News @ M-Media
Blog
  • လက်ရှိချန်ပီယံကို လီဗာပူးလ်အနိုင်ယူ၊ အာဆင်နယ်၊ မန်ယူတို့ ၃ မှတ်စီရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇
    လက်ရှိချန်ပီယံကို လီဗာပူးလ်အနိုင်ယူ၊ အာဆင်နယ်၊ မန်ယူတို့ ၃ မှတ်စီရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇
    မတ် ၂၊ ၂၀၁၅
    M-Media
    pml 2.3 a
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ လီဗာပူးလ်တို့ဟာ ထိပ်တန်းအဆင့် ပြန်ရောက်လာပြီဆိုတာကို ပြသနိုင်ခဲ့ပြီး အာဆင်နယ်၊ မန်ယူတို့လည်း မျက်နှာပန်းလှခဲ့ကြပါတယ်။
    ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ပွဲမှာ ရော်ဂျာရဲ့လီဗာပူးလ် ထိုက်ထိုက်တန်ထန် အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းမှာ ပွဲဟာ တော်တော်လေးမြိုင်ခဲ့ပြီး ဟန်ဒါဆန်က ပွဲအစ ၁၁ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ အိမ်ရှင် လီဗာပူးလ်တို့ ကစားပုံ ညက်ညောခဲ့ပြီး မနှစ်က ခြေစွမ်းနီးနီး ဒီပွဲမှာ ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ဦးဆောင်ဂိုးကို ၂၅ မိနစ်မှာ ဇက်ကိုက သူ့ရဲ့ အလုံး ၅၀ မြောက် ပရီးမီးယားလိဂ်ဂိုးနဲ့ ပြန်ချေပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၇၅ မိနစ်မှာ ဖီလစ်ပီ ကော်တင်ညိုရဲ့ အင်မတန်လှပတဲ့ ဂိုးကိုတော့ မန်စီးတီးတို့ ပြန်လည်ချေပနိုင်ခြင်းမရှိဘဲ အန်ဖီးလ်ကနေ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။
    ချန်ပီယံလိဂ်မှာ စိတ်ပျက်ခဲ့ရမှုကို အာဆင်နယ်တို့ အဲဗာတန်ကို အနိုင်ယူပြီး ပြန်လည်ကုစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူ အနိုင်ရတာမျိုးမဟုတ်ဘဲ အဲဗာတန်ရဲ့ ထိုးဖောက်မှုကို အာဆင်နယ်နောက်တန်း တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်နိုင်လို့သာ အနိုင် ၃ မှတ်သေချာခဲ့တာပါ။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဂျရူးနဲ့ ရိုစစ္စကီးတို့က သွင်းပေးခဲ့တာဖြစ်ပြီး ဒီ ၂ ဂိုးစလုံးကို အိုဇေးလ်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
    မန်ယူကလည်း ရူနီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ဆန်းဒါးလန်းကို အနိုင်ရခဲ့ပါတယ်။ ဒီဂိုးတွေဟာ ရူနီရဲ့ ၈ ပွဲဆက် ဂိုးမိုခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်း နောက်ဆုံးမိနစ်တွေမှာ မန်ယူတိုက်စစ်ရဲ့ တိုးဖောက်တိုက်စစ်ဆင်မှုတွေကို ဆန်းဒါးလန်းဂိုးသမား ပန်သီလီမန် အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် မန်ယူတို့ နောက်ထပ် ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဗန်ဂါးလ်က ဒီမာရီယာကို မထည့်ခဲ့ဘဲ ပုံမှန်ခြေစွမ်းရဖို့ အချိန်ယူရဦးမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    နယူးကာဆယ်ကတော့ စစ်စီရဲ့ ၃၇ မိနစ်ဂိုးနဲ့ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပြီး ဗီလာနည်းပြသစ် တင်ရှားဝုဒ်ရဲ့ ၂ ပွဲဆက် ရာနှုန်းပြည့်အရှုံးလည်း ဖြစ်ခဲ့ပါတယ်။
    ဆောက်သက်တမ်ကတော့ အဝေးကွင်းမှာ ၀က်စ်ဘရွန်းကို ပွဲအစ ၂ မိနစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်က အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအနိုင်ဟာ အလန်ပါဂျူး တာဝန်ယူပြီးတဲ့နောက်ပိုင်း ၅ ပွဲမြောက် အဝေးကွင်းနိုင်ပွဲဖြစ်ခဲ့ပြီး ရာနှုန်းပြည့် အဝေးကွင်းနိုင်ပွဲလည်း ဖြစ်ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ဘန်လေ ၀-၁ ဆွမ်ဆီး
    မန်ယူ ၂-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၀ အက်စတွန်ဗီလာ
    စတုတ် ၁-၀ ဟားလ်စီးတီး
    လီဗာပူလ်း ၂-၁ မန်စီးတီး
    အာဆင်နယ် ၂-၀ အဲဗာတန်
  • လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်တိုးတက်စေဖို့ နည်းလမ်း (၁၈)သွယ်
    လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်တိုးတက်စေဖို့ နည်းလမ်း (၁၈)သွယ်
    မတ် ၁ ၊ ၂၀၁၅
    M-Media
    ဘာသာပြန် – နုရည်ထွန်း
    18
    ၁) လုပ်ငန်းခွင်သွား အချိန်သုံးထား
    လုပ်ငန်းခွင်အသွား (ရထား၊ လိုင်းကား၊ ကိုယ်ပိုင်ကား) ခရီးတလျှောက်မှာ အလဟသ အချိန်ကုန်မခံဘဲ စိတ်အားတက်ဖွယ် သီချင်းမျိုး၊ ဒါမှမဟုတ် တစ်ကိုယ်ရည် တိုးတက်ရေးဆိုင်ရာ အသံလွှင့် အစီအစဉ်များကို နားထောင်ရင်း သွားပါ။
    ၂) အချိန်စောရောက် အကျိုးမောက်
    လုပ်ငန်းခွင်ကို အချိန်မှန် စောစောရောက်အောင် သွားပါ။ တစ်နေ့တာအတွက် ဦးစားပေးလုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာများအပေါ်ကို အာရုံစူးစိုက်ပါ။
    ၃) အီးမေးစစ်ကြ အလေ့အထ
    လုပ်ငန်းခွင် ရောက်လျင်ရောက်ချင်း အီးမေးကြည့်ခြင်းမျိုးကို ရှောင်ကြဉ်ပါ။ လုပ်ဖို့ကျန်နေတဲ့ လက်ထဲရှိနေတဲ့ လုပ်ငန်းဆောင်တာတွေကို အာရုံစူးစိုက်ပါ။ ပြီးနောက်မှ ပုံမှန်ဆိုသလို အီးမေးစစ်ပါ။
    ၄) အချိန်ဇယား ချမှတ်ထား
    တစ်နေ့တာအတွက် အချိန်ဇယားဆွဲ လုပ်ကိုင်ပြီး ထိရောက်အောင်မြင်နိုင်မယ့် ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှာလုပ်ဆောင်ပါ။
    ၅) အချိန်သုံးချ သေချာဂန
    အချိန်ကို သေချာဂန စီမံအသုံးချနိုင်ဖို့ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာတွေကို ဦးစားပေး လုပ်ကိုင်ပါ။
    ၆) မကြာမကြာ ခဏနားပါ
    အလုပ်ကို မနားတမ်းတောက်လျှောက် မလုပ်ဘဲ မကြာခဏ ဆိုသလို ခဏတဖြုတ် အနားယူပေးခြင်းအားဖြင့် ကိုယ်စိတ်ခွန်အား ပြန်လည်ဖြိုးမောက်လာပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအပေါ် ပြန်လည်အာရုံစူးစိုက်နိုင်မှာပါ။
    ၇) စည်းဝေးဆွေးနွေး အာရုံပေး
    စည်းဝေးဆွေးနွေးခြင်းဟာလည်း လုပ်ငန်းခွင် အာရုံစူးစိုက်မှုကို တိုးတက်စေပါတယ်။ အစည်းအဝေးတွေဟာ ရှင်းလင်းပြတ်သားပြီး ထိထိရောက်ရောက်ရှိတဲ့ ရည်မှန်းချက်၊ ဦးတည်ချက်များနဲ့ အဆုံးသတ်ပါစေ။
    ၈) ကြံ့ခိုင်ကျန်းမာ စိတ်ချမ်းသာ
    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး မိမိရဲ့ လုပ်ရည်ကိုင်ရည် တိုးမြင့်လာစေဖို့ ကောင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာမှုကို ရရှိစေပါတယ်။
    ၉) အလောသုံးဆယ် ရှောင်ပါလေ
    အလျင်စလို အလောသုံးဆယ် လုပ်လိုက်တဲ့ လုပ်ငန်းဆောင်တာတွဟာ အလွဲအမှားတွေ ပါလာတတ်ပြီး အစကနေ တကျော့ပြန် လုပ်ဆောင်ရတတ်လေ့ရှိတာကြောင့် ဖြေးဖြေးမှန်မှန် လုပ်တတ်ဖို့ကို ကျင့်ယူရပါမယ်။
    ၁၀) ရိုင်းပင်းကူညီ မျှဝေခံစား
    ကိုယ့်ရဲ့ အောင်မြင်မှုတွေကို တခြားသူတွေနဲ့ မျှဝေခံစားပြီး လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဘက်တွေရဲ့ အောင်မြင်မှုတွေကိုလည်း ဝမ်းသာပေးပါ။ လွဲမှားမှုတွေ ရှိနေရင်လည်း ရိုင်းပင်းကူညီပါ။
    ၁၁) လက်တွဲညီညာ အောင်ကြောင်းဖြာ
    အကူအညီတောင်းခံဖို့ ဘယ်သောအခါမျှ မတွန့်ဆုတ်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲညီညာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက် အောင်မြင်နိုင်ပါတယ်။
    ၁၂)  လူ့စိတ်အလို နတ်မလိုက်နိုင်
    အလုပ်ဆိုတာ တာဝန်ဖြစ်တာကြောင့် စိတ်အလိုကျသည် ဖြစ်စေ၊ စိတ်မကျသည်ဖြစ်စေ စိတ်ခံစားမှုကို ဘေးဖယ်ပြီး တာဝန်ကျေအောင် လုပ်ဆောင်တတ်ရပါမယ်။
    ၁၃) ဖွယ်ဖွယ်ရာရာ အားလုပ်ရက်မှာ
    အမယ်စုံရင် ထမင်းမြိန် ဆိုသလို အလုပ်နားရက်တွေမှာ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဖွယ်ဖွယ်ရာရာလေးတွေ ကြံဆလုပ်ဆောင်ပါ။ အကောင်းမြင်စိတ်ကို တိုးပွါးစေပြီး ပိုမိုကျေနပ်ဖွယ် ခံစားမှုတွေကို ရရှိစေပါတယ်။
    ၁၄)  ကောင်းမြင်စိတ်ထား မွေးယူပွါး
    လုပ်ငန်းခွင်မှာနဲ့ လုပ်ဖော်ကိုင်ဘက်တွေပေါ်မှာ အကောင်းမြင်စိတ် ထားပေးခြင်းဖြင့် ကိုယ့်ကိုတိုင်လည်း သူတို့တွေရဲ့ တန်ပြန်အကောင်းမြင်မှုကို ကူးစက်ရရှိလာပါလိမ့်မယ်။
    ၁၅) မေတ္တာထားပေး
    အဆိုးမြင်စိတ်ရှိတတ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေအပေါ် မေတ္တာထားပေးပါ။ အဆိုးမြင်တတ်သူတွေဟာ အကြောင်းမလှတာမျိုးတွေ ရှိနေတတ်ပါတယ်။
    ၁၆)  ပုဂ္ဂိုလ်ရေးရာ ဘေးကင်းစေရာ
    လုပ်ငန်းခွင်တွေမှာ လူမှုရေး ပုဂ္ဂိုလ်ရေးရာများ ရှိတတ်ပြီး အဲဒီအရှုတ်ဇာတ်ထုတ်များကြောင့် ကိုယ့်လုပ်ငန်းဆောင်တာ အထိအခိုက် အနှောက်အယှက် အဖြစ်မခံပါနဲ့။ ရှေ့ဆက်ဖို့ လိုအပ်တဲ့အရာတွေကို အာရုံစူးစိုက် လုပ်ဆောင်ပါ။
    ၁၇)  ဝေဖန်တုံ့ပြန် အပြုသဘောဆောင်
    အဝေဖန် ခံရပြီဆိုရင် အကြောင်းရင်းကို သေချာနားလည်အောင် ကြိုးစားပြီး အပြုသဘောဆောင် ဝေဖန်မှု၊ တုန့်ပြန်မှုတွေဆိုရင်တော့ ကိုယ့်တိုးတက်မှုအတွက် အသုံးချလိုက်ပါ။
    ၁၈)  ကျင့်သားရယူ ပြောင်းလဲမူ
    စီးပွားရေးလုပ်ငန်းတွေဆိုတာ လိုအပ်ချက်အရ ပြောင်းလဲရှင်သန်ရပါတယ်။ အပြောင်းအလဲကို လက်ခံနိုင်ဖို့ ကျင့်သားရဖို့ မိမိကိုယ်ကို ပြင်ဆင်ထားဖို့ လိုအပ်ပါမယ်။
    ကိုးကား – cmd
  • မဟာတမန်တော်နေ့ အထိမ်းအမှတ် မန္တလေးမှာ ဘာသာပေါင်းစုံ သွေးလှူ
    မဟာတမန်တော်နေ့ အထိမ်းအမှတ် မန္တလေးမှာ ဘာသာပေါင်းစုံ သွေးလှူ
    မတ် ၁ ၊ ၂၀၁၅
    M-Media
    11043000_10206180252211860_660646612973815424_n
    မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီမှ ဦးစီးကျင်းပတဲ့ သွေးလှူဒါန်းပွဲ အခမ်းအနားတရပ်ကို ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးမြို့ရှိ အေမာမ်ဘာရဂါ ခန်းမ မှ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။
    အဆိုပါ သွေးလှူဒါန်းမှု အစီအစဉ်တွင် ဘာသာပေါင်းစုံမှ ပြည်သူများ ပါဝင်လှူဒါန်းခဲ့ကြကြောင်းသိရှိရပါတယ်။
    ဓါတ်ပုံများ FB တွင်ကြည့်လိုလျှင် Click
    10425147_10206180253731898_5903341279729312189_n 10991308_1577964275790424_7945903243021524325_n 11034289_1578082595778592_5180696401890713926_n
    ဓါတ်ပုံ- သူရိန်။ခင်မောင်ဝင်း(ဓူဝံ) တို့၏ FB စာမျက်နှာများမှ ကူးယူပါသည်။
  • နိုင်ငံတကာသတင်းတို (မတ်-၅၊ ၂၀၁၅)
    မတ် ၁၊ ၂၀၁၅
    M-Media
    – ယူကရိန်းနေ့စဉ် သတင်းစာ Sevodnya က ၎င်း၏ ဓာတ်ပုံဂျာနယ်လစ်တစ်ဦးမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်များထိန်းချုပ်ထားရာ ဒွန်ညက်မြို့ အနောက်မြောက်ဘက်ရှိ ရွာတစ်ခုတွင် ဗုံးဆံထိမှန်၍ သေဆုံးခဲ့သည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။ ယူကရိန်းစစ်တပ်ကမူ နိုင်ငံအရှေ့ပိုင်း တိုက်ခိုက်မှုများမှာ ယမန်နေ့ညမှစတင်ကာ သိသိသာသာ လျော့ကျခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အစိုးရတပ်များ ထိန်းချုပ်ထားသော အက်ဗ်ဒီဗ်ကာဒေသသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။
    – ကိုလံဘီယာ သမ္မတဟောင်း အလ်ဗာရို ယူရိုက်ဘ်လက်ထက်တွင် ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး မာရီယာ ဒဲလ် ပီလာရ်ကို တရားသူကြီးများ၊ နိုင်ငံရေးသမားများနှင့် သတင်းထောက်များအား တရားမ၀င် ထောက်လှမ်းစုံစမ်းခဲ့မှုအတွက် ကိုလံဘီယာတရားရုံးက ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက်သည်။
    – မော်စကိုမြို့လယ်ကောင်တွင် သောကြာနေ့ညက သေနတ်ဖြင့်ပစ်သတ်ခြင်း ခံလိုက်ရသည့် အတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်အား သတ်ဖြတ်သူကို တရားဥပေဒရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး အဆိုပါအမှုအား စုံစမ်းစစ်ဆေးရန်အတွက်လည်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
    – ဆွဇ်နာမည်ကြိး တင်းနင်းသမား ရော်ဂျာဖက်ဒါရာမှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ATP Dubai duty free championships တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ဘက် နိုဗက်ဂျိုကိုဗစ်အား ယမန်နေ့က အနိုင်ကစားကာ ဗိုလ်စွဲနိုင်ခဲ့ပြီး ထိုဗိုလ်စွဲမှုမှာ ၎င်း၏ ၇ ကြိမ်မြောက် ဗိုလ်စွဲမှုလည်း ဖြစ်ခဲ့သည်။
    Ref: News agencies
  • ငြိမ်းချမ်းရေးအတွက် ပန်းပေးတဲ့ ကနေဒါမွတ်စလင်များ
    ငြိမ်းချမ်းရေးအတွက် ပန်းပေးတဲ့ ကနေဒါမွတ်စလင်များ
    မတ် ၁၊ ၂၀၁၅
    M-Media
    canada 1
    – မိမိတို့၏ အသိုင်းအ၀ိုင်းအပေါ် အထင်အမြင်လွဲမှားမှုများ များပြားလာသည့်အတွက် ငြိမ်းချမ်းရေး သရုပ်သကန်ကိုပြသရန် ကနေဒါနိုင်ငံ အလ်ဘာတာပြည်နယ် အဒ်မွန်တွန်မြို့မှ မွတ်စလင်အဖွဲ့များက လမ်းသွားလမ်းလာများအား ပန်းများကမ်းသည့် လှုပ်ရှားမှုတစ်ခုကို ပြီးခဲ့သည့် တစ်ပတ်က ပြုလုပ်ခဲ့သည်ဟု သိရသည်။
    “ကျွန်မတို့ဟာ နှင်းဆီပန်းအဖြူတွေကို ကမ်းခဲ့ကြပြီး ငြိမ်းချမ်းရေး မြှင့်တင်ဖို့လည်း သတင်းစကား ပါးခဲ့ကြပါတယ်။ ကျွန်မတို့ဟာ အစွန်းရောက်တွေမဟုတ်ပါဘူး။ လူတွေ ကျွန်မတို့ကိုကြောက်တာ ကျွန်မတို့ မလိုချင်ပါဘူး။ ကျွန်မတို့ဟာ အခြားလူတွေလိုပါပဲ” ဟု အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် မာရ်ဝါ ဖာရ်ဟတ်က Edmonton Journal ဂျာနယ်သို့ ပြောကြားခဲ့သည်။
    ဖာရ်ဟတ်နှင့် မွတ်စလင်ငြိမ်းချမ်းရေးအဖွဲ့မှ အခြားသော အဖွဲ့ဝင်များမှာ အက်ဒ်မွန်တွန် မြို့လယ်ကောင်တွင် နှင်းဆီဖြူ အပွင့် ၅၀၀ ကျော်ကို လမ်းသွားလမ်းလာများအား ကမ်းပေးခဲ့ကြသည်။ အဆိုပါ ပန်းများတွင် အစ္စလာမ်နှင့် မွတ်စလင်တို့အပေါ် ပိုမိုနားလည်လာရေး အထောက်အကူဖြစ်စေရန် သတင်းအချက်အလက်အချို့ကို ရေးသားထားသော စာရွက်များလည်း ပါဝင်ခဲ့သည်။
    IS နှင့် အလ်ရှာဘတ်တို့ကဲ့သို့ အစ္စလာမ်ကို အလွဲသုံးစားလုပ်နေသော အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီး မီဒီယာများတွင်လည်း အစ္စလာမ်နှင့်ပတ်သက်၍ လွဲများစွာဖော်ပြနေကြသည့်အတွက် အထင်အမြင်လွဲမှုများကို တန်ပြန်တိုက်ဖျက်ရန် ရည်ရွယ်သော အဆိုပါလှုပ်ရှားမှုကို စတင်ရန် ထိုအဖွဲ့မှာ ပြီးခဲ့သည့် သီးတင်းပတ် ၃ ပတ်ကတည်းက အိုက်ဒီယာ ရခဲ့ခြင်းဖြစ်သည်။
    အဆိုပါလှုပ်ရှားမှုမှာ အလွန်အကျိုးရှိခဲ့ပြီး လမ်းသွားလမ်းလာများက မွတ်စလင်လူငယ်များ ကမ်းသော နှင်းဆီဖြူများကို အပြုံတစ်ပိုင်းဖြင့် ယူဆောင်ခဲ့ကြပြီး အချို့ကလည်း မေးခွန်းမေးခဲ့ကြသည်ဟု ဖာရ်ဟတ်ကဆိုသည်။
    “အစ္စလာမ်ကို ပရိုမိုးရှင်းလုပ်နေတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ပရိုမိုးရှင်းလုပ်နေတာပါ။ အဲဒီမှာ ကျွန်မတို့ဟာ ဖော်ရွေမှုလေးတွေ ပေးလိုက်တာပါပဲ။ အစွန်းရောက်သမားတွေမှာ ဘာသာတရားမရှိပါဘူး။ သူတို့က ကျွန်မတို့ သာသနာကို ယူလိုက်တယ်။ ပြီးတော့ သူတို့ရဲ့ အစွန်းရောက်အခြေအနေတွေဆီ ပြောင်းလဲလိုက်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
    ဆဲလီ ဖာရ်ဟတ်ဆိုသည့် အခြားမွတ်စလင်အမျိုးသမီးတစ်ဦကလည်း သူမအနေဖြင့် မြောက်ကယ်ရိုလိုင်းနားတွင် မွတ်စလင်လူငယ် ၃ ဦး နေအိမ်၌ အသတ်ခံလိုက်ရပြီးနောက်ပိုင်း လူ့အဖွဲ့အစည်းအတွင်း တက်ကြွသည့် အခန်းကဏ္ဍမှပါဝင်ရန် စိတ်အားထက်သန်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    “ကျွမတို့ဟာ သာမန်လူတွေပဲဖြစ်တယ်ဆိုတာ လူတွေကို သိစေချင်ပါတယ်။ မွတ်စလင်ဖြစ်ဖြစ်၊ မွတ်စလင်မဟုတ်သူပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ လူကောင်းဖြစ်ရင် ရပါပြီ” ဟု ဆဲလီက ပြောကြားခဲ့သည်။
    ကနေဒါနိုင်ငံ၏ ၃၂.၈ သန်းသော လူဦးရေတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူမှာ ၂.၈ ရာခိုင်နှုန်းရှိသည်။
    Ref: Onislam