News @ M-Media
Blog
  • မော်ရင်ဟို၏ ချယ်ဆီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီ
    မော်ရင်ဟို၏ ချယ်ဆီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီ
    မေ ၃၊ ၂၀၁၅
    M-Media
    cq5dam.web.320.228
    – မြန်မာစံတော်ချိန် ဒီနေ့ည ၇ နာရီမှာ ကစားခဲ့တဲ့ ချယ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ မှာတော့ ချယ်ဆီးက အကောင်ဆုံးပုံစံနဲ့ အနိုင်ကစားသွားပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
    အတောင့်တင်းဆုံးလူစာရင်းနဲ့ အကောင်းဆုံးပြင်ဆင်လာတဲ့ ချယ်ဆီးအသင်းဟာ အသေအချာ အာရုံစိုက်ကစားခဲ့ပြီး PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေးရရှိထားတဲ့ ဟာဇာ့ဒ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
    ပထမပိုင်း နောက်ဆုံးမိနစ်မှာရတဲ့ပင်နယ်တီကို ဟဇာ့ဒ်ကန်သွင်းရာမှာ ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ကာကွယ်ရာကနေ ပြန်အထွက် ဟဇာ့ဒ်ကပဲခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။
    ပါဂျူးကိုင်တွယ်ပြီးနောက် ခြေစွမ်းထက်လာပြီး တိုက်စစ်ကလည်း ဂိုးတွေသွင်းလာနိုင်တဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ ချယ်ဆီးရဲ့ဂိုးပေါက်ကို တစ်ကြိမ်တောင် ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
    “မယုံကြည်နိုင်စရာပါပဲ။ ဒီလိုပန်းဝင်ဖို့ ကျွန်တော်တို့ ဒီနှစ်မှာ အသည်းအသန် အလုပ်လုပ်ခဲ့ရပါတယ်။ ဒီနေ့ပွဲဟာ ခက်ခဲတဲ့ပွဲပါ။ နည်းနည်းတော့ လန့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပန်းဝင်ခဲ့ပြီး၊ ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့ပါပြီ” လို့ အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    ချယ်ဆီးဟာ ပရီးမီးယားလိဂ်ဖလားကိုတော့ ပွဲစဉ် ၃၈ ကစားပြီးမှ ရရှိမှာဖြစ်ပေမယ့် အောင်ပွဲခံအခမ်းအနား ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
    ချယ်ဆီးရဲ့ အခု ပရီးမီးယားလိဂ်ဖလားဟာ အသင်းရဲ့ နှစ်ပေါင်း ၁၀၀ ရှိတဲ့ သမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားဖြစ်ပြီး ၂၀၁၀ နောက်ပိုင်း ပထမဆုံးရရှိတဲ့ ပရီးမီးယားလိဂ်ဖလားလည်း ဖြစ်ပါတယ်။ လိဂ်ဖလားကို ရရှိထားတဲ့ ချယ်ဆီးအတွက် ဒါဟာ ဒီနှစ်ဘောလုံးရာသီ ဒုတိယမြောက်ဖလားလည်း ဖြစ်ပါတယ်။
    ၂၀၀၅နဲ့ ၂၀၀၆ မှာ ချယ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့ဖူးတဲ့ မော်ရင်ဟိုအတွက် ဒါဟာ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်ဖလားကို တတိယအကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
  • ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှု အခြေအနေသို့ ရောက်နေပြီဟု အမေရိကန် ကျွမ်းကျင်အဖွဲ့တစ်ခု ပြော
    ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှု အခြေအနေသို့ ရောက်နေပြီဟု အမေရိကန် ကျွမ်းကျင်အဖွဲ့တစ်ခု ပြော
    မေ ၃၊ ၂၀၁၅
    M-Media
    rohingya
    – မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ အခြေအနေများမှာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ်ကို ကျရောက်နေသည်ဟု အမေရိကန်ပြည်ထောင်စု ဟိုလိုကပ်စ် အောက်မေ့ဖွယ်ပြတိုက်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
    အဆိုပါ ပြတိုက်မှ လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေး ဆိုင်မွန်ဆက်ဂျော့ဒ်စင်တာမှာ ပြီးခဲ့သည့်မတ်လက ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး ရိုဟင်ဂျာများ ရင်ဆိုင်ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုများကို စုံစမ်းစစ်ဆေးခဲ့ကာ လူမျိုးတုန်းသတ်ဖြတ်မှု၏ ကနဦးအခြေအနေများ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရသည်။
    အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများမှာ ရုပ်ပိုင်းဆိုင်ရာအရ ဂတ်တိုများ သို့မဟုတ် အကျယ်ချုပ်စခန်းများတွင် ခွဲထားခြင်းခံထားရသည်ဟု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
    ထို့ပြင် မြန်မာနိုင်ငံမှာ ခေတ်သစ် လူမျိုးစုလိုက် ခွဲခြားမှုကို ဆောင်ရွက်နေပြီး၊ ရိုဟင်ဂျာမွတ်စလင်များမှာ အမုန်းစကားများဖြင့် ပစ်မှတ်ထားခြင်းခံထားရကာ နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တို့ကိုလည်း ငြင်းပယ်ခံထားရသည်ဟု အစီရင်ခံစာက ဆိုသည်။
    ပြတိုက်မှ အဖွဲ့များမှာ အကျယ်ချုပ်ပုံစံ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှ ခွဲထုတ်ခြင်း ခံထားရသည့် ဂတ်တိုကဲ့သို့ နေရာများတွင် နေထိုင်နေရသော ရိုဟင်ဂျာအချို့နှင့်လည်း တွေ့ဆုံကာ စကားပြောဆိုခဲ့သည်။
    ထို့ပြင် ထိုပြတိုက်မှာ ကမ္ဘာတစ်ဝှမ်းတွင် အမုန်းတရားများအား တွန်းလှန်ရန်၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို တားဆီးရန်၊ လူသားဂုဏ်သိက္ခာအား မြှင့်တင်ရန်နှင့် ဒီမိုကရေစီခိုင်မာစေရန်တို့အတွက် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများကို ကူညီဆောင်ရွက်ပေးမှုများလည်း ပြုလုပ်နေသည်။
    Ref: Timesofisrael, Wiki
  • မေ၀ယ်သာ၏ နောက်ဆုံးပြိုင်ဘက်မှာ မိမိဖြစ်ချင်သည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းပြော
    မေ၀ယ်သာ၏ နောက်ဆုံးပြိုင်ဘက်မှာ မိမိဖြစ်ချင်သည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းပြော
    မေ ၃၊ ၂၀၁၅
    M-Media
    amir khan
    – ပက်ကွီအိုအား အနိုင်ရရှိခဲ့သည့် မေ၀ယ်သာ၏ နောက်ထပ်ပြိုင်မှာ မိမိဖြစ်ချင်သည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။
    ယနေ့နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်တွင် ထိုးသတ်ခဲ့သည့် အမေရိကန် လက်ဝှေ့ကျော် ဖလွိုက် မေ၀ယ်သာနှင့် ဖိလစ်ပိုင်နာမည်ကြီး လက်ဝှေ့သမား ပက်ကွီအိုတို့၏ပွဲတွင် ၁၂ ချီအတွင်း အလဲထိုးနိုင်ခြင်း မရှိသောကြောင့် အမှတ်ဖြင့် အနိုင်အရှုံး ဆုံးဖြတ်ခဲ့ရာ ဒိုင်လူကြီး ၃ ဦးစလုံးက မေ၀ယ်သာအား အနိုင်ပေးခဲ့သည်။
    ထိုနိုင်ပွဲက မေ၀ယ်သာ၏ ၄၈ ပွဲမြောက် နိုင်ပွဲဖြစ်ပြီး ၎င်း၏ လက်ဝှေ့သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ ပွဲအပြီးတွင် အသက် ၃၈ နှစ်အရွယ်ရှိ မေ၀ယ်သာက မိမိမှာ ကြိုးဝိုင်းအတွင်းသို့ စက်တင်ဘာလတွင် တစ်ကြိမ်သာ ပြန်လည် ၀င်ရောက်တော့မည်ဟု ပြောကြားခဲ့ပြီး၊ အသက် ၂၈ နှစ်အရွယ် အမီးရ်ခန်းကမူ မေ၀ယ်သာ၏ နောက်ဆုံးပြိုင်ဘက်မှာ မိမိဖြစ်ချင်သညဟု ဆိုသည်။
    “ပွဲဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် သူ့ မန်နေဂျာနဲ့ စကားပြောခဲ့တယ်။ သူ့ကို မီဒီယာအခန်းထဲမှာ တွေ့ခဲ့ပြီး သူက ကျွန်တော့်ဆီလာကာ “ဟိုင်း.. ခင်ဗျားရယ်ဒီဖြစ်ရင် သူက အဆင်သင့်ပဲ” လို့ ပြောပါတယ်။ မေ၀ယ်သာရဲ့ အသင်းက ထိုးချင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ ကျွန်တော်ဟာ မန်နီ (ပက်ကွီအို)ရဲ့အသင်းနဲ့ စကားပြောခဲ့ပြီး သူတို့ကလည်း အဲဒီလိုပဲပြောပါတယ်” ဟု ခန်းက BBC ရေဒီယိုသို့ ပြောကြားခဲ့သည်။
    ထို့ပြင် မိမိအနေဖြင့် ၎င်းတို့နှစ်ဦးစလုံးနှင့် ထိုးသတ်နိုင်သည့် အခြေအနေတွင် ရှိကြောင်း၊ သို့သော်လည်း မေ၀ယ်သာနှင့် အဆင့်တူသည်ဟု ယုံကြည်သောကြောင့် မေ၀ယ်သာနှင့် ထိုးချင်ကြောင်း ခန်းက ထည့်သွင်းပြောကြားခဲ့သည်။
    ဗြိတိန်လက်ဝှေ့ကျော် ခန်းမှာ လက်ဝှေ့သက်တမ်းတစ်လျှောက်တွင် ပွဲပေါင်း ၃၀ အနိုင်ရရှိကာ ၃ ပွဲ ရှုံးထားသည်။ ခန်းကမူ မိမိအနေဖြင့် မေ၀ယ်သာနှင့် ယခုနှစ်ကုန်၊ သို့မဟုတ် လာမည့်နှစ်ဆန်းပိုင်းတွင် ထိုးသတ်ရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်။
    “သိပ် အံ့သြစရာကောင်းတဲ့ပွဲ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ဝှေ့ ပရိသတ်တွေအားလုံး ပြောနေကြတဲ့ပွဲမျိုးပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူနဲ့ ကျွန်တော်နဲ့ကြားမှာ ကိုယ်ခန္ဓာအရွယ်အစားက ကြီးမားတဲ့ အကြောင်းအရင်းဖြစ်ပြီး လျင်မြန်မှုနဲ့ ပါဝါကလည်း ဒီအတိုင်းပါပဲ။ ကျွန်တော် သူ့အဆင့်မှာ ရှိနေပြီလို့ တကယ့်ကို ယုံကြည်ပါတယ်”
    Ref: Channelnewsasia
  • ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်အသုံးပြုမှု သတင်းများထွက်လာပြန်
    ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်အသုံးပြုမှု သတင်းများထွက်လာပြန်
    မေ ၃၊ ၂၀၁၅
    M-Media
    syria
    – နိုင်ငံအနောက်မြောက်ပိုင်းတွင် ဆီးရီးယားအစိုးရ၏ ရဟတ်ယာဉ်များက ပြုလုပ်ခဲ့သည့် ဗုံးကြဲမှုများတွင် ဓာတုလက်နက်များ အသုံးပြုသောကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ လူ ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား လူမှုအဖွဲ့များမှ ပြောကြားလိုက်သည်။
    ဆီးရီးယာအစိုးရအား ဆန့်ကျင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားရာ အစ်ဒ်လစ်ဘ်ပြည်နယ် ဆာရာကဘ်မြို့တွင် သောကြာနေ့ညက ကလိုရင်းဗုံးဖြင့် ကြဲချခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ထိုဒေသတွင်ပင် ထိုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
    ဆီးရီးယားအစိုးရ၏ ဓာတ်တုလက်နက်ဖြင့် တိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု နိုင်ငံတကာ ဓာတုလက်နက် စောင့်ကြည့်ရေးအဖွဲ့က ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဖြစ်သည့် ဆီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆိုရှယ်မီဒီယာတွင် မျှဝေသော ဗီဒီယိုများ၌ ကလေးများ ချောင်းဆိုးခြင်း၊ အသက်ရှုမြန်လာခြင်းတို့ကြောင့် ဒေသခံများမှာ အဆိုပါ ကလေးများအား ဆေးရုံသို့ အပြေးအလွှား သွားရောက်ပို့ဆောင်သည်ကို တွေ့ရှိရသည်။
    ပြည်နယ်အတွင်း အခြားမြို့တစ်မြို့ဖြစ်သော နာရက်ဘ်မြို့မှ ဗီဒီယိုတစ်ခုတွင် ဆီးရီးယားအစိုးရ၏ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပြည်သူများအား ကယ်တင်ခဲ့သော ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတစ်ဦးအား အောက်ဆီဂျင် ပေးအပ်နေရသည်ကို ဖော်ပြထားသည်။ အဆိုပါမြို့မှာ ဆီးရီးယားအစိုးရကို တိုက်ခိုက်နေသော တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသလည်းဖြစ်သည်။
    လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ နာရက်ဘ်မြို့တွင် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ သေဆုံးရသည့် အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။
    အခြား တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်သော ပူးပေါင်းဆောင်ရွက်ရေးကော်မတီများအဖွဲ့ကလည်း ဆာရာကဘ်တွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ဆီးရီးယား နိုင်ငံပိုင်မီဒီယာများတွင် ထိုသို့ တိုက်ခိုက်မှုသတင်းကို ဖော်ပြခြင်းမရှိဘဲ ဆီးရီးယားအစိုးရကမူ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုမှာ အတိုက်အခံတပ်ဖွဲ့များမှ ပြုလုပ်သည်ဟု အပြစ်တင်ထားသည်။
    Ref: Aljazeera
  • ဘာစီလိုနာမှာ လက်ဖျားခါလောက်သည်ဟု အန်ဆယ်လော့တီပြော
    ဘာစီလိုနာမှာ လက်ဖျားခါလောက်သည်ဟု အန်ဆယ်လော့တီပြော
    မေ ၃၊ ၂၀၁၅
    M-Media
    real
    – စနေနေ့က ကော်ဒိုဘာအသင်းအား ၈ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ဘာစီလိုနာအသင်းမှာ လက်ဖျားခါလောက်သည်ဟု ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။
    ဘာစီလိုနာမှာ ဆွာရက်ဇ်၊ မက်ဆီနှင့် နေးမာတို့၏ ဂိုးများဖြင့် အနိုင်ရရှိချိန်တွင် ရီးယဲလ်မှာ ဆီးဗီးလားအသင်းအား ခက်ခက်ခဲခဲကစားခဲ့ရပြီး ရော်နယ်ဒို၏ ဟက်ထရစ်ကြောင့် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
    “ဘာစီလိုနာဟာ လက်ဖျားခါလောက်တဲ့အသင်းပါ။ သူတို့ရဲ့ တိုက်စစ်မှူးတွေက သိပ်ပြီး ထိရောက်ပါတယ်။ သူတို့အားလုံး ကောင်းကြတယ်။ သူတို့ ဒီလို ဂိုးအများကြီးသွင်းနိုင်တာ မထူးဆန်းပါဘူး” ဟု အန်ဆယ်လော့တီက ဆီးဗီးလားနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဘာစီလိုနာ၏ ထိုနိုင်ပွဲကြောင့် ကော်ဒိုဘာမှာ တန်းဆင်းသွားပြီဖြစ်ပြီး၊ ဇယားထိပ်တွင်မူ ဘာစီလိုနာက ရီးယဲလ်အား ၂ မှတ်ဖြတ်ကာ ဦးဆောင်နေသည်။ အန်ဆယ်လော့တီကမူ ဆီးဗီးလားအသင်းအား အနိုင်ရရှိသည့်အတွက် ကျေနပ်မိသည်ဟုဆိုကာ ချန်ပီယံလိဂ်နှင့်ပတ်သက်၍လည်း ပြောကြားခဲ့သည်။
    “သိပ်အရေးပါတဲ့နိုင်ပွဲပါ။ ဒီနိုင်ပွဲဟာ လာလီဂါကို ဆွတ်ခူးနိုင်နေတုန်းပဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြီးတော့ အင်္ဂါနေ့ တူရင်မှာကစားမယ့် ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက်လည်း ယုံကြည်မှုရှိစေပါတယ်။ အခုအချိန်က ကျွန်တော်တို့ အမှတ်ဆုံးရှုံးသွားတဲ့အချိန်ကို ပြန်ကြည့်တဲ့အချိန် မဟုတ်ပါဘူး။ ရာသီကုန်သွားရင် ကျွန်တော်တို့ ဆန်းစစ်သွားမှာပါ”
    Ref: Goal