင် သူ့နိုင်ငံသား ၂၅၀၀၀၀ လောက် သေမယ်ဆိုတာ အမေရိကန်ကလည်း သိရှိထားပြီး ဒီအရေအတွက်ဟာ စစ်ရေးဗျူဟာအရ လက်မခံနိုင်လောက်တဲ့ သေဆုံးမှုမျိုးဖြစ်တယ်လို့ ပက်ထရူရှက်ဗ်က ပြောပါတယ်။

    မြောက်ကိုရီးယားရဲ့ အမြောက်တွေ၊ ဒုံးကျည်ပစ်စင်တွေကို တောင်ကိုရီးယားက လူ ၁၀ သန်းလောက်နေထိုင်တဲ့ မြို့တော်ဆိုးလ်နဲ့ ကီလိုမီတာ ၅၀ အကွာလောက်မှာ ထားရှိတာဖြစ်တယ်လို့ သူက ထောက်ပြခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာရာမှာ အမေရိကန်ရဲ့ မဆင်ခြင်မှုကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။

    “ဒီကနေ့ အမေရိကန်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် ရန်လိုတဲ့စကားတွေ ပြောနေပြီး၊၊ တောင်ကိုရီးယားနဲ့အတူ ကြီးမားတဲ့ လေကြောင်း၊ ရေကြောင်း လေ့ကျင်မှုတွလည်း လုပ်နေပါတယ်”

    ပြီးခဲ့တစ်ပတ်မှာ ကုလဟာ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ် ထပ်မံပြုလုပ်ခဲ့ပြီး ကင်ဂျုံအန်ကတော့ ဒါဟာ သူ့နိုင်ငံအပေါ်မှာ စစ်ကြေငြာတာပဲလို့ ပြောကြားခဲ့ပါတယ်။

    ပက်ထရူရှက်က ဒီလိုတင်းမာမှုတွေ ပျောက်ဖို့ဆိုရင် နိုင်ငံရေး၊ သံတမန်ရေးအရသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရုရှားနဲ့ တရုတ်တို့ဟာ မြောက်ကိုရီးယား ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ ရပ်တန့်ရေး၊ အမေရိကန်က စစ်ရေးလေ့ကျင့်မှုတွေ မလုပ်ရေးတွေ ပါဝင်တဲ့ လမ်းပြမြေပုံတစ်ခုကို ဖော်ဆောင်ဖို့ ကြိုးစားနေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: RT