News @ M-Media

Blog

  • စင်ကာပူ Doodle 4 Google ပြိုင်ပွဲတွင် အသက် ၈ နှစ်အရွယ် ကျောင်းသားလေး အနိုင်ရရှိ

    စင်ကာပူ Doodle 4 Google ပြိုင်ပွဲတွင် အသက် ၈ နှစ်အရွယ် ကျောင်းသားလေး အနိုင်ရရှိ

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    ss 2

    – ၂၀၁၅ စင်ကာပူ Doodle 4 Google ပြိုင်ပွဲတွင် အသက် ၈ နှစ်အရွယ် မူလတန်းကျောင်းသားတစ်ဦးမှာ အနိုင်ရရှိခဲ့ပြီး ယမန်နေ့က Asia Square 1 ရှိ ဂူးဂဲလ်၏ ရုံးခန်းတွင် ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။

    Doodle 4 Google ပြိုင်ပွဲမှာ Google ၏ မူလစာမျက်နှာတွင် လိုဂိုနှင့်ပေါင်းစပ်၍ ဖော်ပြမည့် အနုပညာလက်ရာ ပြိုင်ပွဲဖြစ်ပြီး အသက်ကန့်သတ်ချက်ဖြင့် ခွဲထားသည့် အုပ်စု ၅ ခုမှ နောက်ဆုံး ဇကာတင် ၅ ဦး၏ လက်ရာများတွင် အသက် ၈ နှစ်အရွယ် မိုဟ် ဂျော်န် ဟေဒန်၏ လက်ရာက အကောင်းဆုံးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ထိုကဲ့သို့ ရွေးချယ်ခံရခြင်းကြောင့် ဆုဖလားအပြင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မောင်တိန်ဗျူးရှိ ဂူးဂဲလ်အဆောက်အုံဖြစ်သော Googleplex သို့ မိခင်နှင့်အတူ သွားရောက်လည်ပတ်ခွင့်လည်း ရရှိမည်ဖြစ်သည်။ ၎င်း၏ အနုပညာလက်ရာကို စင်ကာပူ၏ အမျိုးသားနေ့တွင် Google ၏ မူလစာမျက်နှာ၌ ၂၄ နာရီ လွှင့်တင်ထားပေးမည်ဖြစ်သည်။

    “ကျွန်တော် ပျော်ရွင်ပြီး စိတ်လည်း လှုပ်ရှားပါတယ်” ဟု ဟေဒန်က ဆုရရှိပြီးနောက် ပြောကြားခဲ့သည်။ အသက် ၄-၆၊ ၁၀-၁၂၊ ၁၃-၁၅ နှင့် ၁၆-၁၈ အုပ်စုများတွင် မူလတန်းကျောင်းသားဖြစ်သူ ဟေဒန် အနိုင်ရရှိခဲ့ခြင်းမှာ အံ့သြစရာလည်း ဖြစ်သည်။

    ဟေဒန်၏ Doodle ဖန်တီးမှုမှာ လာမည့်နှစ် ၅၀ အတွင်း ဖြစ်လာမည့် စင်ကာပူနိုင်ငံ၏ ပုံရိပ်ကို ဖော်ပြထားခြင်းဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ အဆောက်အဦးတွေကို နေစွမ်းအင်နဲ့ ပါဝါပေးထားမယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ အကန့်အသတ်မရှိတဲ့စွမ်းအင် ရှိမှာဖြစ်ပြီး၊ ညစ်ငြမ်းမှုလည်း ဖြစ်တော့မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

    အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူ ဂျက်လင် အွန်ကလည်း သားဖြစ်သူမှာ Angry Birds ကာတွန်းရုပ်များ၊ Despicable Me ရုပ်ရှင်မှ Minions ကာတွန်းရုပ်များ ဆွဲရသည်ကို နှစ်သက်သည်ဟု ပြောကြားခဲ့သည်။

    “သူ့အတွက် ကျွန်မ အရမ်း စိတ်လှုပ်ရှားပါတယ်။ ပြီးတော့ ပျော်လည်းပျော်ပါတယ်။ သူအသက် ၄ နှစ်လောက်ကတည်းက ကာတွန်းတွေ ဆွဲနေတာပါ” ဟု အွန်က ပြောကြားခဲ့သည်။

    ယခု Doodle 4 Google ပြိုင်ပွဲမှာ စင်ကာပူတွင် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ကျင်းပပြီး ၁၀ နှစ်အကြာမှ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုပြိုင်ပွဲ၏ ခေါင်းစဉ်မှာ “Singapore: The Next 50 Years” ဖြစ်ပြီး ဧပြီ ၂၃ ရက်ကတည်းက စတင်ခဲ့ကာ နိုင်ငံတစ်ဝှမ်းမှ ကျောင်းသားအများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

    ဟေဒန်နှင့်အတူ အသက်အလိုက် အုပ်စုများတွင် အနိုင်ရရှိခဲ့သည့် ကျောင်းသားများ၏ လက်ရာများမှာ Sana Gallery တွင် ကျင်းပမည့် Google Shophouse တွင် ထည့်သွင်းပြသခြင်း ခံရမည်ဖြစ်သည်။ အဆိုပါ ပြခန်းကို သြဂုတ်လ ၁-၂ နှင့် အမျိုးသားနေ့ သီတင်းပတ်ဖြစ်သော သြဂုတ်လ ၇-၁၀ တို့တွင် ပြသသွားမည်ဖြစ်သည်။

    Ref: Channelnewsasia

  • အနားမယူခင် ဘိုင်ယန်၌ ကစားချင်သည်ဟု အီဗရာဟီမိုဗစ် ပြော

    အနားမယူခင် ဘိုင်ယန်၌ ကစားချင်သည်ဟု အီဗရာဟီမိုဗစ် ပြော

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    ibr

    – မိမိ၏ လက်ရှိစွမ်းဆောင်ရည်ကြောင့် ဘွန်ဒစ်လီဂါကလပ်အသင်းများက ခေါ်ယူရန် ကမ်းလှမ်းမှုများ ရှိနေပြီး ဘောလုံးလောကမှ အနားမယူမီအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်း၌ ကစားသွားချင်သည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    အီဗရာဟီမိုဗစ်မှာ အေစီမီလန်အသင်းသို့ ယခုနှစ်နွေရာသီတွင် ပြန်လည်ရောက်ရှိရန် အခြေအနေရှိနေပြီး အသင်းဥက္ကဌ ဘာလူစကိုနီကလည်း အသင်း၌ လူးဝစ် အက်ဒရီယာနိုနှင့် ကားလို့စ် ဘက်ကာတို့ ရှိနေသော်လည်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူချင်သည်ဟု ၀န်ခံပြောကြားထားသည်။

    သို့သော်လည်း အီဗရာဟီမိုဗစ်ကမူ ၎င်းမှာ ဘောလုံးလောကမှ အနားမယူခင် အခြားသော လိဂ်တစ်ခုသို့ ပြောင်းရွှေ့ရန် ကြိုးစားကောင်းကြိုးစားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့ပြီး ဘိုင်ယန်မှာ ဆွဲဆောင်မှုရှိသည့် အသင်းကြီးတစ်သင်းဟုလည်း ဆိုသည်။

    “ဒါ (ဘွန်ဒစ်လီဂါ) ဟာ ကျွန်တော့်ကို စွဲဆောင်တဲ့ လိဂ်တစ်ခုဆိုတာ သေချာပါတယ်။ တစ်နေ့မှာ ကျွန်တော် အဲဒီသွားပြီး ကစားကောင်း ကစားနိုင်ပါတယ်။ ကျွန်တော့်မှာ အချိန်ရှိပါသေးတယ်။ တကယ်လို့ ဂျာမနီသွားဖြစ်ရင် ဘိုင်ယန်မှာကစားမှာပါ။ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး ၅ သင်းထဲက တစ်သင်းပါပဲ” ဟု အသက် ၃၃ နှစ်အရွယ် အီဗရာဟီမိုဗစ်က 11Freunde သို့ ပြောကြားခဲ့သည်။

    သို့သော်လည်း ဘာစီလိုနာတွင် ရှိစဉ်က ဆက်ဆံရေးမကောင်းခဲ့သည့် ဂွာဒီယိုလာနှင့် အီဗရာဟီမိုဗစ်တို့အကြား အခြေအနေကြောင့် ဘိုင်ယန်တွင် ဂွာဒီယိုလာ နည်းပြအဖြစ် ရှိနေစဉ်အတွင်း အီဗရာဟီမိုဗစ်အား ခေါ်ယူရန် ဖြစ်နိုင်ချေရှိမည် မဟုတ်ချေ။

    မိုဗစ်မှာ ပီအက်စ်ဂျီအသင်းနှင့် လာမည့် ၂၀၁၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည်။

    Ref: Goal

  • အရက်သောက်သည့် ထိုင်းဘုန်းကြီးများကို ကျောင်းတိုက်မှ ဒေသခံများက နှင်ထုတ်

    အရက်သောက်သည့် ထိုင်းဘုန်းကြီးများကို ကျောင်းတိုက်မှ ဒေသခံများက နှင်ထုတ်

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    bk
    ကျေင်းထိုင်ဆရာတော်အား အရက်သောက်ထားခြင်း ရှိ၊ မရှိ ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်

    – ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းတစ်ခုမှ အသက် ၆၅ နှစ်အရွယ် ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် အခြားဘုန်းကြီး ၄ ပါးတို့မှာ ကျောင်းဝင်းအတွင်း အရက်သောက်သုံးသည်ကို တွေ့ရှိခဲ့ရပြီးနောက် ဒေသခံများ၏ ဆန္ဒအရ အာဏာပိုင်များက ၎င်းတို့အား နှင်ထုတ်ခဲ့သည်ဟု သိရသည်။

    ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် Nakhon Ratchasima ပြည်နယ် Kham Thale So ခရိုင် Wat Nong Krathumthammaram ရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ ဘုန်းကြီးများ ကျိန်းစက်ရာ အဆောင်အား ဒေါသထွက်နေသော ရွာသားများက ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ၀န်းရံကာ ဘုန်းကြီးများကို ထွက်သွားရန် တောင်းဆိုနေသောကြောင့် ရဲတပ်ဖွဲ့ဝင်များက အလျင်အမြန် သွားရောက်ခဲ့ရသည်ဟု
    ခရိုင်ရဲစခန်းမှ ရာဇ၀တ်မှုနှိနှင်းရေး ဒုတိယအရာရှိ Pol apt Prawat က ပြောကြားခဲ့သည်။

    ရွာသားများကမူ ဘုန်းကြီးများမှာ ကျောင်းတိုက်အား Pub ပုံစံ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့ပြီး ကျောင်းထိုင်ဆရာတော် Luang Phor Perm Khantipalor နှင့် အခြားသော ဘုန်းကြီးများမှာ ၎င်းတို့၏ ကျိန်းစက်ရာအဆောင်ကို သော့ခတ်ထားကာ အပြင်သို့ထွက်ရန် ငြင်းဆိုခဲ့ကြသည်။ နောက်ဆုံးတွင် ဆွေးနွေးမှုပြုလုပ်ရန် ရဲတပ်ဖွဲ့က ဖြောင်းဖျခဲ့သောကြောင့် နာရီဝက်အကြာတွင် ထွက်လာခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ကျောင်းထိုင်ဆရာတော်နှင့် အခြား ဘုန်းကြီး ၄ ပါးအား အရက်မူးနေသည်ကို တွေ့ခဲ့ရပြီး ၎င်းတို့၏ အနီးတွင် အရက်ပုလင်း ၂ လုံးကိုလည်းတွေ့ခဲ့ရကာ ကျောင်းဆောင်ထဲသို့ခေါ်၍ အရက်သောက်ထားခြင်း ရှိ၊ မရှိ အသက်ရှုလေဖြင့်တိုင်းသော
    ကိရိယာဖြင့် တိုင်းကြည့်ရာတွင်လည်း အရက်သောက်ထားသည်ဟု အဖြေထွက်ခဲ့သည်။

    ကျောင်းထိုင် Luang Phor Perm ကလည်း ၎င်းအနေဖြင့် ထိုင်း ဆန်အရက်ကို သောက်ထားသည်ဟု ၀န်ခံခဲ့ပြီး အခြားသော သံဃာငယ်များကို အရက်သောက်ရန် ဆွဲဆောင်ခဲ့ခြင်းမရှိဟု ထွက်ဆိုခဲ့သည်။ ထို့ပြင် မိမိမှာ တစ်ခွက်သာသောက်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ယခုကဲ့သို့ သံဃာငယ်များနှင့်အတူ သောက်သုံးခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ဒေခံများကလည်း မိမိအား နှင်ထုတ်မည်ဟု မထင်ကြောင်း ၀န်ခံခဲ့ကာ၊ မိမိအား ကျောင်းထိုင်ရာထူးမှ မထုတ်ပယ်ရန် ဒေသခံများအား တောင်းပန်ကြောင်း၊ ၎င်းတို့ အလိုရှိပါက အခြားကျောင်းတိုက်တစ်ခုသို့ ပြောင်းရွှေ့ သီတင်းသုံးမည်ဖြစ်ကြောင်း အသနားခံခဲ့သည်။

    အဆိုပါဘုန်းကြီးများ အရက်သောက်လေ့ရှိသည်ကို ရွာသူရွာသားများ သိရှိနေသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်ဟု ရွာသူကြီး Saichon Kisantia က ပြောကြားခဲ့ကာ မိမိတို့အနေဖြင့် ထိုအကျင့်ကို ရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း ကျောင်းထိုင်ဆရာတော်မှာ မိမိတို့အား ဂရုမစိုက်ဘဲ ထိုအကျင့်အား စွန့်လွှတ်ရန်လည်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

    အဆိုပါဘုန်းကြီးများ ကျောင်းတိုက်မှ ချက်ချင်းထွက်သွားပါက တရားစွဲဆိုခြင်းမပြုဟု ဒေသခံများက သဘောတူခဲ့ကြသည်။ ထို့နောက် ဘုန်းကြီးများမှာ အထုတ်အပိုးများကို ပြင်ဆင်ကာ ဗုဒ္ဓဟူးနေ့ ညဥ့်နက်ပိုင်းတွင် ကျောင်းတိုက်မှ ထွက်ခွာသွားခဲ့ကြသည်။

    Ref: Bangkokpost

  • ရာသီဥတုပြောင်းလဲမှုကိုပင် မိမိအား အပြစ်တင်ကြမည်ဟု ဘလတ္တာ ခနဲ့

    ရာသီဥတုပြောင်းလဲမှုကိုပင် မိမိအား အပြစ်တင်ကြမည်ဟု ဘလတ္တာ ခနဲ့

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    fifa

    – အခြားသူများ၏ ကျရှုံးမှုများအတွက် မိမိမှာ ဓားစားခံဖြစ်နေရပြီး ကမ္ဘာကြီးပူနွေးလာမှုအတွက်ပင် မိမိမှာ အပြစ်တင်ခံရလိ့မ်မည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ထေ့ငေါ့ ပြောကြားလိုက်သည်။

    အဖွဲ့အတွင်း ချစားမှုပြဿနာများဖြင့် ရှုပ်ထွေးနေသော်လည်း ငါးကြိမ်မြောက် ဥက္ကဌအဖြစ် မေလက ရွေးချယ်ခြင်းခံခဲ့ရသည့် ဘလတ္တာမှာ လေးရက်အကြာတွင်ပင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။

    ဖီဖာရှိ အကြီးတန်းအရာရှိအချို့မှာ ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်း ခံနေရသော်လည်း ဘလတ္တာမှာ ပါဝင်ခြင်းမရှိသောကြောင့် အချို့က ဝေဖန်မှုများ ရှိနေပြီး ဘလတ္တာကမူ ထိုသို့ဝေဖန်မှုများက မိမိအား မမျှမတ မလိုမုန်းထားခြင်းဖြစ်ကာ ဖီဖာမှ ၀န်ထမ်းတစ်ဦးချင်းဆီတိုင်း၏ လုပ်ရပ်အတွက် မိမိမှာ တာဝန်မယူနိုင်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် အားလုံးကို လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ မကြာခင်က ကမ္ဘာ့ဖလားမှာ အင်္ဂလိပ် အမျိုးသမီးကစားသမား ကိုယ့်ဂိုးကိုယ်သွင်းတာ၊ အဲဒါတွေအားလုံးကို ကျွန်တော် တာဝန်ယူရမှာလား။ ရာသီဥတုပြောင်းလဲတာကိုရော ကျွန်တော် တာဝန်ယူရမှာလား” ဟု Reuters သို့ ဘလတ္တာက ပြောကြားခဲ့သည်။

    လူများက ၎င်းအပေါ် မနာလိုဝန်တိုမှု ထားရှိနေသည်ဟု ဘလတ္တာက ထင်မြင်ယူဆနေသည်။

    “အားကျမှုဟာ နှစ်နဲ့ချီအောင်းနေတာပါ။ အဲဒီ အားကျမှုက မနာလိုဝန်တိုမှုကို အခိုင်အမာ ဖြစ်စေပါတယ်။ ပြီးတော့ မနာလိုမှုက ချစ်ခြင်းမေတ္တာမှာ သွားပြီး အမြစ်တည်ပါတယ်။ ဒါက အမုန်းကို ပြောင်းသွားနိုင်ပြီး ကျွန်တော်တို့ ကွန်ဂရက်မလုပ်ခင် ၂ ရက်အရင်က ၀ရုန်းသုန်းကားဖြစ်လာတဲ့အခါ ပေါ်လာတော့တာပါပဲ”

    FBI မှာ ဖီဖာမှ တာဝန်ရှိသူ ၁၄ ဦးကို ၁၉၉၁ ခုနှစ်မှ စတင်ခဲ့သည့် ချစားမှုစွဲချက်များဖြင့် ဖမ်းဆီးထားပြီး ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Goal

  • အမေရိကန် မွတ်စလင်ပရဟိတအဖွဲ့ အရီဇိုနားရှိ ချို့တဲ့သူများအား အစားအသောက်များ လှူဒါန်း

    အမေရိကန် မွတ်စလင်ပရဟိတအဖွဲ့ အရီဇိုနားရှိ ချို့တဲ့သူများအား အစားအသောက်များ လှူဒါန်း

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    us

    – နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရမ်ဇာန်ပရဟိတ အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် အမေရိကန်ရှိ ထိပ်တန်း အစ္စလာမ့် ပရဟိတအဖွဲ့ဖြစ်သော Islamic Relief USA မှာ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ချို့တဲ့သူများအတွက် အစားအသောက်များ လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ဒီလရဲ့ နာမ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုက ဘ၀တိုက်ပွဲဝင်နေရတဲ့ တစ်ဦးတစ်ယောက်ရဲ့ နေရာမှာ အစားဝင်ကြည့်တာပါပဲ။ စာလောင်မွတ်သိပ်နေမှုကို ခံစားရတာ၊ ပြီးတော့ စာနာနားလည်မှုကို တိုးမြှင့်ရတာတွေဟာ လူတွေ ပရဟိတပိုလုပ်ဖို့အတွက် တွန်းအားဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု Islamic Relief USA အစီအစဉ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မင်ကိုင်လူ ဂျာလိုဟ်က ဇူလိုင်လ ၇ ရက်နေ့တွင် ABC သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Islamic Relief USA အဖွဲ့မှာ ဖီးနစ်မြို့ရှိ ချို့တဲ့သူများအား ဝေငှနိုင်ရန်အတွက် အင်္ဂါနေ့က အလေးချိန် ပေါင် ၃၀ ခန့်ရှိမည့် အစားသောက်အထုတ် ၃၀၀၀ ကို မြို့အခြေစိုက် အစားအသောက်ဘဏ်သို့ ပေးပို့ခဲ့သည်။

    ဂျာလိုဟ်၏ ပြောကြားမှုအရ အဆိုပါ အထုတ်တစ်ထုတ်စီတွင် ခေါက်ဆွဲခြောက်၊ ဆန်၊ ပဲ၊ ဆီ၊ စည်သွတ်ဘူး၊ ချီစ်နှင့် စွံပလွန်သီးတို့ ပါဝင်ပြီး ယခုလအစောပိုင်းက ဗာဂျီးနီးယားပြည်နယ် စပရင်းဖီးလ်ဒ်ရှိ စေတနာ့ဝန်ထမ်းများက ပါကင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ရမ်ဇာန်လအတွင်းမှာ အလှူအတန်းတွေ ပိုလုပ်ဖို့ တိုက်တွန်းထားပါတယ်” ဟု ဂျာလိုဟ်က ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်၏ န၀မမြောက်လဖြစ်သော ရမ်ဇာန်ဥပုသ်လတွင် အရွယ်ရောက်ပြီးသည့် အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်းမှာ ဥပုသ်သီလဆောက်တည်ရန် မလုပ်မနေရအဖြစ် အစ္စလာမ်က သတ်မှတ်ထားသည်။

    သို့သော်လည်း ကျန်းမာရေးမကောင်းသူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားမည်ကို စိုးရိမ်ရသောသူများအတွက် ပလပ်ခွင့်ရှိသည်။

    ဥပုသ်သီလဆောက်တည်ခြင်း၏ ရည်ရွယ်ချက်များမှာ ခန္တီတရား လက်ကိုင်ထားတတ်စေရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာတို့ကို ထိန်းချုပ်နိုင်စေရန်နှင့် ၀တ်ပြုခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းနှင့် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်မှု ရယူရန်အတွက် ဖြစ်သည်။

    “တကယ်လို့များ လူတွေဟာ သတင်းတွေမှာ ဘယ်လို ကြားရတာမျိုးကိုမှ ဂရုမထားဘဲ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ အပြန်အလှန် ဆက်သွယ်အကျိုးပြုမှုရှိမယ်၊ ပိုပြီး ထဲထဲဝင်ဝင်ရှိမယ်ဆိုရင် စံချိန်စံညွှန်းတွေက ဒါမျိုးဆိုတာ သူတို့ တွေ့ရမှာပါ” ဟု ဂျာလိုဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    Islamic Relief USA ၏ မိခင်အဖွဲ့ဖြစ်သော Islamic Relief Worldwide (IRW) မှာ ကမ္ဘာတစ်ဝှမ်းတွင် ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး မွတ်စလင်အဖွဲ့အစည်း ၁၅ ဖွဲ့ပါဝင်ကာ ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံး ပြည်သူများကို ဖေးမကူညီမှုပေးရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

    ၁၉၈၄ ခုနှစ်တွင် ယူကေ၌ စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါအဖွဲ့က မိမိတို့၏ လုပ်ငန်းစဉ်မှာ အသားအရောင်၊ မျိုးနွယ်၊ အယူဝါဒတို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ထိခိုက်ခံစားရသူများ၊ ဆာလောင်မွတ်သိပ်သူများ၊ ပညာမတတ်သောသူများနှင့် ရောဂါဝေဒနာ ခံစားနေရသောသူများအား အားပေးကူညီရေးဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ Islamic relief အဖွဲ့မှာ ယခုအချိန်တွင် အနောက်ကမ္ဘာတစ်ခြမ်း၌ အကြီးဆုံး မွတ်စလင် ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ဖြစ်နေပြီဖြစ်သည်။

    Ref: Onislam