News @ M-Media
Blog
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၁၃၊ ၂၀၁၅)
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    အီရန် နျူသဘောတူညီချက် ရရှိရန် နီးစပ်နေ
    ……………………….
    အီရန်၏ နျူကလီးယားအစီအစဉ် ရပ်တန့်ရန်နှင့် အပြန်အလှန်အားဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများအား ဖယ်ရှားပေးရေးအတွက် သမိုင်းဝင်သဘောတူညီချက်ကို အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အကြား လက်မှတ်ရေးထိုးနိုင်ရန် နီးစပ်နေပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ကွဲလွဲချက်အချို့ ရှိနေသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က သဘောတူညီချက်
    ရရှိရန်အတွက် လိုအပ်သလောက်အချိန်ကို မိမိတို့က ဆက်လက်ပေးသွားနိုင်သည်ဟု ဆိုသည်။
    ပြင်သစ်ရှော့ပင်းမောလ်တစ်ခုသို့ သေနတ်သမားများ ၀င်စီး
    ………………………………
    ပဲရစ်မြို့ ရှော့ပင်းမောလ်တစ်ခုရှိ Primark စတိုးဆိုင်အတွင်း ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းက သေနတ်သမား ၃ ယောက် ၀င်ရောက်ကာ လူများအား ပြန်ပေးဆွဲမှု ပြုလုပ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့က အဆိုပါ ရှော့ပင်းမောလ်မှ လူ ၁၈ ဦးကို လက်ရှိတွင် ကယ်ထုတ်ထားနိုင်သည်။ ရဲတပ်ဖွဲ့ကမူ အဆိုပါ လက်နက်ကိုင်များမှာ ဓားပြတိုက်ရန် ကြိုးစားခြင်းဖြစ်မည်ဟု ယူဆရကြောင်း၊ ထိုအထဲမှ တစ်ဦးမှာ Primark အလုပ်သမားတစ်ဦးဖြစ်မည်ဟု ထင်ရကြောင်း ပြောကြားခဲ့သည်။ ရှော့ပင်းမောလ်၏ ပတ်ဝန်းကျင်ကို ပိတ်ထားပြီး အထူးတပ်ဖွဲ့ဝင်များကလည်း အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေသည်။
    တက်ကြွလှုပ်ရှားသူများကြောင့် ဟီသရိုးလေဆိပ်မှ ခရီးစဉ်အချို့ ရွှေ့ဆိုင်း
    ……………………………
    လန်ဒန်ရှိ ဟီသရိုးလေဆိပ် တိုးချဲ့မှုကို မလိုလားသော တက်ကြွလှုပ်ရှားသူ ၁၂ ဦးက ဒေသစံတော်ချိန် ယနေ့မနက် စောစောပိုင်းတွင် လေဆိပ်အတွင်းသို့ သံဇကာခြံစည်းရိုးများကို ချိုးဖျက်၍ ၀င်ရောက်ခဲ့ကာ မြောက်ဘက်ပြေးလမ်း၌ လက်ချင်းတွဲ၍ ပိတ်ရပ်ခဲ့သောကြောင့် ယနေ့မနက် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရသည်။ လေဆိပ်တိုးချဲ့ရေးကို ယခုလ အစောပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဒေသခံများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အုပ်စုများက ထိုကဲ့သို့ တိုးချဲ့မှုမှာ ကာဘွန်ထုတ်လွှတ်မှုကို မြင့်တက်လာစေနိုင်သောကြောင့် ထိုစီမံကိန်းကို မကျေမနပ် ဖြစ်နေကြသည်။
    တူနီးရှားတွင် အလ်ကိုင်းဒါနှင့် ဆက်နွယ်သူ အားလုံးနီးပါးကို ချေမှုန်းပြီးဖြစ်
    …………………………………….
    ဆော့စီမြို့ရှိ ကမ်းခြေဟိုတယ် တိုက်ခိုက်ခံရပြီး နိုင်ငံခြားသားများစုအပါအ၀င် လူပေါင်း ၃၈ ဦး သေဆုံးပြီးနောက်ပိုင်း နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အလ်ကိုင်းဒါးနှင့် ချိတ်ဆက်နေသည့် Okba Ibn Nafaa အဖွဲ့မှ စစ်သွေးကြွများ အားလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့သည်ဟု တူနီးရှား ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
    Ref: News Agencies
  • ဂရိအား ကယ်တင်ရေးအစီအစဉ် ဥရောပသဘောတူ
    ဂရိအား ကယ်တင်ရေးအစီအစဉ် ဥရောပသဘောတူ
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    greece
    – ဂရိ၏ အကြွေးပြဿနာအတွက် ကူညီရေးအစီအစဉ်ကို ဥရောပခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း သဘောတူညီခဲ့ကြသည်ဟု ဥရောပသမဂ္ဂ ဥက္ကဖြစ်သူ ဒေါ်နဲလ် တက်စ်က ယနေ့တွင် ကြေညာလိုက်သည်။
    ဂရိနိုင်ငံအနေဖြင့် တင်းကြပ်သော ပြပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ခြင်း၊ ဘဏ္ဍာရေး အထောက်အပံ့ ရယူခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ဥရောပတွင် ဆက်လက်တည်ရှိနေရန် ထိုသဘောတူညီချက်က လမ်းခင်းပေးခြင်း ဖြစ်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ သဘောတူညီချက်ကို ပထမဦးဆုံး ဂရိပါလီမန်က အတည်ပြုပြီးနောက်ပိုင်းတွင် ဥရောပနိုင်ငံများက အတည်ပြုပြီးပါက ဂရိအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် အလွန်အမင်း လိုအပ်နေသော ငွေကြေးများကို ရရှိမည်ဟု ဥရောပအုပ်စု ဥက္ကဌ ဂျီရိုအန် ဒစ်ဂ်ျဆဲလ် ဘလိုအမ်က ပြောကြားခဲ့သည်။
    သဘောတူညီချက်၏ အသေးစိတ်ကို ချက်ခြင်း မထုတ်ပြန်သေးသော်လည်း ဒစ်ဂ်ျဆဲလ် ဘလိုအမ်ကမူ အဆိုပါ သဘောတူညီချက်တွင် ဘဏ်များအတွက် လိုအပ်သော ငွေအလုံးအရင်း ထုတ်ပေးမှုလည်း ပါဝင်မည်ဟု ဆိုသည်။
    ထို့ပြင် ဂရိနိုင်ငံ၏ အကြွေးကို လျှော့ချရန်နှင့် ဘဏ်များတွင် ငွေလုံးငွေရင်းပြန်ဖြစ်ရေး ကုန်ကျစားရိတ်အတွက် ကာမိစေရန် ရည်ရွယ်သော ရန်ပုံငွေတစ်ရပ်ကိုလည်း မတည်ပေးသွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ထိုသို့ကြေညာပြီး မကြာခင်မှာပင် ဂရိဝန်ကြီးချုပ် တီစီပရက်စ်က အဆိုပါ သဘောတူညီချက်မှာ ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်ပြီး၊ မိမိတို့အစိုးရအဖွဲ့မှာ ဘဏ္ဍာရေး မရှုနိုင်မကယ်နိုင်ဖြစ်မှုကို ရှောင်ရှားရန် စီမံနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • စတာလင်အတွက် မန်စီးတီး၏ ကမ်းလှမ်းမှု လီဗာပူးလ် သဘောတူ
    စတာလင်အတွက် မန်စီးတီး၏ ကမ်းလှမ်းမှု လီဗာပူးလ် သဘောတူ
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    sterling
    – အသင်းရှိ ကွင်းလယ်လူ စတာလင်အား ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းဖြင့် မန်စီးတီအသင်းသို့ ရောင်းချရန် လီဗာပူးလ်က သဘောတူညီခဲ့သည်ဟု သိရသည်။
    စတာလင်မှာ ယခုနှစ်နွေရာသီတွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း အသင်းမှ ထွက်ခွာချင်သည်ဟု နည်းပြ ဘရန်ဒန်ရော်ဂျာအား အသိပေးထားသူဖြစ်သည်။
    မိမိအနေဖြင့် ခရီးမသွားချင်သည့်အတွက် လီဗာပူလ်း၏ ရာသီအကြို ခြေစမ်းခရီးတွင် မပါဝင်ချင်ဟု စောစောပိုင်းက ပြောထားသော်လည်း စတာလင်မှာ နောက်ပိုင်းတွင် ပါဝင်ခဲ့ပြီး ယမန်နေ့တွင် နှုတ်ထွက်ခဲ့သည်။
    မန်စီးတီးမှာ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး တတိယအကြိမ်ကမ်းလှမ်းမှုလည်း ဖြစ်ခဲ့ကာ ကလပ်စံချိန်တွင် ပြောင်းရွှေ့ကြေးလည်းဖြစ်သည်။ စတာလင် ကျူပီအာရ်မှ လီဗာပူးလ်သို့ ပြောင်းရွှေ့စဉ် ချုပ်ဆိုထားသော စာချုပ်အရ ကျူပီအာရ်မှာ
    ပြောင်းရွှေ့ကြေး၏ ၂၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
    စတာလင်၏ အေးဂျင့်ဖြစ်သူကမူ ၎င်း၏ ကစားသမားနှင့် နည်းပြတို့အကြား ယုံကြည်မှု ပျက်သုံးသွားပြီဟု ပြောကြားခဲ့သော်လည်း နည်းပြ ရော်ဂျာက မည်သည့် အဖုအထစ်မှမရှိဟုဆိုပြီး အပြောင်းအရွှေ့အတွက်လည်း အတည်ပြုခဲ့သည်။
    “အခြေအနေက သိပ်ရှင်းပါတယ်။ အသင်းဟာ ရဟီးမ် (စတာလင်) အတွက် အခြားကလပ်အသင်းတစ်ခုနဲ့ သဘောတူခဲ့ပြီး ဆေးစစ်မှုတွေ ဆက်သွားတော့မှာပါ။ ရဟီးမ်နဲ့ ကျွန်တော်ဟာ အမြဲတမ်း ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး ကျွန်တော်တို့ ခွဲခွာပြီးတဲ့အခါမှာလည်း ဒီအတိုင်းပဲ ဆက်ရှိသွားမှာပါ။ ဘာပြဿနာမှ မရှိပါဘူး” ဟု ရော်ဂျာက ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref: Goal
  • မက္ကဆီကို မူးယစ်ရာဇာတစ်ဦး လုံခြုံရေး အဆင့်မြင့်ထောင်မှ ထွက်ပြေးလွတ်မြောက်
    မက္ကဆီကို မူးယစ်ရာဇာတစ်ဦး လုံခြုံရေး အဆင့်မြင့်ထောင်မှ ထွက်ပြေးလွတ်မြောက်
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    mx 2
    – မက္ကဆီကိုတွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန်မှာ စနေနေ့ညက မက္ကစီကိုစီးတီး အပြင်ဘက်ရှိ လုံခြုံရေးမြင့်မားသောထောင်မှ ဒုတိယအကြိမ်မြောက် ဖောက်ပြေးသွားကာ ၎င်း၏ အချုပ်ခန်းအောက်မှ တူးထားသော လှိုင်ခေါင်းမှ တစ်ဆင့် လွတ်မြောက်သွားသည်ဟု သိရသည်။
    အလ်တီပါလ်နို အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခဲ့နေသည့် ဂူဇ်မန်မှာ ၁.၅ ကီလိုမီတာရှည်သည့် မြေအောက်လှိုင်ခေါင်းမှတစ်ဆင့် လွတ်မြောက်သွားခြင်းဖြစ်ကာ အဆိုပါလှိုင်ခေါင်းမှာ အနီးအနားရှိ စွန့်ပစ်ထားသော အိမ်တစ်ခုတွင် အဆုံးသတ်သွားခဲ့သည်ဟု အမျိုးသား လုံခြုံရေး ကော်မရှင်နာမင်းကြီး မွန်တီ အလက်ဂျန်ဒရို ရူဘီဒိုက ယမန်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ၂၀၀၁ ခုနှစ်ကလည်း ထိုကဲ့သို့ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် ဂူဇ်မန်ကို စနေနေ့ည ၈ နာရီ ၅၂ မိနစ်ခန့်က ရေချိုးသည့်နေရာတွင် တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် ပျောက်သွားခဲ့ခြင်းဖြစ်သည်။ ဂူဇ်မန်မှာ အမေရိကန်ရှိ တရားသူကြီးများကလည်း အလိုရှိနေသူဖြစ်ပြီး တစ်ချိန်က Forbes ၏ ဘီလီယံနာစာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းအား ၂၀၀၇ ခုနှစ်တွင် ပြန်လည် ဖမ်းမိခဲ့သည်။
    ၎င်း၏ အချုပ်ခန်း ရေချိုးသည့်နေရာတွင် ဖောက်ထားသည့် အပေါက်မှာ အလျား၊ အနံ လက်မ ၂၀ စီ ရှိပြီး ၃၂ ပေရှည်သော လှေကားတစ်ခု တပ်ဆင်ထားကာ အဆိုပါ လှေကားမှာ ၅.၆ ပေအမြင့်ရှိကာ ၂၈လက်မမှ ၃၁ လက်မ အကျယ်ရှိသော မြေအောက်လှိုင်ခေါင်းတွင် အဆုံးသတ်ခဲ့သည်။
    ပထမအကြိမ်က ထောင်ဝန်ထမ်းများဖြင့်ပေါင်းကာ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး ယခု ထောင်ဖောက်ပြေးမှု ထပ်မံဖြစ်ပေါ်လာပြီးနောက် ထောင်တာဝန်ရှိသူ ၁၈ ဦးကို တရားရုံးချုပ် ရုံးမှ ရာဇ၀တ်မှုအထူးစစ်ဆေးရေးအဖွဲ့က စစ်ကြောမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ရူဘီဒိုက ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် ဂူဇ်မန်အား မြို့အတွင်း ပိုက်စိတ်တိုက် ရှာဖွေမှုများ ပြုလုပ်နေပြီး သမ္မတ ပန်နာ နီယက်တိုက ထောင်ဖောက်ပြေးမှုတွင် အစိုးရ၀န်ထမ်းများ ပါဝင်ကူညီခြင်း ရှိ၊ မရှိ စုံစမ်းရန် အမိန့်ပေးထားသည်။
    ဂူဇ်မန်မှာ ကမ္ဘာ့ထိပ်တန်း ရာဇ၀တ်ကောင်များထဲမှ တစ်ဦဖြစ်ပြီး အင်အားတောင့်တင်းသည့် စီနာလိုအာ မူးယစ်ဂိုဏ်းကို ခေါင်းဆောင် စီမံနေသူတစ်ဦးလည်း ဖြစ်သည်။ အဆိုပါမူးယစ်ဂိုဏ်းမှာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသော ကိုကိန်း၊ ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများကို အမေရိကန်သို့ မှောင်ခိုသွင်းနေသည့်အဖွဲ့ဖြစ်ပြီး အခြားသော မက္ကဆီကိုဂိုဏ်းများနှင့် ပြင်းထန်သောတိုက်ခိုက်မှုများလည်း ပြုလုပ်လေ့ရှိသည်။
    Ref: Reuters
  • ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ နိုဗက်ဂျိုကိုဗစ် ဗိုလ်စွဲ
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    tennis
    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ နိုဗက်ဂျိုကိုဗစ်က ရော်ဂျာဖက်ဒါရာအား အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    နိုင်ခြေအဆင့် ၁ သတ်မှတ်ခံရသည့် ဂျိုကိုဗစ်မှာ ၀င်ဘယ်လ်ဒန် ၇ ကြိမ် ရထားသည့် ဖက်ဒါရာအား ပထမပွဲငယ်နှင့် ဒုတိယ ပွဲငယ်တို့တွင် တိုင်းဘရိတ်အထိ ရိုက်ခဲ့ရကာ ၇-၆၊ ၆-၇ ဖြင့် တစ်ပွဲနိုင်၍ တစ်ပွဲရှုံးခဲ့သည်။
    သို့သော်လည်း တတိယနှင့် စတုတ္ထပွဲငယ်များတွင် ဂျိုကိုဗစ်က အသာရခဲ့ကာ ၆-၄၊ ၆-၃ ဖြင့် ပြတ်ပြတ်ပြတ်သားသား အနိုင်ရခဲ့ကာ ဂရင်းစလင်းဆုဖလားကို ၉ ကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်သည်။
    ယမန်နှစ် ဗိုလ်လုပွဲတွင်လည်း ဖက်ဒါရာအား အနိုင်ရရှိကာ ဂျိုကိုဗစ်မှာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ နှစ်နောက်ပိုင်း ၀င်ဘယ်လ်ဒန် အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဘွဲ့ကို ပထမဆုံး ကာကွယ်နိုင်သူလည်း ဖြစ်လာခဲ့သည်။
    “သူ (ဖက်ဒါရာဟာ) ခင်ဗျားရဲ့ ကန့်သတ်မှုတွေကို ကျော်လွှားပြီး၊ ကြိုးစားလာအောင်၊ အမှတ်တစ်မှတ်တိုင်းကို ရရှိအောင် လုပ်နိုင်တဲ့သူပါ။ ရော်ဂျာနဲ့ ကစားရတာဟာ စိန်ခေါ်မှုကြီးတစ်ခုလို့ ကျွန်တော် ပြောရပါမယ်။ ကျွန်တော်တို့မျိုးဆက်က ကစားသမား တော်တော်များများဟာ သူ့ကို ကြည်ပြီး သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်ကြရတာပါ” ဟု အသက် ၂၈ နှစ်အရွယ် ဂျိုကိုဗစ်က အနိုင်ရရှိအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Aljazeera