News @ M-Media

Tag: US

  • လူကြိုက်များမှုမှာ ထရမ့်ကို ကျော်တက်သွားပြီဖြစ်တဲ့ ကာမာလာ ဟာရစ်

    လူကြိုက်များမှုမှာ ထရမ့်ကို ကျော်တက်သွားပြီဖြစ်တဲ့ ကာမာလာ ဟာရစ်

    သြဂုတ် ၁၉၊ ၂၀၂၄
    M-Media

    -လာမယ့် နို၀င်ဘာ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် သမ္မတလောင်းနှစ်ဦးရဲ့ လူကြိုက်များမှုကို အမေရိကန် ထိပ်တန်း သတင်းစာတွေရဲ့ စစ်တမ်းကောက်ယူရာမှာ လက်ရှိ ဒုတိယသမ္မတ ကာမာလာ ဟာရစ်ဟာ သမ္မတဟောင်းထရမ့်ထက် ၃ ရာခိုင်နှုန်းလောက် အသာရနေတာကို တွေ့ရပါတယ်။

    ကာမာလာဟာ သမ္မတဂျိုးဘိုင်ဒန် နှုတ်ထွက်သွားပြီးနောက်ပိုင်း ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့ စစ်တမ်းနှစ်ခုအရ ကာမာလာဟာ မဲပေးဖို့ စာရင်းသွင်းထားသူတွေနဲ့ စာရင်းမသွင်းထားပေမယ့် မဲပေးဖို့ များသူတွေ အကြားမှာပါ လူကြိုက်များမှု မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

    ကာမာလာဟာ သြဂုတ်လ ၁၉ ရက်နေ့ ချီကာဂိုမှာ ကျင်းပပြုလုပ်မယ့် ဒီမိုကရက်တစ်ပါတီ ညီလာခံမှာ ပါတီရဲ့ သမ္မတလောင်းအဖြစ် တရား၀င် ခန့်အပ်ခံရမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ကာမာလာ ဒေ၀ီ ဟာရစ် (သို့) အမေရိကန်၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ရေး လမ်းကြောင်းပေါ် ရောက်လာသူ

    ကာမာလာ ဒေ၀ီ ဟာရစ် (သို့) အမေရိကန်၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ရေး လမ်းကြောင်းပေါ် ရောက်လာသူ

    ဇူလိုင် ၂၃၊ ၂၀၂၄
    M-Media

    -အမေရိကန် ဒုတိယသမ္မတ ကာမာလာ ဟာရစ်ဟာ လာမယ့်နို၀င်ဘာ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဥ်ပြိုင်နိုင်ရေး ဒီမိုကရက်တစ် ပါတီကိုယ်စားလှယ်တွေထဲကနေ လိုအပ်တဲ့ ထောက်ခံမှုအရေအတွက်ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

    ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်က လာမယ့်ရွေးကောက်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရုတ်တရက် ကြေငြာခဲ့ပြီး ကာမာလာကို သူ့နေရာဆက်ခံမယ့်သူအဖြစ် သတ်မှတ်ပေးသွားတာပါ။

    ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ မဲပေးရွေးချယ်မှုမှာ ကာမာလာဟာ ပါတီကိုယ်စားလှယ် အနည်းဆုံး ၁၉၇၆ ဦးရဲ့ ထောက်ခံမှု လိုအပ်နေတာ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် နှုတ်ထွက်ပြီးနောက်ပိုင်း ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေထဲက ကာမာလာကို ထောက်ခံကြောင်း ပြောကြားထားသူက လိုအပ်တဲ့ အရေအတွက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

    လာမယ့်လ ချီကာဂိုမှာလုပ်မယ့် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပါတီကိုယ်စားပြု သမ္မတလောင်းကို မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကာမာလာကို ယှဥ်ပြိုင်မယ့်သူ ပါတီတွင်းမှာ လူသိရှင်ကြား ပေါ်လာတာမျိုး မရှိသေးပါဘူး။

    အိန္ဒိယ-ဂျမေကာ ကပြား
    ကာမာလာကို ၁၉၆၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်မြို့မှာ မွေးပါတယ်။ နာမည်အပြည့်အစုံက ကာမာလာ ဒေ၀ီ ဟာရစ် ဖြစ်ပါတယ်။

    ဖခင် ဒေါ်နယ်ဟာ စီးပွားရေးကျောင်းတက်ဖို့ ဂျမေကာကနေ အမေရိကန်ကို ရောက်လာသူဖြစ်ပြီး၊ မိခင် ရှာမာလာ ဂိုပါလန်က အိန္ဒိယတောင်ပိုင်းကနေ အမေရိကန်ကို ရွှေ့ပြောင်း အခြေချလာသူ ဖြစ်ပါတယ်။

    ဖခင်ဟာရစ်ဟာ စတန်းဖို့ဒ်ကတက္ကသိုလ်မှာ လက်ရှိ စီးပွားရေး ပါမောက္ခအဖြစ် တာ၀န်ထမ်းဆောင်နေပြီး၊ မိခင်က ကင်ဆာ သုတေသနပညာရှင်ဖြစ်ကာ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

    ကာမာလာဟာ နိုင်ငံရေးသိပ္ပံနဲ့ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး၊ နောက်ပိုင်းမှာ ကယ်လီဖိုးနီးယား ဥပဒေတက္ကသိုလ်ကို တက်ခဲ့ပါတယ်။ ဥပဒေဘွဲ့ရပြီး နှစ်ပေါင်း ၃၀ ကြာ ရှေ့နေလုပ်ခဲ့တဲ့ ကာမာလာဟာ ၂၀၀၄ ခုနှစ်မှာ ဆန်ဖရန်စစ္စကို ခရိုင်ရှေ့နေချုပ်ဖြစ်လာပါတယ်။

    ၂၀၁၁ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်အဖြစ် အရွေးခံရပြီး ဒီရာထူးကိုရတဲ့ ပထမဆုံး လူမည်း၊ ပထမဆုံးအမျိုးသမီး၊ ပထမဆုံး အာရှ-အမေရိကန်အဖြစ် မှတ်တမ်း၀င်ပါတယ်။

    နောက်ပိုင်းမှာ နိုင်ငံရေးလောကထဲ ၀င်ရောက်လာတဲ့ ကာမာလာဟာ ၂၀၁၆ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။

    ၂၀၂၀ ခု သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုတဲ့ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ဒန်ဟာ အံ့အားသင့်စွာပဲ ကာမာလာကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့မှာတော့ ကာမာလာဟာ ဒုတိယသမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီး အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး၊ ပထမဆုံး လူမည်း၊ ပထမဆုံး တောင်အာရှနွယ်ဖွား ဒုတိယ သမ္မတအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    Ref: CNN, BBC

  • သေနတ်ဖြင့် အပစ်ခံရပြီးနောက် လေသံပြောင်းသွားသည့် ထရမ့်

    သေနတ်ဖြင့် အပစ်ခံရပြီးနောက် လေသံပြောင်းသွားသည့် ထရမ့်

    ဇူလိုင် ၁၉၊ ၂၀၂၄
    M-Media


    -လာမယ့်နို၀င်ဘာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်တွေအားလုံး စည်းလုံးကြဖို့ တိုက်တွန်း ဆော်သြခဲ့ပါတယ်။

    ရီပက်ဘလစ်ကန်ပါတီက ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်မှုကို တရား၀င်လက်ခံတဲ့ ဇူလိုင်လ ၁၈ ရက်နေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။ သူဟာ အမေရိကန်နိုင်ငံသားအားလုံးရဲ့ သမ္မတအဖြစ် တာ၀န်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

    ထရမ့်ဟာ အမေရိကန်နိုင်ငံရေးနဲ့ ပြည်သူလူထုကို သွေးကွဲစေသူအဖြစ် ထင်ရှားပါတယ်။ ဒါပေမယ့် အသက်ဘေးက လွတ်မြောက်လာပြီး ၆ ရက်အကြာ လူမြင်ကွင်းပြန်ထွက်လာချိန်မှာတော့ ညီညွတ်ရေးကို အဓိကထား ပြောကြားသွားခဲ့ပါတယ်။

    ၀စ်ကွန်ဆင်မြို့က ၁ နာရီခွဲကျော် ကြာခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းဟာ ခေတ်သစ် အမေရိကန်သမိုင်းရဲ့ သမ္မတလောင်းအဖြစ် လက်ခံမှုမိန့်ခွန်းမှာ အရှည်ကြာဆုံးအဖြစ် မှတ်တမ်း၀င်ပါတယ်။
    နိုင်ငံရေးအတိုက်အခံတွေအပေါ် ပုံဖျက်ပြောဆိုမှုကို လက်မခံဘူးလို့ ထရမ့်က ပြောပါတယ်။

    “ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်လိုအသားအရောင်၊ ဘယ်လိုမျိုးနွယ်မျိုးဖြစ်ဖြစ် နိုင်ငံသားအားလုံး လွတ်လပ်လုံခြုံပြီး သာယာ၀ပြောတဲ့ ခေတ်သစ်တစ်ခု ထူထောင်ဖို့အတွက် ကျွန်တော်တို့ အတူအကွ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းက သွေးကွဲမှုတွေ၊ အမြင်စောင်းမှုတွေကို မြန်မြန်ဆန်ဆန် ကုစားသွားရမယ်။ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသူတွေဖြစ်တယ်။ အားလုံးညီမှ အောင်မြင်မှာဖြစ်ပြီး၊ ဒီလိုမှမဟုတ်ရင် ကျဆုံးသွားမှာ ဖြစ်ပါတယ်”


    Ref: Aljazeera

  • ထရမ့်ကို လုပ်ကြံသူမှာ ကျောင်းတွင် အပေါင်းအသင်းမဆံ့ဘဲ အမြဲအနိုင်ကျင့်ခံရသူ ဖြစ်နေ

    ထရမ့်ကို လုပ်ကြံသူမှာ ကျောင်းတွင် အပေါင်းအသင်းမဆံ့ဘဲ အမြဲအနိုင်ကျင့်ခံရသူ ဖြစ်နေ

    ဇူလိုင် ၁၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – သေနတ်ပစ်ခံခဲ့ပြီးနောက် ထရမ့်ကို ထောက်လှမ်းရေးများက ကာကွယ်ပေးထားစဥ်)

    -စနေနေ့က ဖြစ်ပွားခဲ့တဲ့ ထရမ့်အား ပစ်ခတ်လုပ်ကြံမှုကို ပြည်တွင်းအကြမ်းဖက်မှုအဖြစ် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က စုံစမ်းစစ်ဆေးနေပါတယ်။

    ကျူးလွန်သူဟာ အသက် ၂၀ အရွယ် သောမတ်စ် မက်သယူး ကရွတ်ဖြစ်ပြီး သူတစ်ယောက်တည်းကျူးလွန်တာလို့ FBI က ပြောပါတယ်။ ကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။

    သောမတ်စ်ဟာ အထက်တန်းကျောင်းမှာ သူငယ်ချင်းအပေါင်းအသင်းမရှိဘဲ အမြဲတမ်း အနိုင်ကျင့်ခံနေရသူ ဖြစ်တယ်လို့ ကျောင်းသားဟောင်းတွေက ပြောပါတယ်။

    ရဲတပ်ဖွဲ့ဟာ ထရမ့်ကို လုပ်ကြံရာမှာ အသုံးပြုတဲ့ AR-style ရိုင်ဖယ်ကို သိမ်းဆည်းရမိထားပြီး၊ သောမတ်စ်ရဲ့ အိမ်နဲ့ ကားမှာလည်း သံသယဖြစ်ဖွယ်ပစ္စည်းတွေ တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီပစ်ခတ်မှုမှာ ထရမ့်ဟာ ညာဘက်နားရွက် အပေါ်ယံကိုသာ ရှပ်ထိခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

    Ref: CNN


  • ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခံရ

    ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခံရ

    ဇူလိုင် ၁၄၊ ၂၀၂၄
    M-Media

    -ဇူလိုင်လ ၁၃ ရက်နေ့ ပင်ဆဲလ်ဗားနီးယားပြည်နယ် ဘက်တလာမြို့မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲအတွင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

    ပစ်ခတ်မှုမှာ ထရမ့်ဟာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ထရမ့်ဟာ အခုနှစ် နို၀င်ဘာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘိုင်ဒန်ကို အဓိက ယှဥ်ပြိုင်မယ့်သူလည်း ဖြစ်ပါတယ်။

    သေနတ်သမားကို လုံခြုံရေးတွေက အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး၊ ဒီအဖြစ်အပျက်အတွင်း မဲဆွယ်ပွဲလာသူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

    သေနတ်သမားဟာ စနိုက်ပါဖြစ်ပြီး မဲဆွယ်ပွဲကျင်းပရာနေရာဘေးက အဆောက်အဦးခေါင်းမိုးပေါ်မှာ ရှိနေခဲ့တာလို့ လုံခြုံရေးအဖွဲ့တွေရဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ကန်ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ပစ်ခတ်မှုကို လုပ်ကြံရန်ကြံစည်မှု ခေါင်းစဥ်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒီလိုအကြမ်းဖက်မှုအတွက် အမေရိကန်မှာ နေရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “စက်ဆုပ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့တိုင်းပြည် ညီကိုညီညွတ်ရမယ်ဆိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုး ဆက်ဖြစ်မှာကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး”

    ထရမ့်ပစ်ခတ်ခံရမှုအတွက် အခြားအမေရိကန်ခေါင်းဆောင်တွေ၊ ကမ္ဘာတစ်၀ှမ်းက ခေါင်းဆောင်တွေလည်း ရှုတ်ချပြောဆိုခဲ့ကြပါတယ်။

    Ref: CNN