News @ M-Media

Blog

  • ဘာသာရေး လွတ်လပ်ခွင့် သံတမန် တွေ လာရောက်

    ဘာသာရေး လွတ်လပ်ခွင့် သံတမန် တွေ လာရောက်

    11037467_830243417057479_8109994440231484437_n
    အမေရိကန်နဲ့ ကနေဒါက နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အထူး သံတမန်တွေ မြန်မာနိုင်ငံကို မေလ ၂ ရက်က ၅ ရက်ထိ လာပြီး လေ့လာမှုတွေ လုပ်နေကြပါတယ်။
    .
    ဒီလို လာလေ့လာရာမှာ ရွေးကောက်ပွဲ ကာလအတွင်းမှာ ဘာသာရေးကို အသုံးချပြီး အမုန်းတရားတွေ ဖြန့်ဖြူးမှာကို စိုးရိမ်မိကြောင်း မြန်မာနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူး သံတမန် David Saperstein နဲ့ ကနေဒါ နိုင်ငံ ဘာသာရေး လွတ်လပ်ခွင့်ဌာန သံအမတ်ကြီး Andrew Bennett တို့ က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
    .
    ဒီခရီးစဉ် အတွင်း သံအမတ်ကြီးတွေက ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ရော အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။
    .
    ရခိုင်ပြည်နယ်မှာ ဝှိုက်ကပ်ကိုင်သူတွေ မဲပေးခွင့် ဆုံးရှုံးမှာ၊ သူတို့ကို နိုင်ငံသား လက်မှတ် ထုတ်မပေးမှာကို စိုးရိမ်လို့ သံတမန်တွေက မေးမြန်း စုံစမ်းကြတယ်လို့ သူတို့နဲ့ တွေ့ဆုံ ခဲ့တဲ့ Women Peace Network Arakan က မဝေဝေနုက ပြောပါတယ်။
    .
    လက်ရှိ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေ ပိုဆိုး မလာအောင် ဒီသံတမန်တွေက မြန်မာ အစိုးရနဲ့ရော သက်ဆိုင်ရာ အစိုးရတွေနဲ့ပါ တိုင်ပင် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။
    .
    မြန်မာအစိုးရ အနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေ လုပ်နေတာထက် အောက်ခြေ အစိုးရ အဖွဲ့အစည်းတွေမှာ ဘာသာရေး အရ ခွဲခြား ဖိနှိပ်မှုတွေ ရှိနေတာကို ပြုပြင်ဖို့ သံတမန်တွေနဲ့ တွေ့ခဲ့သူတွေက တိုက်တွန်း အကြံပေးခဲ့ကြပါတယ်။
    .
    မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် စိုးရိမ်ရတဲ့ နိုင်ငံအနေနဲ့ အမေရိကန်က စာရင်းသွင်းထားခဲ့ပါတယ်။
    .
    သတင်း- ဘီဘီစီ(မြန်မာပိုင်း)
    ဓါတ်ပုံအညွှန်း- နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူး သံတမန် David Saperstein ရန်ကုန်မြို့ တခြမ်းပဲ့ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်စဉ်
    Photo Credit – U.S. Embassy Rangoon

    http://www.bbc.com/burmese/burma/2015/05/150503_religious_ambassadors_us

    11205160_830287980386356_4258513111728204501_n

    10404437_830243397057481_3029196157194900569_n

  • အမုန်းတရားပပျောက်ရန် Hate Free Group မှ ပဲခူးတွင် စတင်လှုပ်ရှား

    အမုန်းတရားပပျောက်ရန် Hate Free Group မှ ပဲခူးတွင် စတင်လှုပ်ရှား

    မေ ၄ ၊ ၂၀၁၅
    M-Media
    သတင်း-သူရိန်

    5a82dcd9c1e777c22bf20dfc89eb7045f7f72016a07579f6ba2e0788693ad756

    မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအကြားတွင် ဘာသာရေးဆိုင်ရာ အမြင်မကြည်မှုများနှင့် ဘာသာမတူသူများ အကြား အမုန်းတရားများ ပပျောက်စေရန် အတွက် Hate Free Group ကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် စတင်ဖွဲ့စည်းလိုက်သည်။

    Hate Free Group Bago ကို မေလ၃ရက်နေ့ညနေပိုင်းက ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် မီးရထားဂုံးဘေးရှိ စရီရာမ ဘုရားကျောင်းတွင် ဘာသာစုံမှ အမုန်းတရားတိုက်ဖျက်လိုသော လူငယ်များ စုပေါင်းကာ စတင်လှုပ်ရှားခြင်းလည်း ဖြစ်သည်။

    ထိုသို့ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ဦးစီးလုပ်ဆောင်တဲ့ လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးကိုက “လူငယ်တွေတစ်ဦးနဲ့တစ်ဦးကြား ဘာသာတစ်ခုနဲ့တစ်ခုကြား လူမျိုးတွေတစ်ခုနဲ့တစ်ခုကြားမှာ ရင်းနှီးမှုတွေ ရသွားအောင် ချစ်ခင်မှုတွေရသွားအောင်  အမြင်ကြည်လင်မှု တွေရအောင် ရည်ရွယ်ဖွဲ့စည်းရတာ ဖြစ်ပါတယ် ” ဟု M-Media သို့ပြောပြသည်။

    ဆက်လက်၍လည်း လူမျိုးဘာသာစုံပါဝင်သော အမုန်းတရားတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် အခြားသောပရဟိတ Activityများလုပ်​​ဆောင်​နိုင်​​သွားမည် ဟုလည်း ထိုအဖွဲ့မှ ကိုမျိုးကိုက ၄င်းတို့ ရည်ရွယ်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ရှင်းပြသည်။
    e6eb1eb105f70e6135d4c18f7fab1bc3a76a746b901616fda6ff7150f8966907
    အဆိုပါ အဖွဲ့၏ ကနဦး လုပ်ငန်းစဉ်အနေဖြင့် အခြားပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ လာမည့် အင်္ဂါနေ့တွင် လတ်တလော ရေပြတ်လတ်၍ ရေလိုအပ်လျက်ရှိသည့် သနပ်ပင်မြို့နယ်သို့ သွားရောက်၍ ရေလှူဒါန်းမှုပြု မည်ဖြစ်သည်။ ထိုသို့လှူဒါန်းမှုပြုရာတွင် အမုန်းတရား ပြောဆိုမှုများပပျာက်ရေးနဲ့ ပတ်သက်သော ကာတွန်းများ ပိုစတာများဖြင့် ပညာပေးမှုများပါ ပူးတွဲပြုလုပ်မည်ဟုလည်း သိရသည်။

    Hate Free Groupကို ပဲခူးမြို့ပေါ်တွင် အခြေပြုစတင်ဖွဲ့စည်းခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းဒေသများနှင့် ချိတ်ဆက်ကာ ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်သွားမည်ဟု သိရသည်။

  • ယူကေတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း ကြီးထွားလာ

    ယူကေတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း ကြီးထွားလာ

    မေ ၄၊ ၂၀၁၅
    M-Media

    uK

    – ကမ္ဘာတစ်ဝှမ်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ်အား အားပေးထောက်ခံမှုများ ကြီးထွားလာသည့် အချိန်တွင် ယူကေတွင်လည်း အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများမှာ အခြေကျလာခဲ့ပြီး မွတ်စလင် မဟုတ်သူများ အကြားတွင် လူကြိုက်များမှု တစ်ဟုန် ထိုးတက်လာသည်ဟု ဗြိတိန် ဘဏ္ဍာရေး ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

    “မွတ်စလင် မဟုတ်တဲ့သူတွေကလည်း အစ္စလာမ့် ဘဏ္ဍာရေးစနစ်ကို စိတ်ဝင်စားကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ စီးပွားရေးမှာ ကျင့်သုံးတဲ့ ကျင့်ဝတ်ဆိုင်ရာနည်းလမ်းနဲ့ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေကြောင့်ပါပဲ။ အစ္စလာမ့် ဘဏ္ဍာရေးစနစ်ဟာ သာတူညီမျှဖြစ်တဲ့ ဖြန့်ဖြူးမှု၊ မျှတတဲ့ ကုန်သွယ်မှု၊ နှိုင်းနှိုင်းချင့်ချင့် သုံးစွဲမှုနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးရှိမှု စတဲ့ အခြေခံ စည်းမျဉ်းတွေကို သဘောတူကြတဲ့သူတွေကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်” ဟု အလ် ရေယန်ဘဏ် ဈေးကွက်နှင့် လက်ကားဌာနမှ
    အကြီးအကဲ တင်မ် ဆင်ကလဲယားက Independent သတင်းစာသို့ မေ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ကျင့်ဝတ်ဆိုင်ရာ စံနှုန်းက ယူကေရှိ မွတ်စလင် မဟုတ်သော လူ့အဖွဲ့အစည်းအကြား အစ္စလာမ့်ဘဏ္ဍာရေးစနစ် ကြီးထွားမှု၏ နောက်ကွယ်မှ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ဆင်ကလဲယားက ယုံကြည်နေသည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က ယူကေတွင် စတင်ခဲ့ပြီးနောက် အစ္စလာမ့်ဘဏ္ဍာရေးစနစ်၏ အသီးအပွင့်များမှာ အစ္စလာမ့်နည်းကျ ငွေစုအကောင့်၊ ရင်းနှီးမြှုပ်နှံမှုများ၊ အပေါင်ထားခြင်းနှင့် အာမခံပေါ်လစီများမှ စတင်ကာ ကျောင်းသားများအား အစ္စလာမ့်နည်းကျ နှစ်ရှည်ချေးငွေပေးခြင်းအထိ ကျယ်ပြန့်လာခဲ့သည်။

    “ငွေကြေးတွေကို ပိုင်ဆိုင်မှုအခြေပြုတဲ့၊ အဆောက်အဦး ဒါမှမဟုတ် ရွှေ၊ ငွေလို တော်တော်လေး စိတ်ချရတဲ့ ကုန်ပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံပါတယ်။ သူတို့တွေဟာ အစ္စလာမ့် တန်ဖိုးနဲ့ မကိုက်ညီတဲ့ လုပ်ငန်း ဥပမာအားဖြင့် လောင်းကစား၊ အရက်၊ အပြာလုပ်ငန်း၊ လက်နက်၊ ဆေးရွက်ကြီး ဒါမှမဟုတ် အတိုးပါတဲ့လုပ်ငန်း ဒါမှမဟုတ် မရေရာ မသေချာတဲ့လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ ဘယ်လိုလုပ်ငန်းမျိုးမှာမှ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ပါဘူး” ဟု ဆင်ကလဲယားက ပြောကြားခဲ့သည်။

    PricewaterhouseCoopers ကုမ္ပဏီမှ အစ္စလာမ်ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲဖြစ်သူ မိုဟာမက်ခန်းက ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုများက အစ္စလာမ့်နည်းကျ လုပ်ငန်းများကို စိတ်ဝင်စားခြင်း၏ အဓိက အကြောင်းအရင်းမဟုတ်ဟု ဆိုသည်။

    “အစ္စလာမ့်နည်းကျ လုပ်ငန်းတွေ အဖွံ့ဖြိုးဆုံးနိုင်ငံကို ကြည့်မယ်ဆိုရင် မလေးရှားဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ အဲဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေကို ကြည့်ရင်လည်း မွတ်စလင်တွေနဲ့ မွတ်စလင် မဟုတ်တဲ့သူတွေအထိ ရှိတယ်ဆိုတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် လူတွေက အချိန်နဲ့အလိုက် ယှဉ်ပြိုင်မှုအရှိဆုံး လုပ်ငန်းတွေမှာ သာမန် ရင်းနှီးမြှုပ်နှံနေကြတာပါပဲ” ဟု ခန်းက ပြောကြားခဲ့သည်။

    ယူကေအစိုးရမှာ မြင့်တက်လာသော ပညာရေး ကုန်ကျစားရိတ်များကို နိုင်ငံအတွင်းရှိ မွတ်စလင်ကျောင်းသားများ ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန်အတွက် အစ္စလာမ့်နည်းကျ နှစ်ရှည်ချေးငွေကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အတည်ပြုခဲ့သည်။

    ကြီးထွားလာမှု

    အလ် ရေယန်ဘဏ်မှာ ၂၀၁၄ ခုနှစ်တွင် ပထမဆုံး အကျိုးအမြတ် ရရှိခဲ့ပြီး ၀င်ငွေမှာလည်း ၁၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာက ထိုအချင်းအရာက ယူကေတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ် တိုးတက်လာမှုကို ရောင်ပြန်ဟပ်နေခြင်းလည်းဖြစ်သည်။

    ထိုဘဏ်၏ တိုးတက်မှုမှာ အဓိကအားဖြင့် မွတ်စလင်မဟုတ်သူများကြောင့်ဖြစ်သည်ဟု ဆင်ကလဲယားက ဆိုသည်။

    “ကျွန်တော်တို့ရဲ့ ကာလအတိအကျသတ်မှတ်ထားတဲ့ ငွေစုမှုမှာ ငွေလာစုကြသူတွေရဲ့ ၈၃ ရာခိုင်နှုန်းနဲ့ ပြီးခဲ့တဲ့နှစ်က ဆက်သွယ်အလုပ်လုပ်လာသူတွေရဲ့ ၄၇ ရာခိုင်နှုန်းဟာ မွတ်စလင် မဟုတ်သူတွေ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    အစ္စလာမ်မှာ ချေးငွေများအတွက် အတိုးယူခြင်းနှင့် အတိုးပေးခြင်းတို့ကို တားမြစ်ထားသည်။ အစ္စလာမ့်ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများမှာလည်း အရက်၊ လောင်းကစား၊ အပြာလုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်နှင့် ၀က်သား စသည်တို့နှင့် နွယ်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ထိုလုပ်ငန်းများမှ ရန်ပုံငွေရယူခြင်းများကို လုပ်ပိုင်ခွင့် မရှိပေ။

    “အစ္စလာမ့် ဘဏ်တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ စားသုံးသူတွေအပေါ်မှာ တစ်ဖက်သတ် ၀န်ဆောင်ခ ရယူတာမျိုးကို ခွင့်မပြုပါဘူး။ ကျွန်တော်တို့ရဲ့ ၀န်ဆောင်ခဟာ ကျွန်တော်တို့ဝန်ထမ်းတွေ ဆောင်ရွက်ရတဲ့ အချိန်နဲ့ အလုပ်အပေါ်မှာ မူတည်ပြီး ဒါဟာ အထူးသဖြင့် ငွေစုငွေချေးဘဏ်တွေက ယူတဲ့ ၀န်ဆောင်ခထက် နည်းပါတယ်” ဟု ဆင်ကလဲယားက ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်က ငွေကြေးဆိုင်ရာ အဆိပ်အတောက်ဖြစ်စေမည့် အခြေအနေမျိုးများတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရဟု ထားမြစ် ထားသောကြောင့် အစ္စလာမ့်ဘဏ်လုပ်ငန်းများမှာ အောင်မြင်မှု ရရှိခြင်းလည်းဖြစ်သည်။ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၅၀ ခန့်တွင် လုပ်ဆောင်နေပြီး ကမ္ဘာ့ ဘဏ္ဍာရေး လုပ်ငန်းတွင် အလျင်မြန်ဆုံး တိုးတက်နေသည့် လုပ်ငန်းများထဲမှ တစ်ခုလည်းဖြစ်သည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က စတင်ခဲ့သည့် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းမှာ တစ်ရိပ်ရိပ် တိုးတက်လာနေပြီး ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်လုပ်ငန်းရှင်များကိုလည်း ဆွဲဆောင်နိုင်သည်။

    အစ္စလာမ့်နည်းကျ လုပ်ငန်းများမှာ စမ်းသပ်မှု ၂ ခုဖြင့် အတည်ပြု စစ်ဆေးပြီး၊ ၎င်းတို့မှာ အတိုးပါဝင်မှု မရှိစေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့ ဖြစ်သည်ဟု ခန်းက ရှင်းပြခဲ့သည်။

    “ငွေတွေတွေအားလုံးက ဘယ်ကလဲဆိုတာ တကယ့်ကို ရှင်းရှင်းလင်းလင်း ရှိရပါတယ်။ အရည်သွေးမီဖို့အတွက် ရှရီအာဘုတ်အဖွဲ့က လက်မှတ်ထိုးပေးရပါတယ်။ ပြီးတော့ အစ္စလာမ့်ဓမ္မပညာရှင် အနည်းဆုံး ၃ ဦးက အဲဒီလုပ်ငန်း၊ ဈေးကွက်၊ စည်းမျဉ်းစည်းကမ်းနဲ့ အခြေအနေတွေ၊ ပြီးတော့ သူတို့ရဲ့ ငွေကြေးတွေ အားလုံးကို စောင့်ကြည့်နေပါတယ်။ လွတ်လပ်တဲ့ အဖွဲ့တစ်ခုက လွတ်လပ်စွာ စာရင်းစစ်ဆေးမှုကိုလည်း မဖြစ်မနေ ဆောင်ရွက်ရပါတယ်။ အဲဒီစာရင်းစစ်ဆေးမှုကို ကျင့်ဝတ်ပိုင်းဆိုင်ရာ စာရင်းစစ်မှုလို့ ခေါ်ပါတယ်”

    Ref: Onislam

  • နားထောင်တတ်ပါစေ

    နားထောင်တတ်ပါစေ

    မေ ၄ ၊ ၂၀၁၅
    M-Media
    လူမင်းဟန် ရေးသည်။
    11185832_10205997551165330_765534379_n
    ဟိုတလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာနယ်တစ်စောင် အင်တာဗျူးကို ဖတ်လိုက်ရသည်။ အဲဒီထဲက အန်တီစု ပြောသွားတဲ့ စကားလေး တစ်ခွန်းကို မှတ်မှတ်ရရ မှတ်မိနေသည်။ အန်တီစုပြောသွားတာက တဖက်နဲ့ တဖက် ပြသနာတစ်ခု ကို ဖြေရှင်းတော့မယ်ဆိုရင် နှစ်ဘက်စလုံးက နားထောင်တတ်ဖို့လို တယ်ဆိုတဲ့ စကားလေးပါ။
    .
    သူပြောတဲ့ နားထောင်တတ်ဖို့လိုတယ်ဆိုတာ နားထောင်ရုံထောင်နေတာ မျိုးမဟုတ်ဘဲ တဖက် ကပြောတာကို နားလည်တတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ ပြော တာလို့ ထင်ပါသည်။ အန်တီစု က ဆက်ပြောသေးတယ်။ ဒီကလူတွေဟာ သိတ်နား မထောင်တတ်ကြဘူးတဲ့။ ဘာလို့လဲ ဆိုတော့ ပညာရေး စနစ်ကြောင့်တဲ့။ အစတုန်းက တော့ သူပြောတာကို သိတ်နားမလည်ဘူးဗျ။ နားမထောင်တတ်တာနဲ့ ပညာရေးစနစ် နဲ့ ဘာဆိုင်လို့လဲ ပေါ့။
    .
    ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ သူပြောတာ ဟုတ်တယ်ဗျ။ ဆရာ ဆရာမ တွေဟာ ကျတော်တို့ပြောတာတွေကို နားထောင်လေ့မရှိကြဘူး။ သူတို့ပြောတာကို ပဲ ကျတော်တို့က နားထောင် ခဲ့ကြရတာမို့လား။ ဥမမာ ဆိုပါတော့ ဗျာ။ ဘုရင့်နောင်အကြောင်း ကျတော်တို့ သမိုင်းမှာ သင်တယ်။ ဆရာမ က ကျတော်တို့ကို ဘုရင့်နောင်အကြောင်း ရှင်းပြတယ်ပေါ့။ ဒါပေမယ့် ကျတော်တို့ ဘုရင်နောင်ကို ဘယ်လိုမြင်လဲ၊ ဘုရင့်နောင်အကြောင်းကို သင်ရတဲ့ အတွက် ဘယ်လို သင်ခန်းစာတွေရလဲ။ ဒါတွေကို ကျတော်တို့ ပြောခွင့်မရသလို ဆရာ၊ ဆရာမ တွေကလည်း မမေးပါဘူး။ ကြာတော့ ကျတော်တို့ကလည်း ကိုယ့်အမြင်ကို ထုတ်ဖော်ပြော ရကောင်းမှန်းတောင်မသိတော့ဘူး။ ဆရာမ ရှေ့ က အော်ပေးတဲ့ မှတ်စုကိုလိုက်ရေးမယ်။ အိမ်ပြန်ရောက်ရင် အဲဒါကို အလွတ်ကျက်မယ်။ စာမေးပွဲမှာ ပါလာရင် ၏ သည် မလွဲ ပြန်ရေးလိုက်မယ်။ တကယ်လို့များ ၏ နဲ့ သည် နဲ့လွဲသွားရင်တောင် အမှတ်လျှော့တော့မှာပဲ ဆိုပြီးတွေးပူခဲ့ရတာ။ ဒီလို နားမထောင် ကြတဲ့ ပတ်ဝန်းကျင်မှာ အသားကျ လာတဲ့ ကျတော်တို့ဟာ နောင်တစ်ချိန်ကျတော်တို့ ကိုယ်တိုင် လူကြီးဖြစ်လာတဲ့အခါမှာလည်း သူများပြောတာကို နားမထောင်တတ်တော့ဘူး။ သူ့ရဲ့အမြင်ဟာ ဘယ်လိုလဲ။ သူနဲ့ကိုယ် နဲ့ ကြားထဲမှာ ဘာနားလည်မှု့လွဲနေလဲ ဆိုတာကို အဖြေရှာရမှန်းမသိတော့ဘူး။
    .

    ကျောင်းမှာ “ကျတော်၏ အကြောင်း” စာစီစာကုံးမှာတောင် ကိုယ့်နာမည်၊ ကိုယ့်မိဘနာမည်ကို ထည့်မရေးရဲလောက်အောင်ကို ဖြစ်ခဲ့ကြပါတယ်။ ဆရာမ က ရှေ့က ရေးပြတဲ့အတိုင်း ကျတော့်နာမည် မောင်မောင်ဆို တစ်တန်းလုံး မောင်မောင်ပဲ၊ အဖေ နာမည် ဦးဘ ဆို တစ်တန်းလုံး ဦးဘ ပဲ။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စလို့ထင်ပါတယ်။

    ဒီလို နားမထောင်တတ်တာဟာ ဆရာနဲ့ တပည့်တင်မဟုတ်ပါဘူး။ မိဘနဲ့သားသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကျတော်တို့ဆီမှာ သားသမီးက မိဘကို ပြန်ပြောတယ်ဆိုတာ အင်မတန်ရိုင်းတယ်လို့ သတ်မှတ်ထားကြတာမို့လား။ ကျတော်ကတော့ ဒီလိုသတ်မှတ်တာဟာ အခါခပ်သိမ်းမမှန်နိုင်ဘူးလို့ထင်တာပဲ။ မိဘကို ယဉ်ယဉ်ကျေးကျေး နှုတ်လှန်ထိုးတာမျိုး မဟုတ်ပဲ နဲ့ ကိုယ့်ခံစားချက်ကို ကိုယ့်အမြင်ကို ပြန်ပြောတာ ၊ ဖြေရှင်းတာ ဟာ မရိုင်းဘူး၊ ဒါဟာလုပ်သင့်တဲ့အလုပ်လို့ ကျတော်ကတော့ ယူဆတယ်။ လူကြီးတွေအနေနဲ့လည်း ကလေး တွေ ဘာခံစားနေရတာလဲ၊ သူ့ရဲ့အမြင်က ဘယ်လိုလဲ ဆိုတာကို သိအောင် လုပ်သင့်တယ် ဟု ထင်ပါသည်။ ငါပြောတဲ့အတိုင်းလုပ် မလုပ်ရင် ရိုက်လိုက်မယ်ဟဲ့၊ နှက်လိုက်မယ်ဟဲ့ ဆိုတာမျိုးကြီးမလုပ်သင့်ဘူးလို့ထင်တာပဲ။ လူကြီးတွေ ပြောလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ “အိုးထိန်းသည်ဟာ သူ့အိုးလေးတွေကို နစ်နာစေလိုတဲ့ စိတ်နဲ့ ရိုက်တာ မဟုတ်ဘူး၊ လှတဲ့၊ ကောင်းတဲ့ အိုးလေးတွေဖြစ်အောင် ရိုက်တာ” ။ ဒါပေမယ့် ခက်တာက သားသမီးတွေက အိုးမှ မဟုတ်တာ။ အိုးက ဘာခံစားချက်မှ မရှိဘူးလေ။ ကလေးတွေက ခံစားချက်ရှိကြတယ်မို့လား။ လုံးဝ မရိုက်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ရိုက်တိုင်း ကောင်းတာမဟုတ်ဘူးဆိုတာ ပြောချင်တာပါ။
    .
    နောက်ပြီး အမြဲတမ်း ငါပြောသလိုလုပ် မလုပ်ရင်ရိုက်မယ်၊ အပြစ်ပေးမယ် ဆိုတဲ့ အယူအဆ ဟာ ကလေးတွေရဲ့ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိညဏ်ကို ဖျက်စီးရာရောက်တယ်လို့ထင်ပါတယ်။ reward and punishment ဆိုတဲ့ သဘောကို လက်ခံပါတယ်။ ဒါပေမယ့် reward and punishment မလုပ်ခင်မှာ ကိုယ်လုပ်စေချင်တဲ့ အရာရဲ့ အကောင်းအဆိုးကို အရင် နားလည်အောင် ရှင်းပြရင်မကောင်းဘူးလား။ ဥပမာဗျာ စာမကျက်တဲ့ကလေးကို စာကျက်လာအောင အရင်ဆုံး အကျိုးသင့် အကြောင်းသင့် ရှင်းပြသင့်တယ်လို့ထင်ပါတယ်။ နောက်ပြီး ပညာသင်ရခြင်းရဲ့ ရည်ရွယ်ချက်က အရိုက်ခံရမှာ ကြောက်လို့၊ စာမေးပွဲကျ မှာ ဆိုးလို့ ဆိုတဲ့ အသိမျိုးဟာ ငယ်ငယ်တုန်းကဘာမှ မဖြစ်ပေမယ့် အသက်ကြီးလာတာ နဲ့အမျှ ဒီအသိဟာ မှားတယ်ဆိုတာ နားလည်လာဖို့လိုပါတယ်။ ပညာသင်တာဟာ အရိုက်မခံရအောင်လည်း မဟုတ်သလို၊ စာမေးပွဲ မကျအောင်လည်း မဟုတ်ပါဘူး။ ပညာသင်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်က တစ်ယောက်ချင်းစီ ရဲ့ အနာဂတ် ဘ၀ကို ရင်ဆိုင်တဲ့နေရာမှာ လိုအပ်တဲ့ အသိပညာတွေ အတတ်ပညာတွေကို အသုံးချတတ်အောင်သင်ယူတာ ဖြစ်ပါသည်။
    .
    ငါပြောသလိုလုပ်ရမယ်ဆိုတဲ့ အယူအဆ ဟာ ကလေးတွေရဲ့ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်အမြင်ကိုလည်း ဖျက်စီးပစ်ရာ ရောက်ပါသေးတယ်။ ကျတော်တို့ ဘယ်လောက် ငါပြောသလိုလုပ် ဆိုတဲ့အယူအဆနဲ့ကျင့်သားရနေသလဲ ဆိုရင် ကျောင်းမှာ “ကျတော်၏ အကြောင်း” စာစီစာကုံးမှာတောင် ကိုယ့်နာမည်၊ ကိုယ့်မိဘနာမည်ကို ထည့်မရေးရဲလောက်အောင်ကို ဖြစ်ခဲ့ကြပါတယ်။ ဆရာမ က ရှေ့က ရေးပြတဲ့အတိုင်း ကျတော့်နာမည် မောင်မောင်ဆို တစ်တန်းလုံး မောင်မောင်ပဲ၊ အဖေ နာမည် ဦးဘ ဆို တစ်တန်းလုံး ဦးဘ ပဲ။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စလို့ထင်ပါတယ်။ ကလေးတွေဟာ “ကျတော်၏အကြောင်း” စာစီစာကုံးလိုမျိုးမှာ ကိုယ့်အကြောင်းကို ကိုယ် လွတ်လွတ်လပ်လပ်ရေး ခိုင်းသင့်တယ်လို့ထင်ပါတယ်။ ရေးတတ်အောင်လည်း လေ့ကျင့်ပေးသင့်တယ်လို့ထင်ပါတယ်။
    .
    ဒီအကျင့်ဟာ ကျတော်တို့ အထက်တန်းလို့ပြောတဲ့ ၁၀ တန်း အထိကို မပျောက်ပါဘူး။ ဥပမာ… ကျတော်တို့ ၁၀ တန်းမှာ မိဖုရားဖွားစောနဲ့ သိင်္ဃသူ့သမီး အကြောင်းသင်ရပါတယ်။ ကျတော်တွေ့ဘူးသမျှ စာအုပ်တွေရော၊ ဆရာတွေရောက မိဖုရားဖွားစော ကို မာနကြီးတဲ့ အမျက်စောင်မာန်ကြီးတဲ့ တရားမရှိတဲ့ မိန်းမကြီးလို့ သင်ကြရေးကြပြီး သိင်္ခသူ့သမီးကိုတော့ တရားသိတဲ့ ၊ လိမ္မာတဲ့ မိဖုရားတစ်ပါးလို့ ပြောကြတာပေါ့။ ကျောင်းသားတွေ အကုန်လုံးကလည်း ဒီလိုပဲ လိုက်ရေးကြတာပဲ။ စာအုပ်တွေရေးသလို ဆရာတွေသင်သလို မရေးပဲ မိဖုရားဖွားစောကို ထက်မြတ်တဲ့ မိဖုရားကြီးတစ်ပါးအနေနဲ့၊ သိင်္ဃသူ့သမီးကိုတော့ ပျော့ညံ့တဲ့ မိန်းမ တစ်ယောက်အနေနဲ့ ဘယ်သူမှ မရေးကြပါဘူး။ တကယ် ဆို ရေးလို့ပြောလို့ရတာပဲ။ မိဖုရား ဖွားစောဆိုတာ သမိုင်းမှာ အထင်ကရ မိဖုရားကြီးဖြစ်ပြီး သိင်္ဃသူ့သမိးဆိုတာ သမိုင်းမှာ သူ့နာမည်တောင် မကျန်ရစ်တော့ဘူးမို့လား။ ကျတော်ပြောချင်တာက သမိုင်းကြောင်းကိုပြောချင်တာ မဟုတ်ပါဘူး။ ကျတော်တို့ ကျောင်းသားတွေရဲ့ ကိုယ့်အမြင်ကို ကိုယ် ထုတ်ဖော် မပြ ရဲတာ ၊ ပြရကောင်းမှန်းမသိတာကိုပြောချင်တာပါ။
    .
    ဒီအကျင့်တွေဟာကိုယ့်နိုင်ငံထဲမှာ တင်နေလို့ ဘာမှ မဖြစ်ပေမယ့် သူများနိုင်ငံရောက်ပြီဆိုတာနဲ့ ဒုက္ခဖြစ်တော့တာပါပဲ။ ဆရာမ ရှေ့ အော်ပေးတဲ့ မှတ်စုကိုပဲ လိုက်ရေးတတ်တဲ့ ကျတော်တို့ဟာ သူများနိုင်ငံမှာလည်း ကျောင်းသွားတက်ရော ဘာရေးလို့ရေးရမှန်းမသိ၊ ဘာကျက်လို့ ကျက်ရမှန်းမသိနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရတော့တာပါပဲ။ သူများနိုင်ငံတွေမှာ ကျောင်းသားတွေရဲ့ အမြင်၊ တွေးခေါ်မျော်မြင်တတ်မှု့ကို အရမ်း အလေးထားပါတယ်။ သူတို့ ပြောပြီးရင် What do you think? ဆိုတဲ့စကားကို အမြဲမေးလေ့ရှိပါတယ်။ ဒီမေးခွန်းဟာ အစပိုင်းမှာတော့ ကျတော်တို့ဗမာ ကျောင်းသားတွေအတွက် အရမ်းကို အဖြေခက်တဲ့ မေးခွန်းပါပဲ။ ကျတော်တို့က မနေ့က ပေးထားတဲ့ မှတ်စုကို အလွတ်ကျက်ပြီး ပြန်တာလောက်ပဲ အကျွမ်းတ၀င်ဖြစ်ခဲ့ကြတာမဟုတ်လား။ နောက်ပြီး ကျောင်းသားတွေ အချင်းချင်း အပြန်အလှန်အမြင်ချင်း ဖလှယ်ရတဲ့ အချိန်လည်း ရှိပါသေးတယ်။ အဲလိုအချိန်မျိုးဆိုရင် ကျတော့်မှာ သေချင်စော်ကို နံ ပါလေရော။ နောက်မှ တဖြည်းဖြည်း အသားကျသွားတာ။
    .
    အခုဆိုရင် ကျတော်တို့နိုင်ငံလည်း ပညာရေးတိုးတက်အောင် ပြုပြင်ပြောင်းလဲ ရေး လုပ်ဖို့တော့ ပြင်ဆင်နေတာ ပါပဲ။ ပြင်ပါမှလည်း ဖြစ်မည်။ မဟုတ်ရင်တော့ ကျတော်တို့နိုင်ငံဟာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဆိုတဲ့စကားနဲ့ အလှမ်းဝေးနေဦးမှာပါပဲ။

  • ပက်ကွီအို နှင့် မေဝယ်သာ တို့ လက်ဝှေ့ပွဲအား  မြန်မာ လက်ရွေးစင်ဟောင်း ဘောက်ဆာ ဝင်းမောင်၏ သုံးသပ်ချက်

    ပက်ကွီအို နှင့် မေဝယ်သာ တို့ လက်ဝှေ့ပွဲအား မြန်မာ လက်ရွေးစင်ဟောင်း ဘောက်ဆာ ဝင်းမောင်၏ သုံးသပ်ချက်

    မေ ၄ ၊ ၂၀၁၅
    ဘောက်ဆာ ဝင်းမောင် ရေးသည်။
    .9d0605f45043425f801e983ef4d37663_181
    ကမ္ဘာကျော် Mayweather နဲ့ Pacquiao တို့ ပွဲကြားကတည်းက ကြည့်ချင်နေတာ ဒီပွဲကို ပထမအချီကနေ ၁၂ ချီ အထိ အစအဆုံးကြည့်ဖြစ်ခဲ့တယ်။
    .
    ကမ္ဘာ အိုလံပစ် အဆင့်အထိ ကိုယ်တိုက် သွားရောက် ထိုးသတ်သူ တစ်ဦးအနေနဲ့ရော လက်ရှိ သင်တန်းဆရာ တစ်ယောက် အနေနဲ့ရော ပြည်တွင်းပွဲနဲ မြန်မာပြည်မှာကျင်းပခဲ့တဲ့ နိုင်ငံတကာ ပွဲတွေမှာ နှစ်ပေါင်း ၁၀ နှစ်ကျော် ကြိုးဝိုင်းဒိုင်အဖြစ် ရော အမှတ်ပေးဒိုင် အဖြစ်ပါ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံအရ ဒီပွဲကိုကြည့်ပြီးတော့ ကျွန်တော်သာ ဒီပွဲမှာ အမှတ်ပေးဒိုင် တစ်ယောက်ဖြစ်ခဲ့မယ်ဆိုယင် အခုလိုပေးမိမယ်ထင်ပါတယ်။
    .
    ပထမ အချီ နဲ့ ဒုတိယ အချီ တွေဟာ တစ်ယောက်ရဲ့ လက်ရည်ကို တစ်ယောက်စောင့်ကြည့် ပြီး ထိုးသတ်နေကြတဲ့အတွက် သရေကျတဲ့ အချီတွေ ဖြစ်ပါတယ်။ ၃ ချီက နေ ၁၀ ချီ အထိမှာ Pacquiao နိုင်ပါတယ်။ ၁၁ ချီမှာ Mayweather ကပ်ပြီး နိုင်ပါတယ်။နောက်ဆုံးအချီမှာ Pacquiao ပြန်နိုင်တယ် လိုတွေ့၇ပါတယ်။
    .
    ဒီတော့ ၂ ချီ သရေ .. ၉ ချီ က Pacquiao နိုင်ပြိး .. Mayweather ၁ ချီပဲ အနိုင်၇ခဲ့တဲ့ အတွက် ဘယ်လိုပဲ ကြည့်ကြည့် Pacquiao အပြတ်အသတ် နိုင်တယ်လို့ ပြောနိုင်ပါတယ်။
    .
    ဒီပွဲ ကို ကြည့်ယင် Pacquiao နဲ့ Mayweather တို့ရဲ့ ထိုးတဲ့ စနစ် မှာ Pacquiao ကသူများကို လိုက်ထိုးတဲ့ Infighter ဖြစ်ပြီး Aggresive & Scientific Fighter တစ်ယောက်လည်းဖြစ်ပါတယ်။
    .
    Mayweather ကတော့ လိုက်ထိုးသူလဲ မဟုတ် ခံစစ်ကနေထိုးတဲ့ Boxer မဟုတ်ပဲ သူများအ၀င်ကိုစောင့်ပြီးထိုး .. ထိုးလို့မရယင်ပြေးတဲ့ Counter ဖြစ်ပါတယ်။
    .
    ကမ္ဘာကျော် မိုဟမ္မဒ် အလီလို Scientific Boxer (သူများရဲ့ အ၀င်ကို သေသေချာချာတွက်ပြီး ပြန်ထိုးသူ)လဲ မဟုတ်ဘူး .. ဂျိုးဖရေဇီယာ တို့ မိုက်တိုက်ဆန်တို့လို Fighter တစ်ယောက်ပုံစံလဲ မတွေ့ရပါဘူး။
    .
    နည်းစနစ် အရ ပြောရယင် အရပ်ရှည် တဲ့ Mayweather က တဖက်က ပြိုင်ဖက် ၀င်လာတဲ့ အခါ ပူးသွားတိုင်း ဖက်ပြီး ထိချက် မိအောင် မထိုးနိုင်သလို ကွာသွားတဲ့ အခါမှာလဲ ဦးဆောင်ပြီး ပြန်မထိုးနိုင် တာကိုတွေ့ရပါတယ်။
    .
    Pacquiao ရော Mayweather ပါ လက်သီးထိုးချက် တွေ ဟာ ချန်ပီယံအဆင့်ကို ရောက်လာတဲ့ အလျောက် Perfect ဖြစ်တာကို တွေ့ရပါတယ်..Pacquiao ကတော့ ပွဲစဉ်တစ်လျောက် အချီတိုင်း အချီတိုင်းမှာ အမှတ်ပေးနိုင်တဲ့ ထိချက်တွေဖြစ်အောင် ထိုးနိုင်တာကို တွေ့ရပါတယ်။
    .
    ခြုံပြီးပြောရယင် လက်ဝှေ့ သဘောတရား အရ Pacquiao နိုင်နေပါတယ်။ ဒါပေမဲ့ Pacquiao နဲ့ Mayweather ပွဲ အဆုံးသတ်မှာ အရှုံးအနိုင် ကို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အရ Mayweather ကို အနိုင်ပေးလိုက်တယ်။
    ..
    ဒိုင် ၃ ယောက် စလုံးက Mayweather ကို အမှတ်နဲ့ ကပ်ပြီး အနိုင်ပေးထားခဲ့တယ်။ ကြိုးဝိုင်းဒိုင်ရဲ့ ဆောင်ရွက်မှု ကို အားရမှု ရှိပေမဲ့ …အမှတ်ပေးဒိုင်တွေရဲ့ အမှတ်ပေးမှုကို လုံးဝ အားမရမိတာ အမှန်ပါ … Pacquiao ပြတ်ပြတ်သားသား နိုင်တဲ့ ပွဲမှာ Mayweather ကို ကပ်ပြီး အနိုင်ပေးလိုက်တယ်လို့မြင်ပါတယ်။
    .
    လက်ဝှေ့ ရဲ့ စည်းမျဉ်းတွေ ကိုခဏထားပြီး ပွဲပြီးသွားတဲ့ အခါ သာမန်ပရိတ်သတ် တောင် နားလည်နိုင်တဲ့ အခြေအနေမျိုးလို့ ဆိုရမှာပါ.. Knok out မဟုတ်တဲ့ ပွဲဖြစ်တဲ့ အပေါ် ဘယ်သူနိုင်တယ်ဆိုတာကို စိတ်ထဲကသိနေကြပြီး ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကို စောင့်တဲ့ သဘောပဲရှိပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ် ထွက်လာတဲ့ အခါ ပရိတ်သတ် နားမလည်နိုင်လောက်အောင် ဖြစ်သွား ပြီးမှ ရုတ်တရက် Mayweather ကို ကောင်းချီးပေးတဲ့ သူ အချို့ ထြ့ပီး ကောင်းချီးပေးကြသလို Pacquiao ကို နိုင်တယ်လို့ ယူဆတဲ့ သူတွေအများကြီး ကြက်သေသေသွားခဲ့ကြပါတယ်။
    .
    ကျွန်တော်လဲ လက်ဝှေ့ သမား တစ်ယောက် ဖြစ်တဲ့အားလျော်စွာ နိုင်တဲ့သူရဲ့ ခံစားချက်ရော ရှုံးတဲ့သူရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနားလည်မိပါတယ်။
    .
    လက်ဝှေ့လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်နှာလိုက်မှုတွေကြောင့် .. Pacquiao ရှုံးသွားရတာ ဖြစ်ပါတယ်။
    .
    ဒီလိုမျက်နှာလိုက်မှုမျိုးတွေ ကို ကျွန်တော် ကိုယ်တိုင်လဲ အတွေ့အကြုံ ရှိဘူးခဲ့လေတော့ ..အမှတ်ပေးဒိုင်တွေ ဘယ်လိုပဲ ပေးခဲ့ပေးခဲ့ ဒီပွဲရဲ့ အနိုင်ရသူဟာ Pacquiao သာဖြစ်တယ်လို ယုံကြည်နေမိပါတယ် ။
    .
    လက်ဝှေ့ပွဲ တိုင်း မှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်ပါစေ..

    Boxer Win Maung
    20th Olypic Representative Boxer-1972 Munich,Germany
    (Social Media အားကောင်းလာတဲ့ အပေါ် မိတ်ဆွေတွေရဲ့ တောင်းဆိုမှုကြောင့် ဒီပိုစ်ကို ရေးဖြစ်သွားခြင်းဖြစ်ပါတယ်…အားလုံးကို ကျေးဇူးတင်ပါတယ်)

    Boxer Win Maung ၏ FB စာမျက်နှာမှ ကူးယူဖော်ပြသည်။

    ဘောက်ဆာ (ဦး) ဝင်းမောင်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု  ရယူပေးခဲ့သော တိုင်းပြည်ဂုဏ်ဆောင် အားကစားသမား တစ်ဦးဖြစ်ပါသည်။
    ဘောက်ဆာ (ဦး) ဝင်းမောင် နှင့် ပတ်သည့် ပိုစ်များ ဖတ်လိုလျှင်

    =>http://wp.me/p2QCYJ-5DS

    => http://wp.me/p2QCYJ-8oO