မေ ၂၉၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်ရက်အတွင်းက ပြဿနာများကြောင့် ဖီဖာမှ နှုတ်ထွက်ရန် ဖိအားပေးနေမှုကို ဥက္ကဌ ဆပ်ဘလတ္တာက အာခံလိုက်ပြီး မိမိနေဖြင့် လာမည့် ၅ ကြိမ်မြောက် သက်တမ်းအတွက် ၀င်ရောက်အရွေးခံရန် ဆုံးဖြတ်ချက်ကို ပြင်သွားမည်မဟုတ်ဟု ဆိုသည်။
ယမန်နေ့က ဇူးရစ်ခ်ျတွင် ပြုလုပ်ခဲ့သည့် ဖီဖာ၏ ညီလာခံတွင် ဆပ်ဘလတ္တာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖီဖာ၏ ယခုကြုံတွေ့နေရသည့် ပြဿနာမှာ မကြုံစဖူး၊ ခက်ခဲသည့် ပြဿနာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ဘလတ္တာ၏ အဆိုပါမှတ်ချက်မှာ ညီလာခံသို့ တက်ရောက်ရန်အတွက် ဇူးရစ်ခ်ျတွင်ရောက်နေကြသည့် ဒုဥက္ကဌအပါအ၀င် ဖီဖာအကြီးတန်းအရာရှိများကို ဗုဒ္ဓဟူးနေ့က ဆွဇ်ဇာလန် ရဲတပ်ဖွဲ့က ချစားမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ပထမဆုံး ထွက်ပေါ်လာသည့် မှတ်ချက်လည်းဖြစ်သည်။
“ဒါတွေက ဖီဖာအတွက် မကြုံစဖူး ခက်ခဲတဲ့အချိန်တွေပါပဲ။ ဒီလူတွေရဲ့ လုပ်ရပ်တွေက ဘောလုံးလောကနဲ့ပတ်သက်ပြီး အရှက်ရစရာတွေကို ယူဆောင်လာတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်ပြီး၊ အရေးယူမှုနဲ့ ကျွန်တော်တို့အားလုံးဆီက ပြောင်းလဲမှုကို
တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်” ဟု ဘလတ္တာက ပြောကြားခဲ့သည်။
ထိုပြဿနာကြောင့် ဘလတ္တာအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပြီး ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ ဘလတ္တာအား နှုတ်ထွက်ရန် တောင်းဆိုထားကာ အပြောင်းအလဲကို မမြင်ရပါက ယူအီးအက်ဖ်အေတစ်ခုလုံး ဖီဖာအောက်မှ နှုတ်ထွက်သွားမည်ဟု သတိပေးခဲ့သည်။
ဖီဖာ၏ ဥက္ကဌရွေးပွဲကို ယနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဆပ်ဘလတ္တာနှင့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလ်ဟူစိန်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Ref: Aljazeera