News @ M-Media

Blog

  • မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအား ကူညီရန် စင်ကာပူကြက်ခြေနီအဖွဲ့ အလှူငွေကောက်ခံမှု စတင်

    မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအား ကူညီရန် စင်ကာပူကြက်ခြေနီအဖွဲ့ အလှူငွေကောက်ခံမှု စတင်

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    myan

    – မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား ကူညီရေး ရန်ပုံငွေရရှိရန်အတွက် စင်ကာပူကြက်ခြေနီအဖွဲ့ SRC မှာ ပြည်သူများထံမှ တစ်လကြာ အလှူငွေကောက်ခံမှုကို ယနေ့တွင် စတင်ခဲ့သည်ဟု သိရသည်။

    ထိုရေဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုကို မြန်မာအစိုးရက ဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့ပြီး၊ သေဆုံးသူ ၁၀၀ ကျော်နှင့် ရေဘးသင့်ပြည်သူ ၁ သန်းနီးပါးရှိသည်ဟု နိုင်ငံပိုင် မီဒီယာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

    SRC ကို အဆိုပါအလှူငွေကောက်ခံရေး စတင်မှုအဖြစ် စင်ကာပူအစိုးရက ကန်ဒေါ်လာ ၁ သိန်း လှူဒါန်းရန် ကတိပြုခဲ့သည်။

    SRC မှာ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ကန်ဒေါ်လာ ၁ သိန်းကို ပြီးခဲ့သည့်တစ်ပတ်က ပေးပို့လှူဒါန်းခဲ့ပြီး အဆင့်မြင့်အဖွဲ့တစ်ဖွဲ့မှာလည်း ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီးမြို့နယ်များကဲ့သို့ ရေလွှမ်းမိုးသည့် ဒေသများသို့ ၃ ရက်ကြာ သွားရောက်ခဲ့ကြသည်။

    အဆိုပါအဖွဲ့မှာ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး ရေလွှမ်းမိုးသည့် ဒေသများတွင် သောင်းတင်နေသည့် ပြည်သူများကို လှေများဖြင့် ကယ်ဆယ်ခဲ့သည်။

    ထို့ပြင် သဲအိတ်များ၊ ဆန်များ၊ စားသုံးဆီနှင့် ရေသန့်များအပါအ၀င် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ရေဘေးသင့်ပြည်သူများအတွက် ဝေငှခဲ့ကြသည်။ တိုက်ကြီးမြို့ရှိ ယာယီ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ ၂၀၀ ခန့်သာ ဆန့်သော်လည်း လူ ၆၀၀ ခန့် ခိုလှုံနေကြရသည်။

    အဆိုပါ စခန်းများရှိ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ရေနှင့် အစားသောက်များ ပြတ်လပ်နေသည်ကိုလည်း ထိုအဖွဲ့က တွေ့ခဲ့ရသည်။

    “ရေးဘေးသင့်ပြည်သူတွေရဲ့ အရေအတွက်အတိအကျကို ချက်ချင်းလက်ငင်း သေသေချာချာသိရဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ရေဘေးသင့်ပြည်သူတွေဟာ ရေလွှမ်းမိုးမှုကြောင့် သွားရလာရ ခက်ခဲတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ အချိန်တွေမှာပါ။ ရေလွှမ်းမိုးမှုအခြေအနေ ဆိုးရွားလာတာကနေ ကျွန်တော်တို့ မျှော်လင့်ရတာကတော့ ရေဘေးသင့်ပြည်သူတွေ တစ်မဟုတ်ချင်း တိုးလာမယ်ဆိုတာပါပဲ” ဟု SRC ၏ စီအီးအိုနှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဘင်ဂျမင် ၀ီလီယံက ပြောကြားခဲ့သည်။

    SRC မှာ မြန်မာပြည်ရှိ ရေဘေးသင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်လာမည့် ဆေးဝါးလိုအပ်ချက်အား ကူညီထောက်ပံ့ပေးရန်လည်း စီစဉ်ထားသည်။

    “ရေကနေတစ်ဆင့် ဖြစ်လာတတ်တဲ့ ရောဂါတွေနဲ့ ၀မ်းလျှောမှု၊ အဖျားတို့လို ကျန်းမာရေးအခြေအနေမျိုးတွေ မြင့်တက်လာမယ်လို့ မျှော်လင့်ရတာကြောင့် ရေကြီးမှုမှ ရွာတွေ ရေလွှမ်းတာနဲ့အတူ ဆေးဘက်ဆိုင်ရာမှာ အာရုံစိုက်ဖို့ လိုအပ်ချက်ကို ကျွန်တော်တို့ ကြိုမြင်နေပါတယ်” ဟု ၀ီလီယံက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ကစားပုံထက် အနိုင်ရမှုကသာ အခရာဟု လီဗာပူးလ်ကွင်းလယ်လူပြော

    ကစားပုံထက် အနိုင်ရမှုကသာ အခရာဟု လီဗာပူးလ်ကွင်းလယ်လူပြော

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    liver

    – မိမိတို့အသင်း အနိုင်ရရှိရန်သာ လိုအပ်ပြီး ကစားပုံမကောင်းမှုကို ဂရုမစိုက်ဟု လီဗာပူးလ်အသင်း၏ ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် စတုတ်စီးတီးနှင့် တနင်္ဂနွေနေ့က ကစားခဲ့သောပွဲတွင် လီဗာပူးလ်အသင်းမှာ ကော်တင်ဟို၏ ၈၆ မိနစ်ဂိုးဖြင့် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း ကစားပုံမှာ သွက်လက်ခြင်း မရှိခဲ့ပေ။

    ယခုနှစ်မှ ပြောင်းရွှေ့လာခဲ့သော မီလ်နာကမူ ကစားပုံမကောင်းခဲ့သော်လည်း စတုတ်စီးတီးအသင်း၏ ဘရစ်တာနီယာကွင်းမှ ၃ မှတ်ယူခဲ့ခြင်းကသာ အခရာကျသည်ဟု ပြောကြားခဲ့သည်။

    “အမြဲတမ်း ရလဒ်ကိုပဲ ကြည့်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ ရာသီရဲ့ ပွဲတိုင်းကို ဆိုးဆိုးဝါးဝါးကစားမယ်၊ ပြီးတော့ တစ်ပွဲချင်းစီကို နိုင်ခဲ့မယ်ဆိုရင် လူတိုင်းက ဒီအတွက် ပျော်ရွှင်ကြမှာပါပဲ။ ကျွန်တော်တို့ ဘောလုံးကို ကိုင်ထားနိုင်တာပဲဖြစ်ဖြစ်၊ တိုက်ပွဲတစ်ပွဲလို ပွဲမျိုးပဲဖြစ်ဖြစ် ဒီလို အနိုင်ရဖို့သာ အခရာပါ။ ပြီးတော့ ဒါကိုပဲ ကျွန်တော်တို့ လုပ်ရမှာပါ” ဟု မီလ်နာက ပြောကြားခဲ့သည်။

    ထို့ပြင် အခြေအနေကို သုံးသပ်ရန် လိုအပ်ပြီး မတူညီသောအသင်းများ၊ မတူညီသော ဖွဲ့စည်းပုံများအတွက် ပြောင်းလဲကစားနိုင်ရမည်ဖြစ်ကြောင်း ထိပ်တန်းအသင်းဆိုသည်မှာ မိမိတို့၏ စိတ်ကြိုက် မဖြစ်သည့်အခါ လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ပြီး ပွဲများအား နိုင်အောင်ကစားနိုင်ရမည် ဖြစ်ကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    အဖွင့်ပွဲစဉ်တွင် အနိုင်ဂိုးသွင်းပေးခဲ့သည့် ကော်တင်ဟိုကိုလည်း မီလ်နာက ချီးကျူးခဲ့သည်။

    “သူက တစ်ချိန်လုံး တိုးတက်နေတဲ့သူလို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့နှစ်မှာ ဒီလို စွမ်းဆောင်တာမျိုး အကြိမ်အနည်းငယ် တွေ့ဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော် ကွင်းထဲမှာ၊ သူ့အသင်းမှာ ရှိနေတဲ့အချိန် သူဒီလိုလုပ်တာ သိပ်ကောင်းပါတယ်။ သူဟာ အရည်အချင်းရှိပြီး တစ်သင်းလုံးမှာ အရည်အချင်းရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်”

    Ref: Goal

  • အာကာသတွင် စိုက်ပျိုးသည့် အရွက်ကို အာကာသယာဉ်မှူးများ ပထမဆုံး စားသုံး

    အာကာသတွင် စိုက်ပျိုးသည့် အရွက်ကို အာကာသယာဉ်မှူးများ ပထမဆုံး စားသုံး

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    space 2

    – နိုင်ငံတကာ အာကာသစခန်း ISS မှ အာကာသယဉ်မှူးများမှာ ၎င်းတို့ ကိုယ်တိုင်စိုက်ပျိုးသည့် လတ်လတ်ဆတ်ဆတ် အရွက်များကို ပထမဆုံး စားသုံးနိုင်ခဲ့သည်ဟု သိရသည်။

    “အာကာသအရွက်” ဟု အမည်ပေးထားသည့် ဆလပ်ရွက်နီကို ISS ရှိ အာကာသယာဉ်မှူးများကိုယ်တိုင် ကမ္ဘာဆွဲငင်အား လုံးဝမရှိသည့် အာကာသတွင် အထူးပြုလုပ်ထားသော LED မီးလုံးများအောက်၌ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

    စိုက်ပျိုးနေသည့်အချိန် တစ်လျှောက်လုံးတွင် အမေရိကန် အာကာသယဉ်မှူး စကော့ ကီလီက ဂရုတစ်စိုက် စောင့်ကြည့်ခဲ့ပြီး ရရှိသည့်အရွက်များကို အမေရိကန် အာကာသယာဉ်မှူး ကေဂျဲလ် လင်ဒ်ဂရန်းက ညှပ်ဖြင့် ဆွတ်ခူးခဲ့ကာ ယမန်နေ့က ပထမဆုံး စားသောက်ခဲ့ကြသည်။

    ဆွဲအား လုံးဝမရှိသည့် အာကာသတွင် အပင်များအား ရေလောင်း၍ မရသောကြောင့် ဆလပ်ရွက်နီစေ့များကို မြေသြဇာနှင့် ရေဓာတ်ပေးစွမ်းနိုင်သော မြေဆီဖြင့် အထူးပြုလုပ်ထားသော အထုတ်များတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဆလပ်ရွက်နီများကို ပြီးခဲ့သည့်နှစ်ကတည်းက အာကာသတွင် စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က စားသောက်ခြင်းမပြုခဲ့ဘဲ စမ်းသပ်မှုများ ပြုလုပ်ရန် ကမ္ဘာမြေသို့ ပြန်လည်သယ်ဆောင်ခဲ့သည်။

    “ဒါက ခရမ်းချဉ်သီး၊ ဘလူးဘဲရီနဲ့ ဆလပ်နီတွေလို လတ်ဆတ်တဲ့ အစားအသောက်တွေဟာ ဓာတ်တိုးပစ္စည်းဆန့်ကျင်တဲ့ ရင်းမြစ်ကောင်းတစ်ခုဖြစ်တယ်ဆိုတဲ့ အယူအဆကို ခိုင်မာစေတဲ့ အထောက်အထားပါပဲ။ ဒီလို လတ်ဆက်တဲ့ အစားသောက်တွေကို အာကာသထဲမှာ ရနိုင်တာဟာ လူတွေတဲ့ စိတ်ခံစားမှုတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေပြီး၊ အာကာသထဲမှာ ဓာတ်ရောင်ခြည်ထိတွေ့မှုအတွက် ကာကွယ်မှုအချို့ကိုလည်း ရစေနိုင်ပါတယ်” ဟု နာဆာမှ သိပ္ပံပညာရှင်
    ဒေါက်တာ ၀ှီလာက ပြောကြားခဲ့သည်။

    နာဆာ၏ အဆိုအရ လူသားများမှာ အာကာသအတွင်းသို့ ထပ်မံချဲ့ထွင် ခရီးသွားပါက အဆိုပါခရီးစဉ်အတွင်း အစားအသောက်များကို ကိုယ်တိုင်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ပြီး ယခုစမ်းသပ်မှုမှာ ဖြစ်နိုင်လားဆိုသည်ကို ဆန်းစစ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုအောင်မြင်မှုက အင်္ဂါဂြိုဟ်သို့ လူသားများ သွားရောက်မည့် ခရီးစဉ်အတွက် များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

    Ref: Press TV

  • ဆွီဒင်ရှိ စတိုးဆိုင်တစ်ခုတွင် ဓားထိုးခံရမှုကြောင့် လူ ၂ ဦးသေဆုံး

    ဆွီဒင်ရှိ စတိုးဆိုင်တစ်ခုတွင် ဓားထိုးခံရမှုကြောင့် လူ ၂ ဦးသေဆုံး

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    – ဆွီဒင်နိုင်ငံ ဗက်စ်တီးရက်စ်မြို့ရှိ စတိုးဆိုင်တစ်ခုတွင် ယမန်နေ့က ဓားထိုးမှု ဖြစ်ပွားခဲ့သောကြောင့် လူ ၂ ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    Ikea စတိုးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူများမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ ဖြစ်ကြပြီး အမျိုးသားနှစ်ဦးကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားသည်။ ဒဏ်ရာရသူမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထား ရှိနေပြီး ဆေးရုံ၌ ဆေးကုသမှု ခံနေရသည်။

    ဒေသစံတော်ချိန် ယမန်နေ့ နေ့လည် ၁ နာရီက အဆိုပါစတိုးရှိ မီးဖိုဆောင်သုံး ပစ္စည်းများ အရောင်းပြခန်းတွင် ဓားဒဏ်ရာဖြင့် လူ ၃ ဦးကို တွေ့ရှိရသည်ဟု ဖုန်းခေါ်ဆိုမှု ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပါစထရောင်းမ်ဘက်က အခင်းဖြစ်ပွားရာနေရာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    “သံသယရှိသူက လူ ၃ ဦးကို ဓားနဲ့ထိုးခဲ့ပြီး သူတို့ထဲက နှစ်ယောက်ကတော့ နေရာမှာတင် သေဆုံးသွားပါတယ်။ တစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီး ကုသမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်က အခြေအနေကို အခု ကျွန်တော်တို့ မသိရှိရသေးပါဘူး” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသွားသူနှင့် ထိခိုက်ဒဏ်ရာရသူများမှာ သာမန်ဈေးဝယ်သူများ ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး မသိရှိကြဟု စတိုးဆိုင်မန်နေဂျာဖြစ်သူ မက်တီယက်စ်ဂျွန်ဆင်က ပြောကြားခဲ့သည်။

    Ref: BBC

  • ကော်တိုအစ်အတွက် ချယ်ဆီး အယူခံဝင်မည်

    ကော်တိုအစ်အတွက် ချယ်ဆီး အယူခံဝင်မည်

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    chel

    – ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ဆွမ်ဆီးနှင့်ပွဲတွင် အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည့် ဂိုးသမား ကော်တိုအစ်အတွက် အယူခံဝင်သွားမည်ဟု ချယ်ဆီးအသင်းက ပြောကြားခဲ့သည်။

    ၂ ဂိုးစီ သရေကျခဲ့သည့် အဆိုပါပွဲတွင် ချယ်ဆီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေသည့်အချိန် ၅၂ မိနစ်တွင် ကော်တိုအစ်မှာ ဆွမ်ဆီးတိုက်စစ်မှူး ဘာဖီတင်မ်ဘီ ဂိုမစ်၏ ဂိုးရနိုင်သည့် ကြိုးပမ်းမှုကို ရှင်းလင်းရာမှ တိုက်ရိုက်အနီကဒ်ဖြင့် အထုတ်ခံခဲ့ရပြီး ပင်နယ်တီပါ ပေးခဲ့ရသည်။

    ထိုအနီကဒ်ကြောင့် တစ်ပွဲပယ်ခံရမည့် ကော်တိုအစ်မှာ လာမည့် တနင်္ဂနွေနေ့တွင်ကစားမည့် မန်စီးတီးအသင်းနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟုတ်ချေ။ သို့သော်လည်း ချယ်ဆီးက ဘောလုံးအဖွဲ့ချုပ်သို့ ယနေ့တွင် အယူခံဝင်သွားမည်ဖြစ်သည်။

    ချယ်ဆီးအသင်း၏ တာဝန်ရှိသူဟောင်းဖြစ်သည့် မာ့က်ဟာလ်ဆေးကမူ မော်ရင်ဟိုမှာ ထိုကိစ္စအတွက် အယူခံဝင်သင့်သည်ဟု ပြောကြားခဲ့သည်။

    “ပင်နယ်တီပေးရတာကတော့ ရှင်းပါတယ်။ ဒါပေမယ့် အနီကဒ် ပြရမလား၊ မပြရဘူးလားဆိုတာကတော့ ပါရမီရှိတဲ့ လူငယ်ဒိုင်လူကြီး မိုကယ်အိုလီဗာအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ဂိုးရနိုင်တဲ့ အခွင့်အရေးကို ပျက်ပြယ်စေခဲ့လားဆိုတာ သူ ဆုံးဖြတ်ရတယ်။ ဒါ့ကြောင့် ဒီလိုအဖြစ်အပျက် ဖြစ်တဲ့အခါ စက္ကန့်ပိုင်းအတွင်းမှာ သူဟာ အကြောင်းအချက် တော်တော်များများကို စဉ်းစားရပါတယ်။ ဂိုးနဲ့အကွာအဝေး၊ ဂိုမစ်က ဘောလုံးကို ထိန်းချုပ်ထားတဲ့ အနေအထား၊ တည်နေရာနဲ့ အနီးဆုံးမှာရှိနေတဲ့ နောက်ခံလူ အရေအတွက် စတာတွေပေါ့” ဟု ၎င်းက ပြောကြားခဲ့သည်။

    လာမည့်တစ်ပတ်တွင် ချယ်ဆီးနှင့် တွေ့ဆုံရမည့် မန်စီးတီးအသင်းမှာ ယနေ့မနက်က အကောင်းဆုံး ခြေစွမ်းပြ၍ ၀က်စ်ဘရွန်းအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ အဖွင့်ပွဲတွင် အနိုင် ၃ မှတ် ရယူနိုင်ခဲ့သည်။

    Ref: Goal