News @ M-Media
Blog
  • ထိုင်း Air Asia လေကြောင်းမှ လေယာဉ်မယ်အား တရုတ်နိုင်ငံသား ခရီးသည်က ရေနွေးပူဖြင့်ပက်မှု ဖြစ်ပွား
    ထိုင်း Air Asia လေကြောင်းမှ လေယာဉ်မယ်အား တရုတ်နိုင်ငံသား ခရီးသည်က ရေနွေးပူဖြင့်ပက်မှု ဖြစ်ပွား
    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    trouble
    – ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ပျံသန်းသော ထိုင်း Air Asia လေယာဉ် ခရီးစဉ်တစ်ခုတွင် တရုတ်နိုင်ငံသား စုံတွဲက ထိုင်းလေယာဉ်မယ်အား ရေနွေးဖြင့် ပက်ခဲ့သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    ကြာသာပတေးနေ့က ဘန်ကောင်မှ နန်ဂျင်းသို့ ပျံသန်းသော Air Asia လေကြောင်း ခရီးစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစုံတွဲမှ အမျိုးသားဖြစ်သူမှာ လေယာဉ်အား ဗုံးခွဲမည်ဟုပါ ခြိမ်းခြောက်ခဲ့သည်။
    ၎င်းတို့နှစ်ဦးမှာ လေယာဉ်ပေါ်တွင် အတူမထိုင်ရသောကြောင့် စတင်ထွက်ခွာ လာကတည်းက စိတ်ကသိ ကအောက်ဖြစ်နေ ခဲ့ပြီး လေယာဉ်မယ်များက အဆင်ပြေစေရန် ခရီးသည်အချို့ကို တောင်းပန်ကာ ထိုင်ခုံနေရာ အား ပြောင်းလဲပေး ခဲ့သည်။
    သို့သော်လည်း အစားအသောက်များရောင်းချချိန်တွင် အဆိုပါ စုံတွဲက ခေါက်ဆွဲပြုတ် စားရန် ရေနွေးမှာ ခဲ့ပြီး လေယာဉ်မယ်က ရေနွေးချပေးစဉ် အနည်းငယ် ဖိတ်သွားရာမှ အစပြုကာ စကားများ ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမျိုးသမီးဖြစ်သူကာ လေယာဉ်မယ်၏ မျက်နှာအား ခေါက်ဆွဲ စိမ်ထားသည့် ရေနွေးဖြင့် ပက်ခဲ့သည်။
    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် လေယာဉ်မှူးက ဘန်ကောက်သို့ ပြန်လှည့် ခဲ့ပြီး ခရီးသည် ၂ ဦးစလုံးအား လေယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့သည်။ ထို့နောက် လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများက အဆိုပါ စုံတွဲနှင့်ဆွေးနွေးခဲ့ကြပြီး ရန်မလိုသော ပုံစံဖြင့် အဆုံးသတ်နိုင်ခဲ့သည်ဟု ထိုင်း Air Asia မှ ပြောကြားခဲ့သည်။
    တရုတ်အာဏာပိုင်များကမူ အဆိုပါစုံတွဲအား ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ပြီး ထိုလုပ်ရပ်မှာ တရုတ်နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသည် ဟုလည်း ပြောကြား ခဲ့သည်။
    တရုတ်နိုင်ငံသားများကလည်း ထိုလုပ်ရပ်အတွက် ရှက်မိသည် ဟုပြောကြားခဲ့ကြပြီး မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ် သမ္မတ ဇီဂျင်ပင်း ကလည်း တရုတ်ခရီးသွားများ အနေဖြင့် ပိုမိုယဉ်ကျေးကြရန် တိုက်တွန်းခဲ့သည်။
    AP
  • ၂၈ နှစ်အရွယ် တရုတ်အမျိုးသမီး တစ်ဦး ထူးဆန်းသောရောဂါကြောင့် အသက် ၈၀ အရွယ် အဖွားအိုပုံဖြစ်သွားခဲ့
    ၂၈ နှစ်အရွယ် တရုတ်အမျိုးသမီး တစ်ဦး ထူးဆန်းသောရောဂါကြောင့် အသက် ၈၀ အရွယ် အဖွားအိုပုံဖြစ်သွားခဲ့
    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    390053_Hu Juan-Chinese woman-Cutis Laxa
    – ထူးဆန်းသော ရောဂါတစ်ခုကြောင့် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးပုံစံမျိုး ဖြစ်သွားခဲ့သည်ဟု သိရသည်။
    ဟူဂျူအန်ဟုအမည်ရသည့် အဆိုပါအမျိုးသမီးမှာ ဇန်ဇူးမြို့တွင်နေထိုင်သူဖြစ်ပြီး Cutis Laxa အမည်ရသော ရောဂါတစ်မျိုးကို ခံစားနေရကာ ထိုရောဂါက သူမအား အဘွားအို တစ်ဦးအဖြစ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။
    ထိုရောဂါခံစားနေရမှုကို သူမက လွန်ခဲ့သည့် ၁၁ နှစ် ပထမဆုံး ကလေးမွေးဖွားစဉ်ကတည်းက သတိပြုမိခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ လည်ပင်များ တွဲကျလာကာ မျက်နှာပေါ်တွင်လည်း ပါရေတွန့်ခြင်းများ ဖြစ်လာခဲ့သည်ဟု သူမက ပြောကြားခဲ့သည်။
    Cutis Laxa ရောဂါမှာ တစ်ရှူးများ မူမမှန်သည့် ရောဂါမျိုးဖြစ်ပြီး အသားရေများမှာလည်း အလုပ်မလုပ်တော့ကာ ထိုရောဂါအတွက် လောလောဆယ်တွင် ကုသရန် ဆေးမရှိသေးဘဲ ခွဲစိတ်ပြုပြင်ခြင်း နည်းလမ်းဖြင့်သာ သာမန် ရုပ်ရည်မျိုးပြန်ရအောင် ဆောင်ရွက်နိုင်သည်။
    ထိုရောဂါမျိုးဖြစ်ပွားသူများမှာ တရုတ်နိုင်ငံတွင် ဂျူအန် တစ်ဦးတည်းသာ ရှိသေးပြီး တစ်ကမ္ဘာလုံးတွင်လည်း ၁၀ ဦးခန့်သာ ရှိသည်။ ဂျူအန်ကမူ နဂိုရုပ်ရည် အတိုင်း ပြန်လည်ရရှိရေးအတွက် ခွဲစိတ်ကုသမှု ခံယူရန် စီစဉ်နေသည်။
    ref_ Press TV
  • ၂၀၁၄ Arab Idol အဆိုပြိုင်ပွဲ ဆီးရီးယား အဆိုတော် အနိုင်ရရှိ
    ၂၀၁၄ Arab Idol အဆိုပြိုင်ပွဲ ဆီးရီးယား အဆိုတော် အနိုင်ရရှိ
    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    cba590fd-f654-41c3-ad88-91457e5e1879_16x9_600x338
    – အာရပ်ကမ္ဘာ၏ ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲ Arab Idol ၏ ၂၀၁၄ ခုနှစ်ပြိုင်ပွဲတွင် ဆီးရီးယားအဆိုတော် ဟာဇီမ်ရှရစ်ဖ်က အနိုင်ရရှိသွားသည်ဟု သိရသည်။
    ဟာဇီမ်ရှရစ်ဖ်မှာ ပါလက်စတိုင်းအဆိုတော် ဟိုင်သမ် ခါလိုင်လာနှင့် ဆော်ဒီအာရေဗျမှ မဂျစ် အလ် မဒနီတို့အား ကျော်ဖြတ်၍ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ကြသူများမှာ သောကြောနေ့က လက်ဘနွန်ရှိ ဘေရွတ်စတူဒီယိုတွင် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခဲ့ကြပြီးဒေသတွင်းမှ ပရိတ်သတ်များက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
    ဒိုင်လူကြီးများအဖြစ် ယူအေအီး၊ လက်ဘနွန်နှင့် အီဂျစ်တို့မှ ဂီတဆိုင်ရာကျွမ်းကျင်သူများက တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ၎င်းတို့က ရရှစ်ဖ်အား ချီးကျူးခဲ့ကြသည်။ ထိုပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် ရှရစ်ဖ်မှာ ဆုကြေး ကန်ဒေါ်လာ ၆၆၀၀၀အပြင် Platinum Records တေးထုတ်လုပ်ရေးနှင့် စီးရီး သုံးခွေထုတ်ခွင့် ရရှိမည်ဖြစ်သည်။
    ထို့ပြင် ထိုပြိုင်ပွဲ၏ အဓိက စပွန်ဆာဖြစ်သော အီမရိတ်လေကြောင်းမှ စီစဉ်ပေးသည့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Seychelles ကျွန်းနိုင်ငံငယ်လေးသို့ အလည်အပတ် သွားရောက်ခွင့်လည်း ရရှိမည်ဖြစ်သည်။
    Arab Idol အဆို ပြိုင်ပွဲကို ၂၀၁၁ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာရပ်ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး အဆိုပါပြိုင်ပွဲဖြစ်လာခဲ့သည်။
    Al Arabiya News
  • မြန်မာနိုင်ငံရှိ ကမ်းလွန်ရေနံ လုပ်ကွက် နှစ်ခု လုပ်ကိုင်ရန် အိန္ဒိယရေနံ ကုမ္ပဏီ စာချုပ်ချုပ်
    မြန်မာနိုင်ငံရှိ ကမ်းလွန်ရေနံ လုပ်ကွက် နှစ်ခု လုပ်ကိုင်ရန် အိန္ဒိယရေနံ ကုမ္ပဏီ စာချုပ်ချုပ်
    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    ONGC-pipe-reu-624x416
    – အိန္ဒိယ၏ ဒုတိယ အကြီးဆုံး ရေနံကုမ္ပဏီဖြစ်သည့် Oil India မှာ မြန်မာနိုင်ငံရှိ ကမ်းလွန် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်နှစ်ခု လုပ်ကိုင်ရန် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
    Oil India ဦးဆောင်သည့် အကျိုးတူအဖွဲ့မှာ မုတ္တမြစ်ဝှမ်းတွင်ရှိသည့် ၄၀၀၈ စကွဲယားမိုင်ကျယ်ဝန်းသော M4 လုပ်ကွက်နှင့် တနင်္သာရီ ကမ်းရိုးတန်းရှိ ၈၂၃၃ စကွဲယား မိုင်ကျယ်ဝန်းသော YEB လုပ်ကွက်နှစ်ခုအတွက် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOG နှင့် နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီမှ ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
    ၂၀၁၃ ခုနှစ်က မြန်မာအစိုးရ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၀ အတွက် တင်ဒါခေါ်ယူမှုတွင် Oil India က လုပ်ကွက်သုံးခု တင်ဒါလျှောက်ခဲ့ရာမှ အဆိုပါ လုပ်ကွက် ၂ ကို တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါ လုပ်ကွက်မှ ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကို Oil India ကုမ္ပဏီက ရရှိမည်ဖြစ်ပြီး၊ ၎င်း၏ မိတ်ဖက်ကုမ္ပဏီဖြစ်သော Mercator Petroleum Ltd ကုမ္ပဏီနှင့် Oilmax Energy Pvt Ltd ကုမ္ပဏီတို့က ၂၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီးရရှိမည်ဖြစ်ကာ ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Oil Star Management Services ကုမ္ပဏီလီမိတက်မှ ၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
    PTI
  • လူမည်းများအား ရဲတပ်ဖွဲ့က ပစ်သတ်မှု အတွက် အကြီးဆုံး ဆန္ဒပြမှုများ အမေရိကန် တစ်ဝှမ်းပြုလုပ်
    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    Thousands march against US police killings 2
    – လက်နက်မဲ့ လူမည်းများအား ရဲအရာရှိများက သေနတ်ဖြင့် ပစ်သတ်မှုကို ဆန့်ကျင်သည့် အနေဖြင့် ယမန်နေ့တွင် အမေရိကန်ရှိ မြို့ကြီးများ၌ ပြည်သူများက ချီတက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံ အတွင်းရှိ အာဖရိကန်-အမေရိကန်များကို ကာကွယ်မှုပေးရန် အစိုးရအားတိုက်တွန်းပြောကြားခဲ့သည်။
    လူထောင်ချီ ပါဝင်သော အဆိုပါ ဆန္ဒပြမှုများကို နယူးယောက်နှင့် ၀ါရှင်တန်မြို့များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လူနည်းစုများအား ဆက်ဆံမှုနှင့် ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ ကိစ္စဖြစ်လာသည့် ထိုသတ်ဖြတ်မှုများအတွက် ဆန္ဒပြမှုများထဲတွင် အကြီးဆုံးဆန္ဒပြမှုလည်းဖြစ်သည်။
    မစ်ဇူရီရှိ မိုက်ကယ်ဘရောင်း အသတ်ခံရမှု၊ နယူးယောက်ရှိ အဲရစ် ဂါနာ အသတ်ခံရမှုတို့တွင် ပါဝင်ခဲ့သည့် လူဖြူရဲအရာရှိများအား တရားစွဲဆိုခြင်းမပြုရန် တရားရုံးမှ ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း အဓိကမြို့ကြီးများတွင် ဆန္ဒပြနေမှုများမှာ သီတင်းပတ်နှင့်ချီ၍ ဖြစ်ပေါ်ခဲ့သည်။
    Thousands march against US police killings
    ထို့ပြင် ပြည်နယ်ရှိ တရားသူကြီးများမှာ ဒေသတွင်း ရဲတပ်ဖွဲ့များနှင့် ပုံမှန်အလုပ်လုပ်လေ့ရှိကြပြီး ထိုတရားသူကြီးများက အဖြစ်အပျက်များကို စုံစမ်းစစ်ဆေးရာတွင် ၎င်းတို့၏ အကျိုးစီးပွား ထိခိုက်နိုင်မည့် အလားအလာ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    Al Jazeera and agencies