News @ M-Media
Blog
  • အီဂျစ်တွင် ဆူးအက်ဇ်တူးမြောင်းသစ် ဖွင့်လှစ်
    အီဂျစ်တွင် ဆူးအက်ဇ်တူးမြောင်းသစ် ဖွင့်လှစ်
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    su
    – နိုင်ငံ၏ စီးပွားရေးကို မြင့်တက်လာစေမည်ဟု မျှော်လင့်ရသည့် ဆူးအက်ဇ်တူးမြောင်းသစ်ကို အီဂျစ်နိုင်ငံတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
    အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ် စီစီ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး တူးမြောင်းအသစ်တွင် သင်္ဘောများဖြတ်သန်းခွင့် အမိန့်ကိုလည်း လက်မှတ်ရေးထိုးပေးခဲ့သည်။ ထိုအခမ်းအနားသို့ ပြင်သစ်၊ ရုရှား၊ အာရပ်နှင့် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
    “အီဂျစ်တွေဟာ အားထုတ်မှုကြီးတစ်ခုကို လုပ်နိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှု၊ ဆောက်လုပ်ရေးနဲ့ ယဉ်ကျေးမှုတွေအတွက် လက်ဆောင်ပါပဲ” ဟု စီစီက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး သမိုင်းတင်ရန်နှင့် လူသားထု သာယာဝပြောရေး အနာဂတ်ကို ခုန်ကူးနိုင်ရန်အတွက် စွမ်းရည်ကို အီဂျစ်နိုင်ငံသားများက ပြသခဲ့သည်ဟုဆိုသည်။
    ကန်ဒေါ်လာ ၈.၅ ဘီလီယံကုန်ကျခဲ့သည့် အဆိုပါတူးမြောင်းဆောက်လုပ်မှုကို မူလက ၃ နှစ်ကြာမြင့်မည်ဟု သတ်မှတ်ထားသော်လည်း တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ အီဂျစ်ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများဖြင့်သာ ဆောင်လုပ်ခဲ့သည့် ထိုတူးမြောင်းမှာ ၂၀၂၃ ခုနှစ်တွင် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၁၃.၂ ဘီလီယံရရှိမည်ဟု အစိုးရက ခန့်မှန်းထားသည်။
    အဆိုပါတူးမြောင်းသစ်မှာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း မငြိမ်မသက်မှုကြောင့် ယိုင်နဲ့လာခဲ့သည့် အီဂျစ်စီးပွားရေးကို ပြန်လည်တည်ငြိမ်ရန်အတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။
    Ref: Aljazeera
  • တူရကီတွင် ဇိမ်ခံသင်္ဘောဖြင့် ဟာလာလ်ခရီးသွားလုပ်ငန်း စတင်မည်
    တူရကီတွင် ဇိမ်ခံသင်္ဘောဖြင့် ဟာလာလ်ခရီးသွားလုပ်ငန်း စတင်မည်
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    hala
    – မြင့်တက်လာသော ကမ္ဘာ့ဟာလာလ်ဈေးကွက်အတွင်း ၀င်ရောက်ရန် ရည်ရွယ်၍ တူရကီမှာ နိုင်ငံအတွင်း ဘာသာရေးလိုက်စားသူ ခရီးသွားများအတွက် လာမည့်လတွင် ဇိမ်ခံသင်္ဘောဖြင့် ဟာလာလ် ကမ္ဘာလှည့်ခရီးစဉ် စတင်မည်ဟု သိရသည်။
    “ဒီသင်္ဘောဟာ အရက်၊ ၀က်သားနဲ့ဆက်စပ်တဲ့ ကုန်ပစ္စည်းတွေ မပါတဲ့ သင်္ဘောတစ်ခုသာ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေး ၀န်းကျင်ပါရှိဖို့ ကတိပြုထားပြီး ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ လေ့လာမှုခရီးလည်းဖြစ်မှာပါ” ဟု Fusion Tour ခရီးသွားလုပ်ငန်းမှ အထွေထွေမန်နေဂျာ ကမာလ် ဂူနေးက Anadolu Agency သို့ သြဂုတ်လ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
    နိုင်ငံ၏ ပထမဆုံး ဟာလာဟ် ကမ္ဘာလှည့်သင်္ဘောခရီးစဉ်ကို အန်တဲလ်ယာအခြေစိုက် Fusion Tour ကုမ္ပဏီက အင်္ဂါနေ့တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ဘီလီယံ ၁၄၅ သန်း တန်ဖိုးရှိသည့် ကမ္ဘာ့ ဟာလာလ် ခရီးသွားလုပ်ငန်းအတွင်းသို့ ၀င်ရောက်ရန် ရည်ရွယ်သော ချဉ်းကပ်မှုအသစ်လည်း ဖြစ်သည်။
    ၎င်းတို့၏ ခရီးစဉ်ကို On the track of the Ottomans ဟု အမည်ပေးထားပြီး ပထမဆုံးခရီးစဉ်အဖြစ် ဂရိနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ သင်္ဘောပေါ်တွင် အရက်နှင့် လောင်းကစားများ လုံးဝ ပါဝင်မည်မဟုတ်ချေ။
    အစ္စလာမ့်သွန်သင်ချက်များနှင့် ကိုက်ညီအောင် စီစဉ်ထားသည့် အဆိုပါဇိမ်ခံသင်္ဘောတွင် အမျိုးသား၊ အမျိုးသမီး သီးခြားစီအသုံးပြုနိုင်သော အားကစားခန်းမများ၊ Spa များ၊ တူရကီရေချိုးခန်းနှင့် ၀တ်ပြုရန် အခန်းများ ပါဝင်မည်ဖြစ်သည်။
    “အစ္စလာမ့်ရဲ့ တန်ဖိုးတွေနဲ့ဆန့်ကျင်တဲ့အတွက် နံရံတွေမှာတောင် ကျွန်တော်တို့ ပုံတွေ၊ ပန်းချီကားတွေ မပါပါဘူး။ ဒီခရီးစဉ်ကို ကြေညာတာ မကြာသေးပေမယ့် ဒီကဏ္ဍအတွက် တောင်းဆိုမှု အများကြီးရှိတာကြောင့် စိတ်ဝင်စားမှုတွေကတော့ အခုအချိန်မှာ မြင့်တက်လာခဲ့ပါတယ်” ဟု ခရီးစဉ်၏ ပရောဂျက်မန်နေဂျာဖြစ်သော အေဒီနာ့လ်ပ်က ပြောကြားခဲ့ပြီး ထိုခရီးစဉ်ကို စီစဉ်သူများမှာ အရာအားလုံးကို စဉ်းစားထားပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ ဟာလာလ်သင်္ဘောခရီးစဉ်မှာ စက်တက်ဘာ ၂၇ ရက်နေ့တွင် တူရကီနိုင်ငံ အစ်ဇ်မီရ်မြို့မှ ထွက်ခွာမည်ဖြစ်ပြီး ဂရိကျွန်းများဖြစ်ကြသော ရိုဒက်စ်နှင့် ခရီတီကျွန်းများရှိ ဆိပ်ကမ်းမြို့ ပီရေအက်စ်သို့ အောက်တိုဘာ ၂ ရက်နေ့တွင် ရောက်ရှိရန် ခန့်မှန်းထားသည်။
    မြို့တော်အစ္စတန်ဘူလ်တွင် ဒုတိယအကြိမ်မြောက် ဥရောပနှင့်နိုင်ငံတကာ ဟာလာလ်ခရီးသွားလုပ်ငန်း ညီလာခံ HTC2015 ကို လာမည့် ဒီဇင်ဘာတွင် ကျင်းပရန် စီစဉ်ထားပြီး ၃ ရက်တာကြာမြင့်မည့် အဆိုပါ ညီလာခံကို နိုင်ငံပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားသည်။
    တူရကီမှာ မလေးရှားပြီးလျှင် မွတ်စလင်ခရီးသွားများ အများဆုံးလာရောက်သည့် နိုင်ငံဖြစ်သည်ဟု လေ့လာမှုများအရ သိရပြီး ယူအေအီ၊ ဆော်ဒီနှင့် ကာတာတို့က တူရကီနောက်တွင် အသီးသီး ရှိနေကြသည်။
    စောင့်နေကြ
    ထိုခရီးစဉ်အတွက် ဘွတ်ကင်လုပ်ခဲ့ကြသည့် ခရီးသွားများကမူ ၎င်းတို့မှာ ထိုကဲ့သို့ ခရီးစဉ်မျိုးကို စောင့်ခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ပါဝင်ခွင့်ရသည့်အတွက်လည်း ပျော်ရွှင်မိသည်ဟု ဆိုသည်။
    “ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို သက်တောင့်သက်သာဖြစ်စေမယ့် အခြေအနေမျိုး ရရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဟာလာလ် အစားအသောက်တွေကို ရနိုင်ဖို့၊ အစ္စလာမ့်အကြောင်းအရာတွေ မျှဝေကြသူတွေနဲ့ အတူတကွရှိဖို့၊ အရက်နဲ့ ဝေးဖို့အတွက် ဒီလိုသင်္ဘောမျိုးဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်” ဟု အသက် ၄၆ နှစ်အရွယ် ဘဏ်လုပ်ငန်းရှင် ဟာမစ်ကူတက်က ပြောကြားခဲ့သည်။ ၎င်းမှာ ထိုခရီးစဉ်အတွင်း လိုက်ပါရန် စာရင်းပေးထားသူတစ်ဦးလည်း ဖြစ်သည်။
    ခင်ပွန်းဖြစ်သူနှင့်အတူ ခရီးသွားမည့် အသက် ၂၈ နှစ်အရွယ် ဆီရက်ပ် အက္ကာလီကလည်း ထိုကဲ့သို့ပင် ပြောကြားခဲ့သည်။
    “တူရကီမှာ ဒီလိုသင်္ဘောမျိုး နှစ်ပေါင်းများစွာကတည်းက တော်တော်လေး လိုအပ်ခဲ့တာပါ”
    အဆိုပါခရီးစဉ်တွင် ထင်ရှားသည့် တူရကီသမိုင်းပညာရှင်များဖြစ်ကြသော တာလ်ဟာ အူဂါလွာနှင့် စာရေးဆရာ ဖာသီဟ် စစ်လက်တို့ ဟောပြောမည်ဖြစ်ပြီး လိုက်ပါသူများမှာ အော်တိုမန် အမွေအနှစ်များအကြောင်းကို သိရှိခွင့်ရမည်ဖြစ်သည်။
    ထို့ပြင် ဆူဖီများ၏ ဟောပြောမှုများလည်း ပါဝင်မည်ဖြစ်ပြီး၊ ဓာတ်ပုံပြပွဲ၊ တူရကီဂန္တ၀င် ဂီတနှင့် ပတီးသီကုံးသည့် ပညာရှင်များ၏ တင်ဆက်ပြသမှုများလည်း ပါဝင်မည်ဖြစ်သည်။
    မွတ်စလင်ခရီသွားဈေးကွက်မှာ ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ၁၃ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ ခုနှစ် လေ့လာမှုများအရ ကန်ဒေါ်လာ ၁၄၅ ဘီလီယံတန်ဖိုးရှိကာ ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိ တက်လာမည်ဟု ခန့်မှန်းရသည်။
    Ref: Onislam
  • လူမျိုးဘာသာ မခွဲခြားဘဲ ကူညီကြဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
    လူမျိုးဘာသာ မခွဲခြားဘဲ ကူညီကြဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
    သြဂုတ် ၆ ၊ ၂၀၁၅
    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    .image
    ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်တွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားအချင်းချင်း ကူညီရမယ်ဆိုတဲ့ စိတ်ထားနဲ့ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။
    .
    “ဒုက္ခရောက်နေတဲ့လူတွေကို ကူညီစောင့်ရှောက်ရမယ်ဆိုတဲ့ဟာက တာဝန်မဟုတ်သော်လည်းပဲ လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်၊ ဒီအချိန်မှာတော့ ဖြူတာတွေ မဲတာတွေ လူမျိုးတွေ ဘာသာတွေ ခွဲလို့မရတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ်လူသားတွေ လူသားတစ်ဦး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လူသားအချင်းချင်း ကယ်တင်ရမယ်ဆိုတဲ့ ဒီလိုစိတ်ဓါတ်မျိုး ခေါင်းထဲမှာထည့်ထားဖို့လိုပါတယ်”
    .
    အစိုးရက ရခိုင်ပြည်နယ်ရေဘေးအတွက် ကျပ်သိန်းပေါင်းနှစ်သောင်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ငွေကြေး အကူ အညီပေးအပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်းကြောင်းနဲ့ အသက်ရှင်ကျန်တဲ့သူတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားရမှာဖြစ်ကြောင်း ပြော ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေက ရေဘေးဒုက္ခသည်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။
    .
    ရခိုင်ပြည်နယ် ရေဘေးကြောင့် သေဆုံးသူ ဦးရေ ၅၅ ဦးရှိပြီး ကျွဲနွားအကောင်ရေ ၅ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းကျော်၊ စာသင်ကျောင်း ၃၀၀နီးပါး၊ ဘုန်းကြီးကျောင်း ၁၀၀ ကျော်နဲ့ လယ်ယာမြေ ဧက ၂ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရာတန်ဖိုး ငွေကျပ်သန်းပေါင်း သုံးသောင်းလေးထောင်ကျော်ရှိတယ်လို့ သိရပါ တယ်။ အစိုးရထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာရေဘေးကြောင့် သေဆုံးသူ ၆၉ ဦးရှိပြီး အိမ်ထောင်စုပေါင်း ၂ သိန်း ၇ သောင်းကျော် ရေဘေးဒဏ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။
    .
    http://www.rfa.org/burmese/news/theinsein-rakhine-flooding-08062015110002.html
  • နိုင်ငံတကာသတင်းတို (သြဂုတ် ၆၊ ၂၀၁၅)
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    မြေထဲပင်လယ်တွင် ဒုက္ခသည်သင်္ဘော နစ်မြုပ်မှုအတွင်း လူ ၂၀၀ ကျော် ပျောက်ဆုံးနေ
    …………………………..
    ဒုက္ခသည် ၇၀၀ ခန့် သယ်ဆောင်လာပြီး မြေထဲပင်လယ်တွင် ယမန်နေ့က နစ်မြုပ်သွားခဲ့သည့် ငါးဖမ်းလှေတစ်စီးမှ လူ ၃၇၀ ခန့်ကို အီတလီ၊ အိုင်ယာလန် ရေတပ်သင်္ဘောများနှင့် အခြားကယ်ဆယ်ရေး သင်္ဘောများက ကယ်ဆယ်နိုင်ခဲ့သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ သေဆုံးသူများ၏ အလောင်း ၂၅ လောင်းကိုသာ ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးသူမှ ၂၀၀ ကျော်ခန့်ရှိနေကာ အသက်ရှင်ကျန်ရစ်သူများကမူ သင်္ဘောပေါ်တွင် လိုက်ပါလာသူအများစုမှာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဆော်ဒီရှိ ဗလီတစ်ခု အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ
    …………………………………………
    လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုသော ဆော်ဒီအာရေဗျတောင်ပိုင်း အာစီရ်ဒေသရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး၌ အသေခံဗုံးခွဲသမားတစ်ဦးက ယနေ့တွင် ဗုံးခွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရပ်သား ၃ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်လများတွင် ဆော်ဒီရှိ ဗလီဝတ်ကျောင်းတော်များသို့ IS အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိခဲ့ပြီး ယခုတိုက်ခိုက်မှုမှာ
    မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးပေ။
    အမေရိကန်မှာ အကျပ်ကိုင်မှုပေါ်လစီကို စွန့်လွှတ်ရမည်ဟု အီရန်ပြော
    …………………………….
    အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့ ရရှိထားသည့် နျူအရေးသဘောတူညီချက်မှ အခွင့်အရေးကို အမေရိကန်အနေဖြင့် ဆုပ်ကိုင်သင့်ပြီး ခြိမ်းခြောက်အကျပ်ကိုင်မှု ပေါ်လစီကို စွန့်လွှတ်သင့်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် ထိုပေါ်လစီက အမေရိကန်၏ ဂုဏ်သိက္ခာအား ပျက်ဆီးစေခြင်းနှင့် ရင်းမြစ်များ ဆုံးရှုံးခြင်းတို့မှလွဲ၍ အခြားသော ရလဒ်များကို ရရှိစေမည်မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: News Agencies
  • နျူဗုံးကြဲချခံရမှု နှစ် ၇၀ ပြည့်အခမ်းအနားကို ဟီရိုရှီးမားတွင်ပြုလုပ်
    နျူဗုံးကြဲချခံရမှု နှစ် ၇၀ ပြည့်အခမ်းအနားကို ဟီရိုရှီးမားတွင်ပြုလုပ်
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    j
    – အမေရိကန်လေယာဉ်က ပထမဆုံး အနုမြူဗုံး ပထမဆုံးကြဲကျခဲ့သည့် နှစ် ၇၀ မြောက်အခမ်းအနားကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ ဒေသခံများက ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ အခမ်းအနားအား ဟီရိုရှီးမားရှိ အောက်မေ့ဖွယ် ပန်းခြံတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၀၀၀၀ ခန့်ပါဝင်ခဲ့ကာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ထောင်ပေါင်းများစွာသော ပြည်သူများမှာ မီးအိမ်များကို မိုတိုယာဆု မြစ်အတွင်းသို့ မျှောချခဲ့ကြသည်။
    အန်ဂိုလာဂေးဟုခေါ်သည့် B-29 အမေရိကန်ဗုံးကြဲလေယာဉ်မှာ အနုမြူဗုံးကို ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ဟီရိုရှီးမား မြို့လယ်ခေါင်သို့ ကြဲချခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့သည်။ ၇ သိန်းမှာ ချက်ခြင်းသေဆုံးခဲ့ကာ ရေဒီယိုအဆိပ်သင့်မှုမှ ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ဒဏ်ရာများကြောင့် နောက်ပိုင်း၊ ရက်များ၊ သီတင်းပတ်များ၊ လများတွင် တစ်ဖြည်းဖြည်း သေဆုံးခဲ့ကြသည်။
    ဟီရိုရှီးမား၌ ဗုံးကြဲချချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ခေါင်းလောင်းတီးခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ဂျပန်ပြည်သူများကလည်း တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။
    အမေရိကန်မှာ ဟီရိုရှီးမားသို့ နျူကလီးယားဗုံးကြဲပြီး ၃ ရက်အကြာတွင် နာဂါဆာကီမြို့သို့လည်း အနုမြူဗုံး ထပ်မံကြဲချခဲ့သည်။
    Ref: BBC