News @ M-Media
Blog
  • ရခိုင်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် တစ်ခု နိုင်ငံခြား ကုမ္ပဏီများ လုပ်ပိုင်ခွင့်ရ
    ရခိုင်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် တစ်ခု နိုင်ငံခြား ကုမ္ပဏီများ လုပ်ပိုင်ခွင့်ရ
    မေ ၄၊ ၂၀၁၅
    M-Media
    my
    – ရခိုင်ကမ်းရိုးတန်းရှိ ကမ်းလွန် ရေနံနှင့် သဘာဓာတ်ငွေ လုပ်ကွက်တစ်ခုကို နိုင်ငံတကာ ရေနံကုမ္ပဏီများဖြစ်သော Statoil ကုမ္ပဏီနှင့် နှင့် ConocoPhillips ကုမ္ပဏီတို့အား မြန်မာအစိုးရက လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်ဟု နိုင်ငံပိုင်ကြေးမုံသတင်းစာက ဖော်ပြခဲ့သည်။
    အဆိုကုမ္ပဏီ၏ လက်ခွဲဖြစ်ပြီး စင်ကာပူတွင် မှတ်ပုံတင်ထားသော Statoil Myanmar Private Ltd နှင့် ConocoPhillips Myanmar E&P Ptd ကုမ္ပဏီများမှာ ရေနက်လုပ်ကွက် AD 10 တွင် ကန်ဒေါ်လာ ၃၂၃ သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
    လုပ်ပိုင်ခွင့်ကာလမှာ ၈ နှစ်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဦးစွာ လေ့လာရမည်ဟု သတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။
    ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံမှာ ရေနံနှင့် သဘာဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းအတွက် ရေနက်လုပ်ကွက် ၁၀ ခုနှင့် ရေတိမ်လုပ်ကွက် ၁၀ ခုကို Royal Dutch Shell ကုမ္ပဏီ၊ Total ကုမ္ပဏီတို့နှင့် အခြား ကုမ္ပဏီ ၂ ခုကို ပေးအပ်ခဲ့သည်။
    ပြီးခဲ့သည့် မတ်လက ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၈ ဘီလီယံရှိခဲ့ပြီး ခန့်မှန်ထားသည့် ပမာဏထက် ၂ ဘီလီယံ ပိုခဲ့သည်။ ထိုအထဲမှ ၃၅ ရာခိုင်နှုန်းမှာ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်ဟု မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
    Ref: Reuters
  • ရီးယဲလ်မှထွက်ခွာမည့် အရိပ်အမြွက်ကို တိုက်စစ်မှူး ဟာနန်ဒက်ဇ် ဖွင့်ဟ
    ရီးယဲလ်မှထွက်ခွာမည့် အရိပ်အမြွက်ကို တိုက်စစ်မှူး ဟာနန်ဒက်ဇ် ဖွင့်ဟ
    မေ ၄၊ ၂၀၁၅
    M-Media
    hnd
    – အသင်း၌ ပါဝင်ကစားနေရသည့် လက်ရှိအချိန်တွင် မိမိအနေဖြင့် ပျော်ရွှင်သော်လည်း အရန်ခုံထိုင်နေရသည်ကို ရောင့်ရဲကျေနပ်နေမည့် ကစားသမားမျိုးမဟုတ်ဟု ရီးယဲလ်တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် နွေရာသီက မန်ယူမှ အငှားဖြင့်ပြောင်းရွှေ့လာသည့် ဟာနန်ဒက်ဇ်မှာ ရီးယဲလ်တွင် ပုံမှန်ပါဝင်ကစားခွင့် မရရှိပေ။ အဓိကတိုက်စစ်မှူး ဘန်ဇီမာ ဒဏ်ရာရရှိခဲ့သည့်အတွက် ဟာနန်ဒက်ဇ်မှာ ပြီးခဲ့သည့် သီတင်းပတ်များတွင် အသင်း၌ ပြန်လည်ပါဝင်လာခဲ့ပြီး ဂိုးများလည်း သွင်းယူပေးနိုင်ခဲ့သည်။
    သို့သော်လည်း ဘန်ဇီမှာ ပြန်လည်သက်သာလာပြီး မိမိအား အရန်ခုံသို့ ပြန်ပို့ပါက ရီးယဲလ်တွင် ဆက်မနေဟု ဟာနန်ဒက်ဇ်က အရိပ်အမြွှက် ပြောကြားလိုက်သည်။
    “ဒီရာသီက သိပ်ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ဘောလုံးမှာ တစ်ခါတစ်ရံ ကံကြမ္မာက တော်တော်လေး မြန်ပါတယ်။ အခု ကျွန်တော် ပိုပြီး ပါဝင်ကစားနိုင်ခဲ့ပြီး ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မိဘတွေက စိတ်ရှည်သည်းခံတတ်ဖို့၊ ဇွဲကောင်းဖို့ဆိုတာ သင်ယူတတ်မြောက်မှုရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ သင်ပေးပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်ဟာ တော်တော်လေး ကျေနပ်ပါတယ်” ဟု ဟာနန်ဒက်ဇ်က Beln Sport France သို့ ပြောကြားခဲ့သည်။
    သို့သော်လည်း တစ်ခါတစ်ရံတွင် မိမိခံစားနေရသည့် စိတ်ပျက်မှုကို ဖော်ထုတ်တတ်ကြောင်း၊ ထို့ပြင် မိမိမှာ အရန်ခုံတွင် ထိုင်နေရသည်ကို ကျေနပ်ရောင့်ရဲမည့်သူ မဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ဟာနန်ဒက်ဇ်မှာ အသင်းအတွက် နောက်ဆုံးကစားပေးခဲ့သည့် ၆ ပွဲတွင် ၄ ဂိုးသွင်းပေးထားနိုင်ပြီး မနက်ဖြန်တွင် တူရင်၌ ကစားမည့် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေသည်။
    “ဂျူဗင်ပ်တပ်စ်ဟာ အဓိက လိပ်ပြိုင်ပွဲတစ်ခုက ထိပ်သီးအသင်းပါ။ သူတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို မတော်တဆ ရောက်လာတာတော့ မဟုတ်ပါဘူး။ သူတို့ဟာ တောင့်တင်းပြီး၊ သူတို့နဲ့ကစားတဲ့ ၂ ပွဲစလုံး ခက်ခဲမှာပါ” ဟု ဟာနန်ဒက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • မြောက်ကိုရီးယားမှ ဖမ်းထားသည့် တောင်ကိုရီးယားသားနှစ်ဦး သူလျှိုလုပ်သည်ဟု အင်တာဗျူးတွင် ၀န်ခံ
    မြောက်ကိုရီးယားမှ ဖမ်းထားသည့် တောင်ကိုရီးယားသားနှစ်ဦး သူလျှိုလုပ်သည်ဟု အင်တာဗျူးတွင် ၀န်ခံ
    မေ ၄၊ ၂၀၁၅
    M-Media
    150503032644-skoreans-detained-large-169
    – မြောက်ကိုရီးယားက ပြီးခဲ့သည့် မတ်လအတွင်း ဖမ်းဆီးထားသော တောင်ကိုရီးယားနိုင်ငံသား ၂ ဦးက ၎င်းတို့မှာ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီအတွက် အလုပ်လုပ်နေသည်ဟု CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
    ကင်မ် ကွက် ဂီနှင့် ချို ချန် ဂီလ်တို့ဖြစ်ကြပြီး ၎င်းတို့မှာ တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးအေဂျင်စီအတွက် တရုတ်နယ်စပ်ရှိ ဒန်ဒေါင်တွင် သူလျှိုအဖြစ် ဆောင်ရွက်နေသည်ဟု  မြောက်ကိုရီးယားက ဆိုသည်။ နိုင်ငံပိုင် မီဒီယာကလည်း ၎င်းတို့ထဲမှ တစ်ဦးမှာ မြေအောက် ခရစ်ယာန်အသင်းတော်တစ်ခုကို တည်ထောင်ကာ USB စတစ်များ၊ SD ကဒ်များဖြင့် နိုင်ငံရပ်ခြားမှ သတင်းများကို နိုင်ငံအတွင်း ဖြန့်ဖြူးနေသည်ဟု ပြောကြားခဲ့သည်။
    တောင်ကိုရီးယားကမူ ထိုစွပ်စွဲချက်အား အခြေအမြစ်မရှိဟု ငြင်းဆိုခဲ့သည်။ CNN က ၎င်းတို့နှစ်ဦးနှင့် မြောက်ကိုရီးယား အာဏာပိုင်များရှေ့တွင် သီးခြားစီ အင်တာဗျူးခွင့်ရခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း လွတ်လပ်စွာ မေးမြန်းဖော်ထုတ်ခွင့် မရခဲ့ဘဲ ၎င်းတို့၏ ပြောကြားမှုမှာလည်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနမှ မတ်လတွင် ထုတ်လွှင့်မှုနှင့် တူညီနေသည်ဟု CNN က ဆိုသည်။
    ချို ချန် ဂီလ်က ၎င်းမှာ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး သူလျှိုလုပ်နေသည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ် လုပ်ငန်းများနှင့် ဆက်နွယ်သည့် ပစ္စည်းသေတ္တာများကို ရယူရန် ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
    ကင်မ် ကွတ် ဂီကမူ ၎င်းမှာ သာသနာပြုတစ်ဦးဖြစ်ပြီး သူလျှိုလုပ်နေသည်မှာ ၉ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခေါင်းဆောင်များ လှည့်လည်သွားလာမှုနှင့် အခြားသတင်းအချက်အလက်များကို တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာနသို့ ပေးပို့ရကြောင်း ပြောကြားခဲ့သည်။
    မြောက်ကိုရီးယားမှာ သူလျှိုဟုယူဆသူများကို ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် စနေနေ့ကလည်း မြောက်ကိုရီးယားက ၎င်းတို့မှာ အမေရိကန် ဂရင်းကဒ် ကိုင်ဆောင်ထားပြီး နယူးယောက်က တက္ကသိုလ်တွင် ကျောင်းတက်နေကာ တရုတ်နိုင်ငံရှိ ယာလူမြစ်မှ နိုင်ငံအတွင်းသို့ ၀င်ရောက်လာသော တောင်ကိုရီးယားနိုင်ငံသား တစ်ဦးကို ဧပြီ ၂၂ ရက်နေ့တွင် ဖမ်းဆီးထားသည်ဟု ကြေညာခဲ့သည်။
    Ref: Reuters
  • အစ္စရေးတွင် အီသီယိုးပီးယားနွယ်ဖွားများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်
    အစ္စရေးတွင် အီသီယိုးပီးယားနွယ်ဖွားများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်
    မေ ၄၊ ၂၀၁၅
    M-Media
    israle
    – အစ္စရေးရှိ တဲလ်အဗီးမြို့တွင် ယမန်နေ့က အီသီယိုးပီးယား နွယ်ဖွားများ ရဲတပ်ဖွဲ့အား ဆန့်ကျင်ဆန္ဒပြမှုအတွင်း အစ္စရေးရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နှင်းခဲ့သည်ဟု သိရသည်။
    အီသီယိုးပီးယား စစ်သားတစ်ဦးအား အစ္စရေးရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ကန်ကျောက်မှုများ ပြုလုပ်သည့် ဗီဒီယိုတစ်ခု ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ လူမျိုးရေးခွဲခြားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို မကျေနပ်ခြင်းကြောင့် ဆန္ဒခဲ့ကြခြင်းဖြစ်သည်။
    မြို့၏ အဝေးပြေးလမ်းမတစ်ခုကို ပိတ်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီးနောက် မြို့လယ်ကောင်ရှိ ရာဘင်ရင်ပြင်သို့ အရောက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများမှာ ရဲကားတစ်စီးကို ဖျက်ဆီးခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းရေး တပ်ဖွဲ့များကို ပုလင်းများ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များကလည်း မီးခိုးဗုံးများနှင့် မီးသတ်ပိုက်များကို အသုံးပြု၍ လူစုခွဲခဲ့သည်ဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့ပြီး ရဲတပ်ဖွဲ့ကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    “ရဲတပ်ဖွဲ့ရဲ့ ဒီလို အပြုအမူတွေကို ကျွန်မ စိတ်ကုန်နေပါပြီ။ သူတို့ကို မယုံတော့ပါဘူး။ ရဲကိုမြင်တဲ့အခါ ကျွန်မ ရွံမိပါတယ်” ဟု ဆန္ဒပြသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
    အစ္စရေး ကြက်ခြေနီအဖွဲ့က ရဲတပ်ဖွဲ့ ၂၃ ဦးအပါအ၀င် အနည်းဆုံး လူ ၄၀ ဒဏ်ရာရရှိခဲ့သည်ဟုဆိုပြီး ဒဏ်ရာများမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတို့တွင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးရဲတပ်ဖွဲ့ကမူ တပ်ဖွဲ့ဝင် ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
    ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် အီသီးယိုးပီးယားနွယ်ဖွား အစ္စရေးစစ်သားမှာ ဒမက်စ် ပါကာဒါဖြစ်ပြီး ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုမူ အာဏာအလွန်အကျွံသုံးစွဲမှု သံသယဖြင့် တာဝန်မှ ရပ်ဆိုင်းထားသည်။
    Ref: Aljazeera
  • ဟဇာ့ဒ်ရဲ့ဂိုးနဲ့ ချယ်ဆီး ချန်ပီယံဖြစ်၊ မန်ယူ ၃ ပွဲဆက်ရှုံးပြီး၊ မန်စီးတီး၊ လီဗာပူးလ်တို့ ၃ မှတ်စီ ယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅
    ဟဇာ့ဒ်ရဲ့ဂိုးနဲ့ ချယ်ဆီး ချန်ပီယံဖြစ်၊ မန်ယူ ၃ ပွဲဆက်ရှုံးပြီး၊ မန်စီးတီး၊ လီဗာပူးလ်တို့ ၃ မှတ်စီ ယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅
    မေ ၄၊ ၂၀၁၅
    M-Media
    epl 35 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံ အဖြေပေါ်သွားခဲ့ပါပြီ။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တန်းဆင်းဇုန်မှာ ဆက်လက်ပြီး အကြိတ်အနယ်ရှိနေပါတယ်။
    မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ချယ်ဆီတို့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားနိုင်ခဲ့ပြီး ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သက်တောင့်သက်သာနဲ့ အသေအချာကစားသွားတဲ့ ချယ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ PFA တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ရရှိထားတဲ့ ဟဇာ့ဒ်က သူကန်တဲ့ ပင်နယ်တီက ပြန်ထွက်လာတဲ့
    ဘောလုံးကို ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။
    ချန်ပီယံလိဂ် တစ်နေရာအတွက် ကြိုးပမ်းနေတဲ့ လီဗာပူးလ်က ဂျရတ်ရဲ့ ၈၇ မိနစ် နောက်ကျ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၁၉ မိနစ်မှာ ကော်တင်ဟိုက ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၇၃ မိနစ်မှာ လီရွိုင်း ဖာရ်က ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၇၉ မိနစ် ပယ်နယ်တီကို ၀င်အောင်မသွင်းနိုင်ခဲ့တဲ့ ဂျရတ် ပွဲပြီးကာနီးရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ ရော်ဂျာကတော့ ပွဲအပြီးမှာ ဂျရတ်ကို ချီးကျူးခဲ့ပါတယ်။
    ဗန်ဂါးလ်ရဲ့မန်ယူက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ၀က်စ်ဘရွန်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပင်နယ်တီတစ်လုံးအပါအ၀င် ဗန်ပါစီရဲ့ ကန်သွင်းမှုတွေ မ၀င်တာက မန်ယူကို ရှုံးပွဲတွေ့စေခဲ့တာဖြစ်ပြီး ဒီရှုံးပွဲဟာ မန်ယူရဲ့ နောက်ဆုံး ၃ ပွဲဆက်အရှုံးလည်း ဖြစ်ခဲ့ပါတယ်။ ဗန်ဂါးလ်ကတော့ ၀က်စ်ဘရွန်းဟာ ဂိုးရှေ့မှာ ဘတ်စ်ကားရပ်ထားတဲ့ ပုံစံမျိုးနဲ့ ကစားသွားခဲ့တယ်လို့ ဝေဖန်ခဲ့ပြီး အသာရပေမယ့် ဂိုးမရခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    မန်စီးတီးနဲ့ စပါးတို့ရဲ့ ပွဲမှာတော့ နှစ်သင်းစလုံးက တိုက်စစ်ဖွင့်ကစားတာကြောင့် ပွဲက မြိုင်ခဲ့ပါတယ်။ နှစ်ဖက်စလုံး ဂိုးသွင်းခွင့်တွေရခဲ့ပြီး ကစားသမားတွေရဲ့ အဆုံးသတ်ကောင်းမွန်မှုက စကားပြောသွားခဲ့တာပါ။ မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပင်တိုင်တိုက်စစ်မှူး အဂူရိုက ၂၉ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    နယူးကာဆယ်ကတော့ အရှုံးသံသရာက မထွက်နိုင်သေးဘဲ တန်းဆင်းဇုန်က လွတ်ဖို့ အသည်းအသန်ကြိုးစားနေတဲ့ လက်စတာကို ၃ ဂိုးပြတ်ရှုံးပြီး တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာပါတော့တယ်။ ဇုန်ထဲက နောက်တစ်သင်းဖြစ်တဲ့ ဆန်းဒါးလန်းက ဆောက်သက်တမ်ကို အနိုင်ရခဲ့ပြီး ဘန်လေကတော့ ၀က်စ်ဟမ်းကို ရှုံးခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    လက်စတာ ၃-၀ နယူးကာဆယ်
    အက်စတွန်ဗီလာ ၃-၂ အဲဗာတန်
    လီဗာပူးလ် ၂-၁ ကျူပီအာရ်
    ဆန်းဒါးလန်း၂-၁ ဆောက်သက်တမ်
    ဆွမ်ဆီး ၂-၀ စတုတ်
    မန်ယူ ၀-၁ ၀က်စ်ဘရွန်း
    ချယ်ဆီး ၁-၀ ခရစ္စတယ်ပဲလေ့စ်
    စပါး ၀-၁ မန်စီးတီး