News @ M-Media

Blog

  • ရုရှားရန်ကြောင့် နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများ ထားရှိပေးရန် နေတိုးအဖွဲ့သို့ ပိုလန်တောင်းဆို

    ရုရှားရန်ကြောင့် နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများ ထားရှိပေးရန် နေတိုးအဖွဲ့သို့ ပိုလန်တောင်းဆို

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    – မိမိတို့နိုင်ငံအတွင်းနှင့် အခြားသော ဥရောပနိုင်ငံများတွင် နေတိုးတပ်ဖွဲ့များ ပိုမိုချထားရန်နှင့် အမြဲတမ်းစစ်အခြေစိုက်စခန်းများ ဖန်တီးပေးရန် ပိုလန်သမ္မတ အန်ဒါဇက်ဂ်ျက တောင်းဆိုလိုက်ပြီး ပိုလန်မှာ ကြားနေနိုင်ငံမဖြစ်ချင်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်မေလက ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရသည့် အန်ဒါဇက်ဂ်ျမှာ ဂျော်ဂျီယာနှင့် ယူကရိန်းတို့တွင် ရုရှား၏ မကြာသေးမီက နယ်ချဲ့မှုလုပ်ရပ်များအား ထိထိရောက်ရောက် မထိန်းနိုင်ခဲ့ခြင်းနှင့် ပိုလန်နိုင်ငံအား ကြားနေနိုင်ငံအဖြစ် ဆက်ဆံမှုအတွက် နေတိုးအဖွဲ့အား ဝေဖန်ခဲ့သည်။

    “ကျွန်တော်တို့ ကြားနေနိုင်ငံအဖြစ် မနေချင်ပါဘူး။ မဟာမိတ်နိုင်ငံတွေရဲ့ တကယ့် အရှေ့ဘက်တောင်ပံနိုင်ငံမျိုး ဖြစ်ချင်ပါတယ်။ ဒီနေ့ အခြေစိုက်စခန်းတွေရဲ့ ပြန့်နှံ့မှုကို ကြည့်ရင် နယ်စပ်စည်းက ဂျာမနီ ဖြစ်နေပါတယ်” ဟု The Finacial Times နှင့် အင်တာဗျူးတွင် အန်ဒါဇက်ဂ်ျက ပြောကြားခဲ့သည်။

    ထို့ပြင် နေထိုးအဖွဲ့အနေဖြင့် စစ်အင်အား တောင့်တင်းအောင် ဆောင်ရွက်ရန်နှင့် ဥရောပအလယ်ပိုင်းတွင် စစ်အင်အား ပိုမိုချထားရန် အထူးသဖြင့် ပိုလန်နိုင်ငံတွင် အမြဲတမ်းအခြေစိုက်စခန်းများ တိုးမြှင့်ချထားရန်လည်း တိုက်တွန်းခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ပိုလန်အား အမွှေးအတောင်စုံသည့် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းလက္ခဏာ ဖြစ်လိမ့်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို လာမည့်နှစ်တွင် ၀ါဆော၌ ကျင်းပပြုလုပ်ရန်ရှိနေပြီး အန်ဒါဇက်ဂ်ျကမူ ဥရောပအလယ်ပိုင်း၌ အမြဲတမ်းစစ်အခြေစိုက်စခန်းများ ချထားခြင်းမှာ ထိုအစည်းအဝေး၏ အဓိကကိစ္စ ဖြစ်လိမ့်မည်ဟုလည်း ဆိုသည်။

    ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှားက သိမ်းပိုက်မှုနှင့် ယူကရိန်းအရှေ့ပိုင်း မတည်ငြိမ်မှုများနှင့်ပတ်သက်၍ ဥရောပရှိ နိုင်ငံငယ်များမှာ ရုရှား၏ အန္တရာယ်ကို စိုးရိမ်နေကြသည်။

    ယူကရိန်းအား ရုရှားက ကျူးကျော်သည်ဟု အနောက်နိုင်ငံများက စွပ်စွဲမှုတွင် ပါဝင်ခြင်းအတွက် ပိုလန်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ရုရှား၏ ဝေဖန်မှုကို အခံရဆုံးသော နိုင်ငံလည်းဖြစ်သည်။

    Ref: RT

  • ပက်ဒရိုမှာ အသင်းက လိုအပ်နေသည့် ကစားသမားများဖြစ်သည်ဟု ဗန်ဂါးလ်ပြော

    ပက်ဒရိုမှာ အသင်းက လိုအပ်နေသည့် ကစားသမားများဖြစ်သည်ဟု ဗန်ဂါးလ်ပြော

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    baca

    – ဘာစီလိုနာတိုက်စစ်မှူး ပက်ဒရိုမှာ မိမိတို့အသင်းတွင် လိုအပ်နေသော ကစားသမားမျိုး ဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ၀န်ခံပြောကြားလိုက်သည်။

    အသက် ၂၈ နှစ်အရွယ်ရှိ ပက်ဒရိုမှာ အပြောင်းအရွှေ့ဈေးကွက် တစ်လျှောက်လုံးတွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဆီးဗီးလားနှင့် ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင်လည်း ပွဲထွက်ကစားသမားများအဖြစ် ပါဝင်ခွင့်မရခဲ့ပေ။ သို့သော်လည်း လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို အချိန်ပိုတွင် သွင်းယူပေးနိုင်ခဲ့သည်။

    ပက်ဒရိုမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု ကောလဟာများလည်း ထွက်ပေါ်နေပြီး စူပါဖလားပွဲမတိုင်ခင် နာရီအနည်းက ပက်ဒရိုမှာ အသင်းမှထွက်ခွာရန် တောင်းဆိုထားပြီးဖြစ်သည်ဟု ဘာစီလိုနာက ကြေညာခဲ့သည်။

    ဗန်ဂါးကလည်း မန်ယူသို့ ရောက်ရှိမည်ဆိုသည့်သတင်းကို ငြင်းဆိုခဲ့ခြင်းမရှိဘဲ ပက်ဒရိုမှာ အသင်းမှ လိုအပ်နေသည့် ကစားသမားဖြစ်သည်ဟု ဆိုသည်။

    “ပက်ဒရိုကိုမေးရမှာပါ။ ကျွန်တော့်ကို မေးရမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အဖြေကတော့ ဒါဟာ အသင်းရယ်၊ ကစားသမားရယ် လုပ်ရမယ့် ဖြစ်စဉ်ပါပဲ။ ကျွန်တော်တို့လည်း အဲဒီမှာ ပါပါတယ်။ သူလက်မှတ်မထိုးမချင်း ကျွန်တော် ဘာမှ မပြောနိုင်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အသင်းရှိ ဂိုးသမား ဒီဂီယာနှင့်ပတ်သက်၍မူ ဗန်ဂါးလ်က ၎င်းမှာ အသင်း၌ မကစားချင်ဟု ဆိုသည်။

    “ဖရန့်စ် ဟွက် (ဂိုးနည်းပြက) ဒေးဗစ်ဒီဂီယာနဲ့ ဆွေးနွေးခဲ့ပြီး သူ့ကို “မင်းကစားချင်လား” လို့ မေးခဲ့ပါတယ်။ ဒီဂီယာကတော့ မကစားချင်ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ဆုံးဖြတ်ချက် ချခဲ့ရပြီး ဒါကလည်း ဖြစ်စဉ်တစ်ခုပါပဲ”

    Ref: Goal

  • IS အကြောင်းပြ၍ အမေရိကန်စစ်တပ်များ အီရတ်သို့ ပြန်ရောက်လာနိုင်

    IS အကြောင်းပြ၍ အမေရိကန်စစ်တပ်များ အီရတ်သို့ ပြန်ရောက်လာနိုင်

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    us

    – IS အဖွဲ့ကို ချေမှုန်းရန်အတွက် အမေရိကန်မှာ အီရတ်သို့ စစ်သားများစေလွှတ်ရန် စဉ်စားနေပြီး အချိန်ကျသည့်အခါ ထိုကိစ္စအား သမ္မတ ဘာရက်အိုဘားမားထံသို့ တင်သွင်းသွားမည်ဟု အငြိမ်းစား အမေရိကန် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရေး အိုဒီယာနိုက ပြောကြားလိုက်သည်။

    “(အီရတ်စစ်တပ်နဲ့) စစ်သားအချို့ကို ပေါင်းပေးဖို့ ကျွန်တော်တို့ အသေအချာကို စဉ်းစားကောင်းစဉ်းစားမှာပါ။ ပြီးတော့ ထူးခြားမှုရှိလားဆိုတာကို ကြည့်ရမှာပေါ့” ဟု ဗိုလ်ချုပ် ရေး အိုဒီယာနိုက ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် ၎င်း၏ နောက်ဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်စစ်တပ်တွင် နှစ်ပေါင်း ၄၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့တွင် အနားယူသွားခဲ့သည်။

    အီရတ်စစ်ပွဲတစ်လျှောက်လုံးနီးပါးတွင် အိုဒီယာနိုမှာ အမေရိကန်တပ်ဖွဲ့များအား ညွှန်ကြားခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အီရတ်တွင် ထိပ်တန်းတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များ အီရတ်သို့ ထပ်မံသွားရောက်ရန်မှာ တိုက်ခိုက်ရေးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ အီရတ်စစ်တပ်များအား အားပေးကူညီရန်နှင့် ၎င်းတို့နှင့်အတူ ရွေ့လျားရန်ဖြစ်သည်ဟု အိုဒီယာနိုက ထည့်သွင်းပြောကြားခဲ့သည်။

    “(အမေရိကန်စစ်သားတွေ အီရတ်ကိုလွှတ်တာဟာ) ရွေးချယ်မှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အချိန်ကျရင် (သမ္မတအိုဘားမားဆီကို) ကျွန်တော်တို့ တင်သွင်းသွားမှာပါ”

    အမေရိကန်မှာ ဆက်ဒမ်ဟူစိန်အစိုးရတွင် ဖျက်အားပြင်းလက်နက်များရှိသည်ဟု အကြောင်းပြကာ အီရတ်နိုင်ငံသို့ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး၊ မည်သည့်ဖျက်အားပြင်းလက်နက်မှလည်း တွေ့ရှိခဲ့ခြင်း မရှိချေ။ ထို့နောက်ပိုင်းတွင် အီရတ်နိုင်ငံမှာ တည်ငြိမ်မှုပျက်ပြားခဲ့ပြီး အကြမ်းဖက် IS အဖွဲ့လည်း ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် IS အဖွဲ့မှာ နိုင်ငံ၏ ၃ ပုံ ၁ ပုံကို သိမ်းပိုက်ထားသည်။

    Ref: RT

  • အသင်းဆရာဝန်ကို ဆဲရေးခဲ့သည့် မော်ရင်ဟို ဝေဖန်ခံနေရ

    အသင်းဆရာဝန်ကို ဆဲရေးခဲ့သည့် မော်ရင်ဟို ဝေဖန်ခံနေရ

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    chel

    – ချယ်ဆီးအသင်း၏ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်၌ အသင်းဆရာဝန်နှင့် အချေအအတင်ဖြစ်ရာတွင် မော်ရင်ဟိုက ဆဲရေးတိုင်းထွာသည့် ဗီဒီယိုမှတ်တမ်းကို Sky Sport ရုပ်သံက ထုတ်ပြန်ခဲ့ပြီးနောက် မော်ရင်ဟိုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

    ဆွမ်းဆီးအသင်းနှင့် ၂ ဂိုးစီသရေကျခဲ့သည့် အဆိုပါပွဲတွင် ပွဲပြီးကာနီး ၁၀ ယောက်ဖြင့် ကစားနေရချိန် ကွင်းလယ်လူ ဟာဇာ့ဒ် လဲကျသွားခဲ့သည့်အခါ အသင်းဆရာဝန် အီဗာ ကာရိုနီနှင့် ဆေးအဖွဲ့မှာ ကွင်းအတွင်းသို့ ပြေးဝင်သွားခဲ့ပြီး ဟာဇာ့ဒ်အား ကွင်းပြင်သို့ခေါ်ထုတ်ကာ ဆေးကုသမှု ပြုလုပ်ပေးခဲ့သည်။

    ကွင်အတွင်း ၉ ယောက်ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည့် မော်ရင်ဟိုက ဟာဇာ့ဒ်မှာ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ မောပန်း၍သာဖြစ်သည်ဟုဆိုကာ ကာရိုနီ၏ လုပ်ရပ်အတွက် မကျေမချမ်းဖြစ်၍ အချေအတင် စကားများခဲ့သည်။

    ထိုသို့စကားများရာတွင် မော်ရင်ဟိုမှာ ကာရိုနီအား ပေါ်တူဂီဘာသာစကားဖြင့် filho da puta (son of a b***h) ဟု ဆဲရေးတိုင်းထွာခဲ့ပြီး ထိုအဖြစ်အပျက်ကို ဖမ်းယူရိုက်ကူးထားသည့် ဗီဒီယိုကို Sky Sports က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ကာရိုနီအပြင်၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်သူ ဂျွန် ဖီအန်ကိုလည်း မော်ရင်ဟိုက အော်ငေါက်ခဲ့ကြောင်း ထိုဗီဒီယိုတွင် တွေ့ခဲ့ရသည်။ ထိုပြင် မော်ရင်ဟိုမှာ အခြားသော ရိုင်းပြသည့်စကားများဖြင့်လည်း ဆေးအဖွဲ့အား ဟစ်အော်ပြောဆိုခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် အသင်းဆရာဝန် ကာရိုနီအား အသင်း၏ ပွဲများတွင် ပါဝင်ခြင်းမပြုရန် မော်ရင်ဟိုက အမိန့်ထုတ်ခဲ့သည်။ ချယ်ဆီးပရိတ်သတ်များကမူ ကာရိုနီအား ဆိုရှယ်မီဒီယာမှတစ်ဆင့် အားပေးနှစ်သိမ့်မှုများ ပြုလုပ်ခဲ့ပြီး မော်ရင်ဟို၏ ထိုလုပ်ရပ်အတွက်လည်း ဝေဖန်ပြောဆိုခဲ့ကြသည်။

    မော်ရင်ဟိုမှာ တီဗွီနှင့် ရေဒီယိုများတွင်လည်း ကာရိုနီအား ဝေဖန်မှုများပြုလုပ်ခဲ့ပြီး၊ ၎င်းမှာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသော်လည်း ပွဲတစ်ပွဲ၏ အခြေခံအချက်ကို နားမလည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အသင်းအတွင်း ထိုကဲ့သို့ မပြေလည်မှုများအတွက် ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျကလည်း စိတ်ကသိကအောက် ဖြစ်နေသည်။

    အင်္ဂလိပ် အားကစားသတင်းစာ Sportsmail ကမူ မော်ရင်ဟိုမှာ ယခုတစ်လောတွင် ကစားသမားများနှင့် အသင်းရှိဝန်ထမ်းများအား ပစ်မှတ်ထား၍ ပြစ်တင်မှုများ ပြုလုပ်နေပြီး ထိုကိစ္စအတွက် ကစားသမားများကလည်း အနည်းငယ် မကျေမနပ်ဖြစ်နေသည်ဟု ဖော်ပြခဲ့သည်။

    Ref: Dialymail

  • သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘာသာရေးတာဝန်အဖြစ် အစ္စလာမ့်ဓမ္မပညာရှင်များ ကြေညာ

    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘာသာရေးတာဝန်အဖြစ် အစ္စလာမ့်ဓမ္မပညာရှင်များ ကြေညာ

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    mus

    – ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရန်အတွက် ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ခြင်းကို ဘာသာရေးတာဝန်တစ်ရပ်အဖြစ် အစ္စလာမ့်ဓမ္မပညာရှင်များက ကြေညာခဲ့ပြီး လက်တွေ့ဆောင်ရွက်ရန်လည်း စီစဉ်နေသည်ဟု သိရသည်။

    “ ‘လူသားဆိုတာ ကမ္ဘာပေါ်က ရှိသမျှအရာအားလုံးအတွက် ယုံကြည်အပ်နှံထားခြင်းခံရတဲ့ ထိန်းသိမ်းစောင့်ရှောက်သူဖြစ်တယ်’ လို့ အစ္စလာမ်က ကျွန်တော်တို့ကို သွန်သင်ပါတယ်။ ဒါ့ကြောင့် ဒီအရာတွေကို ကာကွယ်ဖို့၊ ကျွန်တော်တို့ရရှိခဲ့တဲ့ ကမ္ဘာကြီးထက် ပိုကောင်းတဲ့ကမ္ဘာကို အနာဂတ် မျိုးဆက်တွေအတွက် ချန်ထားဖို့ လူသားတွေဟာ တတ်နိုင်သမျှအားလုံးကို အသေအချာ လုပ်ဆောင်ရပါမယ်” ဟု ယူဂန်ဒါနိုင်ငံ၏ မွဖ်သီကြီးဖြစ်သော ရှိခ် ရှာဘန် ရမ်ဒါန်က ရာသီဥတုရေးရာကွန်ယက် CAN မှ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

    အဆိုပါကြေညာချက်ကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မဒ်ရာဆာများနှင့် ဗလီဝတ်ကျောင်းတော်များအနေဖြင့် ရာသီဥတုပြောင်းလဲမှုအား တွန်းလှန်ရာတွင် အစ္စလာမ်မှ ပါဝင်နိုင်သည့် အခန်းကဏ္ဍကို အာရုံစိုက်ရန်လည်း ထည့်သွင်းတိုက်တွန်းထားသည်။

    ချမ်းသာသောနိုင်ငံများအနေဖြင့် ကာဘွန်ထုတ်လွှတ်မှုကို သိသိသာသာလျော့ချရန်လည်း ထိုကြေညာချက်တွင် တိုက်တွန်းခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ မုန်တိုင်းများ မကြာခဏ ဖြစ်ပေါ်လာခြင်းနှင့် အချိန်ကြာမြင့်စွာ မိုးခေါင်ခြင်းတို့ အပါအ၀င် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားနေရသည့် ချို့တဲ့သော ပြည်သူများအား ကူညီထောက်ပံ့ရန်လည်း ဆော်သြခဲ့သည်။

    လာမည့်သီတင်းပတ်အတွင်း တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်၌ အစ္စလာမ်မစ်နိုင်ငံများမှ တာဝန်ရှိသူများနှင့် အဖွဲ့များ ပူးပေါင်း၍ ထိပ်သီးဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ရန်ရှိနေပြီး ထိုဆွေးနွေးပွဲတွင် Islamic Relief Worldwide အဖွဲ့၊ Islamic Foundation for Ecology and Environmental Sciences အဖွဲ့နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်ရန် ဘာသာပေါင်းစုံ
    ပူးပေါင်းဖွဲ့စည်းထားသည့် Greenfaith အဖွဲ့တို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။

    အဆိုပါကြေညာချက်ကို အစ္စတန်ဘူလ်၌ ၂ ရက်ကြာပြုလုပ်ခဲ့သည့် အစည်းအဝေးပြီးနောက် အင်္ဂါနေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရေးအဖွဲ့ ၃ ခုက ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု CAN က ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင် ၁.၆ ဘီလီယံကို ကိုယ်စားပြုသော ဘာသာရေးခေါင်းဆောင်များ၏ ကြေညာချက်မှာ လူသားများပြုလုပ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ ညစ်ညမ်းမှုကို လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို တားဆီးရေးက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မလုပ်မဖြစ် လုပ်ဆောင်ရမည့် ကိစ္စများအဖြစ် စောစောပိုင်းက တိုက်တွန်းခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    ၁.၂ ဘီလီယံရှိသော ခရစ်ယာန်ကက်သလစ်ဘာသာဝင်များ၏ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အသင်းတော်အတွင်းရှိ ဘုန်းတော်ကြီးများကို ပြီးခဲ့သည့်ဇွန်လက ဖြန့်ဝေခဲ့သော ၁၈၁ မျက်နှာပါသည့် ကြေညာချက်တွင် ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုကို သိသိသာသာလျော့ချရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    အင်္ဂလိကန်အသင်းတော်ကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၁၉ သန်းခန့်အား ပြန်လည်ထုတ်ယူခဲ့ပြီး ပင်စင်ရန်ပုံငွေများ တိုးမြှင့်ခြင်း၊ ဘုရားကျောင်းများ၊ တက္ကသိုလ်များ၊ ပရဟိတအဖွဲ့များနှင့် ရုပ်ကြွင်းလောင်စာ လုပ်ငန်းများမှ ငွေကြေးများပြန်လည်ထုတ်ယူသော ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် ငွေပဒေသာပင်များ
    စိုက်ထူပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

    Ref: Onislam