News @ M-Media

Blog

  • မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား ကျင်းပ

    မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား ကျင်းပ

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    22-11-14_New-England-Mosque-Marks-50-Years
    – လျင်မြန်စွာ ကြီးထွားလာသော အမေရိကန် မွတ်စလင် လူ့အဖွဲ့အစည်းအား နှစ်ပေါင်း ၅၀ ကြာ ဦးဆောင်မှုပေးနိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန်မှ ဗလီဝတ်ကျောင်းတော်က အခမ်းအနား တစ်ခု ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “အစ္စလာမ်ဆိုတာ ပစ်ခတ်၊ လူသတ်၊ ရန်ဖြစ်တဲ့ သာသနာမဟုတ်ပါဘူး။ အစ္စလာမ်ဆိုတာ ISIS နဲ့ အလ်ကိုင်းဒါးတို့လို အတွေးအခေါ်အယူအဆမျိုး မဟုတ်ဘူးဆိုတာကို နောက်မျိုးဆက်ကို ကျွန်တော်တို့ သင်ပေးချင်ပါတယ်။ အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေး သာသနာပါ” ဟု နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် ဂေါပကအဖွဲ့မှ ဒုတိယဥက္ကဌ အဟ်မဒ် ဘရီကာက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာ၏ အမည်အား ခုတုံးလုပ်၍ ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် စစ်သွေးကြွများနှင့် ပတ်သက်၍ ဘရီကာ၏ အဆိုပါ မှတ်ချက်မှာ နယူးအင်္ဂလန် မွတ်စလင်လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်း ၅၀ ကြာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော်၏ အရေးပါမှုကို ထုတ်ဖော်ပြောဆိုခဲ့သော မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ၁၉၆၄ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ထိုမြို့တွင် မွတ်စလင်မိသားစု ၇ စုသာ ရှိခဲ့သည်။ သို့သော်လည်း ယခုတွင် South Shore နှင့် Greater Boston ဒေသတစ်ဝှမ်းအပါအ၀င် အဆိုပါ ဗလီဝတ်ကျောင်တော် အဖွဲ့ဝင် မိသားစုမှာ ၁၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

    ထို့ပြင် အဆိုပါ ဗလီဝတ်ကျောင်းတော်မှ ကမကထပြုကာ စာသင်ကျောင်းများ ပါဝင်သည့် ဗလီဝတ်ကျောင်းတော် ၂ လုံးကိုလည်း ထပ်မံ တည်ဆောက်ပေးနိုင်ခဲ့သည်။

    “မွတ်စလင်လူ့အဖွဲ့အစည်းက သိသိသာသာကို တိုးတက်လာပါတယ်။ သူတို့အတွက် အဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဘရီကာက ထပ်လောင်း ပြောကြားခဲ့သည်။

    တရားဝင်စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင် အစ္စလာမ်ဘာသာဝင် ၆ သန်းမှ ၈ သန်းရှိသည်ဟု ခန့်မှန်းကြသည်။

    OnIslam

  • မက်ဆီ ရီးယဲလ်ရောက်တော့မှာလား

    မက်ဆီ ရီးယဲလ်ရောက်တော့မှာလား

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    626991_heroa
    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ အသင်းမှထွက်ခွာရန် ဆုံးဖြတ်ပါက မိမိအနေဖြင့် ခေါ်ယူသွားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    လက်ရှိရာသီ ပြီးဆုံးသွားပါက မိမိတွင်ရှိနေသည့် ရွေးချယ်မှုများအားလုံးကို စဉ်းစားသွားမည်ဟု မက်ဆီက ဖွင့်ပြောခဲ့ပြီးနောက်ပိုင်း မက်ဆီမှာ ဘာစီလိုနာအသင်းမှ ထွက်ခွာရန် စီစဉ်နေသည်ဟု မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်များအတွင်း ဘာစီလိုနာမှ ကစားသမားအချို့ ရီးယဲလ်သို့ ရောက်ရှိသည့် အစဉ်အလာရှိခဲ့ပြီး အန်ဆယ်လော့တီကလည် မက်ဆီအား ခေါ်ယူလိုသည့် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    “ရီးယဲလ်မှာ မက်ဆီအံဝင်နိုင်ပါ့မလားဆိုတော့ အရည်အသွေးပြည့်ဝတဲ့ အသင်းအားလုံးမှာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေအတွက် နေရာရှိပါတယ်” ဟု သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    အကယ်၍ မက်ဆီသာ ရီးယဲလ်သို့ ရောက်လာပါက ၎င်း၏ ပြိုင်ဘက် ရော်နယ်ဒိုနှင့် တွဲကစားရမည့် အလားအလာ ရှိနေသည်။ မက်ဆီမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို လေးကြိမ်ရရှိထားပြီး ရော်နယ်ဒိုကလည်း ၂ ကြိမ်ရရှိထားကာ ယခုနှစ် ဇကာတင်စာရင်းတွင်လည်း ၎င်းတို့ နှစ်ဦးစလုံး ပါဝင်နေသည်။ သို့သော်လည်း ရော်နယ်ဒိုက ထိုဆုကို ရရှိရန် ပိုမိုရေပန်းစားနေသည်။

  • ဟစ်တလာ လူငယ်ဘဝက ရေးဆွဲခဲ့သည့် ပန်းချီကားလေလံ ဒေါ်လာ ၁ သိန်းကျော်ရ

    ဟစ်တလာ လူငယ်ဘဝက ရေးဆွဲခဲ့သည့် ပန်းချီကားလေလံ ဒေါ်လာ ၁ သိန်းကျော်ရ

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    201411231174499734_20
    – ၁၉၁၄ ခုနှစ်က နာဇီခေါင်းဆောင် ဟစ်တလာ ရေးဆွဲခဲ့သည်ဟု ယူဆရသည့် ပန်ချီကားတစ်ချပ်ကို ယူရို ၁၃၀၀၀၀ (ကန်ဒေါ်လာ ၁၆၁၀၀၀) ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။

    မြူးနစ်မြို့တော်ခန်းမဟောင်း၏ ပုံတူကို ရေဆေးဖြင့် ရေးဆွဲထားသည့် အဆိုပါ ပန်းချီကားကို နိုဝင်ဘာ ၂၂ ရက်နေ့က နုယင်ဘတ်ရှိ Wieder လေလံခန်းမတွင် လေလံတင် ရောင်းချခဲ့ခြင်းဖြစ်သည်။

    Wieder လေလံခန်းမ ဒါရိုက်တာဖြစ်သူ ကက်ကသရင်း ၀ီဒါကမူ အဆိုပါ ပန်းချီကားမှာ တိုက်ကြီးလေးတိုက်မှ ၀ယ်ယူသူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း လေလံတင်မှု အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိချေ။ အဆိုပါ ပန်းချီကားအား ၀ယ်ယူသွားသူမှာ အရှေ့အလယ်ပိုင်းမှ အမည်မဖော်လိုသူတစ်ဦး ဖြစ်သည်။

    “Standesamt und Altes Rathaus Muenchen” ဟု အမည်ပေးထားသည့် အဆိုပါ ပန်းချီကားမှာ ၁၉၀၅ ခုနှစ်မှ ၁၉၂၀ ခုနှစ်အတွင်း လူငယ် ပန်းချီဆရာဘ၀ဖြင့် ရုန်းကန်ခဲ့ရသည့် ဟစ်တလာ၏ လက်ရာ ၂၀၀၀ ကျော်ထဲမှ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။

    ကိုယ်ပိုင်ရေးအထုတ်ပတ္တိ Mein Kampf တွင် ဟစ်တလာက လူငယ်ဘ၀တွင် ၎င်း၏ မျှော်လင့်ချက်မှာ ပန်းချီဆရာတစ်ဦးဖြစ်ရန် ဖြစ်ကြောင်း၊ ဗီယင်နာအနုပညာအကယ်ဒမီ၏ အကြိမ်ကြိမ်ငြင်းပယ်မှုကို ခံခဲ့ရကြောင်း ရေးသားခဲ့သည်။

    ကျွမ်းကျင်သူများကမူ ဟစ်တလာ၏ လက်ရာများမှာ အရည်အသွေး ကောင်းမွန်ခြင်းမရှိဘဲ၊ လေလံခန်းမများကမူ နာဇီခေါင်းဆောင်တစ်ဦး၏ အဆိုပါ ပန်းချီကာများအား ရောင်းချရန် ငြင်းဆိုကြသည်။

    နုယင်ဘတ်တွင် ပြုလုပ်ခဲ့သော အဆိုပါလေလံပွဲတွင် ဟစ်တလာ၏ အခြားသော ပန်းချီကား ငါးခုကိုလည်း ရောင်းချခဲ့ရသည်။

    Agencies

  • အမေရိကန်တွင် လေသေနတ်ကိုင် ၁၂ နှစ်သားအား လက်မမြှောက်၍ ရဲတပ်ဖွဲ့ ပစ်သတ်

    အမေရိကန်တွင် လေသေနတ်ကိုင် ၁၂ နှစ်သားအား လက်မမြှောက်၍ ရဲတပ်ဖွဲ့ ပစ်သတ်

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    13930903000611_PhotoI
    – ခါးကြားထဲမှ သေနတ်အတု ထုတ်လိုက်သည့်အတွက်ကြောင့် ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်မှုကို ခံခဲ့ရသည့် အသက် ၁၂ အရွယ် အမေရိကန် လူငယ်တစ်ဦးမှာ ရရှိသော ဒဏ်ရာကြောင့် ယမန်နေ့က သေဆုံးသွားခဲ့သည်ဟု သိရသည်။

    အိုဟိုင်းယိုး အရှေ့မြောက်ဘက် ကလီဗ်လန်းဒေသတွင် ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၂ အရွယ် တမီရန် ရွိုက်ဆိုသည့် လူငယ်အား ရဲတပ်ဖွဲ့က လက်မြှောက်ရန် အမိန့်ပေးရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့က ထိုကဲ့သို့အမိန့်ပေးရာတွင် အဆိုပါလူငယ်မှာ မည်သည့် ပြောဆိုမှုမှ မပြုလုပ်ဘဲ ခါးတွင်ချိတ်ထားသည့် သေနတ်အား ထုတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ၂ ချက် ပစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အဒ်တွမ်ဘာက ပြောကြားခဲ့သည်။

    သို့သော်လည်း လူငယ်ထုတ်လိုက်သော သေနတ်မှာ လေသေနတ်သာဖြစ်ပြီး သေနတ်အစစ် မဟုတ်မှန်း သိစေရန် ထိုကဲ့သို့ လေသေနတ်များတွင် တပ်ဆင်ထားသည့် လိမ္မော်ရောင် အန္တရာယ်ကင်းရေး အမှတ်အသားကို ဖျက်ထားသည်ဟု ဆိုသည်။

    မိဘများဘက်မှ ရှေ့နေကမူ ရွိုက်စ်မှာ ၎င်း၏ သူငယ်ချင်းများနှင့်အတူ ပန်းခြံသို့ သွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းကို မသိရှိကြောင်း ပြောကြားခဲ့သည်။

    အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်သည့် ရဲအရာရှိ ၂ ဦးအား တာဝန်မှ ခွင့်ပေးထားပြီး စုံးစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ကလီဗ်လန်း တရားရုံးမှ ပြောကြားခဲ့သည်။

    အမေရိကန်မြို့တစ်မြို့ဖြစ်သည့် ဖာဂူဆန်မြို့တွင် ပြီးခဲ့သည့်လပိုင်းက လူမည်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သောကြောင့် လူထုအုံကြွမှုများ ဖြစ်ပွားခဲ့သေးသည်။

    AP

  • အခြေခံဥပဒေပြင်ဆင်ရေး တွန်းအား ဆက်ပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

    အခြေခံဥပဒေပြင်ဆင်ရေး တွန်းအား ဆက်ပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    0CA014CD-0C30-4B25-85AF-B25EBD917EAC_w640_r1_s_cx2_cy11_cw82
    – လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို ၂၀၁၅ ရွေးကောက်ပွဲပြီး လွှတ်တော်ပြန်ခေါ်ချိန် အတည်ပြုမည်ဟု ပြောကြား ခဲ့သော်လည်း မိမိနှင့် မိမိအား ထောက်ခံသူများမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် တွန်းအားပေးသွားမည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

    VOA မြန်မာပိုင်းဌာနနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

    “ကျမတို့ အလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ် ဆိုတာကတော့ အဓိက ယုံကြည်ပါတယ်။ ဒီဟာက ဘယ်တော့ဖြစ်မှာလဲ ဆိုတဲ့အပေါ်မှာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်။ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန် ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့ အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲတော့ မြန်လေ တိုင်းပြည် မနာလေပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာပြည်သူအားလုံးအတွက် အဆင်သင့်ရှိနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည့်အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသည့် ပုဒ်မ ၅၉ (စ)လည်း ပါဝင်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ထိုအပိုဒ်မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို ရည်ရွယ်ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

    “ဒီကန့်သတ်ချက်ဟာ လူတစ်ယောက်၊ ဒါမှမဟုတ် အုပ်စုတစ်ခု ဒါမှမဟုတ် တိုင်းရင်းသားလူမျိုးစု တစ်ခုကို ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကို ကာကွယ်ထားတာပါ။ နောက်ပြဿနာတစ်ခုက လွတ်လပ်ရေးမရခင်က ရှိခဲ့တဲ့အခြေအနေကို ထည့်သွင်း စဉ်းစားရပါတယ်။ ပြီးတော့ လူဦးရေ အလွန်များတဲ့ တိုင်းပြည်တွေကြားမှာ ရှိနေရတာကြောင့် လူဝင်မှုကြီးကြပ်ရေးပြဿနာတွေလည်း အများကြီးရှိနေပါတယ်” ဟု ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်

ုထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၅ သန်းသောပြည်သူများ၏ လက်မှတ်များကို ကောက်ယူထားသော်လည်း အခြားသူများ၏ ဆန္ဒကို ကြည့်ရှုရန် လိုအပ်မည်ဟု ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ ကာကွယ်ရေးဦးစီးချုပ်၏ ထိုသို့ ပြောကြားမှုကိုလည်း တုံ့ပြန်ပြောဆိုခဲ့သည်။

    “ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ။ ကျမတို့ကတော့ အဆင်သင့်ပဲ။ အဲလိုဆိုရင် တခြားလူတွေရဲ့ ဆန္ဒတွေလည်း ပါလာမှာပေါ့” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    ref_ VOA